ကျင်းဝူပြန်း၏ အသံကို ကြားလိုက်ရချိန်တွင် ခန်းမအတွင်းရှိ သမားတော်များအားလုံး ကြက်သေ သေကုန်ကြ၏။
အထူးသဖြင့် နတ်ဆရာလန်၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ ယခင်ကကဲ့သို့ တည်ငြိမ်အေးဆေးသည့် ဟန်ပန်ကို မထိန်းသိမ်းနိုင်တော့ချေ။ ‘မလန့်နဲ့။ မလန့်နဲ့။ ဒါ နည်းဗျူဟာ အပြောင်းအလဲပဲ။ မှားလို့... ဒါ သေခါနီး ဆီမီးတောက်တာ။ သေချာတယ်။ ဒါ နောက်ဆုံး အသက်ဆက်တာပဲ ဖြစ်ရမယ်။’
ထိုစဉ် လေခွင်းကတော်က အခန်းထဲမှ လှမ်းအော်လိုက်သည်။ “ဆရာလန်... အထဲကို ဝင်လာပါအုံး။ မြန်မြန် ဝင်လာပါအုံး။”
နတ်ဆရာလန်နှင့် သမားတော်များ အခန်းထဲသို့ အလုအယက် ပြေးဝင်သွားကြ၏။
လေခွင်းကတော်က ဝမ်းသာအားရ မေးလိုက်သည်။ “ကျွန်မသားလေးကို ကြည့်ပေးပါအုံး။ သူ... သူ ပြန်ကောင်းလာတာ မဟုတ်လား။”
နတ်ဆရာလန်သည် ကျင်းဝူပြန်း၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ရာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေ၏။ ‘သောက်ကျိုးနည်း... ဘယ်လို ဖြစ်ရတာလဲ။ ကျင်းဝူပြန်း၏ အဖျားကျသွားပြီ။ ဒါ အရေးကြီးဆုံး လက္ခဏာပဲ။’
အဖျားကျသွားပြီ ဆိုတည်းက အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီဟု ဆိုနိုင်သည်။ သေမင်းတံခါးဝမှ ပြန်ရောက်လာခြင်းပင်။
အားလုံးက သေမိန့်ချထားပြီး၊ နတ်သိကြားမကယ်နိုင်ဟု ဆိုထားသော လူမမာသည် ယခု ပြန်လည် အသက်ရှင်လာရုံသာမက သေဘေးမှ လွတ်ကင်းသွားပြီ ဖြစ်သည်။
အခြား သမားတော်များလည်း အလုအယက် စမ်းသပ်ကြည့်ကြ၏။ “အံ့ဩစရာပဲ။ သခင်လေးက ရက်အတော်ကြာ အဖျားမကျဘဲ သေလုမျောပါး ဖြစ်နေတာ။ အခု အဖျား လုံးဝ ကျသွားပြီ။”
“သွေးခုန်နှုန်းလည်း မှန်လာပြီ။ အသက်ရှူတာလည်း ပုံမှန် ဖြစ်လာပြီ။”
“ယုံတောင် မယုံနိုင်ဘူး။ ဘယ်လိုဖြစ်ပြီး ဒီလို ပြောင်းလဲသွားရတာလဲ။ တကယ်ပဲ ဟိုသူတောင်းစားရဲ့ ဆေးကြောင့်များလား။ ဖရဲသီးပုပ်ကနေ ထုတ်ထားတဲ့ နတ်ဆေး ဆိုတာ တကယ် ရှိနေတာလား။’
အကယ်၍ ဟုတ်ခဲ့လျှင် ကမ္ဘာကြီး ပြောင်းပြန် ဖြစ်သွားပြီဟု ဆိုရမည်။ ယွင်အောက်ထျန်း ဆိုသည့် သူတောင်းစားမှာ ဤကဲ့သို့သော အစွမ်းအစ ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ နေအနောက်က ထွက်ခြင်းထက် ပို၍မဖြစ်နိုင်သည့်ကိစ္စက တကယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“ယွင်အောက်ထျန်း... ဝင်ခဲ့...” လန်ပိက ခေါ်လိုက်၏။
ယွင်ကျုံးဟဲ့ အခန်းထဲသို့ ဝင်လာသည်။
ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့ကို တစ်ချက်ကြည့်ပြီး မှုန်ကုပ်ကုပ် ပြောလိုက်၏။ “အောက်ထျန်း... စောစောက အိပ်မက်ထဲမှာ မင်း ငါ့ကို ဆေးထိုးနေတယ်လို့ မက်တယ်။”
ယွင်ကျုံးဟဲ့က စိတ်ထဲမှာ ရေရွတ်လိုက်သည်။ ‘ခင်ဗျားကို ဆေးထိုးတာ ကျုပ် မဟုတ်ဘူးဗျ။ ခင်ဗျားရဲ့ အိပ်မက်ချစ်သူ အစ်မလန်ပိ ပါဗျာ။’
ပြောပြီးသည်နှင့် ကျင်းဝူပြန်းသည် ပြန်လည် အိပ်ပျော်သွားလေသည်။ ဤတစ်ကြိမ်တွင်မူ မေ့မြောခြင်း မဟုတ်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်းသာ ဖြစ်၏။
ယွင်ကျုံးဟဲ့ အခန်းထဲ ရောက်ချိန်မှာတော့ နောက်ထပ် အလှနတ်သမီးကြီး တစ်ဦးကို တွေ့လိုက်ရသည်။ ရင့်ကျက်တည်ငြိမ်သော အလှနှင့် ပြည့်စုံနေသည့် အမျိုးသမီးကြီး ဖြစ်သည်။ ‘ဒါ ဘယ်သူပါလိမ့်။ ငါ့ရဲ့ ယောက္ခမလောင်းများလား။’
“ယောက္ခမကြီး ခင်ဗျာ။ သားမက်ကို ဂါရဝပြုခွင့် ပေးပါ။” စိတ်ထဲတွင်သာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ အပြင်ထုတ်ပြောပါက အသတ်ခံရမည်မှာ သေချာ၏။
“ကျုပ် တာဝန်ကျေခဲ့ပါပြီ။” ယွင်ကျုံးဟဲ့သည် လေခွင်းကတော်အား ဟန်ပါပါဖြင့် ဦးညွှတ် ဂါရဝပြုလိုက်သည်။
‘ချီးတဲ့မှ... အသက် ၄၀ ကျော် သူတောင်းစားကြီးက ကိုယ့်ကိုယ်ကိုယ် ကျုပ်လို့သုံးပြီး ဟန်လုပ်နေတာ ကြည့်ရဆိုးလိုက်တာ။ ချေးပိုးထိုးက ဝတ်ရုံဝတ်ထားလို့ ပုရစ် ဖြစ်လာမှာ မဟုတ်ဘူးလေ။’
“တကယ် မထင်မှတ်ထားဘူး။ သူတောင်းစားလေးရဲ့ ဖရဲသီးပုပ်ဆေးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့။ တကယ်ကို ထူးခြားဆန်းပြားတာပဲ။”
“ဟုတ်ပါ့... ဟုတ်ပါ့။ သူ့ပုံစံကို ကြည့်ပါအုံး။ ဆံပင်ဖွာလန်ကြဲနဲ့။ တကယ့် ပညာရှိကြီးတွေရဲ့ ဟန်ပန်အတိုင်းပဲ။”
ယွင်ကျုံးဟဲ့ အောင်မြင်သွားသည်ကို မြင်ချိန်မှာတော့ သမားတော်များသည် ချက်ချင်းပဲ လေသံပြောင်းကာ မြှောက်ပင့် ပြောဆိုလာကြ၏။
ထိုစဉ် နတ်ဆရာလန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
သူ၏ လက်ကိုင်တုတ် လုကျန်ယွမ်သည် ချက်ချင်း ရှေ့ထွက်လာပြီး အသံမာမာဖြင့် ပြောလိုက်၏။ “ဒါ သူတောင်းစားရဲ့ ကောင်းကျိုး မဟုတ်လောက်ပါဘူး။ သခင်လေး ကျင်းဝူပြန်းရဲ့ ဘုန်းကံကြောင့် ဖြစ်မှာပါ။ ဒါမှမဟုတ်ရင်လည်း ဆရာလန်ရဲ့ ဆရာသခင်က အဝေးကနေ ဂါထာမန္တန် စွမ်းအားနဲ့ ကုသပေးလိုက်တာ ဖြစ်မှာပါ။ ဒီသူတောင်းစားက နာမည်ကောင်း လိုချင်လို့ လိမ်ပြောနေတာပါ။”
လုကျန်ယွမ်သည် လေခွင်းကတော်ရှေ့တွင် ဒူးထောက်လိုက်ပြီး ဆက်ပြောလိုက်သည်။ “သခင်မကြီး... သခင်လေးက အခုမှ သတိရလာတာပါ။ အဖျားကျသွားပြီ ဆိုပေမယ့် ပေါ့ဆလို့ မဖြစ်သေးပါဘူး။ အခုချိန်မှာ ကုသမှု အပိုင်းကို ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် သခင်လေးရဲ့ ကုသရေးကို ဆရာလန်နဲ့ ကျုပ်တို့ သမားတော်တွေက တာဝန်ယူသင့်ပါတယ်။”
‘သောက်ကျိုးနည်း... ယုတ်မာလိုက်တာ။ မျက်နှာပြောင်တိုက်ပြီး သူများ ကောင်းကျိုးကို လုယူရဲတယ်ပေါ့။’
လေခွင်းကတော်မှာမူ တွေဝေသွားသည်။ စောစောက သားဖြစ်သူ သေလုမျောပါး ဖြစ်နေ၍သာ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို စမ်းသပ်ခွင့် ပြုခဲ့ခြင်းဖြစ်၏။
ယခု သားဖြစ်သူ ပြန်လည် သက်သာလာပြီဖြစ်ရာ သူတောင်းစား အရူးတစ်ယောက်လက်ထဲတွင် ဆက်ထားရန် မသင့်လျော်ဟု တွေးမိလာသည်။ နတ်ဆရာလန်နှင့် သမားတော်များက ပိုပြီး စိတ်ချရသည် မဟုတ်ပါလား။
“သခင်လေးက ရွှေလို ရှားပါးတဲ့ လူပါ။ စွန့်စားလို့ မဖြစ်ပါဘူး။” လုကျန်ယွမ်က ဆက်ပြောသည်။
“ပြီးတော့ သခင်လေး သက်သာလာတာဟာ ဒီသူတောင်းစားရဲ့ ဆေးကြောင့်ဆိုတဲ့ အထောက်အထား ဘာမှ မရှိပါဘူး။ ဒါကြောင့် ကျုပ် အကြံပြုလိုတာက ဒီသူတောင်းစားရဲ့ ခြံဝင်းကို သိမ်းဆည်းပြီး သူဖော်စပ်ထားတဲ့ ဆေးတွေကို စစ်ဆေးသင့်ပါတယ်။ အဆိပ်အတောက် ပါမပါ သိရအောင်ပါ။”
ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ‘ဟမ်... ငါ့ရဲ့ ကောင်းကျိုးပြုမှုကို လုယူရုံတင် မကဘူး။ ငါ့ရဲ့ ပင်နီဆီလင် ဆေးနည်းကိုပါ လုယူဖို့ ကြိုးစားနေတာပဲ။’
သို့သော်ငြား သူပြောသည့် စကားများကလည်း ယုတ္တိရှိနေပြန်သည်။ ယွင်ကျုံးဟဲ့သည် သူတောင်းစား အရူးတစ်ယောက်သာ ဖြစ်သည်။ သခင်လေး၏ အသက်ကို သူ့လက်ထဲ ပုံအပ်ထားခြင်းမှာ အလွန် အန္တရာယ်များလှ၏။
နတ်ဆရာလန်နှင့် သမားတော်များက ဆေးဝါးများကို စစ်ဆေးပြီးမှ ဆက်လက် ကုသခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်နိုင်သည်။
လုကျန်ယွမ်၏ အကြံပြုချက်ကို အခြား သမားတော်များက ထောက်ခံကြသည်။ လေအတိုက်အခံကို ကြည့်ပြီး ရွက်လွှင့်တတ်သူများ ပီသလွန်းလှ၏။
“ဟုတ်တယ်။ ဟုတ်တယ်။”
“ဆရာလုရဲ့ အကြံဉာဏ်က သိပ်ကောင်းတယ်။”
“သခင်လေးက အထက်တန်းလွှာပါ။ ကျုပ်တို့လို ပညာရှင်တွေနဲ့ပဲ ကုသသင့်ပါတယ်။”
“ဒီသူတောင်းစားရဲ့ ဖရဲသီးပုပ် ဆေးတွေကို သိမ်းဆည်းပြီး စစ်ဆေးရမယ်။ မြို့စားအိမ်တော်ရဲ့ လုံခြုံရေးအတွက် မဖြစ်မနေ လုပ်ရမယ်။”
ရည်ရွယ်ချက်က နှစ်ခု ရှိသည်။ တစ်ခုက ကောင်းကျိုးပြုမှုလုယူရန်၊ နောက်တစ်ခုက ယွင်ကျုံးဟဲ့၏ နတ်ဆေးကို ပိုင်ဆိုင်ရန်ပင်။ အကယ်၍ ကျင်းဝူပြန်း အသက်ရှင်လာခြင်းသည် ဤဆေးကြောင့် ဖြစ်သည် ဆိုပါက ဤဆေးသည် တန်ဖိုးဖြတ်မရသော နတ်ဆေး ဖြစ်လာပေလိမ့်မည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။ “ဆေး ကျန်သေးလား။”
သူမ၏ အကြည့်ကြောင့် ယွင်ကျုံးဟဲ့၏ နှလုံးသား တစ်ချက် တုန်သွားလေ၏။ ‘ဒီမိန်းမက လှလွန်းတယ်။ သူ့ ကြည့်လိုက်တာနဲ့ နှလုံးသားထဲက အသားတစ်စ ဆွဲဖဲ့ယူသွားသလို ခံစားရတယ်။ ရာထူးကြီး၊ သိုင်းပညာတော်၊ ရုပ်ရည်ကလည်း ချောမောတယ်။ တကယ့်ကို ကမ္ဘာပေါ်က ယောက်ျားသားတိုင်း အိပ်မက်မက်ရတဲ့ နတ်သမီးပါလား။ သူ့ကို မြင်လိုက်တာနဲ့ ဖိနပ်အောက်ခြေကို လျှာနဲ့လျက်ချင်စိတ် ပေါက်လာတယ်။ မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ စိတ်လှုပ်ရှားလို့ မရဘူး။ ငါ အောက်ကျို့လို့ မဖြစ်ဘူး။’
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ရှိပါတယ်။”
ထို့နောက် ပုလင်းတစ်လုံးကို ကမ်းပေးလိုက်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဖရဲသီးပုပ်ကနေ ထုတ်ထားတာလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်ပါတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်ပြန်သည်။ “ကျင်းဝူပြန်း သက်သာလာတာက ရှင့်ဆေးကြောင့်ဆိုတာ ဘယ်လို သက်သေပြမလဲ။”
ကျင်းကျုံးယွဲ့၏ လေသံကို ကြားချိန်မှာတော့ လုကျန်ယွမ် ဝမ်းသာသွားသည်။ “မြို့စားမင်း ပြောတာ မှန်ပါတယ်။ သခင်လေး ကျင်းဝူပြန်းက ဘိုးဘေးတွေရဲ့ စောင့်ရှောက်မှုကြောင့် ကံကောင်းထောက်မစွာ သက်သာလာတာပါ။ ဒီသူတောင်းစားက မဟုတ်မဟတ် လာပြောပြီး ကောင်းကျိုး လိုချင်နေတာပါ။ တကယ့် အရှက်မရှိတဲ့လူပါပဲ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင့်နာမည် ဘယ်သူလဲ။”
လုကျန်ယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဖြေသည်။ “ကျုပ်နာမည်က လုကျန်ယွမ်ပါ။ မြို့စားအိမ်တော်မှာ တာဝန် ထမ်းဆောင်နေတာ ၈ နှစ် ရှိပါပြီ။ ကျုပ် အကြံပြုချင်တာက ဒီသူတောင်းစားဆီက ဆေးနည်းကို သိမ်းယူပြီး သခင်လေးရဲ့ ကုသရေးကို ကျုပ်တို့ လက်လွှဲယူသင့်ပါတယ်။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ရှင် ပြောတာလည်း ဟုတ်သလိုလိုပဲ။”
လုကျန်ယွမ် ပို၍ ဝမ်းသာသွားကာ ယွင်ကျုံးဟဲ့ဘက်သို့ လှည့်ပြီး အော်ဟစ်လိုက်၏။ “သူတောင်းစား... မင်းရဲ့ ဆေးနည်းကို အခုချက်ချင်း ထုတ်ပေးစမ်း။ အရှင်လန်ပိ... သူ့ခြံဝင်းကို သွားပြီး ပိတ်လိုက်ပါ။”
“ဟုတ်တယ်။ ဟုတ်တယ်။ ဆေးနည်း ထုတ်ပေး။” ဘေးမှ သမားတော်များက ဝိုင်းအော်ကြသည်။
ယွင်ကျုံးဟဲ့က ပြုံးလိုက်၏။ “ဆရာလု ပြောတာ မှန်ပါတယ်။ ကျုပ်ရဲ့ ဖရဲသီးပုပ်ဆေးက အန္တရာယ် ရှိပါတယ်။ ဓာတ်မတည့်ရင် ချက်ချင်း သေသွားနိုင်ပါတယ်။ အဓိက အချက်က ဒီဆေးကို လူနဲ့ စမ်းသပ်ကြည့်တာ မလုပ်ရသေးပါဘူး။ ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ မသိရသေးပါဘူး။ ပြီးတော့ သခင်လေး ကျင်းဝူပြန်း သက်သာ လာတာက ကျုပ်ဆေးကြောင့် ဟုတ်မဟုတ် ဆိုတာလည်း သက်သေမပြနိုင်ပါဘူး။”
ထိုစကားကို ကြားချိန်မှာတော့ သမားတော်များ ရင်ထဲတွင် ကြိတ်ရယ်လိုက်ကြသည်။ ‘အခုမှ ကြောက်နေပြီလား။ နောက်ကျသွားပြီကွ။ မင်းရဲ့ ကောင်းကျိုးပြုမှုရော၊ ဆေးနည်းရော ငါတို့ ယူမှာ။ ပြီးရင် မင်းကို သတ်ပစ်မယ်။’
ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့အား ဦးညွှတ်ကာ ပြောလိုက်၏။ “မြို့စားမင်း... စောစောက သခင်လေး အသက်အန္တရာယ် စိုးရိမ်ရလို့သာ မဖြစ်မနေ ဆေးသွင်းလိုက်ရတာပါ။ အခု သခင်လေး သက်သာလာပြီ ဆိုတော့ ဆက်ပြီး စွန့်စားလို့ မဖြစ်တော့ပါဘူး။ ကျုပ်ရဲ့ ဆေးက လူသားတွေအတွက် အန္တရာယ်ကင်းကြောင်း အရင်ဆုံး သက်သေပြရပါမယ်။ ပြီးမှ ဒီဆေးကြောင့် သခင်လေး သက်သာလာတာ ဟုတ်မဟုတ် သက်သေပြရပါမယ်။ ဒါကြောင့် စမ်းသပ်မှုတစ်ခု လုပ်ဖို့ လိုပါတယ်။”
လန်ပိက မေးလိုက်သည်။ “ဘာစမ်းသပ်မှုလဲ။”
ယွင်ကျုံးဟဲ့က ပြုံးလျက် ဖြေ၏။ “လွယ်လွယ်လေးပါ။ လူတစ်ယောက်ကို ခေါ်လိုက်ပါ။ သူ့ခန္ဓာကိုယ် ပေါ်မှာ ဓားနဲ့ ၁၀ ချက်လောက် မွှန်း၊ ပြီးရင် မစင်ရည်ကို အဲဒီ ဒဏ်ရာတွေပေါ် လောင်းချလိုက်ပါ။ ဒါဆိုရင် သေချာပေါက် ပိုးဝင်ပြီး အနာတွေ ရင်းလာမယ်။ အဖျားတွေ တက်လာမယ်။
အဲဒီအချိန်ကျမှ ကျုပ်ရဲ့ ဖရဲသီးပုပ် ဆေးကို သုံးကြည့်မယ်။ တကယ်လို့ အဲဒီလူ အဖျားကျသွားပြီး အဆိပ်သင့်တာ မရှိဘူးဆိုရင် ကျုပ်ဆေးက အစွမ်းထက်ကြောင်း သက်သေပြရာ ရောက်ပါပြီ။ ဒါဆိုရင် သခင်လေးအတွက် စိတ်ချလက်ချ သုံးလို့ ရပါပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် လုကျန်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာလုက သခင်လေးအပေါ် သိပ်ပြီး သစ္စာရှိတာပဲ။ စေတနာလည်း ကောင်းတယ်။ သခင်လေးအတွက်ရော၊ လူသားမျိုးနွယ်အတွက်ပါ အကျိုးရှိမယ့် ဒီစမ်းသပ်မှုကို ဆရာလုပဲ လုပ်လိုက်ပါလား။”
ထိုစကားကြောင့် အားလုံး ကြက်သီးမွေးညှင်း ထသွားကြသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
‘ဒီသူတောင်းစားက သိပ်ရက်စက်တာပဲ။ လုကျန်ယွမ်က သူ့ကောင်းကျိုးပြုမှုကို လုယူဖို့ လုပ်ရုံရှိသေးတယ်၊ သူက လုကျန်ယွမ်ကို အဆိုးရွားဆုံး နည်းနဲ့ သတ်ပစ်ဖို့ ကြံစည်နေပြီ။’
လုကျန်ယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ “ယွင်အောက်ထျန်း... ဒီဆေးကို မင်းဖော်တာပဲ။ မင်းဘာသာ စမ်းသပ်ပါလား။ မင်းက တန်ဖိုးမရှိတဲ့ သူတောင်းစားပဲလေ။”
ထို့နောက် လုကျန်ယွမ်သည် ကျင်းကျုံးယွဲ့ရှေ့တွင် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “မြို့စားမင်း... လုံခြုံမှု ရှိစေဖို့အတွက် ဒီသူတောင်းစားဆီက ဆေးနည်းကို သိမ်းယူပြီး သူ့ခန္ဓာကိုယ်နဲ့ စမ်းသပ်ဖို့ အကြံပြုပါတယ်။”
“ကောင်းပြီ။ လက်ခံတယ်။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။
လုကျန်ယွမ် ဝမ်းသာအားရ ဖြစ်သွား၏။ “လာကြစမ်း။ ယွင်အောက်ထျန်းရဲ့ ခြံဝင်းကို သွားသိမ်းကြ။ ပြီးရင် သူ့ကို ဖမ်းပြီး ရေချိုးပေးလိုက်။ ဓားတွေ၊ မစင်တွေ ပြင်ဆင်ထား။ စမ်းသပ်မှု စမယ်။”
လုကျန်ယွမ်၏ မျက်လုံးများတွင် ရက်စက်မှုများ ပေါ်လွင်နေသည်။ ‘ဓားနဲ့မွှန်းပြီး မစင်နဲ့ လောင်းမယ် ဟုတ်လား။ မင်း အတွေးက ဆန်းသားပဲ။ အခု မင်းကိုယ်တိုင် ခံရတော့မယ်။ စိတ်ယုတ်မာရင် အကုသိုလ်က ချက်ချင်း အကျိုးပေးတယ်။’
သမားတော်အချို့မှာ ယွင်ကျုံးဟဲ့ကို သနားသွားကြ၏။ ‘လုကျန်ယွမ်က တော်တော် ရက်စက်တာပဲ။ သူတောင်းစားရဲ့ ကောင်းကျိုးကို လုရုံတင်မကဘူး၊ ဆေးနည်းကိုပါ လုယူပြီး၊ လူကိုပါ ရက်ရက်စက်စက် သတ်အုံးမလို့ပါလား။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ယွင်အောက်ထျန်းက သူတောင်းစားပဲ။ နောက်ခံမရှိဘူး။ လုကျန်ယွမ်ကျတော့ နတ်ဆရာလန် ဆိုတဲ့ နောက်ခံကြီး ရှိနေတယ်။’
သို့သော်ငြား ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ဘက်သို့ လှည့်ကာ သူမ၏ လှပသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ရှင် ပြောတာ ယုတ္တိရှိတယ်။ စမ်းသပ်မှုကို စလိုက်ကြတာပေါ့။”
ထိုစကားကြောင့် လေထုတစ်ခုလုံး အေးစက်သွားသည်။ အားလုံး ကျောရိုးမကြီးများ စိမ့်တက်သွားကြ၏။
ခဏကြာမှ စမ်းသပ်ခံရမည့်သူမှာ သူကိုယ်တိုင် ဖြစ်နေကြောင်းကို လုကျန်ယွမ် သဘောပေါက်လိုက်၏။ သူ၏ ဝိညာဉ်များ လွင့်စဉ်ထွက်သွားသလို ခံစားလိုက်ရသည်။
“အရှင်... သခင်မကြီး... ကျုပ် အိမ်တော်မှာ အမှုထမ်းခဲ့တာ ၈ နှစ် ရှိပါပြီ။ ကောင်းကျိုးပြုမှု မရှိရင်တောင် သက်ညှာပါအုံး။ အသက်ချမ်းသာပေးပါအုံး။”
ကျင်းကျုံးယွဲ့သည် သူ့ကို လုံးဝ ဂရုမစိုက်တော့ပေ။ ယွင်ကျုံးဟဲ့ ဘက်သို့ လှည့်ကာ မေးလိုက်၏။ “ရှင့်မှာ ယုံကြည်မှု ရှိလား။”
‘မိန်းမလှလေး.... စကားကို ဘာလို့ ဖြတ်ပြောရတာလဲ။’
“ရှိပါတယ်။” ယွင်ကျုံးဟဲ့က ဖြေသည်။
ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။ “ကောင်းပြီ။ မြန်မြန် ကုသလိုက်။ ပျောက်သွားရင် ဆုကြီးကြီး ပေးမယ်။ ရှင် ထင်ထားတာထက်တောင် ပိုပြီး ကြီးမားတဲ့ ဆုမျိုး ရစေရမယ်။”
ပြောပြီးသည်နှင့် ကျင်းကျုံးယွဲ့သည် ဝတ်ရုံကို ပြန်လည် ဝတ်ဆင်ကာ အခန်းပြင်သို့ ထွက်သွားလေတော့သည်။
အခန်းအပြင်ဘက်တွင် မြင်းစီးသူရဲ ၁၀၀ ခန့် စောင့်ဆိုင်းနေကြသည်။ သူမ ထွက်လာသည်နှင့် တညီတညွတ်တည်း မြင်းပေါ်မှ ဆင်းကာ ဒူးထောက်လိုက်ကြ၏။
ကျင်းကျုံးယွဲ့ မြင်းပေါ်သို့ တက်လိုက်ပြီး ဒုန်းစိုင်း ထွက်ခွာသွားလေသည်။
မြို့စားအိမ်တော် အပြင်ဘက်တွင်လည်း မြင်းစီးသူရဲ ၁၀၀၀ ခန့် စောင့်ဆိုင်းနေကြ၏။
ကျင်းကျုံးယွဲ့သည် စကားတစ်ခွန်းမှ မဆိုဘဲ ရွှေရောင် မျက်နှာဖုံးကို တပ်ဆင်လိုက်သည်။ စစ်သည် ၁၀၀၀ ကျော်သည် သူမကို ဝန်းရံကာ မြို့စားများ အစည်းအဝေး ကျင်းပရာသို့ ချီတက်သွားကြလေတော့သည်။
ကြီးကျယ်ခမ်းနားလိုက်သည့် မြင်ကွင်းပင်။ တကယ့်ကို လေခွင်းဘုရင်မ ပီသလှ၏။
ယောက်ျားကောင်း တစ်ယောက်အနေနှင့် ဤကဲ့သို့ မိန်းမမျိုးကိုသာ လက်ထပ်သင့်သည် မဟုတ်ပါလား။
***