လူနာခန်း၏ အပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ နတ်ဆရာလန်၊ လန်ပိနှင့် သမားတော် ဆယ်ဦးခန့် သည် စောင့်ဆိုင်းနေကြ၏။
သူတို့က အသုဘအတွက် လိုအပ်သော အဖြူရောင် ပိတ်စများကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။ ငိုချင်းချမည့် သူများလည်း အဆင်သင့် ဖြစ်နေကြ၏။ ကျင်းဝူပြန်း အသက်ထွက်မည့်အချိန်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။
အမှန်စင်စစ် အများစုမှာ ဝမ်းနည်းကြေကွဲခြင်း မရှိကြပေ။ ရင်ထဲတွင် ကျိတ်၍ပင် ရယ်မောချင်နေကြသည်။ ကျင်းဝူပြန်းကဲ့သို့သော ပြဿနာကောင် သေဆုံးသွားခြင်းမှာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုပင် ဖြစ်သည်ဟု ယူဆနေကြ၏။ တစ်ခါတစ်ရံတွင် ကံတရားသည် မျက်နှာလိုက်လွန်းလှသည် မဟုတ်ပါလား။
ရုတ်တရက် နတ်ဆရာလန်၏ တပည့် လန်ယွီက ပြောလိုက်သည်။ “ဟိုသူတောင်းစားကို သတ်ဖို့ အချိန်ကျပြီ ထင်တယ်။ သခင်လေးရဲ့ နောက်ဆုံးခရီးမှာ အဖော်လိုက်ပါစေရအောင်။”
ထိုစကားကြောင့် လူတိုင်း အနည်းငယ် ကြောင်အသွားကြသည်။ ထိုသူတောင်းစား အကြောင်းကို မေ့နေကြခြင်း ဖြစ်သည်။ ‘နာမည်က ဘယ်သူပါလိမ့်။ သြော်... ယွင်အောက်ထျန်း...’
လန်ပိသည် စကားတစ်ခွန်းမှ မဆိုဘဲ ယွင်ကျုံးဟဲ့၏ အနံ့ဆိုးထွက်နေသော ခြံဝင်းဆီသို့ ဦးတည် သွားလိုက်သည်။ ယွင်ကျုံးဟဲ့ တောင်းဆိုထားသော အချိန် နှစ်နာရီ ပြည့်သွားပြီ ဖြစ်၏။
ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့သည် သေတ္တာတစ်လုံးကို ကိုင်ကာ အပြေးရောက်လာလေသည်။ “နတ်ဆေးရပြီ။ နတ်ဆေးရပြီ။ သခင်လေး ကျင်းဝူပြန်းကို ကယ်ဖို့ ကျုပ် လာခဲ့ပြီ။”
သူ့စကားကို ကြားချိန်မှာတော့ နတ်ဆရာလန်နှင့် သမားတော်များ အားလုံး အံ့ဩသွားကြပြီးနောက် ရင်ထဲတွင် လှောင်ပြောင် ရယ်မောလိုက်ကြ၏။ ‘အရူး။ တကယ့် အရူးစစ်စစ်ပဲ။’
ကျင်းဝူပြန်း သေရမည်မှာ သေချာသလောက် ရှိနေသည်။ နတ်သိကြားများပင် မကယ်နိုင်ဟု အားလုံးက ဆုံးဖြတ်ထားပြီး ဖြစ်သည်။
‘မင်းလို သူတောင်းစား အရူးတစ်ယောက်က ကယ်နိုင်မယ် ဟုတ်လား။ ဖရဲသီးပုပ်တွေနဲ့ ဖော်ထားတဲ့ ဆေးကို နတ်ဆေးလို့ ခေါ်နေတာလား။ ရယ်စရာကောင်းလိုက်တာ။ မင်းသာ ကျင်းဝူပြန်းကို တကယ် ကယ်နိုင်ရင် ငါတို့ ခေါင်းဖြတ်ပြီး မင်းကို ကန်ဖို့ ပေးလိုက်မယ်။’
နတ်ဆရာလန်၏ တပည့်သည် ရှေ့တိုးကာ တားဆီးရန် ပြင်လိုက်သည်။ သို့သော်ငြား နတ်ဆရာလန်က မျက်စပစ်ပြလိုက်၏။ အတွင်းထဲတွင် မြို့စားမင်း ကျင်းကျုံးယွဲ့ ရှိနေသောကြောင့် အပေါက်အလမ်း မတည့်သော အပြုအမူများကို ဆင်ခြင်ရန် သတိပေးလိုက်ခြင်းပင်။
ထို့နောက် သူသည် အခြား သမားတော်တစ်ဦးကို လှမ်းကြည့်လိုက်သည်။ မြို့စားအိမ်တော် အတွင်းတွင် နတ်ဆရာလန်၏ ဩဇာမှာ ကြီးမားလှသည်။ သူ့ကို လိုက်လျောမည့်သူ အများအပြား ရှိသည်။ ထိုအထဲတွင် လုကျန်ယွမ် အမည်ရှိ သမားတော်သည် သူ၏ အယုံကြည်ရဆုံး လက်ကိုင်တုတ် ဖြစ်သည်။
နတ်ဆရာလန်၏ အရိပ်အယောင်ကို မြင်ချိန်မှာတော့ ရုပ်ရည်သန့်ပြန့်သော သမားတော် လုကျန်ယွမ်သည် ရှေ့ထွက်လာပြီး အေးစက်စွာ မေးလိုက်၏။ “မင်း ဘာလုပ်ချင်တာလဲ။”
“သခင်လေး ကျင်းဝူပြန်းကို ကုသပေးမလို့လေ။ နတ်ဆေး လာပို့တာ။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။
“အခုခေတ်မှာ ကြောင်တွေ ခွေးတွေတောင် ဆေးကုတတ်နေကြပြီလား။ ဖရဲသီးပုပ်နဲ့ ဖော်ထားတဲ့ ဆေးနဲ့ လူကုမယ် ဆိုပါလား။ လူကုမလို့လား၊ လူသတ်မလို့လား။”
လုကျန်ယွမ်က ဆက်ပြောသည်။ “သခင်လေး ကျင်းဝူပြန်းမှာ ရောဂါအခံ ရှိပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ မင်း ရောက်လာပြီးမှ ရောဂါရုတ်တရက် ဆိုးရွားသွားပြီး အသက်အန္တရာယ် ကြုံလာရတာ။ ဒါ မင်းလက်ချက် မကင်းဘူး။”
နတ်ဆရာလန်၏ လက်ကိုင်တုတ်သည် အဆိပ်ပြင်းလှသည်။ ကျင်းဝူပြန်း သေမည့်အရေးကို ယွင်ကျုံးဟဲ့အပေါ် လွှဲချလိုက်ခြင်း ဖြစ်၏။
ဘေးမှ သမားတော်တစ်ဦးကလည်း ထောက်ခံလိုက်သည်။ “ဆရာလု ပြောတာ ဟုတ်တယ်။ သခင်လေးက မွေးရာပါ သူဌေးသားဆိုတော့ သန့်ရှင်းသပ်ရပ်တယ်။ ဒီသူတောင်းစားက အပြင်ကလာတာဆိုတော့ သူ့ကိုယ်ပေါ်မှာ ဘယ်လောက်တောင် ညစ်ပတ်တဲ့ ပိုးမွှားတွေ ပါလာမလဲ မသိနိုင်ဘူး။ သခင်လေးနဲ့ နေ့တိုင်း နေတော့ သခင်လေးဆီ ရောဂါကူးစက်သွားတာ ဖြစ်မယ်။”
“အရှင်လန်ပိ... ဒီသူတောင်းစားကို ချက်ချင်း ဖမ်းပြီး သတ်ပစ်ပါ။ သခင်လေးနဲ့အတူ မြေမြှုပ် သင်္ဂြိုဟ်လိုက်ပါ။” လုကျန်ယွမ်က တောင်းဆိုလိုက်၏။
လန်ပိသည်လည်း ယွင်ကျုံးဟဲ့အပေါ် ယုံကြည်မှု လုံးဝ မရှိပေ။ သူတောင်းစားတစ်ယောက်က ကျင်းဝူပြန်းကို ကယ်တင်နိုင်မည် ဆိုပါက နေအနောက်အရပ်မှ ထွက်လာသည်နှင့် တူနေလိမ့်မည်။ သို့သော်ငြား ကျင်းဝူပြန်းမှာ သေလုမျောပါး ဖြစ်နေပြီ။ သေလူကို အသက်ဝင်အောင် ကုသကြည့်ရမည့် အခြေအနေ ဖြစ်နေသည်။
သူမသည် အတွင်းထဲရှိ ကျင်းကျုံးယွဲ့အား အကျိုးအကြောင်း တင်ပြရန် ပြင်လိုက်၏။
“ဝင်ခဲ့...” ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။ ဤအမျိုးသမီး မြို့စားမင်းသည် ပြတ်သားလွန်းလှသူပင်။
လန်ပိသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အခန်းတွင်းသို့ ဝင်ရောက်သွား၏။
အခန်းထဲသို့ ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့သည် အခြေအနေကို ရှင်းပြရန် ပြင်လိုက်သည်။ သူ့ကုသနည်းမှာ ထူးဆန်းသောကြောင့် ရှင်းပြရန် လိုအပ်သည် မဟုတ်ပါလား။
“ကုလိုက်တော့။”
သို့သော်ငြား ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ စကားကို ဖြတ်ပြောလိုက်သည်။ ရှင်းပြချက်များကို နားထောင် မနေပေ။
သူမသည်လည်း မျှော်လင့်ချက် မထားချေ။ အဘယ်ကြောင့်ဆိုသော် အခြေအနေက ဆိုးသထက် ဆိုးစရာနေသောကြောင့်ဖြစ်သည်။ ကျင်းဝူပြန်း သေတော့မည် မဟုတ်ပါလား။
‘ကောင်းကင်ဘုံ.... အသံက သာယာလိုက်တာ။’ ကျောက်စိမ်းပုတီးလုံးလေးများ ကြွေကျသလို၊ ရေခဲပြင် ကွဲအက်သလို၊ ကြည်လင်ပြတ်သားပြီး နားဝင်ချိုလှသည်။
ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ မျက်လုံးများ ပြာဝေသွားလေ၏။ ‘မဖြစ်ဘူး။ မူးမေ့လဲတော့မယ်။ မူးမေ့လဲတော့မယ်။ ဒီမိန်းမက လှလွန်းတယ်။ စိတ်ကူးယဉ်လို့ ရနိုင်တာထက်ကို ပိုပြီး လှနေတယ်။ တကယ့်ကို ဝိညာဉ်နုတ်မယ့် အလှပဂေးပါလား။’
‘စိတ်မလှုပ်ရှားနဲ့။ စိတ်မလှုပ်ရှားနဲ့။ ဘယ်လောက်ပဲ လှတဲ့ မိန်းမ ဖြစ်ပါစေ၊ အရေပြားတစ်ထောက်စာ အလှတရားပါပဲကွာ။ သူမ အိမ်သာတက်နေတဲ့ ပုံစံကို မြင်ယောင်ကြည့်လိုက်စမ်း။ သွားကြားထိုးနေတဲ့ ပုံစံကို မြင်ယောင်ကြည့်။ နှာခေါင်းကလော်နေတဲ့ ပုံစံကို မြင်ယောင်ကြည့်။’
အတွေ့အကြုံ ရင့်ကျက်သော ယွင်ကျုံးဟဲ့သည် “ယောက်ျားနှင့် မိန်းမ စစ်ပွဲတွင် ဘယ်သူ အရင်ရင်ခုန်လဲ၊ အဲဒီလူ ရှုံးတာပဲ။” ဟူသော သီအိုရီကို ကောင်းစွာ နားလည်သည်။ ထို့ကြောင့် စိတ်မလှုပ်ရှားစေရန်အတွက် သူမ၏ အဆိုးရွားဆုံး ပုံစံများကို စိတ်ကူးယဉ်ကြည့်လိုက်သည်။
‘ဒုက္ခပါပဲ။ အိမ်သာတက်နေတဲ့ ပုံစံကို စိတ်ကူးယဉ်တာတောင်မှ လှနေသေးပါလား။ ဒီလောက် လှပတဲ့ ခန္ဓာကိုယ်မျိုးနဲ့ဆိုရင် ဘောင်းဘီထဲ ရှူးပေါက်ချရင်တောင် ကြည့်ကောင်းနေအုံးမှာပဲ။ ဒီလောက် လှတဲ့ မိန်းမမျိုးနဲ့ဆိုရင် သေပျော်ပါရဲ့။’
ယွင်ကျုံးဟဲ့ ငေးမောနေသည်ကို မြင်သော်လည်း လန်ပိ စိတ်မဆိုးပေ။ “လုပ်စရာ ရှိတာ လုပ်တော့။ နတ်ဆေးပဲ ဖြစ်ဖြစ်၊ အဆိပ်ပဲ ဖြစ်ဖြစ်၊ ပေးလိုက်တော့။ မကယ်နိုင်ရင် ရှင် သခင်လေးနဲ့အတူ သေရမယ်။ ဒါ ရှင် ရွေးတဲ့ လမ်းပဲ။”
‘ကာမဂုဏ်ဆိုတာ အနိစ္စ... ကာမဂုဏ်ဆိုတာ အနိစ္စ...’ ယွင်ကျုံးဟဲ့သည် အသက်ရှူနှုန်းကို ထိန်းညှိ လိုက်သည်။
အသက်ပြင်းပြင်း ရှူသွင်း.... ရှူထုတ်။
စိတ်ငြိမ်သွားချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ထုတ်လုပ်ထားသော ပင်နီဆီလင်ကို ဆားရည်တွင် ပျော်ဝင်စေပြီး ပုလင်းထဲသို့ ထည့်လိုက်သည်။ သူသည် ကျင်းဝူပြန်းကို ပုလင်းချိတ် ကုသရန် စီစဉ်နေခြင်း ဖြစ်၏။
သောက်ဆေး ထုတ်လုပ်ရန် အချိန်မမီတော့သလို၊ အူလမ်းကြောင်းမှ စုပ်ယူမှု နှေးကွေးသောကြောင့် သွေးကြောထဲ တိုက်ရိုက်သွင်းခြင်းက ပိုမို ထိရောက်ပေမည်။
ပလတ်စတစ် ပိုက် မရှိသောကြောင့် တိရစ္ဆာန် သွေးကြောကို အသုံးပြုရသည်။ အပ် မရှိသောကြောင့် အလွန်သေးငယ်သော ဝါးပိုက်လုံးကို ချွန်ထက်အောင် ပြုလုပ်ပြီး ပိုးသတ်ထားရသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မလေး လန်ပိ... ဒီဝါးပိုက်ခေါင်းလေးကို သခင်လေး ကျင်းဝူပြန်းရဲ့ လက်မောင်းသွေးကြောထဲ ထိုးထည့်ပေးပါ။ ဟောဒီ သွေးကြောလေးပါ။”
လန်ပိသည် ဝါးပိုက်ကို ယူလိုက်ပြီး တွေဝေခြင်း မရှိဘဲ ကျင်းဝူပြန်း၏ သွေးပြန်ကြောထဲသို့ ထိုးသွင်းလိုက်သည်။
ယွင်ကျုံးဟဲ့သည် တိရစ္ဆာန် သွေးကြောပိုက်ကို လွှတ်လိုက်ရာ ပင်နီဆီလင် ဆေးရည်များသည် ဖြည်းညင်းစွာ စီးဆင်းပြီး ကျင်းဝူပြန်း၏ သွေးကြောထဲသို့ ဝင်ရောက်သွားလေ၏။
ဓာတ်မတည့်မှု စစ်ဆေးခြင်းလုပ်ရန် အချိန်မရှိတော့ပေ။ အကယ်၍ ကျင်းဝူပြန်းသာ ပင်နီဆီလင်နှင့် ဓာတ်မတည့်ပါက ယွင်ကျုံးဟဲ့ ကံဆိုးသည်ဟုသာ မှတ်ယူရပေမည်။
“နောက်ထပ် ဘာလုပ်ရအုံးမလဲ။” လန်ပိက မေးသည်။
“ဒီဆေးရည်ပုလင်း ကုန်တဲ့အထိ စောင့်နေလိုက်ရင် ရပြီ။” ယွင်ကျုံးဟဲ့က ဖြေ၏။
“ဒါဆို ရှင် လုပ်စရာ မရှိတော့ဘူးပေါ့။”
“ဟုတ်ကဲ့...”
လန်ပိသည် စကားတစ်ခွန်းမှ မဆိုဘဲ ယွင်ကျုံးဟဲ့၏ အင်္ကျီလည်ပင်းကို ဆွဲမကာ အပိုင်းပြင်သို့ ခေါ်ထုတ်သွားပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
သူ့ကိုယ်မှ အနံ့ဆိုးများ ထွက်နေသောကြောင့် ကျင်းကျုံးယွဲ့နှင့် တစ်ခန်းတည်း ထားရသည်မှာပင် မြို့စားမင်းကို စော်ကားရာ ရောက်နေလေ၏။
“အပြင်မှာ စောင့်နေ...” လန်ပိက အမိန့်ပေးလိုက်သည်။ ခြိမ်းခြောက်စရာ မလိုတော့ချေ။ ကျင်းဝူပြန်း သေသည်နှင့် ဤသူတောင်းစားကို သတ်ရမည်မှာ အသေအချာပင်။
ယွင်ကျုံးဟဲ့သည် အပြင်ဘက် ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသောကြောင့် လဲလျောင်းလိုက်ရာ တစ်ခဏချင်း အိပ်ပျော်သွားလေသည်။ သူ လုပ်နိုင်သမျှ လုပ်ပေးပြီးပြီဖြစ်၏။ ကျန်တာတော့ ကံတရားအတိုင်းသာ ဖြစ်ပေတော့မည်။
...................
ကြမ်းပြင်ပေါ်တွင် အိပ်မောကျနေသော ယွင်ကျုံးဟဲ့ကို ကြည့်ကာ သမားတော်များနှင့် နတ်ဆရာလန်တို့သည် နှာခေါင်းရှုံ့လိုက်ကြသည်။ မျက်လုံးများထဲတွင် ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေ၏။
နတ်ဆရာလန်သည် မျက်လုံးကို မှိတ်ကာ အနားယူနေလိုက်သည်။ စောင့်ရုံသာ ရှိတော့သည်။ ကျင်းဝူပြန်း အသက်ထွက်သွားသည်နှင့် ဤပြဇာတ် ပြီးဆုံးပြီဖြစ်သည်။ ယွင်အောက်ထျန်း ဆိုသည့် ပိုးဟပ်ကောင်ကို သူကိုယ်တိုင် သတ်စရာ မလိုတော့ချေ။
‘ဖရဲသီးပုပ်နဲ့ ဖော်တဲ့ နတ်ဆေးတဲ့လား။ ရယ်စရာ အကောင်းဆုံး ဟာသပဲ။ မြို့စားမင်းနဲ့ လန်ပိတို့ကတော့ ရေနစ်သူ ဝါးကူထိုး ဆိုသလို ဖြစ်ကတတ်ဆန်း လုပ်လိုက်တာပဲ။ ဒါက လူသတ်တာနဲ့ ဘာထူးလို့လဲ။ ကျင်းဝူပြန်းက နှစ်ရက်၊ သုံးရက် ခံအုံးမှာကို ဒီအရူး ကုလိုက်မှ တစ်နာရီ၊ နှစ်နာရီအတွင်း သေတော့မယ့်ကိန်း ဆိုက်နေပြီ။’
......................
နာရီအနည်းငယ် ကုန်လွန်သွားခဲ့၏။ လူနာခန်းဆောင် အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ယွင်ကျုံးဟဲ့၏ ပင်နီဆီလင် ဆေးရည်များသည် ကျင်းဝူပြန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေဆဲ ဖြစ်သည်။ သို့သော်ငြား လန်ပိနှင့် ကျင်းကျုံးယွဲ့တို့က မျှော်လင့်ချက် မထားကြပေ။
ဖရဲသီးပုပ်မှ ထုတ်ယူသော ညစ်ပတ်သည့် အရာများက လူကို ကယ်တင်နိုင်သည် ဆိုပါက ကမ္ဘာကြီး ပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။
သမားတော် အားလုံးက ကျင်းဝူပြန်း သေမည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ထားသောကြောင့်သာ ဤကဲ့သို့ စမ်းသပ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ထိုစဉ် လူတစ်ယောက် ဝင်ရောက်လာသည်။ လှပသော်လည်း ဝမ်းနည်းပူဆွေးနေသော လေခွင်းကတော်ပင် ဖြစ်သည်။ သူမသည် အသုဘအတွက် အနက်ရောင် ခေါင်းစည်းပဝါကိုပင် ပြင်ဆင်လာခဲ့သည်။ ကျင်းဝူပြန်း အသက်ထွက်သည်နှင့် ဝတ်ဆင်ရန်ပင်။
သားဖြစ်သူ၏ ကုတင်နားသို့ ရောက်ချိန်မှာတော့ မျက်ရည်များ စီးကျလာပြန်သည်။ သူမ၏ ကံကြမ္မာသည် ဆိုးရွားလွန်းလှသည်။ ခင်ပွန်းဖြစ်သူမှာ လေဖြတ်ပြီး မလှုပ်ရှားနိုင် ဖြစ်နေချိန်တွင် သားဖြစ်သူကလည်း သေမင်းနှင့် ရင်ဆိုင်နေရသည်။ သားနှင့်အတူ လိုက်သေလိုက်ချင်တော့သည်။
စောစောက မေ့မြောနေစဉ် ညည်းညူနေသော သားဖြစ်သူသည် ယခု ငြိမ်သက်နေ၏။ နီရဲနေသော အသားအရည်မှာလည်း ဖြူဖျော့သွားပြီ ဖြစ်သလို ခန္ဓာကိုယ်လည်း အေးစက်လာပြီဖြစ်၏။ ‘ဒါ... သေတော့မယ့် လက္ခဏာပဲ။’
“အသုဘ ပြင်ဆင်ကြတော့။” လေခွင်းကတော်က အားပျော့စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။” လန်ပိက တုံ့ပြန်လိုက်၏။
ထိုစဉ် အပြင်ဘက်မှ တုံးခေါက်သံ ကြားလိုက်ရသည်။ နေ့သစ် ရောက်လာခဲ့ပြီဖြစ်သည်။
“အရှင်လန်ပိ... ဟိုသူတောင်းစားရဲ့ ကတိစာချုပ် သက်တမ်း ကုန်သွားပါပြီ။” လန်ယွီက သတိပေးလိုက်သည်။
လန်ပိက ပြောလိုက်၏။ “သိပြီ။ သတ်လိုက်တော့။”
စစ်သည်တစ်ဦးက ဓားကို ဆွဲထုတ်ပြီး အိပ်ပျော်နေသော ယွင်ကျုံးဟဲ့ထံသို့ လျှောက်သွားလိုက်သည်။ ‘အိပ်မက်ထဲမှာ သေသွားရတာလည်း ကောင်းတာပဲလေ။ မနှိုးတော့ပါဘူး။’
စစ်သည်သည် ဓားကို မြှောက်ကာ ယွင်ကျုံးဟဲ့၏ ရင်ဘတ်ကို ထိုးစိုက်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့ မျက်လုံးပွင့်လာပြီး မေးလိုက်သည်။ “အစ်ကိုကြီး။ ဘာလုပ်မလို့လဲဗျ...”
“ယွင်အောက်ထျန်း... မင်းရဲ့ အချိန်ပြည့်ပြီ။ မင်းရဲ့ သေနေ့ ရောက်ပြီ။” လုကျန်ယွမ်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် သခင်လေး ကျင်းဝူပြန်းကို ကုပေးပြီးပြီလေ။”
“အခုချိန်ထိ ရူးချင်ယောင် ဆောင်နေတုန်းပဲလား။ မင်း ဘယ်တုန်းက ကုပေးလိုက်တာလဲ။” လုကျန်ယွမ်က မေးခွန်းထုတ်လိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အိပ်မက်ထဲမှာလေ။ စောစောက အိပ်မက်ထဲမှာ သခင်လေးကို ကုပေးလိုက်တာ ပျောက်သွားပြီ။”
အားလုံး ဝိုင်းရယ်ကြသည်။ ‘တကယ့် အရူးပါလား။ အိပ်မက်ထဲမှာ ကုပေးလိုက်တာတဲ့လား။ ဒါဆို မင်းကို နည်းနည်းလောက် ထပ်အိပ်ခိုင်းလိုက်ရင် မြို့စားမင်းကိုပါ လက်ထပ်ပြီးပြီလို့ အိပ်မက်မက်နေအုံးမှာပဲ။’
“စကားများမနေနဲ့။ သတ်လိုက်တော့။” လန်ယွီက အမိန့်ပေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မယုံရင် သွားကြည့်လေဗျာ။ ကျုပ်က အိပ်မက်ထဲမှာဆို လုံးဝ လိမ်မပြောဘူး။”
“အရူးစကားပဲ...”
စစ်သည်က အေးစက်စွာ ပြောလိုက်၏။ “ငရဲရောက်မှ ဆက်ရူးလိုက်တော့။”
ထိုစဉ် အခန်းထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ “အောက်ထျန်းကို မသတ်နဲ့။ ငါ့ရဲ့ အောက်ထျန်းကို မသတ်နဲ့။”
ကျင်းဝူပြန်းသည် ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်လိုက်လေသည်။ သေရွာပြန်လာသည့် အလားပင်။
အားလုံး ကြက်သေ သေကုန်ကြသည်။ ကိုယ့်နားကိုယ်ပင် မယုံနိုင်ကြချေ။
‘ဒါ... ဒါ ဘာဖြစ်တာလဲ။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သေလုမျောပါး ဖြစ်နေတာ မဟုတ်ဘူးလား။ အခု ဘယ်လိုဖြစ်ပြီး ထထိုင်နိုင်တာလဲ။ ဒီသူတောင်းစားရဲ့ ဖရဲသီးပုပ် ဆေးက ဒီလောက်တောင် စွမ်းတာလား။’
***