အခြေအနေမှာ တင်းမာနေသည်။
“လေးစားပါတယ်။ သခင်နဲ့ ကျေးကျွန် သံယောဇဉ် ကြီးမားလှပါပေတယ်။” နင်ချင်းက လှောင်ပြောင် လိုက်၏။
ထိုစဉ် ကျောင်းအုပ်ကြီးက ဝင်ရောက် ထိန်းသိမ်းလိုက်သည်။ “ချင်းလေး... ဒီကိစ္စ နောက်မှ ရှင်းကြတာပေါ့။ အစီရင်ခံစာ အရင် ဖတ်လိုက်ပါ။”
“ဟုတ်တယ်။ အစီရင်ခံစာ အရင် ဖတ်ပါ။” အားလုံးက ဝိုင်းဝန်း ထောက်ခံလိုက်ကြ၏။
လူအများက ကျိတ်၍ ဝမ်းသာနေကြ၏။ လေခွင်းချိုင့်ဝှမ်း ပျက်စီးတော့မည်။
နင်ချင်း ဒေါသထွက်သွားပြီ ဖြစ်၍ အစီရင်ခံစာတွင် အသေသတ်တော့မည် ဖြစ်၏။
ကျင်းကျုံးယွဲ့သည် မိုက်မဲလှပေသည်။ သူတောင်းစားလေး တစ်ယောက်အတွက်နှင့် မဟာမိတ်အဖွဲ့ တစ်ခုလုံးကို ရင်ဆိုင်ရဲသည်။
နင်ချင်းသည် အစီရင်ခံစာကို ဖွင့်လိုက်၏။ “တစ်လလုံးလုံး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လူပေါင်း ထောင်ချီ မေးမြန်းခဲ့ပါတယ်။ စစ်မြေပြင် ၁၉ နေရာကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံး ရလဒ်ကတော့။”
အားလုံး အသက်အောင့်ထားမိကြ၏။
နင်ချင်းက ဆက်ပြောလိုက်သည်။ “ဒီစစ်ပွဲကို စတင် ဖန်တီးသူက ချိုရွှေမြို့ ဖြစ်ပါတယ်။ ချိုမျိုးနွယ်စုက လေခွင်းချိုင့်ဝှမ်းက တောဝက်နယ်မြေကို ပုန်ကန်အောင် သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခဲ့ပါတယ်။ ကျင်းမျိုးနွယ်စုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ချိုမျိုးနွယ်စုက တာဝန်အပြည့်အဝ ယူရပါမယ်။”
အားလုံး ကြက်သေသေသွားကြ၏။
သူတို့ နားကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြသည်။
‘သခင်မနင်ချင်း... စာရွက် မှားဖတ်မိတာလား။ ဒါမှမဟုတ် စိတ်ဖောက်ပြန်သွားပြီလား။’
ကျင်းကျုံးယွဲ့နှင့် စောဏတုန်းက ရန်စောင်နေပြီး ယခုမူ လေခွင်းချိုင့်ဝှမ်းဘက်က အပြည့်အဝ ရပ်တည်ပေးလိုက်၏။ အပြစ် တစ်ဝက်စီ ခွဲဝေပေးလျှင် တော်သေးသည်။ ယခုမူ ချိုရွှေမြို့ကို အပြည့်အဝ အပြစ် ပုံချလိုက်သည်။ နင်ချင်း ရူးသွားပြီလား သို့မဟုတ် ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်ပြီလား။
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်က အံ့ဩသွားသည်။
ချိုယီမင်နှင့် ယန်ရွေ့ရှန်တို့မှာမူ မတ်တတ်ထရပ်လိုက်ကြ၏။
ယန်ရွေ့ရှန်၏ မျက်လုံးများတွင် အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ‘နင်ချင်း... မင်းသေလမ်း မင်းရှာတာပဲ။ ငါတို့လက်ထဲမှာ မင်းရဲ့ သေကွင်းသေကွက် ရှိနေတာ မမေ့နဲ့။ မင်း သေချင်နေတာလား။ ကောင်းပြီလေ။ ဖြည့်ဆည်းပေးရတာပေါ့။’
ထိုအချိန်တွင် နင်ချင်း၏ မျက်နှာသည် နီရဲနေ၏။ မျက်လုံးများ နီရဲနေပြီး ခေါင်းမာသော အကြည့်ဖြင့် ယန်ရွေ့ရှန်ကို စိုက်ကြည့်နေ၏။
အင်္ကျီလက်ကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။
ယန်ရွေ့ရှန်က သူမ၏ ခင်ပွန်းသတ်မှုကို ဖွင့်ချလိုက်သည်နှင့် သူမသည် ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည် ဖြစ်၏။
‘ယွင်အောက်ထျန်း... လူယုတ်မာကောင်။ ကျွန်မကို လှည့်စားတဲ့ကောင်။ ကျွန်မ ဘယ်လို မိန်းမမျိုးလဲ ဆိုတာ ပြလိုက်မယ်။ ရှင့်ကို တစ်သက်လုံး နောင်တရသွားစေရမယ်။’
“မြို့စားမင်း... လူကယ်ဖို့ ပြင်ဆင်ထားပါ။” ထိုအခြေအနေကို မြင်သည်နှင့် ယွင်ကျုံးဟဲ့က တီးတိုး ပြောဆိုလိုက်သည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို ဂရုမစိုက်သော်လည်း လက်ထဲတွင် စစ်တုရင်ရုပ် တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
တိုက်ပွဲ ဖြစ်ပွားလာပါက ခန်းမထဲရှိ လူအားလုံးကို နိုင်အောင် တိုက်ခိုက်နိုင်ပါမည်လားဟု တွက်ချက် နေသည်။
မှန်ပေသည်။ အားလုံးကို ဖြစ်၏။
“ရလဒ်ကတော့ ဒါပါပဲ။ လက်ခံတာ မခံတာက ရှင်တို့ သဘောပါ။”
နင်ချင်းက ပြောဆိုလိုက်သည်။ “စာရွက်စာတမ်း အားလုံး ပြည့်စုံပါတယ်။ စာမျက်နှာ ထောင်ချီ ရှိပါတယ်။ မဟာမိတ်အဖွဲ့အနေနဲ့ ချိုရွှေမြို့က ချိုမျိုးနွယ်စုကို ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့ဖို့ အကြံပြုပါတယ်။”
‘နင်ချင်း... မင်း သေလမ်းရှာနေတာပဲ။’
ရှီးယွီမြို့ စာရေးတော်ကြီး ယန်ရွေ့ရှန်သည် မတ်တတ်ထရပ်လိုက်ပြီး နင်ချင်း၏ ခင်ပွန်းသတ်မှုကို ဖွင့်ချရန် ပြင်ဆင်လိုက်၏။ ‘မိန်းမယုတ်... ဒီနေ့ မင်းကို အရှက်ကွဲပြီး သေစေရမယ်။’
သို့ပေမည့် နောက်တစ်စက္ကန့်တွင် ရှီးယွီမြို့ သခင်လေး မော့ချိုက လက်ခုပ်တီးလိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
“ဒီအစီရင်ခံစာကို ကျုပ်တို့ လက်ခံပါတယ်။”
မော့ချိုသည် မတ်တတ်ထရပ်ကာ ဦးညွှတ်လိုက်သည်။ “သခင်မနင်ချင်း ပင်ပန်းသွားပါပြီ။ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေလည်း ပင်ပန်းသွားပါပြီ။”
အားလုံး အံ့ဩသွားကြသည်။
‘ဒါ ဘာသဘောလဲ။ လေခွင်းမြို့ကို အသေသတ်ချင်နေတာ ရှီးယွီမြို့ မော့မျိုးနွယ်စု မဟုတ်ဘူးလား။ အခု နင်ချင်းက လေခွင်းမြို့ဘက်ပါတဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်တာကို သူတို့က လက်ခံလိုက်တာလား။’
ချိုယီမင်၏ မျက်နှာတွင် ဒေါသနှင့် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။
ချိုရွှေမြို့ ဘက်တော်သား အရာရှိများသည် ဤအစီရင်ခံစာကို လုံးဝ လက်ခံနိုင်ခြင်း မရှိပေ။
‘နင်ချင်းရဲ့ သေကွင်းသေကွက်ကို ကိုင်ထားတယ် မဟုတ်ဘူးလား။ ထုတ်သုံးလိုက်လေ။ ဒီမိန်းမကို သတ်ပစ်လိုက်လေ။ အခု မော့ချိုက ဘာလို့ လက်ခံလိုက်တာလဲ။’
မော့ချိုသည် ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ရှေ့သို့ သွားရောက်ကာ ဦးညွှတ်လိုက်သည်။ “ဆရာကျူ့.... အဆုံးအဖြတ် ပေးပါအုံး။”
ကျောင်းအုပ်ကြီးက ပြောဆိုလိုက်၏။ “စောစောက မေးတုန်းက ကန့်ကွက်သူ မရှိခဲ့ဘူး။ အခုမှ ကန့်ကွက်ရင် ကြည့်ကောင်းပါ့မလား။”
မော့ချိုက ဆက်လက် ပြောဆိုလိုက်သည်။ “မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မထိပါးသင့်ပါဘူး။ အစီရင်ခံစာ ထွက်လာပြီ ဖြစ်တဲ့အတွက် လက်ခံရပါမယ်။ ဆရာနဲ့ ကျုပ်က ဒီနေ့ပွဲရဲ့ ဒိုင်လူကြီးတွေ ဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို အတည်ပြုပါတယ်။ မဟာမိတ်အဖွဲ့ကို တင်ပြပြီး ချိုရွှေမြို့ကို အရေးယူဖို့ အကြံပြုပါမယ်။”
အားလုံး ပိုမို ကြောင်အသွားကြ၏။ ‘ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ ဒီလို ဖြစ်သွားတာလဲ။ ချိုရွှေမြို့က ရှီးယွီမြို့ရဲ့ လက်ပါးစေ မဟုတ်ဘူးလား။ အခု မော့ချိုက ကိုယ့်လူကို ပြန်သတ်နေတာလား။ တစ္ဆေခြောက်နေတာလား။’
ယွင်ကျုံးဟဲ့ တစ်ဦးတည်းသာ မျက်နှာပျက်သွားပြီး မျက်လုံးများ လှုပ်ရှားသွားသည်။
ချိုရွှေမြို့ သခင်လေး ချိုယီမင်လည်း ကြောင်အလျက် မော့ချိုကို ကြည့်နေမိ၏။ ‘သခင်လေး.. မှားနေပြီ ထင်တယ်။ ကျုပ်က ခင်ဗျားလူလေ။’
မော့ချိုသည် အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ချိုယီမင် ပါးစပ်ပိတ်သွား၏။
ကျောင်းအုပ်ကြီးက မတ်တတ်ထရပ်လိုက်သည်။ “ကန့်ကွက်သူ မရှိတဲ့အတွက် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီအစီရင်ခံစာကို အတည်ပြုလိုက်ပါတယ်။ ချိုရွှေမြို့ကို အရေးယူဖို့ အကြံပြုပါမယ်။ အသေးစိတ်ကို နောက်မှ ဆွေးနွေးပါမယ်။”
မော့ချိုက ဆက်လက် ပြောဆိုလိုက်၏။ “ကျုပ် အကြံပြုချက်ကတော့ နှစ်ချက် ရှိပါတယ်။ ပထမ... ချိုရွှေမြို့က လေခွင်းချိုင့်ဝှမ်းကို ကျူးကျော်တဲ့အတွက် စစ်လျော်ကြေး ပေးရမယ်။ ဒုတိယ... ချိုရွှေမြို့က စစ်တပ်ကို လျှော့ချရမယ်။ လိုအပ်ရင် မဟာမိတ်အဖွဲ့က တပ်စွဲပြီး စောင့်ကြည့်ရမယ်။”
အားလုံး ရူးချင်သွားကြသည်။ ‘ဒါ... ရူးသွားတာလား။ ချိုရွှေမြို့က ခင်ဗျားတို့ရဲ့ ညီနောင်မြို့လေ။ မော့မျိုးနွယ်စုက ကိုယ့်ညီနောင်ကို ဒီလောက် ရက်ရက်စက်စက် လုပ်ရက်သလား။’
နင်ချင်း ကိုယ်တိုင်လည်း အံ့ဩသွား၏။ ‘ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ ဒီလို ပြောင်းလဲသွားတာလဲ။ မော့ချိုက ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ။ နေက အနောက်ဘက်က ထွက်လာတာလား။ မော့မျိုးနွယ်စုက ကျင်းမျိုးနွယ်စုကို အသေသတ်ချင်နေတာ မဟုတ်လား။ ဒါမှ သစ်ရွက်ကြွေနယ်မြေကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူးလား။’
“ဆရာ... ဘယ်လို သဘောရပါသလဲ။” မော့ချိုက မေးလိုက်သည်။
“ကောင်းပါတယ်။”
ကျောင်းအုပ်ကြီးက ပြန်ဖြေလိုက်၏။ “မော့ချိုက ချိုရွှေမြို့နဲ့ ရင်းနှီးပေမဲ့ တရားမျှတမှုကို ဦးစားပေးတာ ချီးကျူးစရာပါ။ မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်လိုက်တာပါပဲ။”
မော့ချိုသည် နင်ချင်းရှေ့သို့ သွားလိုက်သည်။ “သခင်မနင်ချင်း... အစီရင်ခံစာ မိတ္တူနဲ့ သက်သေ အထောက်အထားတွေကို ကျုပ်ကို ပေးပါ။ တာရှီမြို့ကို အမြန်ဆုံး ပို့ပြီး အရေးယူဖို့ စီစဉ်ပါမယ်။”
ထို့နောက် သူသည် လူအုပ်ကို ကြည့်ပြီး ပြောဆိုလိုက်၏။ “ချိုရွှေမြို့ ချိုမျိုးနွယ်စုနဲ့ ကျုပ်တို့ မော့မျိုးနွယ်စုက ရင်းနှီးပါတယ်။ လက်ထပ်ထိမ်းမြားမှုတွေတောင် ရှိပါတယ်။ ဒါပေမဲ့ ဥပဒေက အရာအားလုံးထက် ကြီးမြတ်ပါတယ်။ မဟာမိတ်အဖွဲ့က နိုင်ငံမဟုတ်ပေမဲ့ စည်းကမ်း ရှိရပါမယ်။ စည်းကမ်းဖောက်ရင် အရေးယူခံရပါမယ်။”
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ သခင်လေး မော့ချိုက ဤမျှအထိ တရားမျှတနေသည်လား။
မော့ချိုက ကျောင်းအုပ်ကြီးကို ပြောဆိုလိုက်၏။ “ဆရာ... အချိန်မဆွဲဘဲ တာရှီမြို့ကို ချက်ချင်း ပြန်ကြရအောင်။”
“ကောင်းပြီ။” ကျောင်းအုပ်ကြီးက သဘောတူလိုက်သည်။
မော့ချိုက မေးလိုက်၏။ “သခင်မနင်ချင်း... အတူတူ ပြန်လိုက်မလား။”
နင်ချင်းက ငြင်းလိုက်သည်။ “ကျွန်မ နားချင်ပါသေးတယ်။”
သူမသည် မော့မျိုးနွယ်စု၏ တိုက်ခိုက်မှုကို ခံရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို သတ်သေရန်ပင် ပြင်ဆင်ထားခဲ့၏။
သို့ပေမည့် လက်သီးချက်က လေထဲသို့ ထိုးလိုက်သလို ဖြစ်သွားခဲ့သည်။ မော့ချိုကို လုံးဝ နားမလည်နိုင်တော့ပေ။ သူ ဘာလုပ်ချင်နေသနည်း။
“ကျင်းနယ်စားမင်း... စိတ်ချပါ။ မဟာမိတ်အဖွဲ့က တရားမျှတမှုကို ဖော်ဆောင်ပေးပါလိမ့်မယ်။”
မော့ချိုက ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။ “ခွင့်ပြုပါအုံး။”
ယွင်ကျုံးဟဲ့က မျက်မှောင်ကုတ်လိုက်မိ၏။ ‘သူ ဒီအတိုင်း ထွက်သွားတော့မလို့လား။’
.................
သို့ပေမည့် မော့ချိုက ခြေလှမ်းအနည်းငယ် လှမ်းပြီး ရပ်တန့်လိုက်၏။ ယွင်ကျုံးဟဲ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဒါနဲ့... ကိစ္စတစ်ခု မေ့သွားလို့။ သခင်မနင်ချင်းက မဟာမိတ်အဖွဲ့ရဲ့ လူလေ။ သူ စော်ကားခံရတာကို ကျုပ်တို့ မသိချင်ယောင် ဆောင်လို့ မရဘူး။ ဟုတ်တယ် မဟုတ်လား။”
“ဟုတ်တယ်။” အားလုံးက ထောက်ခံလိုက်ကြ၏။
မော့ချိုက ဆက်ပြောလိုက်သည်။ “ကျင်းနယ်စားမင်း... မြင်တဲ့အတိုင်းပါပဲ။ ကျုပ်က ချိုရွှေမြို့နဲ့ ရင်းနှီးပေမဲ့ ဘက်မလိုက်ပါဘူး။ အစီရင်ခံစာကို လက်ခံပြီး ချိုရွှေမြို့ကို အရေးယူဖို့ အကြံပြုခဲ့ပါတယ်။ ခင်ဗျားရဲ့ လူက သခင်မနင်ချင်းကို စော်ကားခဲ့တာကို ဘယ်လို လုပ်မလဲ။ ခင်ဗျားက ကိုယ့်လူမို့လို့ ဘက်လိုက်မှာလား။”
အားလုံး၏ အကြည့်များသည် ကျင်းကျုံးယွဲ့ထံသို့ ရောက်ရှိသွားကြ၏။
စောစောက အခြေအနေ ဆိုလျှင် ကျင်းကျုံးယွဲ့က ဓားဆွဲထုတ်ပြီး ပြောလိုက်သည်။ “ကျွန်မလူကို ကျွန်မ ကာကွယ်မယ်။ တိုက်ချင်ရင် လာတိုက်။”
သို့ပေမည့် ယခု အခြေအနေက ပြောင်းသွားပြီဖြစ်၏။ နင်ချင်း၏ အစီရင်ခံစာက လေခွင်းမြို့အတွက် အကျိုးရှိနေ၏။
မဟာမိတ်အဖွဲ့ကလည်း အတည်ပြုလိုက်ပြီဖြစ်သောကြောင့် လေခွင်းမြို့က လျော်ကြေးရမှာ ဖြစ်သည်။
ဤအချိန်၌ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ဘက်လိုက်မည်ဆိုလျှင် မဟာမိတ်အဖွဲ့၏ တရားမျှတမှုကို စော်ကားရာ ရောက်သွားပေလိမ့်မည်။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။ “ယွင်အောက်ထျန်း... ရှင် တကယ်ပဲ သခင်မနင်ချင်းကို စော်ကားခဲ့သလား။”
တကယ်တော့ ဤမေးခွန်းကို မမေးသင့်ပေ။ မေးလိုက်ပါက နင်ချင်း လိမ်ပြောနေသည်ဟု ဆိုလိုရာ ရောက်နေသောကြောင့်ပင်။
နင်ချင်းက တရားမျှတ၏။ လိမ်စရာ အကြောင်းမရှိချေ။ သူမ လိမ်ပြောသည် ဆိုပါက သူ၏ အကျင့်စာရိတ္တ ပျက်ပြားနေပြီလို့ ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။ အကျင့်စာရိတ္တ ပျက်ပြားနေသူ၏ အစီရင်ခံစာက တရားမျှတပါ့မည်လား။
ဤမေးခွန်းကြောင့် အားလုံးက ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ကြသည်။ နင်ချင်း ကိုယ်တိုင်လည်း သူ့ကို ကြည့်လိုက်မိသည်။
ယွင်ကျုံးဟဲ့သည် နင်ချင်းကို တစ်ချက်၊ ကျင်းကျုံးယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ ကျုပ် နင်ချင်းကို စော်ကားခဲ့ပါတယ်။”
ဉာဏ်ကောင်းသူ ဆိုလျှင် ငြင်းရပေမည်။ သို့ပေမည့် ယွင်ကျုံးဟဲ့မှာ အရူးဖြစ်သောကြောင့် မငြင်းချင်ပေ။
ပြီးနောက် သူ ထပ်ပြောလိုက်သည်။ “ကျုပ် ဆေးကုပေးရင်း အခွင့်ကောင်းယူပြီး သူ့ကို လက်နဲ့ ကိုင်တွယ်ခဲ့ပါတယ်။”
ခန်းမတစ်ခုလုံး ဆူညံသွားသည်။ အားလုံး ဒေါသထွက်ကုန်ကြ၏။
“ဖမ်းလိုက်။ ဖမ်းလိုက်။”
“သင်းကွပ်ပစ်လိုက်။”
“သတ်ပစ်လိုက်။”
‘ကောင်စုတ်... သူတောင်းစား ရုပ်နဲ့ ကျုပ်တို့ နတ်သမီးကို စော်ကားရဲတယ်ပေါ့။’
“ဝန်ခံလိုက်တာ ကောင်းပါတယ်။”
မော့ချိုက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “သခင်မနင်ချင်း... စိတ်ချပါ။ ကျုပ်တို့ တရားမျှတမှုကို ဖော်ဆောင်ပေးပါ့မယ်။”
***