ထိုစကားသံကို ကြားချိန်မှာတော့ နင်ချင်း တုန်လှုပ်သွားမိ၏။ ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ သူမ နောင်တရချင်သလို ဖြစ်လာ၏။
မော့ချိုက ကျင်းကျုံးယွဲ့ကို ပြောလိုက်သည်။ “ကျင်းနယ်စားမင်း... ခင်ဗျားလူက သခင်မနင်ချင်းကို လက်နဲ့ စော်ကားခဲ့တယ်။ သခင်မနင်ချင်း ဆိုတာ မဟာမိတ်အဖွဲ့ရဲ့ သူတော်စင်မလေ။ ဖြူစင်မြင့်မြတ်သူလေ။ ဒါကြောင့် ယွင်အောက်ထျန်းရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး တောင်းပန်ခိုင်းတာ မလွန်ဘူး မဟုတ်လား။”
“မလွန်ပါဘူး။ မလွန်ပါဘူး။”
အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။
‘လုံးဝ မလွန်ပါဘူး။ နင်ချင်းက အဆင့်အတန်း မြင့်မားတယ်။ ယွင်အောက်ထျန်းက သူတောင်းစားလေ။ လက်ဖြတ်ရုံတင် မကဘူး။ ခေါင်းဖြတ်ပစ်သင့်တာ။’
‘လက်တစ်ဖက် ဖြတ်မယ် ဟုတ်လား။’ နင်ချင်း မျက်နှာ ဖြူဖျော့သွား၏။ တားချင်စိတ် ပေါက်လာသော်လည်း မတားပေ။
မော့ချိုက ဆက်ပြောလိုက်သည်။ “ကျင်းနယ်စားမင်း... ယွင်အောက်ထျန်းက ခင်ဗျားလူ ဆိုတော့ ခင်ဗျား ကိုယ်တိုင် အပြစ်ပေးတာ ပိုကောင်းပါလိမ့်မယ်။ ကျုပ်တို့ ဝင်မပါချင်ပါဘူး။ ဒါကြောင့် သူ့လက်ကို ခင်ဗျား ကိုယ်တိုင် ဖြတ်ပေးပါ။”
“ဖြတ်... ဖြတ်... ဖြတ်...”
“သူ့လက်ကို ဖြတ်ပစ်လိုက်။”
လူများက ဝိုင်းကာ အော်ဟစ်လိုက်ကြ၏။
ကျင်းကျုံးယွဲ့၏ လှပသော မျက်နှာတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။
မော့ချိုက အေးစက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ “ကျင်းနယ်စားမင်း... မဟာမိတ်အဖွဲ့က တရားမျှတမှုကို ပြသနေပါတယ်။ ခင်ဗျားက မဟာမိတ် အဖွဲ့ဝင် တစ်ဦး အနေနဲ့ ဥပဒေကို လေးစားသင့် ပါတယ်။ ခင်ဗျားလူက အပြစ်လုပ်ရင် ခံရမှာပေါ့။”
ကျင်းကျုံးယွဲ့သည် နင်ချင်းကို ကြည့်ပြီး မေးလိုက်သည်။ “နင်ချင်း... ဒါ ရှင့်သဘောဆန္ဒပဲလား။”
နင်ချင်းသည် မူလက တားချင်သော်လည်း ယခု မတားချင်တော့ပေ။ ကျင်းကျုံးယွဲ့၏ ရက်စက်မှုကို မြင်ချင်သောကြောင့် ဖြစ်၏။
အစီရင်ခံစာက လေခွင်းမြို့အတွက် အကျိုးရှိသည်မှာ ယွင်အောက်ထျန်း၏ ကျေးဇူးကြောင့် ဖြစ်သည်။
ယခု ကျင်းကျုံးယွဲ့က ယွင်အောက်ထျန်းလက်ကို မဖြတ်လျှင် မဟာမိတ်အဖွဲ့ကို စော်ကားရာ ရောက်မည်။ ဖြတ်လိုက်လျှင်မူ ရက်စက်ရာ ရောက်မည်။ ကျေးဇူးကန်းရာ ရောက်မည်။
‘ကျွန်မ ပြချင်တာ အဲဒါပဲ။ ယွင်အောက်ထျန်း... ရှင် ကိုးကွယ်နေတဲ့ ကျင်းကျုံးယွဲ့က ဘယ်လောက် ရက်စက်လဲ ဆိုတာ မြင်စေချင်တာ။ ရှင် မျက်စိကန်းခဲ့တာပဲ။’
“ကျင်းနယ်စားမင်း... မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို နင်းချေတော့မလို့လား။”
ဖိအားများအားလုံး ကျင်းကျုံးယွဲ့အပေါ် ကျရောက်လာသည်။
သူမသည် ဓားပါးလေး တစ်ချောင်းကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။ မိုးမခရွက်ကဲ့သို့ သွယ်လျပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားလေး ဖြစ်၏။
သူမသည် ယွင်ကျုံးဟဲ့ရှေ့သို့ လျှောက်သွားလိုက်သည်။
“အောက်ထျန်း... လောကမှာ စည်းကမ်း ဆိုတာ ရှိတယ်။ အမှားလုပ်ရင် အပြစ်ခံရမယ်။” ကျင်းကျုံးယွဲ့က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်ပြီး မျက်နှာ အနည်းငယ် ရှုံ့မဲ့သွား၏။ “ကောင်းပါပြီ။ နားလည်ပါတယ်။”
အားလုံး ရင်ခုန်လာကြသည်။ ပွဲကောင်း ကြည့်ရပေတော့မည်။
ကျင်းကျုံးယွဲ့က ကောင်းကျိုးပြုသူ ယွင်အောက်ထျန်း၏ လက်ကို ဖြတ်တော့မည်။ ခေါင်းဆောင် ဆိုသည်မှာ ဤကဲ့သို့ ရက်စက်တတ်ရသည်။
“အားလုံး သေချာ ကြည့်ထားကြ။ နင်ချင်း... ရှင်လည်း သေချာ ကြည့်ထား။” ကျင်းကျုံးယွဲ့က ပြောဆိုလိုက်၏။
ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ကို စိုက်ကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။
သူ အခြေအနေကို ထိန်းသိမ်းနိုင်သော်လည်း ကျင်းကျုံးယွဲ့ ခုတ်မခုတ် သိချင်နေမိသည်။ နင်ချင်း တားမတားလည်း သိချင်နေမိ၏။
ကျင်းကျုံးယွဲ့ ဓားကို မြှောက်လိုက်သည်။
အားလုံး၏ အကြည့်များသည် ဓားသွားပေါ်တွင် ရောက်ရှိနေကြ၏။
‘ခုတ်လိုက်။ ခုတ်လိုက်။ ယွင်ကျုံးဟဲ့ လက်ကို ခုတ်ပစ်လိုက်။’
ဓားရိပ် တစ်ချက် လက်သွားသည်။
“ရွှပ်...”
ကျင်းကျုံးယွဲ့၏ ဓားပါးလေး ကျဆင်းလာ၏။
သူမ၏ ဓားသည် သူမ၏ ကိုယ်ပိုင် လက်မောင်းကို ထိုးဖောက်သွား၏။ သွေးများ ပန်းထွက်လာပြီး ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ စင်သွားသည်။
“ကျွန်မလူ အမှားလုပ်တာကို ကျွန်မက သခင်အနေနဲ့ ကိုယ်စား အပြစ်ခံယူလိုက်မယ်။ ရမလား။” ကျင်းကျုံးယွဲ့က တည်ငြိမ်အေးစက်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း ကြက်သေ သေသွားကြ၏။
ကျင်းကျုံးယွဲ့ ရူးသွားပြီလား။ သူတောင်းစားလေး တစ်ယောက်အတွက်နှင့် ဤမျှအထိ စွန့်စားရသည်လား။
လေခွင်းမြို့၏ အကျိုးစီးပွားအတွက် ယွင်အောက်ထျန်း၏ လက်တစ်ဖက်ကို ဖြတ်ပစ်ရုံမက သတ်ပစ်လိုက်လျှင်လည်း တန်ပါသေးသည်။
ယခုမူ သူမသည် ယွင်အောက်ထျန်းအစား မိမိလက်ကို ထိုးဖောက်လိုက်၏။
ယွင်ကျုံးဟဲ့သည် မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ မယုံနိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရသည်။
‘ကျုပ်... ကျုပ်ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်ဆိုမှ ဘာလို့ ဝင်လုပ်တာလဲ။ ကျင်းကျုံးယွဲ့... ခင်ဗျား တုံးလိုက်တာ။ ကျုပ်မှာ အစီအစဉ် ရှိပြီးသားပါ။ အခု ခင်ဗျားက ကျုပ်ကို အကြွေးတင်သွားစေပြီ။ ကျုပ်နှလုံးသားကို သိမ်းပိုက်သွားပြီ။ ဒီလောက် ကောင်းတဲ့ မိန်းမကို ကျုပ် ဘယ်လို ငြင်းပယ်ရတော့မှာလဲ။’
ကျင်းကျုံးယွဲ့က မေးမြန်းလိုက်၏။ “နင်ချင်း... ကျေနပ်ပြီလား။ လူကြီးမင်းတို့... ကျေနပ်ကြပြီလား။”
မည်သူမှ အသံမထွက်ရဲကြပေ။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “သွားကြစို့။”
သူမသည် ဓားကို ဆွဲထုတ်လိုက်သည်။ သွေးများ စီးကျနေသော်လည်း ဂရုမစိုက်ဘဲ ထွက်ခွာသွား၏။
ယွင်ကျုံးဟဲ့သည် နင်ချင်းကို စိုက်ကြည့်လိုက်သည်။
နင်ချင်း၏ မျက်နှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။
ကျင်းကျုံးယွဲ့ ထွက်ခွာသွားသော်လည်း ယွင်ကျုံးဟဲ့ လိုက်မသွားဘဲ ကျန်ရစ်ခဲ့သည်။
ကျင်းကျုံးယွဲ့က လှည့်ကြည့်ပြီး အော်လိုက်၏။ “ယွင်အောက်ထျန်း... ဘာလုပ်နေတာလဲ။ လိုက်ခဲ့လေ။”
ယွင်ကျုံးဟဲ့က ပြောဆိုလိုက်သည်။ “သခင်မနင်ချင်း... ကျုပ် ခင်ဗျားကို စော်ကားခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ်အပြစ်ကို ကျုပ်သခင်က ခံစားစရာ မလိုပါဘူး။ ကျုပ် ကိုယ်တိုင် ခံယူပါ့မယ်။”
သူက ဓားမြှောင်ကို ဆွဲထုတ်ပြီး ရင်ဘတ်ကို ထိုးစိုက်လိုက်၏။
သွေးများ ပန်းထွက်လာပြီး နင်ချင်း၏ မျက်နှာပေါ်သို့ စင်သွားသည်။
နင်ချင်း၏ ဦးနှောက် ဗလာဖြစ်သွား၏။
“မလုပ်နဲ့။” သူမ အော်ဟစ်ချင်သော်လည်း အသံထွက်မလာပေ။ သူမ ရှေ့တိုးချင်သော်လည်း ခြေထောက်များ သေနေသကဲ့သို့ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က အားနည်းမူးဝေနေသည့် အသံဖြင့် ပြောလိုက်၏။ “သခင်မနင်ချင်း... ဒီနေ့ကစပြီး ကျုပ်တို့ ကျေအေးသွားပါပြီ။”
နောက်တစ်စက္ကန့်တွင် ကျင်းကျုံးယွဲ့ ရောက်ရှိလာပြီး ယွင်ကျုံးဟဲ့ကို ပွေ့ဖက်လိုက်သည်။
“ဖြောင်း...”
သူမ ယွင်ကျုံးဟဲ့ကို ပါးရိုက်လိုက်၏။
“ယွင်အောက်ထျန်း... ရှင် ရူးနေတာလား။ ကိုယ့်ကိုယ်ကိုယ် ထိုးစိုက်ရအောင် ကျွန်မကို မရှိဘူး မှတ်နေတာလား။”
သူမသည် ဒဏ်ရာရနေသော လက်ဖြင့် ယွင်ကျုံးဟဲ့ကို ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားကို ကိုင်လိုက်သည်။
“လမ်းဖယ်... ပိတ်တဲ့ကောင် သတ်မယ်။”
သူမသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွား၏။
တံခါးဝတွင် ပိတ်ရပ်နေသော စစ်သည် ၄ ဦးကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သည်။
စစ်သည် ၄ ဦး အပိုင်းပိုင်း ပြတ်သွားကြ၏။
နင်ချင်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ “မဖြစ်ရဘူး။ ယွင်အောက်ထျန်း... မသေပါနဲ့။”
.................
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို ပွေ့ချီလျက် မြင်းကို အသော့နှင်ကာ ပြေးထွက်သွား၏။
နောက်လိုက် စစ်သည်များလည်း ဒေါသတကြီး လိုက်ပါသွားကြသည်။
“ယွင်အောက်ထျန်း... တောင့်ထားနော်။ မအိပ်နဲ့နော်။” ကျင်းကျုံးယွဲ့ စိုးရိမ်တကြီး အော်ဟစ်နေ၏။
ယွင်ကျုံးဟဲ့မှာမူ ကြောက်ရွံ့နေမိသည်။
အမှန်တကယ်တွင် အဖြစ်အပျက်အားလုံးက နင်ချင်းကို စိတ်ဒဏ်ရာရသွားစေဖို့ ရည်ရွယ်ပြီး လုပ်ကြံ ဖန်တီးထားသည့် ပြဇာတ်တစ်ခုသာ ဖြစ်၏။
ယွင်ကျုံးဟဲ့ အသုံးပြုခဲ့သော ဓားမြှောင်မှာ အတုဖြစ်ပြီး မြင်တွေ့ခဲ့သည့် သွေးများက ကြက်သွေးအိတ် များသာ ဖြစ်သည်။
သို့ပေမည့် ယခု ကျင်းကျုံးယွဲ့ စိုးရိမ်နေသည်ကို မြင်ရချိန်မှာတော့ အမှန်အတိုင်း ပြောလိုက်လျှင် အသတ်ခံရမည်လား မသိချေ။ စောစောက ပါးရိုက်ခံလိုက်ရသည်က တော်တော်ကို နာ၏။
သို့သော်ငြား ယွင်ကျုံးဟဲ့မှာ ကျင်းကျုံးယွဲ့၏ လက်မောင်းဒဏ်ရာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိသည်။
“မြို့စားမင်း... ကျုပ် မသေပါဘူး။ ဓားက အတုပါ။ သွေးကလည်း အတုပါ။” ယွင်ကျုံးဟဲ့ ဝန်ခံလိုက်၏။
ယွင်ကျုံးဟဲ့က မျက်လုံးစုံမှိတ်ကာ ထပ်ပြောလိုက်သည်။ “ကျုပ် ပြောပြီးပါပြီ။ အခု ရိုက်သတ်ချင်ရင် သတ်လို့ ရပါပြီ။”
ကျင်းကျုံးယွဲ့ ကြောင်အသွားပြီး ဓားမြှောင်ကို ဆွဲထုတ်ကြည့်လိုက်၏။ မျက်လှည့်ပြရာတွင် သုံးသောဓား ဖြစ်နေ၏။
သူမ ဘာမှ မပြောဘဲ ဆက်လက် မောင်းနှင်သွားသည်။
မြင်းကို အသော့နှင် မောင်းနှင်နေရင်း ကြိမ်းဝါးလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင် သေပြီမှတ်...”
တောဝက်နယ်မြေ ရဲတိုက်သို့ ရောက်ရှိချိန်မှာတော့ ယွင်ကျုံးဟဲ့ ဒူးထောက်လိုက်သည်။
ပြီးနောက် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ကျုပ် မှားသွားပါတယ်။ ရိုက်သတ်လိုက်ပါ။ ဒါပေမဲ့ မသတ်ခင်မြို့စားမင်းရဲ့ ဒဏ်ရာကို ချုပ်ပေးပါရစေ။ အမာရွတ် မကျန်အောင် ကျုပ် ကိုယ်တိုင် လုပ်ထားတဲ့ ကြောင်အူကြိုးနဲ့ ချုပ်ပေးပါမယ်။ ခွင့်ပြုပါ။”
ယွင်ကျုံးဟဲ့သည် ဆေးသေတ္တာကို ဖွင့်လိုက်ပြီး အရက်ပြန်ဖြင့် ဆေးကြောပေးလိုက်သည်။
ထို့နောက် ငါးရိုးအပ်နှင့် ကြောင်အူကြိုးကို အသုံးပြုပြီး သေသပ်စွာ ချုပ်ပေးလိုက်၏။
နှစ်ဦးသား တိတ်ဆိတ်နေကြသည်။
ကျင်းကျုံးယွဲ့၏ လက်မောင်းသည် ကျောက်စိမ်းတုံးကဲ့သို့ ဖြူဝင်းချောမွတ်နေသည်။ ဤမျှ လှပသော လက်မောင်းတွင် အမာရွတ် ထင်သွားမည်ကို ယွင်ကျုံးဟဲ့ တကယ်ပင် စိုးရိမ်နေမိ၏။
၁၅ မိနစ်ခန့် အကြာတွင် ချုပ်ပြီးသွားသည်။
“ပြီးပါပြီ။ အခု သတ်ချင် သတ်လို့ ရပါပြီ။” ယွင်ကျုံးဟဲ့သည် နားရွက်ကို ကိုင်ပြီး ထိုင်ချလိုက်၏။
ကျင်းကျုံးယွဲ့သည် အဝတ်အစား ပြန်ဝတ်လိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။
ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “မရိုက်ဘူးလား။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင် ဘာမှားလို့လဲ။”
“ဗျာ...”
“ရှင့်အစီအစဉ်က ကောင်းပါတယ်။ ကျွန်မကသာ ဝင်ရှုပ်မိလို့ ဒဏ်ရာရသွားတာပါ။ ရှင့်အပြစ် မဟုတ်ပါဘူး။”
ကျင်းကျုံးယွဲ့သည် တရားမျှတသူ ဖြစ်၏။
သူမက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ဒီကိစ္စမှာ ရှင် အများကြီး ကူညီခဲ့တယ်။ လေခွင်းမြို့ကို ကယ်တင်ခဲ့တယ်။ ဆုချရမယ်။ ဘာလိုချင်လဲ။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မလိုချင်ပါဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “မရဘူး။ ယူရမယ်။”
ယွင်ကျုံးဟဲ့က ထပ်ကာ ငြင်းလိုက်၏။ “တကယ် မလိုချင်ပါဘူး။”
ကျင်းကျုံးယွဲ့က ငေါက်လိုက်သည်။ “ထပ်ငြင်းရင် ရိုက်သတ်မယ်။”
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်၏။ “ဒါဆိုရင်... ကျုပ်ကို လက်ထပ်ခွင့် ပြုပါ။”
...................
ကျင်းကျုံးယွဲ့ ကြောင်သွားသည်။
ယွင်ကျုံးဟဲ့သည် ဒူးထောက်လိုက်ပြီး မြက်လက်စွပ်လေး တစ်ကွင်းကို ကမ်းပေးလိုက်၏။ “လမင်းကြီး... ကျုပ်က လူရိုးပါ။ လက်စွပ်တောင် ပြင်ဆင်ပြီးပါပြီ။ ကျုပ်ကို လက်ထပ်ပေးပါလား။”
ကျင်းကျုံးယွဲ့ ငြိမ်သက်နေသည်။
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါမှမဟုတ် ကျုပ်က ခင်ဗျားကို လက်ထပ်ရမလား။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင် အတည်ပြောနေတာလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “အတည်ပါ။ ခင်ဗျားကို မရရင် ကျုပ် သေလိုက်ပါတော့မယ်။”
ကျင်းကျုံးယွဲ့က ရယ်လိုက်၏။ “များလွန်းတယ်။”
ယွင်ကျုံးဟဲ့က နားမလည်သလို မေးလိုက်သည်။ “ဘာများတာလဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “တောင်းဆိုမှုက များလွန်းတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို လျှော့ပေးရမလား။”
ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်သည်။ “မလျှော့နဲ့။ အကျိုးဆောင်တဲ့အလုပ် များများ ထပ်လုပ်လေ။”
“ကောင်းပြီ။”
ယွင်ကျုံးဟဲ့က လေးနက်သည့် လေသံဖြင့် မေးလိုက်၏။ “သစ်ရွက်ကြွေနယ်မြေကို ပြန်သိမ်းဖို့ ဘယ်လောက် ခက်ခဲလဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ကောင်းကင်ပေါ် တက်ရသလို ခက်တယ်။”
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “သစ်ရွက်ကြွေနယ်မြေက လေခွင်းမြို့အတွက် ဘယ်လောက် အရေးပါလဲ။”
ကျင်းကျုံးယွဲ့က တည်ကြည်သည့် အသံဖြင့် ဖြေလိုက်သည်။ “အသက်သွေးကြောပဲ။ အဲဒီနယ်မြေ မရှိရင် လေခွင်းမြို့ ပျက်စီးမယ်။ ရှိရင်တော့ တစ်လောကလုံးကို စိုးမိုးနိုင်မယ်။”
***