စာကြည့်ခန်းထဲတွင် လူ ၄ ယောက်သာ ရှိသည်။ ကျင်းကျုံးယွဲ့၊ လန်ပိ၊ ဇိုအန်၊ ယွင်ကျုံးဟဲ့ တို့ဖြစ်၏။
လေခွင်းအမတ် ဝမ်တောက်ဖူကမြို့စောင့်နေရသည်။ ချူကျောင်းရန်လည်း ပြန်သွားပြီဖြစ်သည်။ လန်ပိနှင့် ချူကျောင်းရန်က တစ်ယောက် မရှိရင် တစ်ယောက် ရှိနေရမည့် သူများဖြစ်နေသည်။
ယွင်ကျုံးဟဲ့၏ ဟောကိန်းများ မှန်ကန်ကြောင်း သိရချိန်မှာတော့ ဆရာကြီး ဇိုအန်၏ မျက်လုံးများ အရောင်လက်သွား၏။
ဇိုအန်က ပြောလိုက်သည်။ “သခင်မ... ကပ်ဘေးဆိုက်တာ ဝမ်းနည်းစရာ ကောင်းပေမဲ့ ယွင်ကျုံးဟဲ့လို လူတော်တစ်ယောက် ရလိုက်တာ ဝမ်းသာစရာပါပဲ။”
ကျင်းကျုံးယွဲ့က ပြောဆိုလိုက်၏။ “ယွင်အောက်ထျန်း ပြောသလိုပဲ။ ဒါက မျိုးပြုတ်မယ့် ဘေးပဲ။ သစ်ရွက်ကြွေနယ်မြေကို ပြန်မရရုံတင် မကဘူး။ လေခွင်းမြို့ပါ ပျက်စီးသွားနိုင်တယ်။ တာဝန်ရှိတဲ့သူတွေကို အရေးယူရမယ်။ သတ်သင့်ရင် သတ်ရမယ်။
ဒါပေမဲ့ ဖြစ်ပြီးတာ ဖြစ်ပြီးသွားပြီ။ ရန်သူက ရက်စက်တယ် ဆိုပြီး ညည်းတွားနေလို့ မဖြစ်ဘူး။ ရန်သူဆီက မေတ္တာတရား မျှော်လင့်တာ မိုက်မဲရာ ကျတယ်။ ဆရာကြီး၊ ယွင်အောက်ထျန်း... ကျွန်မတို့မှာ အချိန် သိပ်မကျန်တော့ဘူး။ နာရီပိုင်းလောက်ပဲ ရမယ်။ ဒီအချိန်အတွင်းမှာ ဒီအကျပ်အတည်းကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာ စဉ်းစားရမယ်။ ယွင်အောက်ထျန်း.... ရှင် အရင် ပြော။”
ယွင်ကျုံးဟဲ့ မတ်တတ်ထရပ်ပြီး ဦးညွှတ်လိုက်သည်။ သူ နောက်ပြောင် မနေတော့ပေ။ အလေးအနက် ထားနေ၏။
လေခွင်းမြို့ အန္တရာယ် အကြီးဆုံးအချိန် ရောက်နေပြီဖြစ်သည်။ သူ ချက်ချင်း စကားမပြောဘဲ စဉ်းစားနေမိ၏။ သူ့၌ လမ်းလျှောက်ရင်း စဉ်းစားတတ်သော အကျင့် ရှိသည်။
နာရီဝက်လောက် လမ်းလျှောက်ပြီးမှ မြေပုံရှေ့တွင် ရပ်လိုက်သည်။ သူက ပြောလိုက်၏။ “သခင်မ... ပြဿနာအားလုံးရဲ့ အရင်းအမြစ်က သစ်ရွက်ကြွေနယ်မြေပဲ။ ငှားရမ်းထားတဲ့ နှစ် ၅၀ ပြည့်သွားပြီ။ မော့မျိုးနွယ်စုက ပြန်မပေးချင်ဘူး။
ဘာလို့လဲဆိုတော့ အဲဒီနယ်မြေက သူတို့ရဲ့ အသက်သွေးကြော ဖြစ်နေလို့ပဲ။ ဒါကြောင့် ဒီလို ယုတ်မာတဲ့ အကြံအစည်တွေ လုပ်လာတာ။ ရှီးယွီမြို့ရဲ့ စားနပ်ရိက္ခာ ၇၀ ရာခိုင်နှုန်းက အဲဒီနယ်မြေက ရနေတာ။ ပြန်ပေးလိုက်ရင် ခါးပြတ်သလို ဖြစ်သွားမှာ။
ဆားအဆိပ်သင့်ပြီး လူရာချီ သေတယ်။ ဆားတွင်း ပြိုကျပြီး လူထောင်ချီ သေတယ်။ သေချာတာကတော့ ကျုပ်တို့ ပိတ်ဆို့ခံရမယ်။ အဲဒီထက် ပိုဆိုးတာတွေ ဖြစ်လာနိုင်တယ်။ ပုံမှန်အတိုင်းဆိုရင် ကျုပ်တို့က အမှန်တရားကို စုံစမ်းရမယ်။ ဘယ်သူတွေ ပူးပေါင်းကြံစည်လဲ ဖော်ထုတ်ရမယ်။”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
“ဒါပေမဲ့ အဲဒီလို လုပ်ရင် မော့ချိုရဲ့ ထောင်ချောက်ထဲ ဝင်သွားသလို ဖြစ်မယ်။ အချိန်ကုန် လူပန်း ဖြစ်မယ်။”
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ဒီအမှုက ရှင်းလို့ရမှာ မဟုတ်ဘူး။ အမှန်တရား ပေါ်လာရင်တောင် အလကားပဲ။ လူတွေက ကျုပ်တို့ကိုပဲ အပြစ်တင်နေကြမှာ။”
မှန်ပေသည်။ ကောလာဟလက လေလို မြန်သော်လည်း အမှန်တရားက လိပ်လို နှေးကွေးသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီအကျပ်အတည်းကို ဖြေရှင်းချင်ရင် တခြား အရင်းအမြစ်ကို ရှာရမယ်။”
ကျင်းကျုံးယွဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘာအရင်းအမြစ်လဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီပြဿနာရဲ့ အရင်းအမြစ်က မော့မျိုးနွယ်စု မဟုတ်ဘူး။ မဟာမိတ်အဖွဲ့ ခေါင်းဆောင် ထန်ထိုင်မျိုးနွယ်စုပဲ။”
ကျင်းကျုံးယွဲ့ မျက်လုံးများ အရောင်လက်သွားသည်။ “ဆက်ပြော။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ထန်ထိုင်မျိုးနွယ်စုက ရည်မှန်းချက်ကြီးတယ်။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို ပေါင်းစည်းပြီး နိုင်ငံထောင်ချင်တယ်။ ဒါပေမဲ့ တခြားမြို့စားမင်းတွေရဲ့ ထောက်ခံမှု လိုတယ်။ သူတို့က လောဘကြီးတယ်။ ဖြည့်ဆည်းပေးဖို့ ခက်တယ်။ ဒါကြောင့် နည်းလမ်းတစ်ခုပဲ ရှိတယ်။ သူတစ်ပါး ပစ္စည်းနဲ့ မိတ်ဖွဲ့တာ။ လေခွင်းမြို့ကို စတေးပြီး ချိုရွှေမြို့နဲ့ ရှီးယွီမြို့ရဲ့ ထောက်ခံမှုကို ရယူတာ။
ဒါကြောင့် မော့မျိုးနွယ်စုက လက်ရဲဇက်ရဲ လုပ်နေတာ။ နောက်ကွယ်မှာ ထန်ထိုင်မျိုးနွယ်စု ရှိနေလို့ပဲ။ မင်းမဲ့စရိုက်က အထက်ကို တက်လှမ်းဖို့ လှေကားထစ်ပဲ။ မင်းမဲ့စရိုက် ဖန်တီးမှ ရည်မှန်းချက်ကြီးသူတွေ အခွင့်အရေး ရမှာ။ ထန်ထိုင်မျိုးနွယ်စုက အကြီးမားဆုံး ရည်မှန်းချက်သမားပဲ။”
“မင်းမဲ့စရိုက်က လှေကားထစ် ဟုတ်လား။”
ဆရာကြီး ဇိုအန်က သဘောကျသွားသည်။ “ဘယ်သူ ပြောတာလဲ။”
“လီတဲလ်ဖင်းဂါးလေ။”
(လီတဲလ်ဖင်းဂါး ဆိုသူမှာ ကမ္ဘာကျော် Game of Thrones (A Song of Ice and Fire) ဇာတ်လမ်းတွဲထဲမှ အဓိကဇာတ်ကောင်တစ်ဦးဖြစ်သူ Petyr Baelish ၏ နာမည်ပြောင်ဖြစ်သည်။
မင်းမဲ့စရိုက်က လှေကားထစ် ဆိုသော စကား၏ ဆိုလိုရင်းမှာ ဤကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေ၌ မည်သူ့ကိုမှ မယုံဘဲ၊ မိမိ၏ အကျိုးအမြတ်အတွက် လှည့်ကွက်များကို အသုံးချပြီး အပေါ်ကို ရောက်အောင် တက်လှမ်းနိုင်သူကသာ အောင်နိုင်သူ ဖြစ်မည်ဆိုခြင်းပင်။)
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဒါကြောင့် ပြဿနာ ဖြေရှင်းချင်ရင် မော့မျိုးနွယ်စုကို ကြည့်နေလို့ မရဘူး။ ထန်ထိုင်မျိုးနွယ်စုကို ကိုင်တွယ်ရမယ်။”
အလွန် ထူးခြားသော သုံးသပ်ချက်ပင်။ ယွင်ကျုံးဟဲ့သည် အခြေအနေမှန်ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။
ဆရာကြီး ဇိုအန်က မေးလိုက်၏။ “ပြီးတော့ရော။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ထန်ထိုင်မျိုးနွယ်စုကတော့ အခုထိ ဆုံးဖြတ်ချက် မချရသေးဘူး။ တွေဝေနေတုန်းပဲ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “သူတို့ ဘာကို တွေဝေနေတာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “လေခွင်းမြို့ကို စတေးပြီး မော့မျိုးနွယ်စုကို သိမ်းသွင်းရမလား။ မော့မျိုးနွယ်စုကို စတေးပြီး လေခွင်းမြို့ကို သိမ်းသွင်းရမလား ဆိုတာပေါ့။”
ဆရာကြီး ဇိုအန်က မေးလိုက်၏။ “ဘာလို့ ခင်ဗျား ဒီလို တွေးမိတာလဲ။”
ယွင်ကျုံးဟဲ့က ထပ်ရှင်းပြလိုက်သည်။ “ပြီးခဲ့တဲ့ လအနည်းငယ်က လေခွင်းမြို့ကို ပိတ်ဆို့ဖို့ အဆိုပြုခဲ့ပေမဲ့ အခုထိ အကောင်အထည် မဖော်သေးဘူး။ ပြီးတော့ နင်ချင်းရဲ့ အစီရင်ခံစာကို စောင့်နေတယ်ဆိုပြီး အချိန်ဆွဲထားတယ်။
အဲဒီအချက် နှစ်ချက်ကို ကြည့်ပြီး တွေးလိုက်တာပဲ။ တကယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် အစောကြီးတည်းက ပိတ်ဆို့လိုက်ပြီပေါ့။ အခုက မော့မျိုးနွယ်စုနဲ့ ကျင်းမျိုးနွယ်စုကို မြေခွေး ၂ ကောင်လို ကိုက်ခိုင်းနေတယ် ဆိုတာ ဘေးကနေကြည့်ပြီး အမြတ်ထုတ်ချင်နေတာလေ။ သခင်မ... ထန်ထိုင်မျိုးနွယ်စု ခေါင်းဆောင်က ဘယ်သူလဲ။ တော်တော် ကြောက်စရာကောင်းတဲ့ လူပဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ထန်ထိုင်မြဲ့မင် တဲ့။ ကျွန်မရဲ့အဖေ အလေးစားဆုံး၊ အကြောက်ရွံ့ဆုံး လူပဲ။”
ထိုသူ၏ နာမည်မှာ ကွန်ဖြူးရှပ်၏ တပည့်နာမည်နှင့် တူနေသောကြောင့် ယွင်ကျုံးဟဲ့ အံ့ဩသွားတော့သည်။
ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်၏။ “သခင်မ... သူက သခင်မကို လက်ထပ်ခွင့် တောင်းဖူးတယ် မဟုတ်လား။”
ကျင်းကျုံးယွဲ့က အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။ “ရှင် ဘယ်လို သိတာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ဒါက ထန်ထိုင်မျိုးနွယ်စုအတွက် အကောင်းဆုံး နည်းလမ်းလေ။ သခင်မကို လက်ထပ်လိုက်ရင် လေခွင်းမြို့ကို အပိုင်ရပြီလေ။ သခင်မက အမျိုးသမီး ဖြစ်နေတော့ ပိုလွယ်တာပေါ့။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ တောင်းဖူးတယ်။ ဒါပေမဲ့ ကျွန်မ ငြင်းလိုက်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါကြောင့် အခု သူတို့က လေခွင်းမြို့ကို စတေးဖို့ ၈၀ ရာခိုင်နှုန်းလောက် ဆုံးဖြတ်ပြီးပြီ။ လေခွင်းမြို့ကို စတေးလိုက်ရင် တခြားမြို့စားမင်းတွေရဲ့ ထောက်ခံမှုကို ရမယ်။ ဒါက အမြတ်ထွက်တဲ့ အရောင်းအဝယ်ပဲ။ ပိုင်ယင် ဆားတွင်းကိစ္စက မော့မျိုးနွယ်စု လက်ချက် ဆိုပေမဲ့ ထန်ထိုင်မျိုးနွယ်စု မသိဘဲ လုပ်ရဲမှာ မဟုတ်ဘူး။”
ကျင်းကျုံးယွဲ့ မျက်နှာ တင်းမာသွား၏။ ယွင်ကျုံးဟဲ့၏ သုံးသပ်ချက်က တိကျလွန်းလှသည်။ “ယွင်အောက်ထျန်း... ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလား။”
ကြည့်ရသည်မှာ မျှော်လင့်ချက် မရှိသလောက်ဖြစ်နေ၏။ သေလမ်းကိုသာ မြင်နေရသည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။ “ရှိပါတယ်။ ကျုပ် နည်းလမ်းအတိုင်းလုပ်ရင် အကျပ်အတည်းကို ဖြေရှင်းနိုင်ရုံတင် မကဘူး။ သစ်ရွက်ကြွေနယ်မြေကိုပါ ပြန်ယူနိုင်ပါလိမ့်မယ်။”
အားလုံး အံ့ဩသွားကြသည်။ ‘ဒီအခြေအနေ ရောက်နေတာတောင် နယ်မြေပြန်ယူဖို့ တွေးနေသေးတာလား။ အိမ်မက် မက်နေတာလား။’
.................
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ကျုပ်ရဲ့ စစ်ဆင်ရေးကို အဆင့် ၄ ဆင့် ခွဲခြားထားတယ်။ ပထမအဆင့်... ငွေမိုးရွာမယ်။ ဒုတိယအဆင့်... မြားတစ်စင်းနဲ့ သူရဲကောင်းနှစ်ဦးကို သတ်မယ်။ တတိယအဆင့်... ဝံပုလွေနဲ့ ကျားကို တိုက်မယ်။ စတုတ္ထအဆင့်... ကောင်းကင်ဘုံကို အာခံမယ်။ ဒီ ၄ ဆင့် အောင်မြင်ရင် လေခွင်းမြို့ အန္တရာယ်ကင်းရုံတင် မကဘူး။ သစ်ရွက်ကြွေနယ်မြေကိုပါ ပြန်ရနိုင်လိမ့်မယ်။”
အားလုံး နားမလည်နိုင် ဖြစ်နေကြသည်။ အခြေအနေက မျှော်လင့်ချက် မရှိသလောက် ဖြစ်နေသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့ ပြုံးလိုက်သည်။ “လူကြီးမင်းတို့... ခင်ဗျားတို့က ကာကွယ်ဖို့ပဲ စဉ်းစားနေလို့လေ။ ပိုင်ယင် ဆားတွင်းကို ကာကွယ်ဖို့ပဲ တွေးနေတာ မဟုတ်လား။”
လန်ပိက ပြန်ပြောလိုက်၏။ “ဒါ ပုံမှန်ပဲလေ။ ပိုင်ယင် ဆားတွင်းက လေခွင်းမြို့ရဲ့ အသက်သွေးကြောပဲ။ တစ်နှစ်ကို ငွေသား ၄၊ ၅ သိန်းလောက် ဝင်ငွေရှိတယ်။ လေခွင်းမြို့ ဝင်ငွေရဲ့ ထက်ဝက်ကျော် ရှိတယ်။ ဘယ်သူက အဆုံးရှုံးခံမှာလဲ။”
ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ‘ဆားတွင်းက ဝင်ငွေ ဒီလောက် များတာလား။’
ခေတ်သစ်ကမ္ဘာနှင့်ယှဉ်လျှင် ဘာမှ မဟုတ်သော်ငြား ယနေ့ခေတ်မှာတော့ အများကြီးဖြစ်လို့နေ၏။
လေခွင်းမြို့၏ ဝင်ငွေက တစ်နှစ်ကို ၁ သန်းလောက် ရှိနေ၏။ လူဦးရေ ၄ သိန်းသာ ရှိသည့်မြို့အတွက် အရမ်း များသည့် ပမာဏပင်။
သို့ပေမည့် ကျင်းမျိုးနွယ်စုက သုံးဖြုန်းလွန်း၏။ စစ်သည်များလည်း ထောင်ကျော် ရှိနေသောကြောင့် ဘာမှ မကျန်ပေ။ အတိုချုပ် ပြောရလျှင် ပိုင်ယင် ဆားတွင်း မရှိပါက လေခွင်းမြို့ ပျက်စီးသွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့ ဆက်ပြောလိုက်သည်။ “ကဲ... ရှေ့ဆက် ဘာဖြစ်မလဲ တွက်ကြည့်ရအောင်။ ပထမဆုံး လျော်ကြေးငွေ အများကြီး ပေးရမယ်။ လူ ၂၀၀၀ လောက် သေသွားပြီ။ ကုန်သည်တွေ၊ အရာရှိတွေ ပါတော့ လျော်ကြေးက မနည်းဘူး။ အနည်းဆုံး ၁.၅ သန်းလောက် ကုန်လိမ့်မယ်။”
ကျင်းကျုံးယွဲ့ မျက်နှာ ပျက်သွားသည်။ သူမလည်း တွက်ချက်ထားပြီးသားဖြစ်နေ၏။ သို့သော်ငြား သူမ၌ ပေးစရာ ပိုက်ဆံ မရှိပေ။
“ဒါတင် မကသေးဘူး။ ဆားအဆိပ်သင့်မှုကြောင့် ရောင်းပြီးသား ဆားတွေကို ပြန်သိမ်းရမယ်။ ငွေပြန်အမ်း ရမယ်။ လျော်ကြေး ထပ်ပေးရမယ်။ ဒါက ၃ သိန်းလောက် ရှိမယ်။ စုစုပေါင်း ၁.၈ သန်းလောက် ပေးရမယ်။ ဒါ့အပြင် ဆားရောင်းလို့ မရတော့ဘူး။ ဝင်ငွေ ရပ်သွားမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... ဘဏ္ဍာတိုက်ထဲမှာ ငွေ ဘယ်လောက် ရှိလဲ။”
“မရှိဘူး။” ကျင်းကျုံးယွဲ့က ရိုးရိုးသားသား ဖြေလိုက်သည်။
ယွင်ကျုံးဟဲ့က မယုံနိုင်သလို မေးလိုက်၏။ “အများကြီး လိုတာလား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “အများကြီး လိုတယ်။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ‘တစ်နှစ်ကို ၁ သန်း ဝင်ငွေ ရှိနေတာ မဟုတ်ဘူးလား။ လေခွင်းမြို့ တည်ထောင်ထားတာ နှစ်ပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ။ ဒီအတောအတွင်း စုဆောင်းငွေ ၁.၈ သန်းတောင် မစုဆောင်းထားနိုင်ဘူးလား။ ဒီသားအဖ နှစ်ယောက် တော်တော် ဖြုန်းတာပဲ။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပထမအဆင့် အနေနဲ့ ၂ လ အတွင်း ငွေ ၁.၈ သန်း ရှာပြီး လျော်ကြေး ပေးရမယ်။”
“မဖြစ်နိုင်ဘူး။” လန်ပိက ငြင်းလိုက်၏။
“၂ လ အတွင်း မရနိုင်ဘူး။ ဘယ်သူမှလည်း ချေးမှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မ မပေးချင်ဘူး။ ဘာလို့ ပေးရမှာလဲ။” ကျင်းကျုံးယွဲ့က ပြောဆိုလိုက်သည်။
ယွင်ကျုံးဟဲ့ မျက်လုံး ပြူးသွား၏။ ‘လမင်းလေး... ခင်ဗျား မျက်နှာက လှသလောက် အရေထူတာပဲ။ ပိုက်ဆံ မရှိလို့ မပေးဘူး ဆိုတာမျိုး လုပ်လို့ ရမလား။’
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “မရဘူး သခင်မ... ပေးရမယ်။ မပေးရင် နောက်အစီအစဉ်တွေ လုပ်လို့ မရတော့ဘူး။ တကယ်တော့ ဒီပမာဏက ကျုပ်တို့ ပန်းတိုင်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။”
ကျင်းကျုံးယွဲ့က တိုးညင်းသည့် လေသံဖြင့် ပြောလိုက်၏။ “ကျွန်မ ပိုက်ဆံ နှမြောလို့ ပြောတာ မဟုတ်ပါဘူး။ တကယ် မရှိလို့ပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျန်တာ ကျုပ် စိုက်မယ်။”
***