ဤသည်မှာ ယွင်ကျုံးဟဲ့ အနေဖြင့် မြို့စားအိမ်တော်၏ အလယ်ဗဟိုဆောင်သို့ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်၏။
ဤနေရာသည် ကျင်းကျုံးယွဲ့ နေထိုင်ရာ နေရာဖြစ်သည်။ အနောက်ဘက် အဆောင်ကဲ့သို့ ခမ်းနား ထည်ဝါခြင်း မရှိဘဲ အေးစက်တည်ငြိမ်သော အငွေ့အသက်များ လွှမ်းခြုံနေသည်။
အဓိကခန်းမဆောင်၏ အပြင်ဘက်တွင် ကျင်းဝူပြန်း ဒူးထောက်နေသည်ကို တွေ့လိုက်ရ၏။ သူ့တစ်ကိုယ်လုံးကို ကြိုးတုပ်ထားပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား ရှိနေသည်။ ကျင်းကျုံးယွဲ့ကို ဖိအားပေးရန် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ထားခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ ဝင်လာသည်ကို မြင်ချိန်မှာတော့ ကျင်းဝူပြန်းက အော်ပြောလိုက်သည်။ “စိတ်မပူနဲ့ အောက်ထျန်း... ငါ မင်းကို ကာကွယ်ပေးမယ်။ မင်းက ငါ့ညီအစ်ကိုပဲ။ မင်း ဘယ်လောက်ပဲ မိုက်မဲတဲ့အလုပ် လုပ်လုပ် ငါ့အသက်နဲ့ရင်းပြီး ကာကွယ်ပေးမယ်။”
ယွင်ကျုံးဟဲ့ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွား၏။ ‘အစ်ကိုကြီးရာ ခင်ဗျား နာနေမှာပဲ။ တကယ်တော့ မလိုပါဘူး။ ကျုပ်က တမင် လုပ်လိုက်တာပါဗျာ။’
“ဝင်သွား။” စစ်သည်ခေါင်းဆောင်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ အခန်းထဲသို့ ဝင်သွား၏။
ကျင်းကျုံးယွဲ့သည် လှေကားထစ်များအထက်တွင် ကျောက်ရုပ်တုတစ်ခုပမာ ငြိမ်သက်စွာ ရပ်နေသည်။
သူမ၏ ခန္ဓာကိုယ် အချိုးအစားသည် ပြည့်စုံလွန်းလှ၏။ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်နှင့် ပြိုင်ဘက်ကင်း အလှနတ်သမီးတစ်ပါးပင်။
ဤမျှ ငြိမ်သက်အေးဆေးသော အမျိုးသမီးလေး တစ်ဦးက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော မိန်းမလှ ဓားပြခေါင်းဆောင် ဖြစ်သည်ဟု မည်သူ ထင်ပါမည်နည်း။ စောစောကပင် သူမသည် လူ ၂၀၀ ကျော်ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ယွင်အောက်ထျန်း... ရှင်က ကျင်းဝူပြန်းကို ကယ်တင်ခဲ့တယ်။ နတ်ဆေးလည်း ဆက်သခဲ့တယ်။ ကောင်းကျိုးပြုခဲ့တာ များတယ်။ ဘာဆု လိုချင်လဲ။ ကျွန်မ ပြောပြီးသားပဲ။ ကျွန်မရဲ့ ရက်ရောမှုက ရှင် ထင်ထားတာထက် ပိုတယ်လို့...။ ရှင် လိုချင်တဲ့ ဆုကို ပြော။ ဘာမဆို ဖြစ်နိုင်တယ်။”
……………….
‘ဒီမိန်းမက တော်တော်တော့ မလွယ်တဲ့လူစားပဲ။’
ဤစကားမှာ လွန်ခဲ့သည့် လေးရက်အတွင်း ကျင်းကျုံးယွဲ့နှင့် ရင်ဆိုင်ပြီးနောက် ယွင်ကျုံးဟဲ့၏ ရင်ထဲမှ ထွက်ပေါ်လာသော စကားသံပင်။
လွန်ခဲ့သည့် လေးရက်အတွင်း ကျင်းကျုံးယွဲ့သည် သူ့ကို အသေအလဲ နှိပ်စက်ခဲ့သည်။ သေဒဏ်ကျ အကျဉ်းထောင်ထဲ ထည့်ထားပြီး လူသတ်ပွဲကြီးကို ကြည့်ခိုင်းခဲ့ခြင်းမှာ ယွင်ကျုံးဟဲ့ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
‘လျှာမရှည်နဲ့။ လျှာရှည်ရင် လည်ပင်းပြတ်သွားမယ်’ ဟူသော သဘောပင်။
ယခုမူ သူမက ဘာမှ မဖြစ်ခဲ့သလိုပင် ဆုပေးမည်ဟု ပြောနေပြန်၏။ တကယ်ပဲ ဘာမဆို ဖြစ်နိုင်သည်လား။
‘ကျုပ် ဘာတောင်းမယ် ဆိုတာ ခင်ဗျားတို့ သိနေကြတာပဲ။ “ကျုပ် မင်းနဲ့ အိပ်ချင်တယ်” လို့ ပြောမှာကို မျှော်လင့်နေကြတယ် မဟုတ်လား။ စိတ်မကောင်းပါဘူး။ ယွင်ကျုံးဟဲ့က အရူးသာ ဖြစ်ချင်ဖြစ်မယ်၊ ငအတော့ မဟုတ်ဘူး။ ခေါင်းပြတ်သွားရင် ဘာမှ ဆက်လုပ်လို့ မရတော့ဘူးလေ။ ဟုတ်တယ်မလား။’
ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ရှင် ပိုက်ဆံ လိုချင်ရင် ဂဏန်းတစ်ခု ပြောလိုက်။ ရှင် တောင်းသလောက် ပေးမယ်။ မိန်းမလှလေးတွေ လိုချင်ရင် တစ်ခါတည်း ၁၀ ယောက် ပေးမယ်။ အိမ်လိုချင်ရင် ဧက ၅၀ ကျယ်တဲ့ ခြံဝင်းကြီး တစ်ခု ပေးမယ်။ လယ်ယာမြေ လိုချင်ရင် ဧက ၅၀၀ ပေးမယ်။ ဒါမှမဟုတ် အဲဒါတွေ အကုန်လုံး ယူချင်လည်း ရတယ်။”
ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့ မှင်တက်သွား၏။ ‘ဒီမိန်းမက တော်တော် ရက်ရောတာပဲ။ ကျင်းဝူပြန်းလို အသုံးမကျတဲ့ကောင်ကို ကယ်တာတောင် ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပေးတယ်။ ဒါက ပင်နီဆီလင် ဆေးနည်းအတွက် ပေးတဲ့ဆု ဖြစ်ဖို့ များတယ်။ ဒီပစ္စည်းတွေ အကုန် ယူလိုက်ရင် တစ်ခါတည်း သူဌေးကြီး ဖြစ်သွားမှာပဲ။’
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ယွင်ကျုံးဟဲ့က ထိုအရာများ အကုန်ယူပြီး တစ်သက်လုံး ထိုင်စားချင်ခြင်းပင်။ သို့သော်ငြား ယွင်ကျုံးဟဲ့မှာ ဆောင်ပုဒ်တစ်ခု ရှိ၏။ “ကျုပ်က ပိုက်ဆံ စိတ်မဝင်စားဘူး။” ဆိုသည်ပင်။
ကမ္ဘာမြေမှာ နေတုန်းကလည်း သူက ဝင်ငွေကောင်းသလောက် ငွေသုံးကြမ်းတဲ့လူဖြစ်၏။ ပိုက်ဆံပြတ်ပြီ ဆိုလျှင် ရည်းစားဟောင်း တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး “ဒီရက်ပိုင်း နည်းနည်း ကျပ်နေတယ်။” ဟု ညည်းလိုက်ရုံသာ။
မကြာခင်မှာပဲ ဂဏန်း ၅ လုံးပါသည့် ငွေလွှဲ ဝင်လာတတ်သည်။ ထိုရည်းစားဟောင်းက လွန်ခဲ့သည့် ရက်ပိုင်းလေးကတင် သူ့ကို လူမိုက်နှင့် လိုက်သတ်ခိုင်းထားသော်လည်း ပိုက်ဆံတောင်းလျှင် ပေးတုန်းပင်။
သို့သော်ငြား ပိုက်ဆံရပြီးသည်နှင့် ယွင်ကျုံးဟဲ့က Block လိုက်သည်ကိုတော့ သူတို့ မခံစားနိုင်ကြချေ။ “လူလိမ်လူကောက်ကြီး... ပိုက်ဆံလည်း ယူသေးတယ်၊ လူကိုလည်း Block သေးတယ်ပေါ့’ ဟု ငိုကြွေး တက်ကြလေ၏။
ထိုအရာများက အတိတ်က အကြောင်းအရာများပင်။ ယခု ယွင်ကျုံးဟဲ့ ဘာဆု တောင်းမည်နည်း။
“ကျုပ် အရာရှိ လုပ်ချင်တယ်။ ရာထူးက တပ်မှူး လီထန်ထက် မနိမ့်စေရဘူး။” ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောလိုက်သည်။
ထို့ကြောင့် စောစောက သူ “ကျင်းကျုံးယွဲ့နဲ့ အိပ်ချင်တယ်” ဟု ပြောခဲ့ခြင်းပင်။
ကျင်းကျုံးယွဲ့က ဤမျှ ရက်ရက်ရောရော ပေးနေသည်ကိုတောင် မယူဘဲ အရာရှိ လုပ်ချင်သည် ဆိုခြင်းမှာ သာမန်လူ မဟုတ် ဆိုသည်မှာ သိသာနေပြီ ဖြစ်၏။ ရည်မှန်းချက်ကြီးမားသည့် သူလျှိုတစ်ယောက် ဖြစ်နေမှာ သေချာသလောက်ပင်။ သို့သော်ငြား ယခုတော့ အကြောင်းပြချက် ခိုင်လုံသွားပြီဖြစ်သည်။
‘ကျုပ် ယွင်အောက်ထျန်းက ရာထူးယူတာ တခြားကြောင့် မဟုတ်ဘူး။ မင်းအနားကို ရောက်ချင်လို့၊ မင်းကို ပိုင်ဆိုင်ချင်လို့၊ မင်းရဲ့ ယောကျ်ား ဖြစ်ချင်လို့ပဲ။’
ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး လာပိုးပန်းသည့် ဖားပြုတ်လိုလူ အများကြီး ရှိခဲ့ဖူးပေမည်။ သို့သော်ငြား ယွင်ကျုံးဟဲ့က ထိုဖားပြုတ်များထဲမှ မျက်နှာအပြောင်ဆုံး တစ်ကောင် ဖြစ်သွားခြင်းပင်။
‘ငါ ရာထူးယူပြီး တစ်ဆင့်ချင်း တက်မယ်။ ငါ့ရဲ့ အရည်အချင်းတွေကို ပြမယ်။ ငါ ဘယ်လောက် တော်ကြောင်း သက်သေပြမယ်။ ဒါမှ မင်း ငါ့ကို ပြန်ကြည့်မှာလေ။ ကျင်းကျုံးယွဲ့ကို အထင်ကြီးအောင် လုပ်ဖို့က ပထမအဆင့်ပဲ ရှိသေးတယ်။ ဒီမိန်းမက မာနကြီးလွန်းတယ်၊ ရက်စက်လွန်းတယ်။ အရည်အချင်း ပြရုံလောက်နဲ့ မရဘူး။
ဒုတိယအဆင့် အနေနဲ့ သူမကို နာကျင်အောင် လုပ်ရမယ်။ အရိုးထဲထိ စွဲသွားအောင် နာကျင်စေရမယ်။ တတိယအဆင့် အနေနဲ့ကျမှ ကယ်တင်ရှင်ကြီး အနေနဲ့ ဝင်ပါပြီး သူမရဲ့ ကံကြမ္မာကို ကယ်တင်ပေးရမယ်။’
“ကျုပ် အရာရှိ လုပ်ချင်တယ်။ လီထန်ထက် ရာထူး မနိမ့်စေရဘူး။” ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်သည်။
ကျင်းကျုံးယွဲ့က သတိပေးလိုက်၏။ “ကျွန်မ ရှင့်ကို ကြိုပြောထားမယ်။ ရှင်သာ ငွေတွေ၊ အိမ်တွေ ယူမယ်ဆိုရင် မြို့စားအိမ်တော်ရဲ့ မိတ်ဆွေ အနေနဲ့ ဆက်ရှိနေမယ်။ ရံဖန်ရံခါ ပြဿနာရှာရင်တောင် ကျွန်မ ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ အရာရှိ လုပ်မယ်ဆိုရင်တော့ စည်းမျဉ်းတွေက မတူတော့ဘူး။ အမှားလုပ်ရင် အရိုက်ခံရမယ်။ ရာထူးချခံရမယ်။ ထောင်ကျမယ်။ သေဒဏ်ပေးခံရမယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် သိပါတယ်။ အရာရှိ လုပ်ရင် အရာရှိ စည်းကမ်း လိုက်နာရမယ် ဆိုတာ။”
ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်၏။ “ရှင်က ကျင်းဝူပြန်းနဲ့ ညီအစ်ကို ဖွဲ့ထားတယ်။ ရှင်သာ သာမန်အရပ်သား ဆိုရင် သူက ရှင့်ကို ကာကွယ်ပေးနိုင်တယ်။ ရှင် လေခွင်းမြို့ထဲမှာ ကြိုက်သလို ကန့်လန့် လမ်းလျှောက်လို့ ရတယ်။ ဒါပေမဲ့ ရှင် အရာရှိ လုပ်လိုက်တာနဲ့ သူက ရှင့်ရဲ့ အကာအကွယ် မဟုတ်တော့ဘူး။ ရှင့်ရဲ့ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်။”
ထိုအရာကိုလည်း ယွင်ကျုံးဟဲ့ ကောင်းကောင်း သိသည်။
ကျင်းဝူပြန်း ဆိုသည်မှာ လေခွင်းမြို့၏ ကင်ဆာကောင်ပင်။ လူတိုင်းက ဝိုင်းရိုက်ချင်နေကြသူလည်း ဖြစ်သည်။ သူက ကျင်းကျုံးယွဲ့ကို ဖြုတ်ချပြီး မြို့စားပြန်လုပ်မယ်လို့ ကြွေးကြော်နေတဲ့လူဖြစ်သောကြောင့် မည်သည့်အရာရှိက သူ့အနား ကပ်ရဲမည်နည်း။
ယွင်ကျုံးဟဲ့က ကျင်းဝူပြန်းနှင့်ပတ်သက်ထားပြီးမှ အရာရှိ လုပ်မယ်ဆိုလျှင် မည်သူမှ ပေါင်းသင်းဆက်ဆံမှာ မဟုတ်ချေ။
“ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ် အရာရှိ လုပ်ကို လုပ်ရမယ်။” ယွင်ကျုံးဟဲ့က ခိုင်မာစွာ ပြောလိုက်၏။ “ကျုပ် ယွင်အောက်ထျန်း ဘယ်လောက် တော်တယ်၊ ဘယ်လောက် ထူးချွန်တယ်၊ ဘယ်လောက် ဆွဲဆောင်မှု ရှိတယ် ဆိုတာကို လူတချို့ သိအောင် သက်သေပြရမယ်။”
ကျင်းကျုံးယွဲ့ မျက်လုံးများ မှေးကျဉ်းသွားသည်။ သူမသည် ပြောသည့်အတိုင်း လုပ်တတ်သော ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ဆုပေးမည်ဟု ပြောပြီးမှတော့ တောင်းသမျှ ပေးရပေမည်။
သို့သော်ငြား ယွင်ကျုံးဟဲ့က ဘာကောင်နည်း။ သူတောင်းစား၊ လူမိုက်၊ အရူး၊ အလေအလွင့်ဖြစ်သည်။ စာပေဘက်မှာ ကြည့်မလား။ မူကြိုကျောင်းက ထွက်လာသည့်လူ။ သိုင်းပညာဘက်မှာ ကြည့်မလား။ ၁၀ နှစ်သား ကလေးတောင် သူ့ကို နိုင်အောင် ထိုးနိုင်၏။ ဤကဲ့သို့သောလူမျိုးက လေခွင်းမြို့၏ အရာရှိ လုပ်မယ်တဲ့လား။
လေခွင်းမြို့သည် ပိုင်ရှင်မဲ့နယ်မြေတွင် ရှိသော်လည်း နှစ်ပေါင်းရာချီ တည်တံ့ခဲ့သော မြို့ကြီး ဖြစ်သည်။ အုပ်ချုပ်ရေး စနစ်သည် စနစ်ကျပြီး တည်ငြိမ်သည်။
အရာရှိ အများစုသည် ပညာတတ်များ၊ အထက်တန်းလွှာများ ဖြစ်ကြသည်။ တိုင်းပြည်ကြီးများမှ ဘွဲ့ရလာသူများ၊ စစ်မှုထမ်းဟောင်းများ ဖြစ်ကြ၏။
ယွင်ကျုံးဟဲ့ကဲ့သို့ လူတန်းစား တစ်ယောက်က အရာရှိကြီး ဖြစ်လာလျှင် ရယ်စရာကြီး ဖြစ်မနေပေဘူးလား။ လီထန် ဆိုလျှင် အရည်အချင်း သိပ်မရှိသော်လည်း ထျန်းတောင်း စစ်ရေးလေ့ကျင့်ရေးကျောင်းမှ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဘာရှိသနည်း။ သို့သော်ငြား သူသည် ကောင်းကျိုးကြီး လုပ်ခဲ့သည် မဟုတ်ပါလား။ နတ်ဆေး ဆက်သခဲ့သည် မဟုတ်ပါလား။
ဘုရင်မ ကျင်းကျုံးယွဲ့သည် ကတိတည်သောသူ ဖြစ်သည်။ “ကောင်းပြီ။ ကျွန်မ သဘောတူတယ်။”
ကျင်းကျုံးယွဲ့က ဆုံးဖြတ်လိုက်၏။ “လီထန်ထက် မနိမ့်တဲ့ ရာထူးတစ်ခု ကျွန်မ ပေးမယ်။”
ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်သည်။ “ဂျောင်ကပ်နေတဲ့ နေရာမျိုး မလိုချင်ဘူးနော်။ အာဏာရှိတဲ့ နေရာမျိုး၊ လူရာဝင်တဲ့ နေရာမျိုး လိုချင်တာ။”
ကျင်းကျုံးယွဲ့က သတိပေးလိုက်၏။ “အာဏာရှိတဲ့ နေရာ၊ အချက်အခြာကျတဲ့ နေရာဆိုရင် တာဝန် ပိုကြီးတယ်။ အမှားလုပ်မိရင် ခေါင်းပြတ်ဖို့ ပိုလွယ်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်က ခေါင်းပြတ်မှာ မကြောက်ဆုံး လူပဲ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင် အရင်က အရာရှိ လုပ်ဖူးလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “လုပ်ဖူးတာပေါ့။”
ကျင်းကျုံးယွဲ့က စိတ်ဝင်စားသွား၏။ “ဘာရာထူးလဲ။”
ယွင်ကျုံးဟဲ့က ကြွားဝါသည့်အသံဖြင့် ပြောလိုက်သည်။ “သူတောင်းစား အစည်းအရုံး ဥက္ကဋ္ဌ၊ လက်အောက်မှာ ကလေးသူတောင်းစား သုံးယောက် ရှိတယ်။ အသက် ၃ နှစ်ကနေ ၈ နှစ် အရွယ်တွေ...”
‘ဟမ်..ဒီလို ရာထူးကိုများ ဂုဏ်ယူဝင့်ကြွားစွာ ပြောထွက်ရဲသေးတယ်။ သူတောင်းစား သုံးယောက်လောက် အုပ်ချုပ်ဖူးတာနဲ့ အရာရှိကြီး လုပ်ချင်နေတာလား။ ဘယ်သူက မြှောက်ပေးလိုက်တာလဲ။’
ကျင်းကျုံးယွဲ့က သဘောတူလိုက်၏။ “ကောင်းပြီ။ အာဏာရှိတဲ့ နေရာ ပေးမယ်။ အာဏာလည်း မသေးတဲ့ နေရာမျိုး ပေးမယ်။”
ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်သည်။ “နေအုံး။ လေခွင်းမြို့ထဲမှာပဲ ဖြစ်ရမယ်နော်။ ပြီးတော့ မြို့စားအိမ်တော်နဲ့ နီးရမယ်။ ဘာလို့လဲဆိုတော့ ကျုပ်က မြို့စားအိမ်တော်ထဲမှာပဲ ဆက်နေချင်သေးတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အပြင်ထွက်နေရင် အသတ်ခံရမှာ ကြောက်လို့လေ။”
‘ရှင့်ကိုယ်ရှင်တော့ ကောင်းကောင်း သိသားပဲ။’
“ရတယ်။” ကျင်းကျုံးယွဲ့က သဘောတူလိုက်၏။ “ဒါပေမဲ့ ကျွန်မ ကြိုပြောထားမယ်။ ကျွန်မက လက်အောက ်ငယ်သားတွေအပေါ် အရမ်း စည်းကမ်းကြီးတယ်။ ရှင် တာဝန်မကျေရင် သုံးရက်အတွင်း ရာထူးဖြုတ်ပစ်မယ်။ ပြီးရင် လေခွင်းမြို့အပြင်ဘက်ကို ကန်ထုတ်ပစ်မယ်။ အရင်က ကတိပေးထားတဲ့ ရွှေငွေရတနာတွေ၊ အိမ်တွေ ခြံတွေ အကုန်လုံးလည်း ပေးမှာ မဟုတ်တော့ဘူး။ ရှင့်ရဲ့ ကောင်းကျိုးတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။”
“ကတိတည်ကြေးနော်။” ယွင်ကျုံးဟဲ့က ပြောသည်။ “ဒီရာထူးမှာ ကျုပ် ဘယ်လောက် တော်တယ် ဆိုတာ သက်သေပြမယ်။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားစေရမယ်။ ကျုပ်က ကြယ်တံခွန် မဟုတ်ဘူး။ ကြယ်တာရာကြီး ဖြစ်လာမယ့်လူဆိုတာ သိစေရမယ်။”
ကျင်းကျုံးယွဲ့သည် ဤအရူးနှင့် စကားဆက်မပြောချင်တော့ပေ။
လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။ “ထွက်သွားတော့။ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထား။ မနက်ဖြန်ကျရင် ရှင့်ကို လာခေါ်ပြီး ရာထူးခန့်အပ်ပေးလိမ့်မယ်။”
ယွင်ကျုံးဟဲ့က သတိပေးလိုက်သည်။ “မမေ့နဲ့နော်။ အာဏာရှိရမယ်။ ရာထူးကြီးရမယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “စိတ်ချ... ရှင် စိတ်ပျက်စေရမယ့် ရာထူးမျိုး မဟုတ်စေရဘူး။”
ယွင်ကျုံးဟဲ့က ဝမ်းသာအားရာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မြို့စားမင်း...”
ကျင်းကျုံးယွဲ့က မျက်ရိပ်ပြလိုက်ရာ စစ်သည်နှစ်ဦး ဝင်လာပြီး ယွင်ကျုံးဟဲ့ကို ဆွဲမကာ အပြင်သို့ ပစ်ထုတ်လိုက်ကြ၏။
“ဘုတ်...” ယွင်ကျုံးဟဲ့ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ သူသည် မထဘဲ မြေကြီးပေါ်တွင် လှဲလျောင်းရင်း စိတ်ကူးယဉ်နေလိုက်သည်။
‘ဖုန်းရှင်းမြဲ့၊ ဆိုင်ရှင်ရွှီ... ကျုပ် ရန်သူ့အတွင်းစည်းထဲ ရောက်သွားပြီဗျို့။ လေခွင်းမြို့ရဲ့ အရာရှိကြီး ဖြစ်လာတော့မယ်။ ဒါပေမဲ့ ကျင်းကျုံးယွဲ့က ငါ့ကို ဘာရာထူး ပေးမှာပါလိမ့်။ ရာထူးကြီးတယ်၊ အာဏာရှိတယ် ဆိုတော့ ကြားရတာ နားဝင်ပီယံ ရှိလိုက်တာ။ မနက်ဖြန် မြန်မြန် ရောက်ပါစေတော့။ ငါ ယွင်ကျုံးဟဲ့ တစ်ယောက် ဘယ်လို တောက်ပနေမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။’
***