ကျင်းကျုံးယွဲ့ ထွက်သွားပြီးနောက် ယွင်ကျုံးဟဲ့သည် လုကျန်ယွမ်အား လှမ်းကြည့်လိုက်သည်။ ‘စောစောက အရမ်းဟိတ်ဟန် ထုတ်နေတဲ့ ဆရာကြီး။ ကျုပ်ရဲ့ ကောင်းကျိုးပြုမှုကို လုဖို့ ကြိုးစားသေးတယ်။ ကျုပ်ရဲ့နတ်ဆေးကို လုဖို့ ကြိုးစားသေးတယ်။ အခုတော့ ဘယ်လိုနေလဲ။ ခင်ဗျားက ကျုပ်ရဲ့ စမ်းသပ်ကြွက်လေး တစ်ကောင် ဖြစ်လာပြီ။ နှိပ်စက်ခံရခြင်းရဲ့ အရသာကို ခင်ဗျား သိစေရမယ်။’
ယွင်ကျုံးဟဲ့က ဖိတ်ခေါ်လိုက်၏။ “ဆရာလု... လာလေ။ လာလေ။ သခင်လေးအတွက်၊ လူသားမျိုးနွယ် ကောင်းစားရေးအတွက် အချိန်မဆွဲနဲ့တော့။”
လုကျန်ယွမ် တစ်ကိုယ်လုံး တုန်ယင်နေသည်။ “မင်း... မင်း... လုပ်ရဲလို့လား။ မင်း ငါ့ကို ဘာလုပ်မလို့လဲ။ ငါက မြို့စားအိမ်တော်မှာ အမှုထမ်းခဲ့တာ ၈ နှစ် ရှိပြီ။ မင်းလို သူတောင်းစားကများ ငါ့ကို လုပ်ရဲတယ်ပေါ့။ ဒါ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို မင်း လက်စားချေနေတာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဂုဏ်ယူပါတယ်ဗျာ။ ခင်ဗျား ဖြေတာ မှန်သွားပြီ။ ဒါ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို လက်စားချေတာပဲ။ ဘာဖြစ်လဲ။ ကျုပ်က သဘောထား သေးသိမ်တယ်လေ။ ဘာဖြစ်လဲ။ ကျုပ်က ရုပ်ချောနေတာပဲ။ ဘာဖြစ်လဲ။”
လုကျန်ယွမ် ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားသည်။ “အရှင်လန်ပိ... ကြားရဲ့လား။ ဒီသူတောင်းစားက ကိုယ်ရေးကိုယ်တာကိစ္စ လက်စားချေနေတာတဲ့။ အရှင်လန်ပိ...”
လန်ပိသည် မကြားချင်ယောင် ဆောင်နေလိုက်၏။ လေခွင်းချိုင့်ဝှမ်းတွင် ကျင်းကျုံးယွဲ့၏ အမိန့်သည် ဘုရင့်အမိန့် ဖြစ်သည်။ သူမ ပြန်လည် မရုပ်သိမ်းသရွေ့ မည်သူကမှ လုကျန်ယွမ်ကို မကယ်တင်နိုင်ပေ။
လုကျန်ယွမ်သည် လေခွင်းကတော်ရှေ့တွင် ဒူးထောက်ကာ ဦးခေါင်းနှင့် ကြမ်းပြင် တိုက်မိမတတ် တောင်းပန်လိုက်သည်။ “သခင်မကြီး.... ကယ်ပါအုံး။ အသက်ချမ်းသာပေးပါအုံး။ ကျုပ် အိမ်တော်မှာ အမှုထမ်းခဲ့တာ ကြာပါပြီ။ ကောင်းကျိုး မရှိရင်တောင် သက်ညှာပါအုံး။”
လန်ပိသည် အလျင်အမြန် ရှေ့တိုးသွားပြီး လုကျန်ယွမ်၏ မေးရိုးကို ဖြုတ်ချလိုက်သည်။ အဘယ်ကြောင့် ဆိုသော် လေခွင်းကတော် စိတ်ပျော့သွားပြီး လုကျန်ယွမ်ကို လွှတ်ပေးရန် အမိန့်ပေးမိပါက ကျင်းကျုံးယွဲ့၏ အမိန့်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားပေလိမ့်မည်။ ထိုအခါ သားအမိချင်း သဘောထားကွဲလွဲသည်ဟူသော ကောလာဟလများ ထွက်ပေါ်လာနိုင်၏။
လန်ပိ လက်ဝှေ့ယမ်းလိုက်ရာ လုကျန်ယွမ်အား လူသေကောင် တစ်ကောင်ကဲ့သို့ ဆွဲထုတ်သွားကြလေသည်။
နတ်ဆရာလန်မှာမူ မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သလို ဟန်ဆောင်နေ လေသည်။ သူ၏ တပည့် လန်ယွီကမူ ယွင်ကျုံးဟဲ့ကို အာဃာတ အငြှိုးပြင်းထန်သည့် မျက်လုံးများဖြင့် ကြည့်နေလေ၏။
……………..
လျှို့ဝှက် အခန်းတစ်ခု အတွင်း၌ လုကျန်ယွမ်၏ ခန္ဓာကိုယ်ကို ဝက်သတ်ခုံပေါ်တွင် တင်ထားသကဲ့သို့ တုပ်နှောင်ထားသည်။
“ယွင်အောက်ထျန်း... မင်း ကောင်းကောင်း မသေရပါစေနဲ့။ ဆရာလန်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။” လုကျန်ယွမ်က ကြိမ်းဝါးလိုက်၏။
ယွင်ကျုံးဟဲ့သည် ဓားကို ကိုင်ကာ သက်ပြင်းချလိုက်သည်။ “ဆရာလု... ခင်ဗျားက ကျုပ်ကို အခက်တွေ့အောင် လုပ်နေတာပဲ။ ကျုပ်က လွှတ်ပေးချင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက သိပ်ပြီး မာန်တက်နေတော့ ကျုပ် လွှတ်ပေးဖို့ အကြောင်းပြချက် ရှာမရ ဖြစ်နေပြီ။”
လုကျန်ယွမ်က အသံတုန်တုန်ဖြင့် မေးလိုက်၏။ “ငါ... ငါ တောင်းပန်ရင် လွှတ်ပေးမှာလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့။ ကျုပ်တို့ကြားမှာ ရန်ငြိုးကြီးကြီးမားမားမှ မရှိတာ။ အမှားကို ဝန်ခံရင် ခွင့်လွှတ်ပေးရမှာပေါ့။”
လုကျန်ယွမ် အလျင်အမြန် အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း... ငါ မှားသွားပါတယ်။ ငါ့မှာ မျက်စိပါပြီး လူမမြင်တတ်ခဲ့ဘူး။ မင်းနဲ့ သွားပြိုင်မိတယ်။ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့ရဲ့ ခွေးအသက်ကို ချမ်းသာပေးပါ။”
ယွင်ကျုံးဟဲ့က ပြုံးကာ မေးလိုက်သည်။ “ခင်ဗျား မှားမှန်း သိပြီပေါ့။”
လုကျန်ယွမ် ကြက်အစာကောက်သလို ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပြောလိုက်၏။ “သိပါပြီ။”
ယွင်ကျုံးဟဲ့က လေသံမာမာဖြင့် ပြောလိုက်သည်။ “အဖေလို့ ခေါ်စမ်း။”
လုကျန်ယွမ်က ရှက်ရွံစွာဖြင့် ခေါ်လိုက်၏။ “အဖေ...”
ယွမ်ကျုံးဟဲ့က ထပ်ပြောသည်။ “အဘိုးလို့ ခေါ်စမ်း။”
လုကျန်ယွမ်က တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “အဘိုး... မြေး မှားသွားပါတယ်။ ခွင့်လွှတ်ပါ အဘိုး။”
ယွင်ကျုံးဟဲ့က ဗီလိန် စိုင်းအောင်တင့် မျက်နှာအမူအရာဖြင့် ခပ်ထေ့ထေ့ ပြောလိုက်သည်။ “ခင်ဗျား အမှားကို သိပြီဆိုတော့။ အဘိုးက မြေးလေးကို ဆုံးမရတော့မှာပေါ့။ ဒါမှ နောင်ကျရင် လိမ္မာမှာ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ဓားထက်ထက်ဖြင့် လုကျန်ယွမ်၏ ဖြူဖွေးသော အသားပေါ်တွင် အချက်ပေါင်း များစွာ မွှန်းလိုက်လေ၏။
လုကျန်ယွမ်၏ သွေးပျက်ဖွယ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ “ယွင်အောက်ထျန်း... မင်းကို သတ်မယ်။ မင်းရဲ့ တဆွေလုံး တမျိုးလုံးကို သတ်ပစ်မယ်။”
ယွင်ကျုံးဟဲ့က ရယ်မောလိုက်၏။ “မြေးလေးရယ်... သည်းခံလိုက်ပါအုံး။ အဘိုးက မြေးရဲ့ ဒဏ်ရာပေါ်မှာ မစင် လောင်းပေးရအုံးမယ်။”
ထို့နောက် မစင်ရည်ကို လုကျန်ယွမ်၏ ဒဏ်ရာများပေါ်တွင် သုတ်လိမ်းလိုက်သည်။ “လိမ္မာတယ် မြေးလေး။ နာမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက လူသားမျိုးနွယ် ကောင်းစားရေး အတွက်လေ။ သည်းခံလိုက်နော်။”
နာရီအနည်းငယ် ကြာချိန်မှာတော့ လုကျန်ယွမ်၏ ဒဏ်ရာများ ရောင်ရမ်းလာပြီး အဖျားတက်လာ၏။
ယွင်ကျုံးဟဲ့သည် သူ့အား ပင်နီဆီလင် ထိုးပေးလိုက်သည်။ အံ့ဩဖွယ် ကောင်းလောက်အောင်ပင် အဖျား ကျသွားလေသည်။
ဆေးရပ်လိုက်ချိန်မှာတော့ အဖျားပြန်တက်လာပြန်သည်။ ဆေးပြန်ထိုးလိုက်ချိန်မှာတော့ အဖျား ကျသွားပြန်၏။
လန်ပိသည် ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း မျက်မြင်ကိုယ်တွေ့ ကြုံရချိန်မှာတော့ အံ့ဩမဆုံး ဖြစ်နေလေသည်။ ‘ဒါ တကယ့် နတ်ဆေးပါလား။’
ဤဆေးသည် ကျင်းဝူပြန်း တစ်ယောက်တည်းကို ကယ်တင်နိုင်ရုံသာမက နောင်တွင် စစ်မြေပြင်၌ စစ်သည်ပေါင်း များစွာ၏ အသက်ကိုပါ ကယ်တင်နိုင်ပေလိမ့်မည်။ ဤဆေးကိုသာ အမြောက်အမြား ထုတ်လုပ်နိုင်ပါက စစ်ပွဲတစ်ခုလုံး၏ အဖြေကိုပင် ပြောင်းလဲပစ်နိုင်၏။ ယွင်ကျုံးဟဲ့၏ ကောင်းကျိုးပြုမှုမှာ ကြီးမားလွန်းသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်မလေး လန်ပိ... နတ်ဆေးက သိပ်မကျန်တော့ဘူး။ သခင်လေးကို ကုဖို့တောင် လောက်ငရုံပဲ ရှိတော့တာ။ ဒီလို လူတွေအပေါ် ဖြုန်းတီးနေလို့ မဖြစ်ဘူးလေ။ ဆရာလုကလည်း လူသားမျိုးနွယ်အတွက် အသက်စွန့်သွားတာ ဆိုတော့ ဂုဏ်ယူစရာ ကောင်းပါတယ်။ မဟုတ်ဘူးလား။”
လန်ပိ စကားတစ်ခွန်းမှ မဆိုဘဲ ထွက်ခွာသွားလေ၏။
ထို့နောက် လုကျန်ယွမ်သည် တစ်ရက် တစ်ညလုံးလုံး နာကျင်စွာ အော်ဟစ်ပြီးနောက် သေဆုံးသွားတော့သည်။
ယွင်ကျုံးဟဲ့ အနည်းငယ် နှမြောမိသည်။ အဘယ်ကြောင့်ဆိုသော် ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် သူ့ကို “အဘိုး” ဟု ခေါ်သောသူ ဖြစ်၍ သံယောဇဉ် တွယ်မိသွားသောကြောင့်ပင်။
……………
ယွင်ကျုံးဟဲ့သည် ကျင်းဝူပြန်း၏ ကုသရေးကို အပြည့်အဝ တာဝန်ယူလိုက်သည်။ တိုင်းရင်းဆေးနှင့် ခေတ်သစ် ဆေးပညာကို ပေါင်းစပ်ပြီး ကုသပေးသည်။ ပင်နီဆီလင်ဖြင့် ပိုးသတ်ပြီး၊ တိုင်းရင်းဆေးဖြင့် အားဖြည့်ပေး၏။
ကျင်းဝူပြန်း၏ ရောဂါသည် တစ်နေ့ထက်တစ်နေ့ သက်သာလာသည်။ အဖျား လုံးဝ ကျသွားပြီ။ သွေးမအန်တော့ပေ။ အသက်ရှူ လွယ်ကူလာသည်။ ရောင်ရမ်းနေသော ပြန်ရည်ကျိတ်များလည်း ပုံမှန် ပြန်ဖြစ်သွား၏။ ကိုယ်ခန္ဓာပေါ်ရှိ အနာများလည်း အသားတက်လာသည်။
ပြန်လည် သက်သာလာမှု နှုန်းထားမှာ မြန်ဆန်လွန်းသောကြောင့် သမားတော်များ အံ့ဩနေကြရ၏။ ညစ်ပတ် ပေရေနေသော သူတောင်းစား ယွင်အောက်ထျန်းတွင် ဤမျှ အစွမ်းထက်သော ဆေးပညာ ရှိလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ကျင်းဝူပြန်းအတွက် အပျော်ရွှင်ဆုံး နေ့ရက် ရောက်လာခဲ့သည်။ တစ်နေ့ နံနက်တွင် သူ အိပ်ရာထပြီး ဆီးသွားလိုစိတ် ဖြစ်ပေါ်လာသည်။
ပုံမှန်ဆိုလျှင် ငရဲသို့ ဆင်းရသကဲ့သို့ ကြောက်ရွံ့နေကျ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ မတူတော့ပေ။ နာကျင်မှု လုံးဝ မရှိသလို ဆီးသွားရာတွင် သွေးများ မပါလာတော့ချေ။
ကျင်းဝူပြန်း မယုံနိုင်အောင် ဖြစ်နေ၏။ ‘ငါ စိတ်ထင်လို့များလား။’
သို့သော်ငြား နောက်ရက်များတွင်လည်း နာကျင်မှု မရှိတော့။ ရောင်ရမ်းမှုများ လျော့ကျသွားပြီး ပြည်များလည်း မထွက်တော့ချေ။ နောက်ဆုံးတွင် သူသည် လုံးဝ ကျန်းမာသွားလေသည်။
‘ကောင်းကင်ဘုံ.... ငါ့ဘဝကြီး ပြန်လည် အသက်ရှင်သန်လာပြီ။ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဝေဒနာဆိုးကြီး ပျောက်ကင်းသွားပြီ။’
လဝက်ခန့် ကြာချိန်မှာတော့ ကျင်းဝူပြန်းသည် ကုတင်ပေါ်မှ ဆင်းကာ ယွင်ကျုံးဟဲ့၏ ခြံဝင်းသို့ လမ်းလျှောက် သွားနိုင်ပြီဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ အားလုံး အံ့ဩသွားကြသည်။ သူတောင်းစား ယွင်အောက်ထျန်း သည် အမှန်တကယ်ပင် သခင်လေးကို ကယ်တင်နိုင်ခဲ့လေ၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ပင်နီဆီလင် အသစ်တစ်သုတ် ထုတ်လုပ်နေသည်။
ရုတ်တရက် တံခါးပွင့်သွားပြီး ကျင်းဝူပြန်း ဝင်ရောက်လာ၏။ သူ့ရောဂါမှာ လုံးဝ ပျောက်ကင်းသွားပြီဟု မဆိုနိုင်သေးချေ။
ကျောက်ကပ်ရောင်ရောဂါမှာ အချိန်ယူ ကုသရမည်ဖြစ်ပြီး ဆီးလမ်းကြောင်း ရောင်ရမ်းခြင်းမှာလည်း ပြန်ဖြစ်တတ်သည်။ သို့သော်ငြား ထိန်းသိမ်းကုသပါက ပုံမှန်လူကဲ့သို့ နေထိုင်နိုင်မည် ဖြစ်၏။
“သခင်လေး... ဘာလုပ်မလို့လဲ။ ကျုပ်က ချောမောခန့်ညားတယ်ဆိုပေမဲ့ တချို့ စည်းမျဉ်းတွေကိုတော့ မဖောက်ဖျက်သင့်ဘူးနော်။” ယွင်ကျုံးဟဲ့သည် နောက်သို့ ခြေလှမ်းဆုတ်ကာ သူ၏ တင်ပါးကို ကာကွယ်လိုက်သည်။
“ဒူးထောက်လိုက်...” ကျင်းဝူပြန်းက လေးနက်စွာ ပြောလိုက်၏။
ယွင်ကျုံးဟဲ့ ခဏမျှ တွန့်ဆုတ်နေပြီးနောက် ဒူးထောက်လိုက်သည်။ ကျင်းဝူပြန်းလည်း ဒူးထောက်လိုက်သည်။
“ကောင်းကင်ဘုံနဲ့ မြေကြီးကို သက်သေပြုပါတယ်။ ဒီနေ့ကစပြီး ကျုပ် ကျင်းဝူပြန်းနဲ့ ယွင်အောက်ထျန်း တို့သည် မွေးနေ့မွေးရက် မတူသော်လည်း ညီအစ်ကိုများအဖြစ် သစ္စာဆိုပါတယ်။ သေနေ့သေရက် တူပါစေသား။”
‘ဟမ်...ရုတ်တရက်ကြီးပါလား။’
ကျင်းဝူပြန်းက ယွင်ကျုံးဟဲ့ကို စိုက်ကြည့်နေ၏။
ယွင်ကျုံးဟဲ့လည်း လိုက်ဆိုရတော့သည်။ “ကောင်းကင်ဘုံနဲ့ မြေကြီးကို သက်သေပြုပါတယ်။ ဒီနေ့ကစပြီး ကျုပ် ယွင်အောက်ထျန်းနှင့် ကျင်းဝူပြန်းတို့သည် မွေးနေ့မွေးရက် မတူသော်လည်း ညီအစ်ကိုများအဖြစ် သစ္စာဆိုပါတယ်။ သေနေ့သေရက် တူပါစေသား။”
ဤအချိန် နှစ်ပါးသစ္စာတိုင် နောက်ခံတေးဂီတသံများ တီးခတ်ပေးလိုက်လျှင် ပြီးပြည့်စုံသွားပေမည်။
သစ္စာဆိုပွဲ ပြီးဆုံးသွား၏။
ကျင်းဝူပြန်းက မေးလိုက်သည်။ “အောက်ထျန်း... မင်း အသက် ဘယ်လောက်လဲ။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “ခင်ဗျားရော။”
“၂၁ နှစ်...”
“အစ်ကိုကြီး..” ယွင်ကျုံးဟဲ့က ချက်ချင်း ခေါ်လိုက်သည်။
ကျင်းဝူပြန်း ကြောင်အသွား၏။ ‘အသက် ၄၀ ကျော် သူတောင်းစားကြီးက ငါ့ကို အစ်ကိုကြီး ခေါ်နေတာလား။’
ကျင်းဝူပြန်းက လေးနက်စွာ ပြောလိုက်သည်။ “အောက်ထျန်း.. ငါက အရူး ဆိုပေမဲ့ ငတုံးတော့ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။
ကျင်းဝူပြန်းက ပြောလိုက်၏။ “မင်း ဘယ်သူလဲ ဆိုတာ ငါ ဂရုမစိုက်ဘူး။ နာမည်ရင်းက ဘာလဲ ဆိုတာလည်း ငါ မမေးဘူး။ မင်းက ငါ့ညီအစ်ကိုအရင်း ဖြစ်သွားပြီ။ မင်း လိုချင်တာ မှန်သမျှ ငါ ပေးမယ်။ မင်းကို ဒုက္ခပေးမယ့်သူ ရှိရင် ငါ့အသက်နဲ့ လဲပြီး ကာကွယ်ပေးမယ်။ လေခွင်းမြို့မှာ မင်းကို ငါ အကာအကွယ် ပေးမယ်။
ဒါပေမဲ့ အောက်ထျန်း... မင်း ငါ့ကို အမှန်အတိုင်း ပြောကွာ။ မင်း မြို့စားအိမ်တော်ထဲ ဝင်လာတာ ဘာရည်ရွယ်ချက်နဲ့လဲ။ ချမ်းသာချင်တာ ဆိုရင်တော့ မင်းရဲ့ နတ်ဆေးနဲ့တင် တစ်သက်လုံး စားမကုန်ပါဘူး။ မင်း တကယ် လိုချင်တာ ဘာလဲ။”
ကျင်းဝူပြန်းက ဆက်ပြောသည်။ “ဘယ်လောက်ပဲ ဆိုးရွားတဲ့ ကိစ္စ ဖြစ်ပါစေ။ ငါ့ကို ပြောပြပါ။ ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး။ ငါ ကျိန်ဆိုရဲတယ်။ တကယ်လို့ ငါက တစ်ယောက်ယောက်ကို ပြန်ပြောမိရင် ငါ့ဘိုးဘေးတွေရဲ့ အုတ်ဂူ အတူးခံရပါစေ။ ငါ့အလောင်းကို ခွေးစားပါစေ။”
ယွင်ကျုံးဟဲ့ လန့်သွား၏။ “အစ်ကိုကြီးရဲ့ ကျိန်စာကလည်း ပြင်းလှချည်လား။ ကိုယ့်ဘိုးဘေးတွေရော ကိုယ့်ကိုယ်ကိုယ်ရော ကျိန်ဆဲနေတာ ကျုပ် ဒီတစ်ခါပဲ ကြုံဖူးသေးတယ်။”
ကျင်းဝူပြန်းက ပြောလိုက်သည်။ “အောက်ထျန်း... မင်းက ငါ့ညီအစ်ကိုပဲ။ မင်း ဘာရည်ရွယ်ချက်နဲ့ လာလာ ငါ နားလည်ပေးနိုင်တယ်။ ကူညီနိုင်တာ မှန်သမျှ ကူညီပေးမယ်။”
ယွင်ကျုံးဟဲ့က ခေါင်းကုတ်လိုက်၏။ “တကယ် ပြောရမှာလား။ နည်းနည်းတော့ ပြောရခက်တယ်ဗျ။”
ကျင်းဝူပြန်းက အားပေးလိုက်သည်။ “ဘာခက်စရာ ရှိလဲ။ မင်းလည်း အရူး။ ငါလည်း အရူး။ ငါတို့ကြားမှာ ပြောမထွက်စရာ ဘာရှိလို့လဲ။ ပြောစမ်းပါ။ ငါ့ကို ညီအစ်ကိုလို့ သဘောထားရင် ပြောပြ...”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် ရည်မှန်းချက်က ရိုးရှင်းပါတယ်။ ငွေရယ်၊ အာဏာရယ်၊ မိန်းမရယ်။ ဒါပဲ လိုချင်တာ။ အခု ပိုင်ရှင်မဲ့နယ်မြေက ရှုပ်ထွေးနေတာဆိုတော့ ကျုပ်လို လူတွေအတွက် နေရာရမယ့် အချိန်ပဲလေ။”
ကျင်းဝူပြန်းက ပြောလိုက်သည်။ “မကွေ့မဝိုက်ဘဲ ပြောစမ်းပါကွာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မကွေ့မဝိုက် ပြောရမယ် ဟုတ်လား။ ယောကျ်ားကောင်း ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရကြေးဆိုရင် ကျုပ် ခင်ဗျား အစ်မကို လိုချင်တယ်။ ခင်ဗျားရဲ့ အစ်မအရင်းကို ကြံစည်ဖို့ လာတာဗျ။”
ထိုစဉ် အပြင်ဘက်မှ ပြိုင်ဘက်ကင်း အလှမယ် တစ်ဦး ဝင်ရောက်လာလေတော့သည်။
***