“အောက်ထျန်း... မင်း ဘာမှ မဖြစ်ဘူးနော်။ စိတ်မပူနဲ့။ ငါ မင်းကို ကာကွယ်ပေးမယ်။ ဘယ်သူမှ မင်းကို လက်ဖျားနဲ့ မထိစေရဘူး။ ဘယ်သူကများ မင်းကို သတ်ရဲလဲ။ ငါ့အသက်နဲ့ လဲပြီး ကာကွယ်ပေးမှာ။”
ကျင်းဝူပြန်းသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ မာန်ပါပါ လျှောက်လာသည်။ သူ့တစ်ကိုယ်လုံးတွင် ဓားရာပေါင်းများစွာ ရှိနေပြီး နဖူးတွင်လည်း သွေးများ စို့နေလေ၏။
“ကြည့်စမ်း။ ငါ ဘယ်လောက် မိုက်လဲ။ ငါ့ကို ကြည့်ပါအုံး။ ငါ့ကို မြင်တာနဲ့ ကျင်းကျုံးယွဲ့ ကြောက်လန့် သွားတာလေ။ မင်းကို ဘာမှ မလုပ်ရဲတော့ဘူး။ ငါ ဒေါသထွက်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးကွ။”
ယွင်ကျုံးဟဲ့သည် ကျင်းဝူပြန်း၏ ဒဏ်ရာများနှင့် သွေးများကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
သူ မြင်ယောင်ကြည့်နိုင်သည်။ ကျင်းဝူပြန်းသည် ဓားကို ကိုင်ကာ ကျင်းကျုံးယွဲ့ကို ခြိမ်းခြောက်ခဲ့လိမ့်မည်။ ‘ကျုပ်ညီလေး အောက်ထျန်းကို လွှတ်ပေး၊ မလွှတ်ပေးရင် ကျုပ်ဘာသာ လှီးပြမယ်’ ဆိုပြီး လုပ်ခဲ့မှာ သေချာ၏။
ဓားကို အသိမ်းခံလိုက်ရချိန်တွင် နဖူးနှင့် ကြမ်းပြင်ကို ဆောင့်ပြီး ခြိမ်းခြောက်ခဲ့တာလည်း ဖြစ်နိုင်သည်။
‘အစ်ကိုကြီး.... ခင်ဗျား တကယ် မိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာများ သူများခန္ဓာကိုယ်ကြီး ကျနေတာပဲ။’
“အောက်ထျန်း... ငါ့အကြောင်း မင်း သိတယ်မလား။ ငါ ဒေါသထွက်ရင် ငါ့ကိုယ်ငါတောင် ကြောက်တာ။”
“အင်းပါ။ ဟုတ်ပါပြီ။ ခင်ဗျား ကြောက်ရင် ခင်ဗျားအစ်မက ပိုကြောက်တာပေါ့။ သူ့မောင်လေး သေသွားမှာ စိုးလို့လေ။” ယွင်ကျုံးဟဲ့ ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရသည်။ သို့သော်ငြား ပါးစပ်ကမူ မနေနိုင်ဘဲ ပြောလိုက်မိ၏။
ကျင်းဝူပြန်းက မေးလိုက်သည်။ “အောက်ထျန်း... ကျင်းကျုံးယွဲ့က မင်းကို တကယ် ဘာမှ မလုပ်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မလုပ်ပါဘူး။ ခင်ဗျား ရှိနေတာပဲ။ ဘာလုပ်ရဲမှာလဲ။”
ကျင်းဝူပြန်းက စိတ်သက်သာရသွားဟန်ဖြင့် မေးလိုက်သည်။ “ဒါနဲ့ သူ မင်းကို ဆုပေးလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ပေးတာပေါ့။ ငွေတွေ အများကြီးရယ်။ အိမ်အကြီးကြီးရယ်။ မိန်းမလှလေး ၁၀ ယောက်ရယ်။ လယ်ယာမြေ ဧက ၅၀၀ ရယ်။”
ကျင်းဝူပြန်းက အံ့အားသင့်သွားသည်။ “ဟေ.. ဒီလောက် ရက်ရောတာလား။ ငါ့တန်ဖိုးက ဒီလောက်တောင် ကြီးတာလား။”
“ကြီးတာပေါ့။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ အဲဒါတွေ အကုန်လုံး ကျုပ် ငြင်းလိုက်တယ်။”
ကျင်းဝူပြန်းက အော်လိုက်သည်။ “ဘာ... ငြင်းလိုက်တယ် ဟုတ်လား။ မင်း ဦးနှောက် ရေဝင်နေတာလား။ မြို့စားအိမ်တော်ထဲ ဝင်လာတာ စည်းစိမ်ချမ်းသာ လိုချင်လို့ မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်က အရာရှိ ရာထူးတစ်ခု တောင်းလိုက်တယ်။ ရာထူးကြီးကြီး၊ အာဏာရှိရှိ နေရာမျိုး။ မနက်ဖြန် စပြီး အလုပ်ဆင်းရတော့မယ်။”
ကျင်းဝူပြန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ‘မင်း... မင်းက အရာရှိ လုပ်မယ်။ ကျင်းကျုံးယွဲ့ကလည်း လက်ခံတယ်။ ငါ့ဦးနှောက် မကောင်းတာ ထားပါတော့။ ကျင်းကျုံးယွဲ့ကပါ ဦးနှောက် ပျက်သွားပြီလား။ မင်းလို အရူး၊ လူမိုက်၊ သူတောင်းစားက အရာရှိ လုပ်မယ်တဲ့လား။ စာရော ဘယ်နှတန်း အောင်လို့လဲ။ မြားရော ပစ်တတ်လို့လား။’
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “အစ်ကိုကြီး.... ကျုပ် အရာရှိ လုပ်တာ ခင်ဗျားအတွက်ပါ။”
ကျင်းဝူပြန်းက အံ့အားသင့်သွားသည်။ “ငါ့အတွက် ဟုတ်လား။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မှတ်မိသေးလား။ အရင်က ကျုပ် ပြောဖူးတဲ့ စကားကိုလေ။”
ကျင်းဝူပြန်းက မေးလိုက်သည်။ “ကျင်းကျုံးယွဲ့နဲ့ အိပ်ချင်တယ် ဆိုတာလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မဟုတ်ဘူး။ အဲဒီရှေ့က...”
ကျင်းဝူပြန်းက ထပ်ပြောလိုက်သည်။ “ပိုင်ရှင်မဲ့နယ်မြေက ရှုပ်ထွေးနေတယ်။ ရည်မှန်းချက်ကြီးကြီး ထားရမယ် ဆိုတာလား။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ‘ကျင်းဝူပြန်းက မှတ်ဉာဏ် ကောင်းသားပဲ။ ကျုပ်ကိုယ်တိုင်တောင် မေ့နေတာကို သူက မှတ်မိနေတာလား။’
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ အဲဒီရှေ့က... အရင်ဆုံး ပြောခဲ့တဲ့ စကား။”
ကျင်းဝူပြန်းက ပြောလိုက်၏။ “တစ်နှစ်အတွင်း ကျင်းကျုံးယွဲ့ကို ဖြုတ်ချပြီး ငါ့ကို မြို့စားတင်ပေးမယ် ဆိုတာလား။”
“ဟုတ်တယ်။ အဲဒါပဲ။” ယွင်ကျုံးဟဲ့က လက်ခုပ်တီးလိုက်သည်။ “အခု စီမံကိန်း စပြီလေ။ ကျုပ်က အထဲကို ဝင်၊ ရာထူးကြီးကြီးယူ၊ အာဏာတည်ဆောက်၊ ပြီးရင် ကျင်းကျုံးယွဲ့ကို ဖြုတ်ချ၊ ခင်ဗျားကို မြို့စားတင်ပေး။ ဘယ်လိုလဲ။ မိုက်တယ် မဟုတ်လား။”
“ဟမ်…” ကျင်းဝူပြန်း မျက်လုံး ပြူးသွား၏။ ‘ငါက အရူးဆိုပေမဲ့ ဒီလို ပုန်ကန်မယ့် ကိစ္စမျိုးကို လူကွယ်ရာမှာ ပြောရမယ် ဆိုတာတော့ နားလည်ပါတယ်ကွ။ ဒီနေရာက ကျင်းကျုံးယွဲ့ ရှိတဲ့ အလယ်ဗဟိုဆောင်နဲ့ ခြေလှမ်း ၂၀ တောင် မကွာဘူးလေ။ ဒီလောက် လူမြင်ကွင်းကြီးမှာ ပုန်ကန်မယ်၊ ဘာမယ် လာပြောနေတာ သက်သက်မဲ့ သေချင်လို့လား။ နံရံတွေမှာ နား ပါပါတယ် ဆိုမှ... မင်းဟာက နံရံတောင် မရှိဘူး။’
တံခါးစောင့်နေတဲ့ စစ်သည်နှစ်ဦးလည်း ကြောင်သွားကြသည်။ ‘ဒီသူတောင်းစားက ငါတို့ကို မလေးစားတာလား။ ငါတို့ရှေ့မှာတင် မြို့စားမင်းကို ဖြုတ်ချမယ် ပြောနေပါလား။ ငါတို့ သူ့ကို ဖမ်းရမလား၊ မဖမ်းရဘူးလား။’
သို့သော်ငြား သူတို့ မဖမ်းဖြစ်လိုက်ချေ။ အဘယ်ကြောင့်ဆိုသော် အထဲတွင် အမျိုးသမီး တပ်မှူးတစ်ဦးက ကျင်းကျုံးယွဲ့ကို သတင်းပို့နေသောကြောင့် ဖြစ်သည်။ “မြို့စားမင်း... အပြင်မှာ သူတောင်းစား ယွင်အောက်ထျန်းက သခင်လေး ကျင်းဝူပြန်းနဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်နေပါတယ်။ မြို့စားမင်းကို ဖြုတ်ချပြီး သခင်လေးကို တင်မြှောက်မလို့ပါတဲ့။”
ကျင်းကျုံးယွဲ့သည် မိန်းမလှ ဓားပြခေါင်းဆောင် တစ်ဦး ဖြစ်သည့်အားလျော်စွာ အဆန်းတကြယ် ကိစ္စများစွာ ကြုံတွေ့ခဲ့ဖူးသည်။ သို့သော်ငြား ယခုကိစ္စမျိုးကိုတော့ တစ်ခါမှ မကြုံဖူးချေ။
‘လူတစ်ယောက်က ဒီလောက်အထိ ရူးသွပ်နိုင်သလား။ ဒီလောက်အထိ သေလမ်းရှာရဲသလား။ ပုန်ကန်ချင်ရင်တောင် ကိုယ့်ခြံဝင်းထဲ ပြန်ရောက်မှ တိုးတိုးတိတ်တိတ် ပြောကြပါလား။ ငါ့အိမ်ပေါက်ဝမှာ လာပြီး ပုန်ကန်မယ် ပြောနေတာ ငါ့ကို အားနာပါအုံးဟယ်။
ပုန်ကန်တယ် ဆိုတာ ကြီးကျယ်တဲ့ ကိစ္စလေ။ နည်းနည်းလောက်တော့ လေးလေးနက်နက် ရှိကြပါအုံး။ ထားလိုက်ပါတော့လေ။ ဒီလို အရူးမျိုးကို သုံးရက်တောင် စောင့်စရာ မလိုပါဘူး။ တစ်ရက်အတွင်း ရာထူးဖြုတ်ပြီး ကန်ထုတ်လိုက်လို့ ရပါတယ်။ မဟုတ်ရင် ငါ့ရဲ့ အုပ်ချုပ်ရေးယန္တရားကြီးက ဟာသ ဖြစ်ကုန်တော့မယ်။’
“တံခါးပိတ်လိုက်။” ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။ “ယွင်အောက်ထျန်းနဲ့ ကျင်းဝူပြန်းတို့ ပုန်ကန်မယ့် အစီအစဉ်ကို ငါ ဆက်မကြားချင်တော့ဘူး။”
အပြင်ဘက်တွင် ယွင်ကျုံးဟဲ့သည် ကျူးကော့လျန် ပုံဖမ်းကာ မြေကြီးပေါ်တွင် ထိုင်လျက် ပုန်ကန်ရေး စီမံကိန်းကို ရှင်းပြနေလေသည်။
“ဒီပုန်ကန်မှုကြီးကို အဆင့် ၃ ဆင့် ခွဲထားတယ်။ ပထမအဆင့်ကို ‘လေဟုန်စီးပြီး တက်လှမ်းခြင်း’ လို့ ခေါ်တယ်။ ဒုတိယအဆင့်ကို ‘အရှက်မရှိ သစ္စာဖောက်ခြင်း’ လို့ ခေါ်တယ်။ တတိယအဆင့်ကို ‘နတ်သမီးနှင့် မိစ္ဆာကောင်’ လို့ ခေါ်တယ်။”
တံခါးစောင့် စစ်သည်များသည် နားမခံသာတော့သောကြောင့် အဝတ်စဖြင့် နားကို ပိတ်ထားလိုက်ကြ၏။ ‘တကယ့်ကို သည်းမခံနိုင်တော့ဘူး။’
ယွင်ကျုံးဟဲ့က အားရပါးရဖြင့် ဆက်လက် ရှင်းပြနေသည်။ “ပထမအဆင့်က သိပ်အရေးကြီးတယ်။ ကျုပ် ရတဲ့ ရာထူးမှာ သိပ်ကို ထူးချွန်ကြောင်း ပြရမယ်။ အာဏာရအောင် ယူရမယ်။ ပြီးရင် ကျုပ်ရဲ့ ချောမောခန့်ညားတဲ့ ပုံစံကို ကျင်းကျုံးယွဲ့ရဲ့ နှလုံးသားထဲ ရောက်အောင် ထည့်ပေးရမယ်။ ဒါမှ ဒုတိယအဆင့်ကို ဆက်လှမ်းလို့ ရမှာ။”
ကျင်းဝူပြန်းက မေးလိုက်၏။ “ဒုတိယအဆင့် ‘အရှက်မရှိ သစ္စာဖောက်ခြင်း’ ဆိုတာ ဘာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ပထမအဆင့် ပြီးသွားရင် ကျုပ်က နာမည်ကြီးနေပြီ။ ကျင်းကျုံးယွဲ့က ကျုပ်ကို အထင်ကြီးနေပြီ။ ကျုပ်ရဲ့ ဉာဏ်ပညာကို လေးစားနေပြီ။ အဲဒီအချိန်ကျရင် ကျုပ်က သူ့ကို ဖိအားပေးပြီး ခင်ဗျားကို ရာထူးကြီးကြီး ပေးခိုင်းမယ်။ နယ်မြေ၊ ငွေကြေး၊ စစ်တပ် အကုန်ရအောင် ယူမယ်။ ဒါဆိုရင် ကျုပ်တို့ ပုန်ကန်ဖို့ အင်အား ရှိသွားပြီပေါ့။ တတိယအဆင့်ကတော့ လေခွင်းမြို့ကြီး ပျက်စီးမယ့် အန္တရာယ် ကြုံလာတဲ့အခါကျရင် ကျုပ်တို့က ကယ်တင်ရှင်ကြီးတွေ အနေနဲ့ ဝင်လာပြီး မြို့ကို ကယ်တင်လိုက်မယ်။ ဒါဆိုရင် ပြီးပြည့်စုံသွားပြီ။”
ကျင်းဝူပြန်း စဉ်းစားခန်း ဝင်သွား၏။ ‘ဒီကောင် ပြောတာတွေက အတည်ပေါက်ကြီး ပါလား။’
ကျင်းဝူပြန်းက မေးလိုက်သည်။ “နေပါအုံး။ မင်း... မင်း တကယ် လုပ်မလို့လား။”
“ဒါပေါ့။ ပုန်ကန်တယ်ဆိုတာ ကလေးကစားစရာ မှတ်နေလား။ ရယ်စရာ မှတ်နေလား။” ယွင်ကျုံးဟဲ့ ဒေါသတကြီး အော်လိုက်၏။
ကျင်းဝူပြန်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ‘ဒီနေရာမှာ ပြောနေတာကရော ကလေးကစားသလို မဖြစ်နေဘူးလား။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အစ်ကိုကြီး.... ခင်ဗျား တကယ် မပုန်ကန်ချင်ဘူးလား။ ကိုယ့်မြို့ကို ကိုယ်ပြန်မလိုချင်ဘူးလား။”
“လိုချင်တာပေါ့။ နေ့တိုင်း အိပ်မက်မက်နေတာ။”
ကျင်းဝူပြန်းက အသံတိုးတိုးဖြင့် ဆက်ပြောသည်။ “ဒါပေမဲ့ အောက်ထျန်းရာ... အမှန်တိုင်း ပြောရရင် ငါက ဒီအတိုင်း အော်နေတာပါကွာ။ ငါ့ကို လူတွေ သတိထားမိအောင်လို့ပါ။ ငါ့ကို မြို့စားတင်ဖို့ ဆိုတာ ဝက်တစ်ကောင်ကို မြို့စားတင်တာထက် ပိုခက်တယ်ကွ။”
ယွင်ကျုံးဟဲ့က အံ့အားသင့်သွား၏။ ‘သောက်ကျိုးနည်း။ အရူးက ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် သိနေတာလား။’
“ပြီးတော့ အောက်ထျန်း... မင်း မနက်ဖြန် အရာရှိ သွားလုပ်ရင် တစ်ရက်တောင် ခံမှာ မဟုတ်ဘူး။ ကျင်းကျုံးယွဲ့က မင်းကို ချက်ချင်း ဖြုတ်ပြီး မောင်းထုတ်မှာ။”
ကျင်းဝူပြန်းက ဆက်ပြောသည်။ “ငါတို့ လောင်းကြေးထပ်မလား။ မင်း တစ်ရက်အတွင်း အဖြုတ်ခံရမယ် ဆိုတာကို ငါလောင်းမယ်။ ငါနိုင်ရင် မင်း မြို့စားအိမ်တော်ထဲမှာ ဖင်တုံးလုံးနဲ့ ပတ်ပြေးရမယ်။ မင်းနိုင်ရင် ငါ မင်းကို ငွေ ၅၀၀၀ ပေးမယ်။”
ယွင်ကျုံးဟဲ့က စိတ်ညစ်သွား၏။ ‘အစ်ကိုကြီး... နည်းနည်းလောက် လေးနက်ပါအုံးဗျာ။ ကျုပ်က ခင်ဗျားအတွက် ပုန်ကန်ပေးမလို့ပါဆို...’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လောင်းကြေး ပြောင်းရအောင်။ တကယ်လို့ ကျုပ်နိုင်သွားရင်... တစ်ရက်အတွင်း အဖြုတ်မခံရဘဲ တောက်ပြောင်နေမယ် ဆိုရင်... ခင်ဗျား အစ်မလန်ပိကို မေ့ဆေးအုပ်ပြီး ခေါ်လာပေး။ ကျုပ် သူ့ကို နမ်းမယ်။”
ကျင်းဝူပြန်းက အသည်းအသန် ငြင်းလိုက်၏။ “မလုပ်ပါဘူး။ အစ်မလန်ပိက ငါ့ရဲ့ အိပ်မက်ချစ်သူပါဆို... ပြီးတော့ မင်းက ငါ့အစ်မအရင်းကို ကြံစည်နေတာ မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က လူယုတ်မာရယ်နည်းမျိုးဖြင့် ရယ်ကာ ပြောလိုက်သည်။ “ယောက်ျားပဲဗျာ။ အသစ်မြင်ရင် အဟောင်းမေ့တာ သဘာဝပဲလေ။ ဟား... ဟား... ဟား... ဘယ်လိုလဲ။ မလောင်းရဲဘူးလား။”
ကျင်းဝူပြန်းက မခံမရပ်နိုင် ဖြစ်ကာ ပြောလိုက်၏။ “လောင်းမယ်ကွာ။”
ယွင်ကျုံးဟဲ့က လက်ဝါးချင်း ရိုက်လိုက်သည်။ “ကတိနော်။”
အတွင်းထဲမှ ကျင်းကျုံးယွဲ့သည် သည်းမခံနိုင်တော့ပေ။ ဓားကို ဆွဲပြီး ထိုနှစ်ယောက်လုံးကို အပိုင်းပိုင်း ခုတ်ပစ်ချင်နေပြီဖြစ်၏။
သူမက အမိန့်ပေးလိုက်သည်။ “သူတို့ကို ပစ်ထုတ်လိုက်။ ဝေးဝေးကို ပစ်ထုတ်လိုက်။”
စစ်သည်အချို့ ရောက်လာပြီး ယွင်ကျုံးဟဲ့နှင့် ကျင်းဝူပြန်းကို ကြက်ကလေးများကဲ့သို့ ဆွဲမကာ အနောက်ဘက် အဆောင်သို့ ပစ်ထုတ်လိုက်ကြသည်။ ယွင်ကျုံးဟဲ့၏ အနံ့ဆိုးထွက်နေသော ခြံဝင်းထဲသို့ “ဝေဟင်မှာ လေဟုန်စီး ယီးလေးလေး ခိုကာကွယ်” ဆိုသည့် သီချင်းအတိုင်း ရောက်သွားကြလေ၏။
(သီချင်းစာသားအလိုက် လူနှစ်ယောက် ပျံနေပုံကို မြင်ယောင်ကြည့်ကြပါကုန်...)
ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။ “ဟိုဘက်ကို ပြောလိုက်။ မနက်ဖြန်ကျရင် ယွင်အောက်ထျန်းကို ငါ မမြင်ချင်တော့ဘူး။”
“အမိန့်တော်အတိုင်းပါ။” အမျိုးသမီး တပ်မှူးက တုံ့ပြန်လိုက်သည်။
ကျင်းကျုံးဟွဲ့က ထပ်မံကာ အမိန့်ပေးလိုက်၏။ “အခက်ခဲဆုံး ပြဿနာကို ပြင်ဆင်ထားခိုင်းလိုက်။ ယွင်အောက်ထျန်းကို အကြီးအကျယ် မှောက်သွားအောင် လုပ်ခိုင်းလိုက်။ ရာထူးတက်ပြီး နာရီဝက် အတွင်းမှာတင် ပြန်ပြုတ်ကျသွားစေရမယ်။ ရာထူးဖြုတ်၊ ရိုက်နှက်၊ ပြီးရင် လေခွင်းမြို့ထဲက ကန်ထုတ်ပစ်...”
ကျင်းကျုံးယွဲ့သည် တော်ရုံနှင့် စိတ်မလှုပ်ရှားတတ်ချေ။ ယခုမူ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်အထိ ဒေါသထွက်နေရှာသည်။
...............
ယောက်ျားနှင့် မိန်းမ စစ်ပွဲ စတင်ပြီဖြစ်သည်။ မိုးနှင့်မြေကဲ့သို့ ကွာခြားသော စစ်ပွဲဖြစ်၏။ စကားများသော သာလိကာနှင့် အစွမ်းထက်သော ဇာမဏီငှက်တို့၏ တိုက်ပွဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ဇာမဏီငှက်ကို ဒေါသထွက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ မနက်ဖြန် ရာထူးလက်ခံပွဲတွင် ကြီးမားသော အခက်အခဲနှင့် ကြုံတွေ့ရမည်မှာ သေချာသည်။ ထိုအခက်အခဲကြောင့် သူ ရာထူးပြုတ်ပြီး အရိုက်ခံရကာ မြို့မှ အနှင်ထုတ်ခံရပေလိမ့်မည်။
ထိုအခက်အခဲသည် ယွင်ကျုံးဟဲ့၏ စွမ်းဆောင်ရည်ထက် များစွာ ကျော်လွန်နေပေလိမ့်မည်။ မနက်ဖြန်သည် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ ပထမဆုံး တိုက်ပွဲ ဖြစ်သည်။
‘ငါ နိုင်ရမယ်။ ငါ သေချာပေါက် နိုင်ရမယ်။ ငါ့ရဲ့ ရွှေလက်ချောင်းလေးတွေ ဘယ်ရောက်နေလဲ။ ငါ့ရဲ့ ပါရမီရှင် စိတ်ဝေဒနာရှင်လေးတွေ... ပေါ်မလာတာ ရက် ၂၀ ကျော်နေပြီနော်။ ထွက်လာကြတော့လေ။ ရာသီလာတာတောင် ဒီလောက် မကြာဘူး။’
“စိတ်ဝေဒနာရှင် ပူးကပ်စေ။” ယွင်ကျုံးဟဲ့ စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သို့သော်ငြား မည်သူမှ ရောက်မလာချေ။
“နံပါတ် ၉...၊ နံပါတ် ၂၃...၊ နံပါတ် ၁၆...”
မည်သူမှ မလာကြချေ။ ယွင်ကျုံးဟဲ့ စိတ်ပူလာသည်။ စိတ်ဝေဒနာရှင်များ၏ အကူအညီ မပါဘဲ လှပလွန်းပြီး ရက်စက်လွန်းသော ဇာမဏီငှက်ကို သူ ယှဉ်နိုင်ပါ့မည်လား။
သူ၏ဉာဏ်ပညာကို ယုံကြည်သော်လည်း စိတ်ဝေဒနာရှင်များ၏ စွမ်းအားပါမှ ပိုသေချာမည် မဟုတ်ပါလား။ မနက်ဖြန် ပွဲတွင် ကျင်းကျုံးယွဲ့ အံ့အားသင့်သွားအောင် လုပ်ပြရမည်။
မည်မျှပင် ခေါ်သော်လည်း မလာသောကြောင့် ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ပြီး အိပ်လိုက်တော့သည်။
***