ထိုအခိုက်အတန့်တွင် ကျင်းဝူပြန်းသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတောင်းစားပုံစံနှင့် ယွင်ကျုံးဟဲ့ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ “မင်း... မင်း... မင်း...”
‘အခုခေတ် သူတောင်းစားတွေက ဒီလောက် ရည်မှန်းချက် ကြီးကြတာလား။ မင်းရဲ့ မြက်ခြောက်ပုံလို ဆံပင်တွေ၊ အပေါက်အပြဲတွေနဲ့ သူတောင်းစား ဝတ်ရုံတွေ၊ ညစ်ပတ်နေတဲ့ မျက်နှာတွေကိုလည်း ပြန်ကြည့်ပါအုံး။ လမ်းဘေးက ကြေးစားမလေး တစ်ယောက်လောက်နဲ့ ညားရင်တောင် မင်းအတွက် ကံကောင်းလွန်းနေပြီလေ။ အခု ငါ့အစ်မကိုမှ ကြံစည်ချင်တာလား။ သူ့ကိုမှ စားချင်တာလား။
ငါ့အစ်မ ကျင်းကျုံးယွဲ့ ဆိုတာ ပိုင်ရှင်မဲ့နယ်မြေရဲ့ နံပါတ်တစ် အလှပဂေး၊ တစ်ဦးတည်းသော အမျိုးသမီး မြို့စားမင်းကွ။ ပိုင်ရှင်မဲ့နယ်မြေက မြို့စားသားတွေ အကုန်လုံး ငါ့အစ်မကို လက်ထပ်ချင်လို့ တန်းစီနေကြတာ။
အထူးသဖြင့် အခုလို အချိန်မျိုးမှာ လေခွင်းမြို့သာ ဘက်ရွေးလိုက်မယ်ဆိုရင် တောင်ပိုင်းကျိုးအင်ပါယာက မင်းသားတွေရော၊ တာယင်အင်ပါယာက မင်းသားတွေရော လက်ထပ်ဖို့ ကမ်းလှမ်းလာကြမှာ။ သူမကို လက်ထပ်ချင်သူတွေက မင်းညီမင်းသားတွေကနေ မြို့စားတွေအထိ လေခွင်းမြို့ကနေ မိုးကုတ်စက်ဝိုင်းအထိ တန်းစီလို့ ရတယ်။’
ကျင်းဝူပြန်းသည် အရူးတစ်ယောက် ဖြစ်သော်လည်း သူ၏ လောကအမြင်များ ပြောင်းပြန်လှန်ခံလိုက်ရသလို ခံစားနေရသည်။ အချိန်အတော်ကြာမှ သူက အသံတုန်တုန်ဖြင့် မေးလိုက်၏။ “အောက်ထျန်း... မင်းရဲ့ နောက်ခံက ဘာလဲ။ မိဘတွေက ဘာလုပ်တာလဲ။”
“မိဘမဲ့... သူတောင်းစား၊ လူမိုက်...” ယွင်ကျုံးဟဲ့က ဖြေသည်။
ကျင်းဝူပြန်းက မေးလိုက်၏။ “ပညာအရည်အချင်းကရော။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပြောပြီးပြီလေ။ မူကြိုကျောင်း တစ်နှစ်တက်ပြီး ထွက်လာတာ။”
ကျင်းဝူပြန်းက ထပ်မေးလိုက်၏။ “ဒါဆို မင်းမှာ ဘာအရည်အချင်း ရှိလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “လူလိမ်တာ၊ ငွေလိမ်တာ၊ မိန်းမပွေတာ။”
ကျင်းဝူပြန်းက အံ့အားသင့်သွား၏။ “ဒီလောက် အရည်အချင်းနဲ့ ငါ့အစ်မ ကျင်းကျုံးယွဲ့ကို လိုချင်တာလား။”
ယွင်ကျုံးဟဲ့က စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။ “အစ်ကိုကြီး.... ခင်ဗျား အတွေး မှားနေပြီ ကျုပ်မှာ ပိုက်ဆံမရှိပေမဲ့ ခင်ဗျားအစ်မမှာ ပိုက်ဆံရှိတယ်လေ။ တိုင်းပြည်တစ်ပြည်စာလောက် ချမ်းသာတယ်။ ကျုပ်က စာမတတ်ပေမဲ့ ခင်ဗျားအစ်မက ပညာတတ်တယ်။ စာအုပ်ပေါင်းစုံ ဖတ်ဖူးတယ်။
ကျုပ်က ကြက်ကလေးတစ်ကောင်တောင် မသတ်နိုင်ပေမဲ့ ခင်ဗျားအစ်မက သိုင်းပညာ မြင့်မားတယ်လေ။ ကျုပ်တို့နှစ်ယောက်သာ ပေါင်းဖက်လိုက်ရင် ဘာလိုသေးလဲ။ လိုတာတွေ အကုန် ပြည့်စုံသွားပြီပေါ့။ နတ်ဖက်တဲ့ စုံတွဲဆိုတာ ဒါမျိုးကို ပြောတာ။”
ကျင်းဝူပြန်းက မေးလိုက်၏။ “အကုန်လုံး ငါ့အစ်မက စိုက်ထုတ်ရမှာဆိုတော့ မင်းဘက်က ဘာစိုက်မှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်လေ။ မလုံလောက်ဘူးလား။”
ကျင်းဝူပြန်း ခဏမျှ စဉ်းစားပြီးနောက် ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်၏။
ယွင်ကျုံးဟဲ့က အလန့်တကြား ဖြစ်သွားပြီး မေးလိုက်သည်။ “ဘာသဘောလဲ။ ကျုပ်ကို သတ်မလို့လား။ ခင်ဗျားပဲ ကျုပ်ကို အတင်းမေးတာလေ။ ညီအစ်ကိုတွေမို့လို့ ရင်ထဲရှိတာ အကုန် ဖွင့်ပြောပြလိုက်တာကို...”
“မဟုတ်ဘူး။” ကျင်းဝူပြန်းက ဓားမြှောင်ကို ကမ်းပေးလိုက်၏။ “မင်း ငါ့ကို သတ်လိုက်တော့။ ငါတို့က ညီအစ်ကိုတွေ ဆိုပေမဲ့၊ မင်း ငါ့ကို ကယ်ခဲ့တယ် ဆိုပေမဲ့၊ ငါက အစ်မနဲ့ မတည့်ဘူး ဆိုပေမဲ့၊ မင်းလိုကောင်နဲ့ ငါ့အစ်မကို ပေးစားဖို့ ကူညီတာကတော့ ရွှေဟင်္သာကို မစင်တွင်းထဲ ပစ်ချသလို ဖြစ်နေလိမ့်မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျင်းဝူပြန်း... ခင်ဗျား လွန်လွန်းနေပြီနော်။ ဟုတ်တယ်။ ကျုပ်က ဖားပြုတ်ပဲ။ ဒါပေမဲ့ ဖားပြုတ်က ဟင်္သာသား မစားရဘူးလို့ ဘယ်သူ ဥပဒေ ထုတ်ထားလို့လဲ။ ကျုပ်က ဟင်္သာသား စားချင်တာလေ။ ကျုပ်ရဲ့ ရည်မှန်းချက်က မှားနေလို့လား။ ပြောစမ်း။ မှားလို့လား။
စိတ်ချ... တစ်နေ့ကျရင် ခင်ဗျားအစ်မ မျက်စိကန်းပြီး ကျုပ်ကို ယူလိုက်ရင်တောင် ကျုပ်တို့က သီးသန့်ပဲ ခေါ်ကြမယ်။ ခင်ဗျားက ကျုပ်ကို ယောက်ဖ ခေါ်... ကျုပ်က ခင်ဗျားကို အစ်ကိုကြီးလို့ ခေါ်မယ်။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အစ်ကိုကြီးရာ စဉ်းစားကြည့်... ခင်ဗျားအစ်မက ပိုင်ရှင်မဲ့ နယ်မြေရဲ့ နံပါတ်တစ် နတ်မိမယ်ဗျ။ အသားတုံးကြီး တစ်တုံးလိုပဲ။ တစ်လောကလုံးက ယင်ကောင်တွေ ဝိုင်းအုံနေကြတာ။ သူများကို ပေးစားမယ့်အစား ကျုပ်ကို ပေးစားလိုက်တာက ပိုမကောင်းဘူးလား။ ကျုပ်တို့က ညီအစ်ကိုတွေပဲလေ။ ကိုယ့်ယာထဲက သီးနှံ ကိုယ်ပဲ ရိတ်သိမ်းသင့်တယ် မဟုတ်လား။
ကျုပ် ယွင်အောက်ထျန်းက ရိုးသားတယ်။ ဟန်ဆောင်တာ မကြိုက်ဘူး။ ခင်ဗျားအစ်မနဲ့ အိပ်ချင်တယ် ဆိုရင် အိပ်ချင်တာပဲ။ လိမ်ချင်တယ် ဆိုရင် လိမ်ချင်တာပဲ။ သူတောင်းစား ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူတောင်းစားက နတ်သမီးကို မယူရဘူးလို့ ဘယ်သူ ပြောလဲ။ ကျုပ်ရဲ့ ဆရာသခင် သူတောင်းစားကြီးဆိုရင် မိဖုရားကြီး တစ်ပါးကိုတောင် သိမ်းပိုက်နိုင်ခဲ့သေးတာပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့ လေသံလျှော့ကာ ပြောလိုက်၏။ “ဒါပေမဲ့လေ.. ကျုပ်ရဲ့ ဒီရည်မှန်းချက်ကို ခင်ဗျားတစ်ယောက်ပဲ သိပါစေ။ ခင်ဗျားအမေ သိသွားရင်ပဲ ဖြစ်ဖြစ်၊ လန်ပိ သိသွားရင်ပဲ ဖြစ်ဖြစ် ကျုပ် သေမှာ။ တကယ်လို့များ ခင်ဗျားအစ်မ သိသွားရင်တော့ ကျုပ်ကို အပိုင်းပိုင်း ခုတ်ပြီး ခွေးကျွေးလိမ့်မယ်။”
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ကျောဘက်မှ စိမ့်ခနဲ ခံစားလိုက်ရသည်။ ကျင်းဝူပြန်း၏ မျက်နှာသည်လည်း ထူးဆန်းစွာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ် တုန်ယင်လာကာ အသက်ရှူပင် မဝတော့ပေ။
ယွင်ကျုံးဟဲ့က တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ကျင်းဝူပြန်း... ဟန်မဆောင်နဲ့နော်။ ကျုပ်နောက်မှာ ဘယ်သူမှ မရှိတာ ကျုပ်သိတယ်။ မခြောက်နဲ့။”
သို့သော်ငြား မည်သို့ ဖြစ်သည်မသိ၊ ယွင်ကျုံးဟဲ့၏ ကျောပြင်တစ်ခုလုံး ကြက်သီးမွေးညှင်းများ ထလာပြီး ရက်အတော်ကြာ မလျှော်ရသေးသော ဆံပင်များပင် ထောင်မတ်လာသလို ခံစားလိုက်ရသည်။ သေးထွက်ကျချင်သလိုပင် ဖြစ်လာသည်။
ခဏကြာမှ ကျင်းဝူပြန်းက ပြောလိုက်၏။ “အောက်ထျန်း... နောက်ကို တစ်ချက်လောက် လှည့်ကြည့် လိုက်ပါလား။”
ယွင်ကျုံးဟဲ့၏ လည်ပင်းသည် သံချေးတက်နေသော စက်ရုပ်ကဲ့သို့ တကျွီကျွီ မြည်ကာ ခက်ခဲစွာ လှည့်ကြည့်လိုက်သည်။
ထို့နောက် အလွန် လှပသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ နှလုံးသားကို ထွင်းဖောက်မြင်နိုင ်လောက်အောင် လှပသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ လူသတ်ရာတွင် မျက်တောင်မခတ်သော မိန်းမလှ ဓားပြခေါင်းဆောင်၊ စတုရန်းမိုင် သောင်းချီသော နယ်မြေကို အုပ်ချုပ်နေသော ဘုရင်မ ကျင်းကျုံးယွဲ့။ ယွင်ကျုံးဟဲ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားသော ကျင်းကျုံးယွဲ့ပင်။
ယွင်ကျုံးဟဲ့ အသက်ရှူ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ခေါင်းကို ခက်ခဲစွာ ပြန်လှည့်ပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။ “ကျုပ်... ကျုပ် အခု ဒူးထောက်လိုက်ရင် မီသေးလား။”
ကျင်းဝူပြန်း ခေါင်းခါလိုက်သည်။
ယွင်ကျုံးဟဲ့က လေသံတိုးတိုးဖြင့် မေးလိုက်၏။ “အရှင်ကျင်းကျုံးယွဲ့ ဘယ်လောက်လောက် ကြားသွားမယ် ထင်လဲ။”
ကျင်းဝူပြန်းက ဖြေလိုက်သည်။ “အကုန်လုံး ကြားသွားတယ် ထင်တာပဲ။”
ယွင်ကျုံးဟဲ့က ထိတ်လန့်သွား၏။ “ကျုပ် သေရတော့မလား။”
ကျင်းဝူပြန်းက ခေါင်းညိတ်လိုက်သည်။ “သေမယ် ထင်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ကျုပ် ဘာလုပ်သင့်လဲ။”
ကျင်းဝူပြန်းက အကြံပေးလိုက်သည်။ “သတ်သေလိုက်တာ ကောင်းမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျား ကျုပ်ကို မကယ်ဘူးလား။”
ကျင်းဝူပြန်းက ပြောလိုက်သည်။ “မင်းအတွက် စက္ကူပန်းကုံး လာချပေးပါ့မယ်။”
‘သောက်ကျိုးနည်း... ရက်စက်လိုက်တာ။’
အချိန်မည်မျှ ကြာသွားသည် မသိချေ။ ယွင်ကျုံးဟဲ့ နောက်ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ ကျင်းကျုံးယွဲ့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဝမ်းနည်းပါတယ်ကွာ။”
‘ဟေ့လူ... လူမသေသေးဘူးလေ။’
ထို့နောက် ကျင်းဝူပြန်း ထွက်ခွာသွား၏။
ယွင်ကျုံးဟဲ့ တစ်ယောက်တည်း အနံ့ဆိုးထွက်နေသော ခြံဝင်းထဲတွင် ကျန်ရစ်ခဲ့သည်။ လေတိုက်တိုင်း မြက်ခြောက်ကဲ့သို့သော ဆံပင်များ တလူလူ လွင့်နေလေသည်။
................
နာရီဝက်ခန့် ကြာချိန်မှာတော့ စစ်သည်တော် အချို့ တံခါးကို ကန်ဖွင့်ပြီး ဝင်ရောက်လာကြသည်။ စကားတစ်ခွန်းမှ မပြောဘဲ ယွင်ကျုံးဟဲ့ကို သံခြေချင်း ခတ်လိုက်ကြ၏။
စစ်သည်တစ်ဦးက ပြောလိုက်သည်။ “ယွင်အောက်ထျန်း... လိုက်ခဲ့...”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်ကိုလဲ။”
ထိုစစ်သည်က ပြောလိုက်သည်။ “သွားသင့်တဲ့ နေရာ။”
စစ်သည်များသည် ယွင်ကျုံးဟဲ့ကို ဆွဲခေါ်သွားကြ၏။
လမ်းခုလတ်တွင် နတ်ဆရာလန်နှင့် တပည့် လန်ယွီတို့က ထိုမြင်ကွင်းကို မြင်တွေ့သွားကြသည်။
‘ဒါ... ဒါ ဘာဖြစ်တာလဲ။ ယွင်ကျုံးဟဲ့က အခုလေးတင် ကောင်းကျိုးကြီး လုပ်ထားတာလေ။ သခင်လေး အသက်ကို ကယ်ပြီး နတ်ဆေးပါ ဆက်သထားတာလေ။ အခုဆို ဂုဏ်ကျက်သရေ မြင့်တက်နေရမယ့် အချိန် မဟုတ်ဘူးလား။’
နတ်ဆရာလန်သည် ယွင်ကျုံးဟဲ့ကို သတ်ရန် နည်းလမ်းပေါင်းစုံ ကြံစည်နေခဲ့သည်။ သို့သော်ငြား သူ၏ အကြံအစည်များကို အကောင်အထည် မဖော်ရသေးခင်မှာပဲ ယွင်ကျုံးဟဲ့ ကျဆုံးသွားခဲ့ပြီဖြစ်၏။
‘မင်း... မင်းက တကယ့်ကို သေလမ်းရှာတဲ့ကောင်ပဲ။ ငါ မြားနဲ့ ပစ်ဖို့ ရွယ်တုန်း ရှိသေးတယ်၊ မင်းက ကိုယ့်ဘာသာ အရင်သေပြလိုက်တာလား။ ငါ့မြားချက်က ဒီလောက်တောင် တိကျနေသလား။’
“တပ်မှူးလင်... ဒီသူတောင်းစား ဘာအပြစ် လုပ်လို့လဲ။” လန်ယွီက မေးလိုက်သည်။
“တောင်းပန်ပါတယ်။ ကျုပ်လည်း မသိပါဘူး။” တပ်မှူးလင်က ရိုသေစွာ ပြန်ဖြေသည်။ တကယ်လည်း မသိပေ။
လန်ယွီ၏ ချောမေသည့် မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ‘ယွင်အောက်ထျန်း... မင်းက တကယ့်ကို မလုပ်မဖြစ် လုပ်ရမှ ကျေနပ်တဲ့ကောင်ပဲ။ ကိုယ်တိုင် မသတ်လိုက်ရတာ နာတာပဲ။’
………………
နာရီဝက်ခန့် ကြာချိန်မှာတော့ ယွင်ကျုံးဟဲ့ ရောက်ရှိသွားသော နေရာကို သိလိုက်ရသည်။ မြို့စားအိမ်တော် အနီးရှိ မြေအောက် အကျဉ်းထောင် ဖြစ်သည်။ သေဒဏ်ကျ အကျဉ်းသားများကိုသာ ထားရှိသော အကျဉ်းထောင် ဖြစ်နေ၏။
တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့ စစ်ဖြစ်နေသောကြောင့် ပိုင်ရှင်မဲ့ နယ်မြေသည် အလွန် ရှုပ်ထွေးနေသည်။ ထို့ကြောင့် ပြစ်ဒဏ်များကို ပြင်းထန်စွာ ချမှတ်လေ့ရှိသည်။
ယခင် မြို့စားဟောင်း ကျင်းအဲ့ လက်ထက်တည်းက ပြတ်သားခဲ့သော်လည်း ကျင်းကျုံးယွဲ့ လက်ထက်တွင် ပိုမို ရက်စက်လာသည်။ တာယင်အင်ပါယာတွင် အေးချမ်းသော ကာလများ၌ တစ်နှစ်လျှင် သေဒဏ်ကျခံရသူ ၁၀၀၀ မပြည့်တတ်ပေ။
သို့သော်ငြား လေခွင်းမြို့ တစ်မြို့တည်းတွင်ပင် ကျင်းကျုံးယွဲ့ နန်းတက်ပြီး တစ်နှစ်ကျော် ကာလအတွင်း လူပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သုံးလလျှင် တစ်ကြိမ်ခန့် လူသတ်ပွဲ ကျင်းပလေ့ရှိသည်။
ယခု အကျဉ်းထောင်ထဲတွင် လူ ၅၀၀ ခန့် ရှိနေသည်။ ရက်အနည်းငယ် ကြာလျှင် သေဒဏ်စီရင်တော့မည် ဖြစ်သည်။ ထောင်ခန်းများထဲတွင် လူများ ပြည့်ကျပ်နေပြီး လှည့်စရာ နေရာပင် မရှိပေ။
ယွင်ကျုံးဟဲ့သည် အခန်းကျဉ်းလေး တစ်ခုထဲသို့ ပစ်ထည့်ခံလိုက်ရသည်။
ထိုအခန်းထဲတွင် လူ ၂၀ ခန့် ရှိနေပြီး အနံ့အသက်မှာ ဆိုးရွားလွန်းလှသည်။ အချို့က ဖျားနာနေသည်။ အချို့က ဒဏ်ရာရနေသည်။ အချို့က ခြေကျိုးလက်ကျိုး ဖြစ်နေသည်။ အချို့က သွေးများ၊ ပြည်များဖြင့် ပေကျံနေ၏။
ယင်ကောင်များ တဝီဝီ ပျံသန်းနေပြီး အနံ့မှာ အသက်ရှူ၍ပင် မရနိုင်လောက်အောင် ဆိုးရွားလှသည်။ အိပ်ရန်မဆိုထားနှင့် ထိုင်စရာ နေရာပင် မရှိ။ နေရာတိုင်းတွင် မစင်များ၊ အလောင်းများ၊ ပုပ်သိုးနေသော သွေးများဖြင့် ပြည့်နှက်နေ၏။
ငရဲဟူသည် ဤနေရာကို ခေါ်ဆိုခြင်း ဖြစ်နိုင်၏။ ဤမျှ လူများ ရှိနေသော်လည်း ညည်းညူသံ သဲ့သဲ့မှလွဲ၍ ဆူညံသံ မရှိသလို မည်သူကမှ မတရားပါဘူးဟု အော်ဟစ်ခြင်း မရှိချေ။ သေမင်းကို စောင့်ဆိုင်းနေကြသူများ ပီသသည်။
ယွင်ကျုံးဟဲ့၏ ဘေးတွင် သွေးများဖြင့် ပေကျံနေသော လူသန်ကြီး တစ်ယောက် ရှိသည်။ သူ့မျက်နှာပေါ်တွင် “သေချင်တဲ့ကောင်” ဟု ရေးထားသကဲ့သို့ပင်။
“ဘာမှုနဲ့ ကျတာလဲ။” ထိုလူက မေးလိုက်သည်။
“မြို့စားမင်းကို စော်ကားမှု...” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။
အားလုံးက သူ့ကို ဝိုင်းကြည့်ကြပြီး အလိုအလျောက် နောက်သို့ ဆုတ်သွားကြသောကြောင့် နေရာလွတ်တစ်ခု ဖြစ်ပေါ်လာသည်။
‘ဆရာကြီး... ခင်ဗျား တကယ် မိုက်တယ်။ ဒီနေရာ ယူလိုက်ပါ။ ခင်ဗျားလောက် သေလမ်းရှာတဲ့ကောင် မတွေ့ဖူးသေးဘူး။ ကျင်းကျုံးယွဲ့ ဆိုတဲ့ မိန်းမလှ ဓားပြခေါင်းဆောင်ကိုများ သွားစော်ကားရဲတယ်ပေါ့။’
……………
ယွင်ကျုံးဟဲ့သည် သေဒဏ်ကျ အကျဉ်းထောင်ထဲတွင် သုံးရက်နှင့် သုံးညတိတိ နေထိုင်ခဲ့ရသည်။ ရေမှလွဲ၍ မည်သည့် အစားအစာမှ မရရှိပေ။
ထောင်ခန်းထဲတွင် လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသော်လည်း မည်သူမှ လာမကြည့်သလို အလောင်းများကိုပင် လာမသယ်ကြချေ။
သုံးရက်လုံးလုံး မည်သူမှ စကားမပြောကြ။ သေမင်း လာခေါ်မည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
လေးရက်မြောက်နေ့တွင် ထောင်တံခါးများ ပွင့်လာသည်။ စစ်သည်များ ဝင်ရောက်လာပြီး အကျဉ်းသား များကို သံခြေချင်းများဖြင့် တွဲချည်ကာ အပြင်သို့ ခေါ်ထုတ်သွားကြ၏။
ကွင်းပြင်ကျယ်ကြီး တစ်ခုသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် စစ်သည်သစ်များ တန်းစီ စောင့်ဆိုင်းနေကြသည်။
အကျဉ်းသားများအားလုံး ဒူးထောက်လိုက်ကြ၏။
“သတ်...”
အမိန့်ပေးသံနှင့်အတူ စစ်သည်သစ်များသည် ဓားများကို ဝင့်ကာ ခုတ်ပိုင်းလိုက်ကြ၏။ အကျဉ်းသားများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။
ဤစစ်သည်သစ်များသည် ကျွမ်းကျင်သော ကွပ်မျက်သူများ မဟုတ်ကြချေ။ သတ္တိရှိအောင် လေ့ကျင့်ပေးနေခြင်း ဖြစ်၏။
ထို့ကြောင့် အချို့မှာ တစ်ချက်တည်းနှင့် မသေဘဲ အကြိမ်ကြိမ် ခုတ်ခံရသည်။ အချို့မှာ ဓားက လည်ပင်းတွင် တစ်ဝက်တစ်ပျက် တန်းလန်းကြီး စိုက်ဝင်နေသည်။ မြင်ရသူအဖို့ အလွန် ဆိုးရွားလှသည်။
ယွင်ကျုံးဟဲ့သည် နောက်ဆုံးတွင် ရှိနေသည်။ နာရီဝက်ခန့် ကြာသွား၏။ လူသတ်ပွဲကို နာရီဝက်တိတိ ထိုင်ကြည့်နေရသည်။ သူ့ရှေ့တွင် လူပေါင်း ၂၀၀ ကျော် ခေါင်းဖြတ်ခံလိုက်ရ၏။
သူ့အလှည့် ရောက်ချိန်မှာတော့ မြို့စားအိမ်တော်မှ စစ်သည်ခေါင်းဆောင် ရောက်လာပြီး ဓားဖြင့် ခုတ်လိုက်ရာ သံခြေချင်းများ ပြတ်တောက်သွားသည်။ “ငါ့နောက် လိုက်ခဲ့...”
ယွင်ကျုံးဟဲ့သည် ထိုသူ့နောက်သို့ လိုက်ကာ မြို့စားအိမ်တော်သို့ ပြန်လည် ရောက်ရှိသွားလေ၏။
***