အိပ်မက်ထဲတွင် ယွင်ကျုံးဟဲ့သည် X စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်ရောက်သွားသည်။ သူ့ရှေ့တွင် လူနာ ၂၆ ဦး ထိုင်နေကြ၏။ ‘တစ်လနီးပါး ရှိပြီ။ မင်းတို့ကို ငါ လွမ်းလိုက်တာကွာ။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရဲဘော်တို့... ကျုပ်နဲ့ ကျင်းကျုံးယွဲ့ရဲ့ စစ်ပွဲ စတင်တော့မယ်။ မနက်ဖြန် ပထမဆုံး တိုက်ပွဲပဲ။ ကျုပ် နိုင်အောင် ကူညီပေးကြပါအုံး။ သူတို့ကို ဖိနပ်နဲ့ကောက်ပေါက်သလို နိုင်အောင် တိုက်ကြရအောင်...”
………………..
ယွင်ကျုံးဟဲ့သည် စိတ်ဝေဒနာရှင် ၂၆ ဦး စုံညီအစည်းအဝေး ထိုင်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
‘ဘာ... နံပါတ် ၁၊ ၂၊ ၃ ဘယ်ရောက်သွားလဲ ဟုတ်လား။ ကျုပ် ဘယ်သိမလဲ။ ကျုပ်မှ မမြင်ဖူးသေးတာ။’
(ယွင်ကျုံးဟဲ့တင် မကဘူး၊ စာရေးသူ ကိုယ်တိုင်လည်း မမြင်ဖူးသေးဘူး။)
အိပ်မက်ထဲတွင် ယွင်ကျုံးဟဲ့သည် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခပ်တည်တည်ဖြင့် မေးလိုက်၏။ “ဘယ်လို ဖြစ်ကြတာလဲ။ ပျောက်သွားတာ တစ်လနီးပါး ရှိနေပြီ။ အတောင်ပံပေါက်ပြီး ပျံကုန်ကြတာလား။ ကျုပ်လို ဆေးရုံအုပ်ကြီးက ခေါ်တာတောင် မလာကြတော့ဘူးပေါ့။”
“ဆရာကြီး... ကျုပ် ရှင်းပြပါရစေ။ ကျုပ်တို့က အိမ်သာ မဟုတ်ဘူးဗျ။ ခင်ဗျား တက်ချင်တိုင်း တက်လို့ရတဲ့ နေရာ မဟုတ်ဘူး။” စိတ်ဝေဒနာရှင် တစ်ဦးက ပြန်ပြောသည်။
ယွင်ကျုံးဟဲ့က ဒေါသထွက်သွား၏။ “မမှားနဲ့နော်။ ခင်ဗျားတို့က ကျုပ်ကိုယ်ထဲ ဝင်တာ။ ကျုပ်က ခင်ဗျားတို့ကိုယ်ထဲ ဝင်တာ မဟုတ်ဘူး။”
စိတ်ဝေဒနာရှင် တစ်ဦးက ပြောလိုက်သည်။ “ဆရာကြီး... ခင်ဗျား ကျုပ်တို့ကို မလေးစားဘူးလို့ ခံစားရတယ်။ အရင်တုန်းက ဘာမဟုတ်တဲ့ ကိစ္စလေးတွေလောက်နဲ့ ကျုပ်တို့ကို ခေါ်သုံးနေတာ။ ခင်ဗျား မသိတာက ကျုပ်တို့ကို ခေါ်သုံးတိုင်း ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ် ဆိုတာပဲ။”
ယွင်ကျုံးဟဲ့ ကြောင်အသွား၏။ “ဟမ်.. တန်ဖိုး ပေးဆပ်ရတယ် ဟုတ်လား။ ဘာတန်ဖိုးလဲ။”
စိတ်ဝေဒနာရှင်များက ပြန်မဖြေဘဲ ဆက်ပြောသည်။ “ဆရာကြီး... ကျုပ်တို့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။”
ယွင်ကျုံးဟဲ့က အော်လိုက်၏။ “ဘာ... မင်းတို့က ဆုံးဖြတ်တယ် ဟုတ်လား။ ရယ်စရာတွေ မပြောနဲ့။ ကျုပ်က ဆေးရုံအုပ်ကြီးကွ။ ကျုပ်မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ။”
စိတ်ဝေဒနာရှင်များက ဆက်ပြောသည်။ “ဆရာကြီး... အရင်တုန်းက အသက်ရှင်နေတုန်းမို့ ခင်ဗျား အုပ်ချုပ်တာ ခံခဲ့ရတာ ထားပါတော့။ အခု သေပြီးတာတောင် ခင်ဗျား အုပ်ချုပ်တာ ခံရအုံးမှာလား။ တကယ်လို့ ခင်ဗျား ဒီလောက် အာဏာရှင်ဆန်မယ် ဆိုရင်တော့ နောက်နောင် ဘယ်တော့မှ ပေါ်မလာတော့ဘူး။”
ယွင်ကျုံးဟဲ့ ချက်ချင်း လေသံပြောင်းလိုက်၏။ “ဟေ့... ဟေ့... မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ကျုပ်က စတာပါ။ ခင်ဗျားတို့ကို ကျုပ် ဘယ်လိုလုပ် စိတ်ဆင်းရဲအောင် လုပ်ရက်မှာလဲ။”
စိတ်ဝေဒနာရှင်များက ပြောလိုက်သည်။ “ကျုပ်တို့ ဆုံးဖြတ်ချက်ကတော့။ ဒီနေ့ကစပြီး တစ်လမှာ တစ်ယောက်ပဲ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲ ဝင်မယ်။ ဆိုလိုတာက တစ်လလုံးလုံး ခင်ဗျားအနေနဲ့ စွမ်းရည်တစ်ခုတည်းကိုပဲ သုံးခွင့်ရမယ်။ အဲဒီ တစ်လအတွင်းမှာ ကြိုက်သလောက် ခေါ်သုံးလို့ ရတယ်။ ဒါပေမဲ့ တခြားလူကို ပြောင်းလို့ မရဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ကျုပ်က ဘယ်သူ့ကို ယူမယ်ဆိုတာ ရွေးလို့ ရလား။”
စိတ်ဝေဒနာရှင်များက ခေါင်းခါလိုက်သည်။ “မရဘူး။ မဲနှိုက်ပြီး ရွေးမှာ။ ၅၊ ၄၊ ၃...”
ယွင်ကျုံးဟဲ့ ဤရေတွက်သံကို ကြားရင် လန့်နေပြီဖြစ်၏။ “ဘာလဲ။ ဘာလဲ။ ထပ်ပြီး ပေါက်ကွဲအုံးမလို့လား။”
စိတ်ဝေဒနာရှင်များက ပြောလိုက်သည်။ “၃၊ ၂၊ ၁... အချိန်ပြည့်ပြီ။ ပထမလအတွက် စိတ်ဝေဒနာရှင် ရွေးချယ်မှု စတင်ပါပြီ။”
အမှောင်ထုထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး စိတ်ဝေဒနာရှင်များ၏ မျက်နှာပေါ်သို့ ကျရောက် သွားသည်။ ထို့နောက် မီးရောင်သည် နေရာရွှေ့လျားသွားသည်။ (Battle of fate ထဲမှ နတ်ဝင်သည် ရွေးနေသလိုပင်။)
“ဒါ မဲနှိုက်နေတာပေါ့လေ။” ယွင်ကျုံးဟဲ့ ရင်တုန်လာသည်။ မဲပေါက်သည့် စိတ်ဝေဒနာရှင်၏ စွမ်းရည်ကိုသာ တစ်လလုံး သုံးစွဲခွင့် ရတော့မည်။
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်၏။ “အသုံးမကျတဲ့ စွမ်းရည်မျိုး မဖြစ်ပါစေနဲ့။”
‘ဥပမာ - သူများ အိပ်မက်ထဲ ခိုးဝင်လို့ရတယ် ဆိုတဲ့ကောင်မျိုး။ (Inception ဇာတ်ဝင်ခန်း ရိုက်နေတာ မှတ်လို့) ဒါမှမဟုတ် ကြွက်စကား နားလည်တဲ့ကောင်မျိုး။ ကြောင်စကားလည်း မဟုတ်၊ ခွေးစကားလည်း မဟုတ်၊ ကြွက်စကားတဲ့။ ဒါမှမဟုတ် မိန်းမအသွင် ပြောင်းနိုင်တဲ့ကောင်မျိုး။ ဘယ်သူက လိုချင်မှာလဲ။’
“ရွှပ်... ရွှပ်... ရွှပ်...” မီးရောင်သည် လှည့်ပတ်နေဆဲဖြစ်ပြီး မည်သူ့ဆီ ကျရောက်မလဲ မသိနိုင်ချေ။
‘စွမ်းရည်မြင့်တဲ့ ကောင်တွေ ဖြစ်ပါစေဗျာ။ နံပါတ် ၉ ကွမ်တမ် ဒါမှမဟုတ် နံပါတ် ၂၃ ဒါဗင်ချီ ဆိုရင်လည်း မဆိုးဘူး။’
ရုတ်တရက် မီးရောင် ရပ်တန့်သွားပြီး မျက်နှာတစ်ခုပေါ်တွင် တည်ငြိမ်သွားသည်။ မဲရလဒ် ထွက်ပေါ်လာပြီဖြစ်၏။
“ဆရာကြီး... လာမယ့် တစ်လလုံး ကျွန်မက ဆရာကြီးကို ပြုစုပေးရတော့မှာပေါ့။” စိတ်ဝေဒနာရှင်က တခစ်ခစ် ရယ်မောလိုက်သည်။
ယွင်ကျုံးဟဲ့ ကြောင်သွား၏။ “ဟေ့... အန်တီကြီး။ ခင်ဗျား ဘယ်သူလဲ။”
စိတ်ဝေဒနာရှင်က ဖြေလိုက်သည်။ “ဆရာကြီး... ကျွန်မက နံပါတ် ၂၇ လေ။”
ယွင်ကျုံးဟဲ့က ကြောင်အသွား၏။ ‘နံပါတ် ၂၇ ဟုတ်လား။ ဘာလုပ်တတ်တဲ့လူလဲ။ ဘာစွမ်းရည် ရှိလဲ။’
ယွင်ကျုံးဟဲ့ကို အပြစ်မတင်ပါနှင့်။ သူ ဆေးရုံအုပ် လုပ်တုန်းကလည်း စွမ်းရည်မြင့်တဲ့ လူနာတွေကိုပဲ အာရုံစိုက်ခဲ့ခြင်း ဖြစ်သောကြောင့် သာမန်လူနာတွေကို သတိမထားမိခဲ့ချေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားမှာ ဘာစွမ်းရည် ရှိလဲ။ ဘွဲ့နာမည်က ဘာလဲ။”
နံပါတ် (၂၇)က ပြောလိုက်သည်။ “ကျွန်မရဲ့ ဘွဲ့နာမည်က သရဲမ လေ။”
ယွင်ကျုံးဟဲ့ သတိရသွား၏။ ‘နံပါတ် ၂၇ ဆိုတာ သရဲမြင်တယ်၊ သရဲနဲ့ စကားပြောတတ်တယ်လို့ ပြောတဲ့ အရူးမကြီးပဲ။’
တကယ်တမ်း ပြောရလျှင် ထိုအရာကလည်း စွမ်းရည်မြင့်သည်ဟု ပြောလို့ရနိုင်၏။ သရဲမြင်နိုင်သည် ဆိုခြင်းမှာ သာမန် မဟုတ်ချေ။ သို့သော်ငြား ဤလောကကြီးမှာ သရဲ မရှိချေ။ ကမ္ဘာမြေမှာလည်း မရှိဘူး။ ဤကမ္ဘာမှာလည်း မရှိပေ။
ထိုသို့ဆိုလျှင် သူက မည်သူနှင့့် စကားပြောရမည်နည်း။ သူကတော့ သေလူများနှင့် စကားပြောတတ်သူဟု ပြောနေ၏။ သို့သော်ငြား လူသေသွားပြီဖြစ်သောကြောင့် မည်သူက သက်သေပြနိုင်မည်နည်း။ ထို့ကြောင့် ဤနံပါတ် ၂၇ လူနာက သူ့စွမ်းရည်ကို ဘယ်တုန်းကမှ သက်သေမပြနိုင်ခဲ့ချေ။
“ဆရာကြီး... အမှန်အတိုင်း ဝန်ခံရရင်လေ။ ဆရာကြီးက သိပ်ချောတာပဲ။ ကျွန်မ ဆရာကြီးကို ကြိတ်ကြွေနေတာ ကြာပြီ။” နံပါတ် ၂၇ သရဲမကြီးက သွားရည်တမြားမြားနှင့် ကြည့်ပြီး ပြောလိုက်သည်။
ယွင်ကျုံးဟဲ့၏ မျက်နှာက ရှုံ့မဲ့သွား၏။ ‘ခင်ဗျားက ကျုပ်ကို ကြိတ်ကြွေနေတယ် ဟုတ်လား။ မျက်နှာကြီးက သရဲရုပ်ကြီးနဲ့။’
နံပါတ် (၂၇)က ပြောလိုက်သည်။ “လာမယ့် တစ်လလုံးလုံး ကျွန်မ ဆရာကြီးကို ကောင်းကောင်း ပြုစုပေးမယ်နော်။”
ယွင်ကျုံးဟဲ့ ခေါင်းနပန်း ကြီးသွား၏။ သူ သတိရသွား၏။ သူ အဘယ့်ကြောင့် နံပါတ် ၂၇ ကို အမြဲတမ်း ရှောင်ခဲ့သနည်း ဆိုခြင်းကိုပင်။ သူမက သရဲရုပ်ပေါက်နေရုံတင် မကချေ။ တွေ့တိုင်း ယွင်ကျုံးဟဲ့ကို ကိုင်တွယ်ပွတ်သပ်ချင် နေသောကြောင့်ဖြစ်၏။
“မလုပ်နဲ့။ မလုပ်နဲ့။” ယွင်ကျုံးဟဲ့ အိပ်ရာမှ လန့်နိုးလာသည်။ နိုးလာသည်နှင်တပြိုင်နက် သူက ခေါင်းကို ခါလိုက်သည်။
‘စောစောက မက်တာ အိပ်မက်ပါ။ တကယ် မဟုတ်ပါဘူး။ တကယ် မဟုတ်ပါဘူး။’
ထို့နောက် ယွင်ကျုံးဟဲ့သည် စမ်းသပ်သည့်အနေဖြင့် ခေါ်ကြည့်လိုက်၏။ “နံပါတ် ၂၇... နံပါတ် ၂၇...”
ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက် ပေါ်ပေါက်လာသည်။ “ဆရာကြီး... ကျွန်မ ရောက်ပါပြီရှင်။ အို... ဆရာကြီးရဲ့ ခန္ဓာကိုယ်လေးက သွယ်လျလိုက်တာ။ ပိန်ပိန်ပါးပါးလေး။”
ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွား၏။ “ကောင်းကင်ဘုံ... ဘာလို့ ခင်ဗျား ကျုပ်ကို ဒီလို လုပ်ရတာလဲ။”
………….
နောက်တစ်နေ့ နံနက်တွင် ယွင်ကျုံးဟဲ့သည် ကြောက်စိတ် မပြေပျောက်သေးပေ။ ‘ကောင်းကင်ဘုံ.... ဒီသရဲမကြီးက သိပ်ကြောက်စရာ ကောင်းတာပဲ။ အိပ်မက်ထဲမှာတောင် မျက်နှာကို သေချာ မမြင်ရဘူး။ ဝိညာဉ်တစ်ခုလို မဟုတ်ဘဲ စိတ်နှစ်ခွ ဖြစ်နေတဲ့ လူတစ်ယောက်လို ခံစားရတယ်။ လာမယ့် တစ်လလုံး ဒီသရဲမကြီးနဲ့ အတူတူ နေရတော့မှာလား။ မနေချင်ဘူး။ မနေချင်ဘူး။ လူလဲလို့ မရဘူးလား။’
သူ အသက်ပြင်းပြင်း ရှူလိုက်၏။ အသက်ရှုသည်ကို သတိထား၍ စောင့်ကြည့်လိုက်၏။ “ရှူသွင်း... ရှူထုတ်။”
‘စိတ်ငြိမ်အောင် အမြန်ဆုံး လုပ်ရမယ်။ ဒီနေ့ တိုက်ပွဲ ရှိတယ်လေ။ကျင်းကျုံးယွဲ့နဲ့ ပထမဆုံး တိုက်ပွဲမှာ နိုင်ကို နိုင်ရမယ်။ ရှုံးလို့ မဖြစ်ဘူး။ ဒီပွဲ ရှုံးတာနဲ့ လေခွင်းမြို့ စီမံကိန်းကနေ ထွက်သွားရတော့မယ်။ ကျင်းကျုံးယွဲ့က ဘာရာထူး ပေးမလဲ။ ဘယ်လို အခက်အခဲမျိုး ဖန်တီးထားမလဲ မသိဘူး။
ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူ ရာထူးရတာနဲ့ ဖြုတ်ချဖို့ ကြိုးစားမှာပဲ။ လာမယ့် တိုက်ပွဲအတွက် ငါ့ရဲ့ ‘ရွှေလက်ချောင်း’က တကယ် အသုံးဝင်ပါ့မလား။ ငါ့ကိုယ်ထဲ ဝင်ချင်နေတဲ့ သရဲမကြီးက တကယ် အစွမ်းထက်ပါ့မလား။’
ထိုစဉ် ယွင်ကျုံးဟဲ့၏ ခြံဝင်းတံခါး ပွင့်သွားပြီး စစ်သည်တစ်ဖွဲ့ ဝင်လာသည်။ “သခင်လေး ယွင်အောက်ထျန်း... လိုက်ခဲ့ပါ။ ရာထူးလက်ခံဖို့ ရုံးကို လိုက်ပို့ပေးပါမယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “နေပါအုံး။ မနက်စာတောင် မစားရသေးဘူး။”
သို့သော်ငြား စစ်သည်ခေါင်းဆောင်က ဂရုမစိုက်ချေ။ လက်ဝှေ့ယမ်းလိုက်ရာ စစ်သည်နှစ်ဦးက ယွင်ကျုံးဟဲ့ကို ဆွဲမပြီး ခေါ်ထုတ်သွားကြသည်။
ခြံဝင်းအပြင် ရောက်ချိန်မှာတော့ ကျင်းဝူပြန်းကို တွေ့လိုက်ရ၏။
“အောက်ထျန်း... ငါ လာနှုတ်ဆက်တာ။” ကျင်းဝူပြန်းက ပြောသည်။ “မင်းအတွက် ငွေ ၅၀၀၊ သွေးတိတ်ဆေးတွေ၊ အရိုးဆက်ဆေးတွေ ပြင်ဆင်ပေးထားတယ်။”
ယွင်ကျုံးဟဲ့ စိတ်ညစ်သွား၏။ ‘ခင်ဗျားကတော့လေ။ ကျုပ်ကို ကောင်းတာ ဘာမှ မတွေးပေးဘူးလား။ ကျုပ် ဒီနေ့ ရှုံးမယ်၊ ရာထူးပြုတ်မယ်၊ ခြေထောက် ရိုက်ချိုးခံရပြီး အောင်းထုတ်ခံရမယ်လို့ တထစ်ချ တွက်ထားတယ်ပေါ့။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီတုတ်ချောင်းက ဘာလုပ်ဖို့လဲ။”
ကျင်းဝူပြန်းက ဖြေလိုက်၏။ “အရိုက်ခံရတဲ့အခါ ပါးစပ်ထဲ ကိုက်ထားဖို့လေ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဒါဆို မနာတော့ဘူးလား။”
ကျင်းဝူပြန်းက ခေါင်းခါလိုက်၏။ “နာတာကတော့ နာမှာပဲ။ ဒါပေမဲ့ အော်ငိုစရာ မလိုတော့ဘူးပေါ့။ မင်းက ငါ့ညီလေ။ ငါ အရှက်မကွဲချင်ဘူး။”
“သောက်ကျိုးနည်း...”
“အောက်ထျန်း... ဒီလမ်းကို မင်းဘာသာ ရွေးခဲ့တာ။ ပြီးတော့။ ငါက မင်း ရှုံးပါစေလို့ ဆုတောင်းတယ်။ ဒီနေ့ ရှုံးရင် အသက်ရှင်အုံးမယ်။ မနက်ဖြန်ကျမှ ရှုံးရင် သေမှာ။” ပြောနေရင်းဖြင့် ကျင်းဝူပြန်း၏ မျက်နှာထား လေးနက်သွားသည်။
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “အစ်ကိုကြီး.... နောက်တစ်ခါ ဘယ်သူမဆို ခင်ဗျားကို အရူးလို့ ပြောရဲရင် ကျုပ် ခုတ်သတ်ပစ်မယ်။ ဒါပေမဲ့ ဒီလမ်းကို ကျုပ် ရွေးပြီးပြီ။ ဒီနေ့ ကျုပ် နိုင်ကို နိုင်ရမယ်။ လန်ပိကို မေ့ဆေးအုပ်ဖို့သာ ပြင်ထားလိုက်။ သူ့နှုတ်ခမ်းကို ကျုပ် နမ်းရမှ ကျေနပ်မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် စစ်သည်များ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး အဝေးသို့ ပါသွားလေတော့သည်။
..................
လေခွင်းမြို့၏ စည်ကားသော လမ်းမထက်တွင် ယွင်ကျုံးဟဲ့က ဆွဲခေါ်ခံနေရရင်း မေးလိုက်၏။ “အစ်ကိုတို့…. ကျုပ်က အရာရှိ သွားလုပ်မလို့ပါ။ ဘာလို့ လူကို ဖမ်းခေါ်သွားသလို လုပ်နေကြတာလဲ။ လမ်းဘေးက လူတွေ ကြည့်နေတာ မြင်လား။ သေဒဏ်ကျ အကျဉ်းသားကို ခေါ်သွားတယ် ထင်နေကြပြီ။”
စစ်သည်များက ပြန်မဖြေကြချေ။
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အစ်ကိုတို့... ကျုပ်တို့ ဘယ်သွားမှာလဲ။”
စစ်သည်များ တိတ်ဆိတ်နေဆဲပင်။
ယွင်ကျုံးဟဲ့က လက်မလျော့သေးဘဲ ထပ်မေးလိုက်၏။ “ကျုပ် ဘာရာထူး ရမှာလဲ။”
စစ်သည်များက ဆွံ့အ၊ နားမကြားများကဲ့သို့ လုံးဝ ဂရုမစိုက်ပေ။
၁၅ မိနစ်ခန့် ကြာချိန်မှာတော့ စစ်သည်ခေါင်းဆောင်က ပြောလိုက်သည်။ “ရောက်ပြီ။”
ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ ခမ်းနားထည်ဝါပြီး တင်းကျပ်သော အဆောက်အအုံကြီး တစ်ခုကို တွေ့လိုက် ရသည်။ မြင့်မားသော လှေကားထစ်များ၊ အေးစက်သော တံခါးမကြီးများနှင့် “လေခွင်းရုံးတော်” ဟူသော ဆိုင်းဘုတ်ကြီး၊ တံခါးဝတွင် ကြီးမားသော စည်တော်ကြီး တစ်လုံး ရှိနေ၏။
‘တကယ့်ကို ခမ်းနားလိုက်တာ။’
ပထမဆုံး မြင်ဖူးသူဆိုလျှင် မြို့စားအိမ်တော်ဟုပင် ထင်မှတ်မှားနိုင်သည်။ အမှန်တကယ် မြို့စားအိမ်တော်မှာမူ တောင်ကုန်းပေါ်ရှိ ရဲတိုက်ကြီး ဖြစ်သည်။
ဤအရာက လေခွင်းမြို့ ရုံးတော်ဖြစ်သည်။ လေခွင်းချိုင့်ဝှမ်း နယ်မြေတွင် မြို့တော် တစ်ခုနှင့် နယ်မြေ ၁၉ ခု ရှိသည်။ ကျင်းကျုံးယွဲ့သည် လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး၏ ပိုင်ရှင်၊ မြို့စားမင်း ဖြစ်၏။
လေခွင်းမြို့တွင်မူ သီးသန့် အုပ်ချုပ်သူ ရှိသည်။ ထိုသူကို “လေခွင်းမြို့ဝန်” ဟု ခေါ်သည်။ ဤလေခွင်း ရုံးတော်သည် လေခွင်းမြို့ တစ်မြို့လုံးကို စီမံအုပ်ချုပ်သော အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်။
အာဏာ အဆင့်အတန်းအရ လေခွင်းရုံးတော်သည် “သွေးနက်ဂိုဏ်း” ထက်ပင် မြင့်မားပြီး မြို့စားအိမ်တော်၏ အောက်တွင်သာ ရှိသည်။ ဤရုံးတော်သည် မြို့နေလူထု သိန်းချီကို အုပ်ချုပ်၏။
ယွင်ကျုံးဟဲ့ တွေးခဲ့ဖူးသည်။ ကျင်းကျုံးယွဲ့က သူ့ကို ဘာရာထူး ပေးမလဲ။ မြင်းထိန်းလား။ နက္ခတ်ကြည့်တဲ့ အရာရှိလား။ နာမည်ခံ ရာထူးလား။ ဒါမှမဟုတ် ပြည့်တန်ဆာရုံ ကြီးကြပ်ရေးမှူးလား။ သို့သော်ငြား သူ မထင်မှတ်ထားသည်မှာ သူ အလုပ်ဆင်းရမည့် နေရာက လေခွင်းရုံးတော်ကြီး ဖြစ်နေလေသည်။
***