“တောင်းပန်ပါတယ်။ နောက်ကျသွားတယ်။” အပြင်ဘက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။
လူမမြင်ရသေးခင် အသံကို ကြားလိုက်ရ၏။ လူငယ်တစ်ဦး ဝင်ရောက်လာ၏။
“မော့ချို ဆရာ့ကို ဂါရဝပြုပါတယ်။” လူငယ်က ကျောင်းအုပ်ကြီးကို ဦးညွှတ်လိုက်သည်။
ထို့နောက် ကျင်းကျုံးယွဲ့ကို ဦးညွှတ်လိုက်၏။ “ကျင်းနယ်စားမင်းကို ဂါရဝပြုပါတယ်။”
သူသည်မြို့စားမင်းဟု မခေါ်ဘဲ နယ်စားမင်းဟု ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။
ဤသူသည် ရှီးယွီမြို့၏ သခင်လေး မော့ချို ဖြစ်သည်။ ရုပ်ရည်မှာ အလွန် ချောမောခြင်း မရှိသော်လည်း ဆွဲဆောင်မှု ရှိလှ၏။
သူ့နောက်တွင် ယန်ရွေ့ရှန် ပါလာသည်။
မော့ချိုသည် သူ့နေရာကို မြင်ချိန်မှာတော့ အံ့ဩသွား၏။ “ကျုပ်က ဒီနေရာနဲ့ မထိုက်တန်ပါဘူး။”
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ဒီနေ့က သက်သေလိုက်တဲ့ နေ့ဆိုတော့ ထိုင်လို့ ရပါတယ်။”
မော့ချိုက ငြင်းဆိုလိုက်၏။ “မဖြစ်ပါဘူး။ ဆရာနဲ့ မျက်နှာချင်းဆိုင်၊ ကျင်းနယ်စားမင်းရဲ့ အထက်မှာ ကျုပ် ဘယ်လိုမှ မထိုင်ရဲပါဘူး။”
သူသည် ထိုင်ခုံကို ရွှေ့ယူပြီး ခန်းမ၏ အနောက်ဆုံးတွင် သွားရောက် ထိုင်လိုက်သည်။ “ဒီနေရာကမှ သက်တောင့်သက်သာ ရှိတာ။”
ပါးနပ်သော လူတစ်ယောက် ဖြစ်သည်။ ဤသူသည် လေခွင်းမြို့၏ ရန်သူတော်ကြီး ဖြစ်သည်။ နင်ချင်း၏ လူများကို သစ္စာဖောက်အောင် မြှောက်ပေးသူမှာ သူပင် ဖြစ်နိုင်၏။
“လူစုံပြီလား။” ကျောင်းအုပ်ကြီးက မေးမြန်းလိုက်သည်။
“စုံပါပြီ။ ၂၇ ယောက် ရှိပါတယ်။” စာရေးတစ်ဦးက ဖြေကြားလိုက်၏။
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ကောင်းပြီ။ စလိုက်ကြစို့။”
“ဝုန်း... ဝုန်း...”
ခန်းမတံခါးများ ပိတ်သွား၏။ ရလဒ်မထွက်မချင်း တံခါးဖွင့်မည် မဟုတ်ချေ။
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်က ပြောလိုက်သည်။ “နင်ချင်းကို သွားခေါ်လိုက်ပါ။ ကျန်တဲ့ အဖွဲ့ဝင်တွေကိုပါ ခေါ်ခဲ့ပါ။”
“ကောင်းပါပြီ။” စာရေးတစ်ဦး ထွက်ခွာသွားသည်။
ခဏအကြာတွင် စာရေးက အော်လိုက်၏။ “စုံစမ်းစစ်ဆေးရေး အထူးသံတမန် နင်ချင်း ရောက်ရှိပါပြီ။”
အားလုံး၏ အကြည့်များသည် အဝင်ဝသို့ ရောက်ရှိသွားကြသည်။
မုဆိုးမ နင်ချင်း ရောက်ရှိလာပြီ ဖြစ်၏။
အားလုံး၏ မျက်လုံးများ အရောင်လက်သွားကြသည်။ ယခင်က နင်ချင်းသည် ဤမျှ မလှပခဲ့ချေ။ ယခုမူ သူမသည် တောက်ပနေသည်။
ယခင်က အဖြူရောင် ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသော်လည်း ယနေ့တွင် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ မိတ်ကပ် လိမ်းခြယ်ထားပြီး ရတနာများ ဆင်မြန်းထား၏။
ဆယ်နှစ်ကျော်တိုင်အောင် ရတနာ မဝတ်ဆင်ခဲ့သော သူမသည် ယနေ့တွင် နားဆွဲများ၊ ဆံထိုးများ ဝတ်ဆင်ထားသည်။
ရိုးရှင်းသော မုဆိုးမ နင်ချင်းကို မြင်ဖူးသူများအဖို့ ယခုကဲ့သို့ တောက်ပသော နင်ချင်းကို မြင်ရချိန်မှာတော့ နှလုံးခုန် မြန်ဆန်သွားကြ၏။
သူမ၏ မျက်လုံးများတွင် ရူးသွပ်မှု အရိပ်အယောင်များ တွေ့မြင်နေရသည်။
အဘယ်ကြောင့်နည်း။ သူမသည် တစ်စုံတစ်ယောက်နှင့် အလှပြိုင်လိုနေခြင်းလား။
သူမ၏ တောက်ပမှုကြောင့် နောက်လိုက် ၁၈ ဦးမှာ မှေးမှိန်သွားကြသည်။
သူမသည် ကျင်းကျုံးယွဲ့နှင့် ယှဉ်ပြိုင်လိုခြင်းလား သို့မဟုတ် သဝန်တိုနေခြင်းလား မည်သူမှ မသိနိုင်ချေ။
.................
နင်ချင်းသည် ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်၏ ရှေ့သို့ ရောက်ရှိသွားပြီး ဦးညွှတ်ကာ ပြောဆိုလိုက်သည်။ “ဆရာ့ကို ဂါရဝပြုပါတယ်။”
ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်၏။ “ချင်းလေး... ပိန်သွားတယ်နော်။”
နင်ချင်းက ပြောလိုက်သည်။ “ဒီတစ်လလုံး စာရွက်စာတမ်းတွေနဲ့ပဲ အလုပ်ရှုပ်နေတာပါ။ ညဘက်လည်း အိပ်မပျော်ဘူး။ ဒါကြောင့် နည်းနည်း ပိန်သွားတာပါ။”
ကျူ့ထျန်းဖန်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ အားလုံးကို လှည့်ကြည့်ကာ ပြောလိုက်၏။ “ပင်ပန်းသွားပါပြီ။ အားလုံး ပင်ပန်းသွားကြပါပြီ။”
စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ အားလုံးက ကျောင်းအုပ်ကြီးကို ဦးညွှတ်လိုက်ကြသည်။
ကျောင်းအုပ်ကြီးသည် အမှန်တကယ် တပည့်များ ပေါများလှသူ ဖြစ်၏။
ကျောင်းအုပ်ကြီးက ဆက်လက် မေးမြန်းလိုက်သည်။ “ချင်းလေး... မနှစ်က ချိုရွှေမြို့နဲ့ လေခွင်းချိုင့်ဝှမ်း စစ်ပွဲ အစီရင်ခံစာ ထွက်ပြီလား။”
နင်ချင်းက ပြောလိုက်၏။ “တာဝန်ကျေပွန်စွာနဲ့ ထွက်ရှိပါပြီ။”
ကျူ့ထျန်းဖန်က မေးလိုက်သည်။ “နောက်ဆုံးတော့ ထွက်လာပြီပေါ့။ နင်ချင်းရဲ့ တရားမျှတမှုနဲ့ ပတ်သက်ပြီး ဘယ်သူများ ကန့်ကွက်စရာ ရှိသေးလဲ။ ကန့်ကွက်စရာ ရှိရင် အခု ပြောကြပါ။ အစီရင်ခံစာ ထွက်ပြီးမှ ကန့်ကွက်ရင် ကြည့်မကောင်း ဖြစ်မှာ စိုးလို့ပါ။”
အားလုံး တိတ်ဆိတ်နေကြ၏။
နင်ချင်း၏ အကြောင်းကို အားလုံး အနည်းနှင့်အများ ကြားသိထားကြပြီး ဖြစ်သောကြောင့်ပင်။
“ကျင်းကျုံးယွဲ့.... ခင်ဗျားဘက်က ကန့်ကွက်စရာ ရှိလား။” ကျောင်းအုပ်ကြီးက မေးလိုက်သည်။
“မရှိပါဘူး။ သခင်မနင်ချင်းရဲ့ အစီရင်ခံစာကို လက်ခံပါတယ်။” ကျင်းကျုံးယွဲ့က ဖြေကြားလိုက်၏။
“ချိုရွှေမြို့က ချိုယီမင်။ ခင်ဗျားဘက်ကရော။”
ချိုယီမင်သည် ရှီးယွီမြို့ သခင်လေး မော့ချိုကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ယုံကြည်မှု အပြည့်ဖြင့် ဖြေကြားလိုက်သည်။ “ကန့်ကွက်စရာ မရှိပါဘူး။ သခင်မနင်ချင်းရဲ့ အစီရင်ခံစာကို လက်ခံပါတယ်။”
သူ၏ စိတ်ထဲတွင် အလွန် ကျေနပ်နေမိ၏။ ရှီးယွီမြို့ စာရေးတော်ကြီး ယန်ရွေ့ရှန်ထံမှ အာမခံချက် ရရှိထားပြီး ဖြစ်သောကြောင့်ပင်။
ဤအစီရင်ခံစာသည် ချိုရွှေမြို့အတွက် သေချာပေါက် အကျိုးရှိစေမည်ဖြစ်ပြီး လေခွင်းချိုင့်ဝှမ်းကို အပြတ် ရှင်းနိုင်မည် ဖြစ်သည်။
အကြောင်းမှာ ရှီးယွီမြို့ မော့မျိုးနွယ်စုသည် နင်ချင်း၏ သေကွင်းသေကွက်ကို ကိုင်ထားသောကြောင့် ဖြစ်၏။
ကျောင်းအုပ်ကြီးက ထပ်မံ မေးမြန်းလိုက်သည်။ “လူကြီးမင်းတို့... နင်ချင်းရဲ့ တရားမျှတမှုအပေါ် ကန့်ကွက်စရာ ရှိကြပါသလား။”
အားလုံး တိတ်ဆိတ်နေကြဆဲပင်။
ထိုစဉ် မော့ချိုက ဝင်ရောက် ပြောဆိုလိုက်၏။ “သခင်မနင်ချင်းရဲ့ သန့်ရှင်းစင်ကြယ်မှု၊ တရားမျှတမှုတွေကို လူတိုင်း သိကြပါတယ်။ ကန့်ကွက်စရာ မရှိပါဘူး။ ပြီးတော့ ဒီအစီရင်ခံစာက သခင်မနင်ချင်း တစ်ယောက်တည်း ရေးတာ မဟုတ်ဘဲ အဖွဲ့လိုက် ကြိုးစားထားကြတာ မဟုတ်ပါလား။”
ဤစကားကြောင့် အားလုံးက ဦးညွှတ်ပြီး ထောက်ခံလိုက်ကြသည်။
မော့ချို၏ ဩဇာအာဏာမှာ ကြီးမားလှသည်။ လူအများက သူ့စကားကို နာခံကြ၏။
ကျောင်းအုပ်ကြီးက ပြောဆိုလိုက်သည်။ “ဒါဆိုရင် ချင်းလေး... အစီရင်ခံစာကို ကြေညာလိုက်ပါတော့။”
ယန်ရွေ့ရှန်သည် လျှို့ဝှက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး နင်ချင်းကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်၏။
နင်ချင်းသည် ဂုဏ်သိက္ခာကို အတန်ဖိုးထားဆုံး ဖြစ်သည်။ သူမ၏ ခင်ပွန်းကို သတ်မှု ပေါ်ပေါက်သွားပါက ဂုဏ်သိက္ခာ ကျဆင်းရုံသာမက သေဒဏ်ပါ ကျခံရပေလိမ့်မည်။ ထို့ကြောင့် နင်ချင်း မည်သို့ ရွေးချယ်မည်ကို မျက်လုံးမှိတ်ထားလျှင်ပင် သိနိုင်သည်။
နင်ချင်းသည် လူအုပ်ကြားတွင် ရပ်နေသော်လည်း ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့ကို တစ်ချက်မျှ လှမ်းမကြည့်ပေ။
ယွင်ကျုံးဟဲ့ မရှိသကဲ့သို့၊ မနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် အိပ်မက်တစ်ခုသဖွယ် ပြုမူနေ၏။
နင်ချင်းသည် အစီရင်ခံစာကို ဖြန့်လိုက်ပြီး ဖတ်ကြားရန် ပြင်ဆင်လိုက်၏။
အားလုံး နားစွင့်နေကြသည်။
လေခွင်းချိုင့်ဝှမ်းသည် ဤဘေးဒုက္ခမှ လွတ်မြောက်နိုင်ပါဦးမည်လား။ ကျူးကျော်သူဟု သတ်မှတ်ခံရပါက ပိတ်ဆို့မှု ခံရမည်ဖြစ်ပြီး ပျက်စီးခြင်းသို့ ရောက်ရှိပေတော့မည်။
သို့ပေမည့် နင်ချင်းသည် အစီရင်ခံစာကို ပြန်ချလိုက်ပြီး ကျင်းကျုံးယွဲ့ကို ကြည့်လိုက်သည်။ “မြို့စားမင်း ကျင်းကျုံးယွဲ့... အစီရင်ခံစာ မဖတ်ခင် တောင်းဆိုစရာ တစ်ခု ရှိပါတယ်။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ပြောပါ။”
နင်ချင်းက မေးလိုက်သည်။ “ယွင်အောက်ထျန်း ဆိုတဲ့ သူတောင်းစားက ရှင့်လူလား။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ သူက သူတောင်းစား မဟုတ်ဘူး။ လေခွင်းမြို့၊ ကျင်ယီဝေတပ်ဖွဲ့ရဲ့ တတိယ တပ်မှူးချုပ်ပဲ။”
နင်ချင်းက မေးလိုက်၏။ “သူက ဆေးကုသမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မ မေ့မြောနေတုန်း စော်ကားခဲ့တယ်။ ဒါကို ဘယ်လို ဖြေရှင်းမလဲ။”
လူအုပ်ကြီး ဆူညံသွားသည်။ ‘ဒါ ဘာသဘောလဲ။’
သို့ပေမည့် လူတိုင်းက ကျင်းကျုံးယွဲ့၏ နောက်တွင် ရပ်နေသော ယွင်ကျုံးဟဲ့ကို ဒေါသတကြီး ကြည့်လိုက် ကြ၏။ ‘မင်း တော်တော် သတ္တိရှိတာပဲ။ ငါတို့ရဲ့ နတ်သမီးကို စော်ကားရဲတယ်ပေါ့။ သေချင်နေတာလား။’
ယွင်ကျုံးဟဲ့သည် တောင်ပိုင်းကျိုးအင်ပါယာမှ သခင်မလေး ရှုယွဲ့ယဲ့ဖြစ်သည်ကို ကာယကံရှင်များမှလွဲ၍ မည်သူမှ မသိကြပေ။
သို့ပေမည့် ယွင်အောက်ထျန်းသည် နင်ချင်းကို ကယ်တင်ခဲ့ပြီး သစ္စာဖောက် နင်ချွဲ့ကို ဖော်ထုတ် ပေးခဲ့သည်ကိုမူ လူတိုင်း သိရှိထားကြသည်။
ကျေးဇူးရှင် ဖြစ်သော်လည်း အခွင့်ကောင်းယူပြီး စော်ကားသည်မှာ ခွင့်မလွှတ်နိုင်သော ကိစ္စပင် ဖြစ်၏။
နင်ချင်းက ပြောလိုက်သည်။ “အစီရင်ခံစာ မဖတ်ခင် ယွင်အောက်ထျန်းကို ကျွန်မလက်ထဲ အပ်လိုက်ပါ။ မဟာမိတ်အဖွဲ့က သူ့အပြစ်ကို စီရင်ပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့ ကြောင်အသွား၏။ ‘နင်ချင်း ရူးသွားပြီလား။ လူပုံအလယ်မှာ ကိုယ့်ကိုယ်ကိုယ် အစော်ကားခံရပါတယ်လို့ ဝန်ခံနေတာလား။ နတ်သမီး ဂုဏ်ပုဒ်ကို မလိုချင်တော့ဘူးလား။ အသည်းကွဲနေတဲ့ အမျိုးသမီးက ဒီလောက် ကြောက်စရာ ကောင်းတာလား။’
ချိုယီမင်နှင့် ယန်ရွေ့ရှန်တို့မှာမူ ဝမ်းသာအားရ ဖြစ်သွားကြသည်။ နင်ချင်းက လေခွင်းမြို့ကို စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။
မော့ချိုကမူ မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အာရုံရနေ၏။
“ကျင်းကျုံးယွဲ့... တရားခံကို လွှဲပေးလိုက်ပါ။” နင်ချင်းက ထပ်မံ ပြောဆိုလိုက်သည်။
အားလုံးက ကျင်းကျုံးယွဲ့ကို ဝိုင်းကြည့်နေကြ၏။
အခြေအနေက ရှင်းလင်းနေသည်။
ကျင်းကျုံးယွဲ့က ယွင်အောက်ထျန်းကို စွန့်လွှတ်လိုက်လျှင် နင်ချင်း၏ ခင်မင်မှုကို ရရှိနိုင်ပြီး အစီရင်ခံစာတွင် သက်ညှာမှု ရရှိနိုင်၏။ မစွန့်လွှတ်လျှင်မူ လေခွင်းမြို့ ဒုက္ခရောက်ပေတော့မည်။
တွက်ခြေကိုက်သော အရောင်းအဝယ်ပင် ဖြစ်သည်။ ယွင်အောက်ထျန်းသည် သူတောင်းစား တစ်ယောက်သာ ဖြစ်သည်။ တန်ဖိုးမရှိပေ။
အစီရင်ခံစာကမူ လေခွင်းမြို့၏ ကံကြမ္မာကို ဆုံးဖြတ်မည့်အရာ ဖြစ်သည်။
နင်ချင်း၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ယွင်အောက်ထျန်း တစ်ယောက်မက ဆယ်ယောက်လောက် စွန့်လွှတ်ရလည်း တန်၏။
ကျောင်းအုပ်ကြီးကမူ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ငြိမ်သက်နေသည်။
ချိုယီမင်က ဝင်ရောက် ပြောဆိုလိုက်၏။ “ကျင်းနယ်စားမင်း.... ခင်ဗျား မှားနေပြီ။ ယွင်အောက်ထျန်းက ညစ်ပတ်တဲ့ သူတောင်းစားပါ။ သခင်မနင်ချင်းလို လူမျိုးကို ကုသခွင့် ပေးတာကကို မှားယွင်းနေတာပါ။ သူ့လက်နဲ့ ထိလိုက်တာကကို စော်ကားရာ ရောက်နေပါပြီ။”
“ဟုတ်တယ်။ ကျင်းနယ်စားမင်းက ဒီကောင်ကို ခေါ်လာတည်းက အပြစ်ပေးဖို့ ရည်ရွယ်ထားတာ မဟုတ်လား။”
“လေခွင်းချိုင့်ဝှမ်းမှာ ဒီလို လူယုတ်မာမျိုး ရှိနေတာ သိက္ခာကျစရာပဲ။ အခု သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ။”
လူအများက ဝိုင်းဝန်း ထောက်ခံကြသည်။
နင်ချင်းက လှောင်ပြုံး ပြုံးလိုက်၏။ “ကျင်းနယ်စားမင်း... လူတွေက အစီရင်ခံစာကို စောင့်နေကြပြီ။ မြန်မြန် ဆုံးဖြတ်လိုက်ပါ။ ယွင်အောက်ထျန်းလို အသေးအဖွဲ ကိစ္စလေးနဲ့ အချိန်မဆွဲပါနဲ့။”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက ကျင်းကျုံးယွဲ့၏ အဖြေကို စောင့်မျှော်နေကြသည်။
ကျင်းကျုံးယွဲ့သည် နင်ချင်းကို စိုက်ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်၏။ “မဖြစ်နိုင်ဘူး။”
နင်ချင်း ကြောင်အသွားသည်။ “ဘာ...”
ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်၏။ “ယွင်အောက်ထျန်းကို စွန့်လွှတ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
အားလုံး အံ့ဩသွားကြသည်။
ယွင်အောက်ထျန်း ဆိုသော သူတောင်းစားလေးကို ကာကွယ်ပေးရန် ဤမျှအထိ စွန့်စားရမည်လား။
“ဘာလို့လဲ။ သူက ရှင့်အတွက် အဲဒီလောက် အရေးပါလို့လား။” နင်ချင်းက မေးလိုက်၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ယွင်အောက်ထျန်းက ကျွန်မလူ ဖြစ်နေလို့ပဲ။”
နင်ချင်းက အတည်ပြုလိုက်၏။ “ကျွန်မကို ရန်သူတော်ရမယ့် အဖြစ်ကို လက်ခံနိုင်တယ်ပေါ့။”
ကျင်းကျုံးယွဲ့က ပခုံးတွန့်လိုက်သည်။ “သဘောပဲ။”
နင်ချင်းက မေးလိုက်၏။ “ဒီကိစ္စ မပြီးမချင်း အစီရင်ခံစာ မဖတ်နိုင်ဘူး ဆိုရင်ကော။”
ကျင်းကျုံးယွဲ့က ထူးမခြားနားသလို ပြောလိုက်သည်။ “သဘောပဲ။”
နင်ချင်းက ထပ်မေးလိုက်၏။ “ဒီနေ့ ကျွန်မ သူ့ကို မရ ရအောင် ဖမ်းမယ် ဆိုရင်ကော။”
နင်ချင်း၏ နောက်လိုက် စစ်သည်များက ဓားများကို တစ်ဝက် ဆွဲထုတ်လိုက်ကြသည်။
“စမ်းကြည့်လိုက်လေ။”
ကျင်းကျုံးယွဲ့က ပြောဆိုလိုက်၏။ “ကျွန်မလက်ထဲက လူကို ဘယ်သူ လုရဲလဲ ကြည့်ရသေးတာပေါ့။”
ထို့နောက် သူမ၏ လက်ဝါးဖြင့် စားပွဲခုံကို ဖွဖွလေး ရိုက်လိုက်သည်။
“ဝုန်း...”
ခိုင်ခန့်သော သစ်သားစားပွဲခုံသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။
အလွန် ကြမ်းတမ်းသော အင်အားပင် ဖြစ်သည်။
လှပနူးညံ့သော ရုပ်သွင်အောက်တွင် ဤမျှ ကြီးမားသော စွမ်းအား ရှိနေသည်လား။
အမျိုးသားများ ကြောက်ရွံ့သွားကြသလို၊ စွဲလမ်းမိသွားကြသည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးသည် လူကို ရူးသွပ်သွားစေနိုင်၏။
***