မြင်းရထားကြီး အတွင်း၌ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... ကျုပ်ကို ဒီလောက် ယုံသလား။ ပြန်မယ် ပြောတာနဲ့ ချက်ချင်း ပြန်တာပဲလား။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “မယုံဘူး။ ရှင့်ကို သက်သေပြဖို့ အခွင့်အရေး ပေးတာ။ မှားရင်တော့ နောက်နောင် လှည့်ဖြားတဲ့ အလုပ်ပဲ လုပ်တော့။ စစ်ဗျူဟာမှူး လုပ်ဖို့ စိတ်မကူးနဲ့။ ကျွန်မကို လက်ထပ်ဖို့လည်း စိတ်မကူးနဲ့။”
စစ်သည် ၂၀၀ဖြင့် မြင်းကို ဒုန်းစိုင်း နှင်နေကြသည်မှာ မိုင် ၃၀ ခန့် ခရီးရောက်နေပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် လေခွင်းမြို့မှ ပေးပို့သော အစီရင်ခံစာများကို ဆက်လက် ဖတ်ရှုနေသည်။ အထူးသဖြင့် သွေးနက်ဂိုဏ်းနှင့် ကျင်ယီဝေ တို့၏ အစီရင်ခံစာများကို ဖတ်ရှုနေသည်။
စာရွက်တစ်ရွက်ကို ဖတ်မိချိန်မှာတော့ ယွင်ကျုံးဟဲ့ မျက်နှာ ဖြူဖျော့သွား၏။
အစီရင်ခံစာတွင် အကြောင်းအရာများစွာ ပါဝင်သည်။ လွန်ခဲ့သော ၉ ရက်က ပိုင်ယင် ဆားတွင်းတွင် ကလေး အလုပ်သမား ၂ ဦး တွေ့ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သော ၁၂ ရက်က ပိုင်ယင် ဆားတွင်းတွင် ခွေးသေကောင်များ တွေ့ရှိခဲ့ကြောင်း ပါရှိသည်။
၉ ရက်နှင့် ၁၂ ရက် ကြာသွားပြီ ဖြစ်သောကြောင့် အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်၏။
အချိန်အတော်ကြာမှ ယွင်ကျုံးဟဲ့က ပြောဆိုလိုက်သည်။ “သခင်မ... သွားစရာ မလိုတော့ပါဘူး။ ရပ်လိုက်ပါတော့။ တောဝက်နယ်မြေ ရဲတိုက်ကို ပြန်လှည့်ကြစို့။”
ကျင်းကျုံးယွဲ့ မျက်နှာ ပျက်ယွင်းသွား၏။ ‘ယွင်ကျုံးဟဲ့... ရှင် တော်တော် လွန်နေပြီ။ သေချင်နေတာလား။ ကျွန်မက သခင်ကောင်း ပီသစွာ အခွင့်အရေး ပေးခဲ့တယ်။ ရှင်က လေခွင်းမြို့ကို အမြန်ပြန်ရမယ် ဆိုလို့ ကျွန်မက ဆရာကြီးကိုတောင် ထားခဲ့ပြီး လိုက်လာခဲ့တာ။ ကျွန်မ အိပ်ရေးပျက်ခံပြီး လိုက်လာတာ။ အခု ခရီးတစ်ဝက် ရောက်မှ ပြန်လှည့်မယ် ပြောနေတယ်။ ကျွန်မကို အရုပ်လို့ မှတ်နေတာလား။’
သို့ပေမည့် သူမ ဒေါသကို ထိန်းချုပ်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ “ယွင်အောက်ထျန်း.... အကြောင်းပြချက် ပေးပါ။ မဟုတ်ရင် စစ်ဥပဒေအတိုင်း စီရင်မယ်။”
“သခင်မ... နောက်ကျသွားပြီ။”
ယွင်ကျုံးဟဲ့က ပြောဆိုလိုက်၏။ “မော့ချို အောင်မြင်သွားပြီ။ ကပ်ဘေးကြီး ကျရောက်သွားပြီ။ ကျုပ် မမှားဘူးဆိုရင် ကျုပ်တို့ဆားကို စားပြီး လူတွေ သေကုန်ကြပြီ။ ပိုင်ယင် ဆားတွင်း ပြိုကျပြီး လူအများအပြား သေကုန်ကြပြီ။
သခင်မ... ဒီတစ်ခါ ကြုံရမယ့် ဘေးက အရင်ကထက် ပိုဆိုးလိမ့်မယ်။ ပိတ်ဆို့အရေးယူတာလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ မျိုးပြုတ်မယ့် ဘေးပဲ။”
ကျင်းကျုံးယွဲ့ မယုံနိုင်အောင် ဖြစ်နေသည်။ ယွင်ကျုံးဟဲ့က စာရွက်တစ်ရွက်ကို ဖတ်ပြီး ဤမျှလောက် အသေးစိတ် ခန့်မှန်းနိုင်သည်လား။ ‘တကယ်ကို နတ်ဝင်သည် လုပ်နေတာပဲ။’
ကျင်းကျုံးယွဲ့ စာရွက်ကို ယူဖတ်ကြည့်လိုက်၏။ သာမန် အစီရင်ခံစာသာ ဖြစ်သည်။ သွေးနက်ဂိုဏ်းက ကလေးအလုပ်သမား ၂ ယောက် တွေ့သောကြောင့် ပြန်ပို့လိုက်ကြောင်း၊ တာဝန်ရှိသူကို အပြစ်ပေး လိုက်ကြောင်း ရေးထားသည်။
ယခင်တုန်းက ဤကဲ့သို့သော ကိစ္စမျိုး ခဏခဏ ဖြစ်လေ့ရှိ၏။ ကျင်းကျုံးယွဲ့ လက်ထက်မှ တင်းကျပ်လိုက် သောကြောင့် ပျောက်ကွယ်သွားခြင်းဖြစ်၏။ ယခု ပြန်ပေါ်လာခြင်းမှာ ထူးဆန်းနေသည်တော့ မဟုတ်ချေ။
စာလုံးရေ ထောင်ချီသည့် အစီရင်ခံစာထဲ၌ ဤအကြောင်းက စာတစ်ကြောင်းသာပါပြီး ခွေးသေကောင် တွေ့သည့်အကြောင်းကလည်း စာတစ်ကြောင်းသာ ပါသည်။
ဤစာကြောင်း ၂ ကြောင်းကို ကြည့်ပြီး ဆားတွင်း ပြိုကျမည်၊ လူတွေ သေမည်၊ မျိုးပြုတ်မည်ဟု ဟောကိန်း ထုတ်နေလေသည်လား။
‘အရူးပဲ ဖြစ်ရမယ်။ မှန်တယ်။ ယွင်ကျုံးဟဲ့က အရူးပဲ။ အရူးကွက်နင်းပြီး ကိုယ့်ကိုယ်ကိုယ် ဗျူဟာမှူးကြီးလို့ ထင်နေတာ။’
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ကျုပ်သာ မမှားရင် ကပ်ဘေးက ဖြစ်ပြီးနေပါပြီ။ ဘယ်လို ရင်ဆိုင်မလဲ စဉ်းစားရတော့မယ်။”
“မော့ချိုက ရက်စက်လွန်းတယ်။ လူစိတ် မရှိဘူး။ လူဘယ်လောက် သေမလဲ။ ရာချီလား။ ထောင်ချီလား။” ယွင်ကျုံးဟဲ့ ညည်းတွားနေသည်။
ကျင်းကျုံးယွဲ့ စိတ်ပျက်သွား၏။ ‘နှမြောစရာပဲ။ လိမ်ညာလှည့်ဖြားတဲ့ အဆင့်ကနေ မတက်နိုင်တော့ဘူး။ ယွင်အောက်ထျန်း... ကျွန်မ အခွင့်အရေး ပေးခဲ့တယ်။ ရှင် အသုံးမချနိုင်ခဲ့ဘူး။ ရှင်က အသုံးမကျတဲ့လူပဲ။’
ကျင်းကျုံးယွဲ့ စိတ်ထဲတွင် ယွင်ကျုံးဟဲ့ နာမည်ကို ပယ်ဖျက်လိုက်တော့သည်။
သို့ပေမည့် ထိုအချိန်တွင် အပြင်ဘက်မှ မြင်းခွာသံများ ဆူညံစွာ ကြားလိုက်ရ၏။
“ရှေ့က သခင်မလား။ ကျွန်မ လန်ပိပါ။” သွေးနက်ဂိုဏ်း ခေါင်းဆောင် လန်ပိ၏ အသံမှာ အက်ကွဲနေပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ကျင်းကျုံးယွဲ့ ရင်ထိတ်သွား၏။ ‘တကယ် ပြဿနာ တက်နေတာလား။ မဟုတ်ရင် လန်ပိက လေခွင်းမြို့ကို ပစ်ထားခဲ့ပြီး လိုက်လာမှာ မဟုတ်ဘူး။’
နောက်တစ်စက္ကန့်တွင် လန်ပိသည် မြင်းရထားထဲသို့ ဝင်ရောက်လာပြီး တုန်ယင်သည့် လေသံဖြင့် တင်ပြလိုက်သည်။ “သခင်မ... ပြဿနာ တက်ပါပြီ။ ပြဿနာ အကြီးကြီး တက်ပါပြီ။ ကျွန်မတို့ ရောင်းလိုက်တဲ့ ဆားတွေမှာ အဆိပ်ပါနေလို့ လူရာချီ သေကုန်ကြပါပြီ။ မဟာမိတ်အဖွဲ့၊ ကုန်သည်တွေ၊ အရာရှိတွေက အမှန်တရားကို စုံစမ်းဖို့ ပိုင်ယင် ဆားတွင်းကို ရောက်လာကြပါတယ်။
အဲဒီအချိန်မှာ ပိုင်ယင် ဆားတွင်း ပေါက်ကွဲပြီး ပြိုကျသွားပါတယ်။ လူတစ်ထောင်ကျော် သေဆုံးသွားပါတယ်။ အဲဒီအထဲမှာ ကလေးအလုပ်သမား ၁၀၀ ကျော် ပါသွားပါတယ်။ အငယ်ဆုံးက ၆ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မတို့က ကလေးအလုပ်သမား မသုံးဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ သူတို့ ဘယ်က ရောက်လာလဲ မသိပါဘူး။
ဆားတွင်းကလည်း လုံခြုံမှု ရှိပါတယ်။ ဘာလို့ ပေါက်ကွဲလဲ မသိပါဘူး။ ပိုဆိုးတာက လာရောက် စစ်ဆေးတဲ့ ကုန်သည်တွေ၊ အရာရှိတွေလည်း သေကုန်ကြပါတယ်။ တောင်ပိုင်းကျိုးအင်ပါယာ၊ တာယင်အင်ပါယာ၊ တာလျန်နိုင်ငံက ကုန်သည်တွေ၊ မဟာမိတ်အဖွဲ့ အရာရှိတွေ စုစုပေါင်း ၁၀၀ လောက် သေဆုံးကုန်ကြပါပြီ။”
ယခုဖြစ်ရပ်သည် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့လွန်းသည့် တကယ့်ကပ်ဘေးဆိုးကြီး တစ်ခု ဖြစ်သည်။ မော့ချို၏ လူစိတ်မရှိသော လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရ၏။
ဆားစားမိခြင်းကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ကြရသည်သာမက ဆားတွင်းပြိုကျမှုကြောင့် ကလေးသူငယ် ၁၀၀ ကျော် အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်ခန့် မြေပိသေဆုံးခဲ့ရသည့် ဖြစ်ရပ်က အဆိုးဝါးဆုံး ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ဆိုးအတွင်း ဒေသခံများသာမက တခြားနိုင်ငံများမှ လာရောက်သည့် ကုန်သည်များနှင့် အရာရှိများပါ အသက်ဆုံးရှုံးခဲ့ရ၏။
ဤအခြေအနေအားလုံးသည် မော့ချို၏ လက်ချက်ဖြစ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်မှုကို သမိုင်းတွင် မှတ်တမ်းတင်ရလောက်စေသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ထူးဆန်းသည်မှာ ယွင်ကျုံးဟဲ့၏ ဟောကိန်းများ အားလုံး မှန်ကန်နေခြင်းပင်။
……………
“လေခွင်းမြို့ရဲ့ ဆားကြောင့် လူရာချီ သေဆုံးခဲ့တယ်။ ပိုင်ယင်ဆားတွင်း ပြိုကျမှုကြောင့် ကလေး အလုပ်သမား ၁၀၀ ကျော်နှင့် မဟာမိတ်အဖွဲ့ အရာရှိတွေ၊ ကုန်သည်တွေ စုစုပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တယ် ဟုတ်လား။”
ရုတ်တရက် ကျင်းကျုံးယွဲ့ ကြက်သေ သေသွား၏။ လှပသော မျက်နှာလေး ဖြူဖျော့သွားသည်။
မြင်းရထားအတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွား၏။
အချိန်အတော်ကြာမှ ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို မော့ကြည့်လိုက်သည်။ မှန်ကန်နေသည်။ အားလုံး မှန်ကန်နေသည်။
ယွင်ကျုံးဟဲ့သည် အစီရင်ခံစာ တစ်စောင်ထဲမှ စာကြောင်းအနည်းငယ်ကို ဖတ်ပြီး ဤကပ်ဘေးကြီးကို အတိအကျ ဟောကိန်းထုတ်နိုင်ခဲ့၏။
အချိန်ကာလနှင့် မော့ချို၏ အမူအရာကို ကြည့်ပြီး ပြန်လှည့်ရန် အချိန်မမီတော့ကြောင်း၊ ကပ်ဘေး ကျရောက်ပြီးပြီ ဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့သည်။ ဤကဲ့သို့သော ဉာဏ်ပညာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ယွင်ကျုံးဟဲ့သည် လန်ပိပေးသော အစီရင်ခံစာကို ယူဖတ်လိုက်သည်။ သူ၏စိတ်ထဲတွင် မော့ချို၏ မျက်နှာနှင့် အပြုံးများကို မြင်ယောင်နေမိ၏။
‘တိရစ္ဆာန်... မဟုတ်ဘူး။ တိရစ္ဆာန်ထက် ဆိုးတယ်။’
လူစိတ်မရှိသော မော့ချို၏ ရည်ရွယ်ချက် အောင်မြင်ရန်အတွက် လူပေါင်းထောင်ချီကို အကွက်ကျကျ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်မှာ တကယ့်ကို ယုတ်မာလွန်းလှသည်။
သူ၏ အစီအစဉ်မှာ အဆင့်ဆင့်ဖြစ်ပြီး ပထမဦးစွာ ဆားတွင် အဆိပ်ခတ်၍ လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ဒုတိယအဆင့် အနေဖြင့် မဟာမိတ်အဖွဲ့၊ တောင်ပိုင်းကျိုးအင်ပါယာ၊ တာယင်အင်ပါယာ၊ တာလျန်နိုင်ငံက ကုန်သည်များ၊ အရာရှိများကို လျှို့ဝှက်စုံစမ်းခိုင်းကာ ထောင်ချောက်ထဲသို့ ဆွဲသွင်းခဲ့၏။
တတိယအဆင့်အဖြစ် ဆားတွင်းအတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ်များကို အလုပ်ခိုင်းစေ ထားကြောင်း တွေ့ရှိအောင် ဖန်တီးခဲ့သည်။
ကျင်းကျုံးယွဲ့သည် ကလေးအလုပ်သမား အသုံးပြုမှုကို ပြင်းထန်စွာ တားမြစ်ထားသူဖြစ်သော်လည်း ယခုအခါ ဆားတွင်းပြိုကျမှုအတွင်း ကလေးအလောင်းပေါင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ရ၏။
စတုတ္ထအဆင့်အနေဖြင့် ဆားတွင်းများ ပေါက်ကွဲခြင်းဖြစ်၏။ ၎င်းမှာ ဓာတ်ငွေ့အိုင်များ အလိုလို ပေါက်ကွဲခြင်း မဟုတ်ဘဲ တွင်းပြိုကျမှုကြောင့် ဓာတ်ငွေ့အိုင်များ ပေါက်ကွဲသွားစေရန် မော့ချိုက ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ မိမိတို့၏ အပြစ်ကို ဖုံးကွယ်ရန်နှင့် သက်သေဖျက်ရန်အတွက် လူပေါင်း ၁၀၀၀ ကျော်ကို မြေမြှုပ်သတ်ပစ်လိုက်သည့် ပြီးပြည့်စုံသော ထောင်ချောက်တစ်ခု ဖြစ်လို့နေ၏။
ဤလုပ်ရပ်နောက်ကွယ်တွင် ရှီးယွီမြို့ မော့မျိုးနွယ်စု၏ လက်ချက်များရှိနေပြီး ပိုင်ယင်နယ်မြေ အတွင်းရှိ သစ္စာဖောက်များ၏ ကူညီမှုကြောင့် ယခုကဲ့သို့ အကွက်ကျကျ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယွင်ကျုံးဟဲ့အနေဖြင့် မော့ချိုကို ရိုးသားသူတစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ မော့ချိုမှာ ဦးခေါင်းတွင် ဂျိုပေါက်ကာ ပါးစပ်၌ အစွယ်ရှိသည့် မကောင်းဆိုးဝါးတစ်ဦးသာ ဖြစ်၏။
သူက နင်ချင်း၏ အစီရင်ခံစာကို လက်ခံကာ ချိုရွှေမြို့ကို အရေးယူရန် တိုက်တွန်းခဲ့ခြင်းမှာလည်း အာရုံလွှဲရန်အတွက်သာ ဖြစ်သည်။
ဟန်ပြတိုက်ခိုက်ပြီး အလစ်ဝင်တိုက်ခြင်း ဟူသော နည်းဗျူဟာကို အသုံးချကာ နင်ချင်းကိစ္စဖြင့် အားလုံးကို အာရုံလွှဲထားစဉ် ပိုင်ယင်နယ်မြေ၌ အကြီးအကျယ် ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နေ၏။
ငရဲပြည်သည် ဟာလာဟင်းလင်း ဖြစ်နေပြီး မကောင်းဆိုးဝါးများမှာ လူ့ပြည်သို့ ရောက်နေကြသည် ဟူသော စကားရပ်အတိုင်း ဤဖြစ်ရပ်မှာ ဆီးရီးယားကဲ့သို့ ကမ္ဘာ့အဖြစ်ဆိုးများထက်ပင် ပိုမိုရက်စက်သော သမိုင်းဆိုးတစ်ခု ဖြစ်ခဲ့သည်။
.................
ကျင်းကျုံးယွဲ့သည် လျင်မြန်စွာ တည်ငြိမ်သွား၏။ “ယွင်အောက်ထျန်း... ရှင် ပြောတာ အကုန် မှန်တယ်။ မော့ချိုက ဉာဏ်များပေမဲ့ ရှင်လည်း မခေပါဘူး။”
ယွင်ကျုံးဟဲ့က ခွေးသေကောင်၊ ကလေးအလုပ်သမား ၂ ဦး၊ မော့ချို၏ အမူအရာ... ဤ ၃ ချက်ကို ဆက်စပ်ပြီး တွက်ချက်လိုက်ခြင်းဖြစ်သည်။
“ကျုပ် မှားရင် ကောင်းမှာပဲ။ ဒီလောက် ရက်စက်တဲ့ကောင်ကို အပိုင်းပိုင်း ခုတ်သတ်ပစ်ချင်တယ်။” ယွင်ကျုံးဟဲ့က ဒေါသတကြီးဖြင့် ပြောလိုက်၏။
“ပြန်ကြစို့။ တောဝက်နယ်မြေ ရဲတိုက်ကို ပြန်မယ်။” ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။
အမှန်တကယ် ကပ်ဘေး ကျရောက်လာချိန်မှာတော့ သူမ မလောတော့ပေ။ မြင်းရထား ပြန်လှည့်သွား၏။
ရဲတိုက်သို့ ရောက်ချိန်မှာတော့ ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဆရာကြီး ဇိုအန်ကို ဖိတ်လိုက်ပါ။ အစည်းအဝေး လုပ်မယ်။”
ချန်လင်နှင့် ယွီတိန်းတို့ကိုတော့ မခေါ်တော့ချေ။ ယွင်ကျုံးဟဲ့ မကြိုက်မှန်း သိနေသောကြောင့်ဖြစ်၏။
***