ကျင်းကျုံးယွဲ့က အော်လိုက်၏။ “ဘာ.... ရှင်စိုက်မယ် ဟုတ်လား။”
အားလုံး အံ့ဩသွားကြသည်။
‘ယွင်အောက်ထျန်း... ခင်ဗျားမှာ ၁၀ ပြားတောင် ပြည့်လို့လား။’
“ယွင်အောက်ထျန်း... ရှင့်မှာ ငွေ ဘယ်လောက် ရှိလဲ။” လန်ပိက မေးလိုက်၏။
ယွင်ကျုံးဟဲ့ အိတ်ကပ်ကို နှိုက်လိုက်ချိန်မှာတော့ ကြေးပြား ၃ ပြား ထွက်လာသည်။
အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။
‘ပေါက်စီ ၅ လုံးလောက် ဝယ်စားလို့ပဲ ရမယ်။ ကြေးပြား ၃ ပြားနဲ့ ငွေသား ၁.၈ သန်း ရှာမယ် ဟုတ်လား။ ခင်ဗျား မြေပဲလှော် စားပြီး အရက်မူးနေတာလား။’
“ကောင်းပြီ။ ၂ လ အတွင်း ငွေ ၂ သန်းလောက် ရတယ်ပဲ ထားလိုက်ပါတော့။” ကျင်းကျုံးယွဲ့က လက်ခံလိုက်သည်။
သူမ အသံထဲမှာ မယုံကြည်မှုတွေ ပြည့်နှက်နေကာ ထပ်မေးလိုက်၏။ “ပြီးရင် ဘာဆက်လုပ်မလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လျော်ကြေး ပေးပြီးရင်တောင် မဟာမိတ်အဖွဲ့က စစ်ဆေးရေး အကြောင်းပြပြီး စစ်တပ်လွှတ်လိမ့်မယ်။ ပိုင်ယင်နဲ့ လန်ထျန်ကို သိမ်းပိုက်လိမ့်မယ်။ ပိတ်ဆို့မှုတွေ လုပ်လိမ့်မယ်။”
လန်ပိက ဝင်ပြောလိုက်၏။ “ငွေကုန်၊ ဆားရောင်းမရ၊ နယ်မြေ အသိမ်းခံရမယ်ဆိုရင် လေခွင်းမြို့ ပျက်စီးပြီပေါ့။”
မှန်ပေသည်။ မဟာမိတ်တပ်များ ဝင်လာလျှင် အကုန် သွားပြီဖြစ်သည်။
“ဒါကြောင့် ဒီအဆင့်ကို ရောက်လို့ မဖြစ်ဘူး။ တားဆီးရမယ်။” ယွင်ကျုံးဟဲ့က ပြောဆိုလိုက်၏။
ဆရာကြီး ဇိုအန်က မေးလိုက်သည်။ “မော့မျိုးနွယ်စုက ဒီအဆင့်ရောက်အောင်လုပ်မှာ သေချာတယ်။ ဘယ်လို တားမလဲ။”
ကျင်းကျုံးယွဲ့က ဝင်မေးလိုက်၏။ “စစ်တိုက်မလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်သည်။ “တစ်ယောက်တည်းနဲ့ ၁၀ ယောက်ကို တိုက်မလား။ သေလမ်းပဲ။”
လန်ပိက မေးလိုက်၏။ “ဒါဆို ဘယ်လို လုပ်မလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လွယ်လွယ်လေး။ ပိုင်ယင် ဆားတွင်းကို ပေးလိုက်မယ်။”
“ဘာ...”
လန်ပိ အော်ဟစ်လိုက်၏။ “ပေးလိုက်မယ် ဟုတ်လား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
အားလုံး မျက်နှာပျက်သွားကြ၏။ ဝင်ငွေ ထက်ဝက်ကျော် ရနေသည့် ဆားတွင်းကို ပေးလိုက်လျှင် သတ်သေသည်နှင့် အတူတူပင် ဖြစ်နေသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒါက ဒုတိယအဆင့် မြားတစ်စင်းနဲ့ သူရဲကောင်းနှစ်ဦးကို သတ်တာနဲ့ တတိယအဆင့် ကျားနဲ့ ဝံပုလွေကို ရန်တိုက်ပေးတာပဲ။”
ဆရာကြီး ဇိုအန်က ဝင်မေး၏။ “ကျားက ထန်ထိုင်မျိုးနွယ်စု၊ ဝံပုလွေက မော့မျိုးနွယ်စုလား။”
“ဟုတ်ပါတယ်။ ပထမဆုံး ဆားတွင်းကို မော့မျိုးနွယ်စုဆီ ပေးမယ်။ ပြီးရင် ထန်ထိုင်မျိုးနွယ်စုဆီ ပေးမယ်။ ပြဿနာရဲ့ အရင်းအမြစ်က ထန်ထိုင်မျိုးနွယ်စုပဲ။ သူတို့နှစ်ဖွဲ့ ပေါင်းမိရင် ကျုပ်တို့ သေပြီ။ ဒါကြောင့် သူတို့နှစ်ဖွဲ့ကို ခွဲပစ်ရမယ်။”
ယွင်ကျုံးယွဲ့က ရှင်းပြလိုက်သည်။ “အသားကို အဆုံးရှုံးမခံနိုင်ရင် ဝံပုလွေ ဖမ်းလို့ မရဘူး။ ဆားတွင်းကို စွန့်လွှတ်မှ ကစားပွဲက အသက်ဝင်လာမှာ။”
ဆရာကြီး ဇိုအန် ခေါင်းညိတ်လိုက်၏။ “မော့မျိုးနွယ်စုက ငွေလိုချင်နေတာ။ တစ်နှစ်ကို ၅ သိန်း ဝင်ငွေရမယ့် ဆားတွင်းကို ငြင်းမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မော့မျိုးနွယ်စုက ဆားတွင်း ရသွားရင် ပြဿနာရှာမှာ မဟုတ်တော့ဘူး။ ဆားတွင်း ပေါက်ကွဲတာ၊ အဆိပ်သင့်တာတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းပေးလိမ့်မယ်။ မဟာမိတ်တပ်တွေ ဝင်လာမှာကို သူတို့ကိုယ်တိုင် တားဆီးလိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့ အသက်ရှူချောင်သွားပြီ။”
ကျင်းကျုံးယွဲ့က ထောက်ခံလိုက်၏။ “မော့မျိုးနွယ်စုက ငွေရပြီ။ စားနပ်ရိက္ခာ ရှိပြီ။ စစ်တပ် ရှိပြီဆိုရင် ထန်ထိုင်မျိုးနွယ်စုနဲ့ ယှဉ်ပြိုင်ချင်လာလိမ့်မယ်။”
လန်ပိကလည်း ခေါင်းညိတ်လိုက်သည်။ “ဒါ သဘာဝပဲ။ ဘယ်သူမှ ဒုတိယနေရာမှာ မနေချင်ကြဘူး။ မော့မျိုးနွယ်စု အင်အားကြီးလာရင် ထန်ထိုင်မျိုးနွယ်စုက စိုးရိမ်လာလိမ့်မယ်။ ဒါက သပ်လျှိုတာပဲ။”
ယွင်ကျုံးဟဲ့ ဆက်ပြော၏။ “ဆားတွင်း လွှဲပြောင်းပေးမယ့်နေ့ကျမှ ကျုပ်တို့က ထန်ထိုင်မျိုးနွယ်စုဆီ သွားပြီး ဆားတွင်းကို လက်ဆောင်ပေးမယ်။ ကျင်းဝူပြန်းနဲ့ ထန်ထိုင်ဖူဖင်းကို လက်ထပ်ပေးဖို့ ကမ်းလှမ်းမယ်။ အဲဒီနေ့ကျရင် မော့မျိုးနွယ်စုက နတ်ပြည်ကနေ ငရဲပြည်ကို ပြုတ်ကျသွားလိမ့်မယ်။”
ကြားရသည်မှာ အလွန်ကောင်းသည်။ သို့သော်ငြား လန်ပိက သံသယ ဝင်နေသေး၏။ “ကြားရတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မော့မျိုးနွယ်စုက ပါးနပ်တယ်။ ယုန်မမြင်ရင် စွန်မလွှတ်ဘူး။ စာချုပ် ချုပ်ရလိမ့်မယ်။ စာချုပ် ချုပ်ပြီးရင် ဖျက်လို့ မရတော့ဘူး။”
ဤအရာမှာ လွန်ခဲ့သည့် နှစ် ၅၀ က စာချုပ် ချုပ်သလို ပြုလုပ်ရမှာဖြစ်သည်။
“ဟုတ်တယ်။ စာချုပ် ချုပ်ရမယ်။ ၅၀ နှစ် ငှားရမ်းစာချုပ်။”
ယွင်ကျုံးဟဲ့က ပြောဆိုလိုက်၏။ “ဒါပေမဲ့ လွှဲပြောင်းပေးမယ့်နေ့ကျရင် အဲဒီစာချုပ်က အလိုလို ပျောက်ကွယ်သွားလိမ့်မယ်။ မချုပ်ခဲ့သလို ဖြစ်သွားလိမ့်မယ်။”
“မဖြစ်နိုင်ဘူး။”
လန်ပိက ငြင်းလိုက်သည်။ “သူတို့က စာရွက်၊ မင် အကုန် စစ်ဆေးမှာ။ စာချုပ်ကိုလည်း သေတ္တာထဲ ထည့်ပြီး လုံခြုံတဲ့ နေရာမှာ ထားမှာ။ ခိုးလို့ မရဘူး။ ဖျက်ဆီးလို့ မရဘူး။”
“ကျုပ် ပြောရင် ဖြစ်ရမယ်။”
ယွင်ကျုံးဟဲ့ ယုံကြည်မှု ရှိစွာ ပြောဆိုလိုက်၏။ “သေတ္တာထဲမှာတင် အလိုလို ပျောက်ကွယ်သွားစေရမယ်။ ဘယ်သူမှ မသိလိုက်စေရဘူး။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “စာချုပ် ပျောက်ကွယ်သွားတာနဲ့ ဒုတိယအဆင့် အောင်မြင်သွားပြီ။ တတိယအဆင့်ကတော့ ထန်ထိုင်မျိုးနွယ်စုနဲ့ လက်ထပ်ရမယ်။ ကျားကို အသုံးပြုပြီး ဝံပုလွေကို တိုက်ခိုက်ခြင်းပဲ။”
လန်ပိက ဝင်ပြောလိုက်၏။ “ကျင်းဝူပြန်းနဲ့ ထန်ထိုင်ဖူဖင်းကို လက်ထပ်ပေးဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလိမ့်မယ်။”
ကျင်းဝူပြန်းက မည်ကဲ့သို့သော လူစားမျိုးနည်း။ အသုံးမကျသည့်လူ၊ အရူး၊ ဖောက်ပြန်သည့်လူ၊ လူယုတ်မာပင်။ အတိုချုပ် ပြောရလျှင် လေခွင်းမြို့မှာ သူ မလုပ်ဖူးသည့်အမှား မရှိသလောက်ဖြစ်သည်။
ထန်ထိုင်ဖူဖင်းကတော့ ထန်ထိုင်မျိုးနွယ်စု၏ တတိယ သမီးတော်၊ ပါရမီရှင်၊ အလှပဂေးဖြစ်၏။ သူ့ကို လက်ထပ်ချင်သည့်လူများ တန်းစီနေ၏။ ကျင်းဝူပြန်းလို လူစားမျိုးနှင့် မည်သို့မှ မတန်ချေ။
“ခက်ခဲတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို ကျုပ် တာဝန်ယူမယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ထန်ထိုင်မျိုးနွယ်စုနဲ့ လက်ထပ်နိုင်ရင် ကျုပ်တို့ အစီအစဉ် တစ်ဝက် အောင်မြင်သွားပြီ။ အဲဒီအချိန်ကျရင် ကျုပ်တို့က ကျားအရှိန်ကို ယူပြီး ဝံပုလွေကို ခြောက်လှန့်နိုင်ပြီ။ မော့မျိုးနွယ်စုက ခံစစ်အနေအထား ရောက်သွားလိမ့်မယ်။ အဲဒီအခါကျမှ ထန်ထိုင်မျိုးနွယ်စုကို အသုံးပြုပြီး သစ်ရွက်ကြွေနယ်မြေကို ပြန်ယူမယ်။”
ကျင်းကျုံးယွဲ့က ဝင်ပြောလိုက်၏။ “ဒီအဆင့်က ပိုခက်လိမ့်မယ်။ ထန်ထိုင်မျိုးနွယ်စုက မော့မျိုးနွယ်စု ကြီးထွားလာမှာ မလိုလားသလို၊ ကျွန်မတို့ ကြီးထွားလာမှာလည်း မလိုလားဘူး။ ဒါကြောင့် နယ်မြေ ပြန်ယူတာကို လက်ခံမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဟုတ်တယ်။ သူတို့ လက်မခံဘူး။ တိတ်တဆိတ် တားဆီးလိမ့်မယ်။ ဒါပေမဲ့ လူရှေ့သူရှေ့မှာတော့ ထောက်ခံပေးရလိမ့်မယ်။”
ဆရာကြီး ဇိုအန်က ပြောလိုက်၏။ “အဲဒါတော့ ဟုတ်တယ်။ နှစ် ၅၀ ပြည့်ပြီ ဖြစ်တဲ့အတွက် ဥပဒေအရ ပြန်ပေးရမှာ။ မဟာမိတ်ခေါင်းဆောင် အနေနဲ့ တရားမျှတမှုကို ပြသဖို့ ထောက်ခံပေးရမှာပဲ။”
“နှုတ်ကတိရရင် လုံလောက်ပါပြီ။ အဲဒါကို အသုံးပြုပြီး ဇာတ်ကမယ်။ ပြီးရင် အားလုံး အံ့ဩသွားအောင် နယ်မြေကို ပြန်ယူပြမယ်။”
ယွင်ကျုံးဟဲ့က နည်းဗျူဟာ ရှင်းပြခြင်းကို အဆုံးသတ်လိုက်သည်။ “ဒါက ကျုပ်ပြောတဲ့ ငွေမိုးရွာစေခြင်း၊ မြားတစ်စင်းဖြင့် သူရဲကောင်းနှစ်ဦးကို သတ်ခြင်း၊ ဝံပုလွေဖြင့် ကျားကို တိုက်ခြင်း၊ ကောင်းကင်ဘုံကို အာခံခြင်းဆိုတဲ့ အဆင့် ၄ ဆင့်ပါပဲ။”
အားလုံး အံ့ဩနေကြသည်။
.................
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... ကျုပ် အစီအစဉ်ကို ဘယ်လို မြင်လဲ။”
ကျင်းကျုံးယွဲ့ မဖြေခင် ဆရာကြီး ဇိုအန်က ဝင်ပြောလိုက်သည်။ “ထူးခြားတယ်။ ရဲရင့်တယ်။ ဒါပေမဲ့ အဆင့်တိုင်းမှာ အန္တရာယ်တွေ ရှိနေတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ အန္တရာယ် ရှိပါတယ်။ ဒါပေမဲ့ အောင်မြင်ရင် အကျိုးမြတ်က ၁၀ ဆလောက် ပြန်ရမယ်။”
လန်ပိက ပြောဆိုလိုက်သည်။ “ကျွန်မ အမြင်အရတော့ ဒီ ၄ ဆင့်လုံး မဖြစ်နိုင်ဘူး။ ပထမအဆင့် ငွေရှာတာကအစ မဖြစ်နိုင်ဘူး။”
ကျင်းကျုံးယွဲ့လည်း သဘောတူသည်။ သို့ပေမည့် စိတ်ဝင်စားနေမိသည်။
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “သခင်မ... သီးသန့် စကားပြောလို့ ရမလား။”
ရိုင်းစိုင်းသော တောင်းဆိုမှု ဖြစ်သော်လည်း ကျင်းကျုံးယွဲ့ ခေါင်းညိတ်လိုက်သည်။
“သခင်မ ဆန္ဒရှိသလို လုပ်ပါ။” ဆရာကြီး ဇိုအန်က ခွင့်ပြုလိုက်၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “လိုက်ခဲ့။”
ကျင်းကျုံးယွဲ့၏ အိပ်ခန်းသည် ရဲတိုက်တစ်ခုလုံးတွင် အလှပဆုံး နေရာဖြစ်သည်။ ‘တကယ့် ဖြုန်းတီးသူပဲ။ တစ်နှစ်နေမှ တစ်ခါလာတာကို ဒီလောက် ပြင်ဆင်ထားစရာ လိုလို့လား။’
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ယွင်အောက်ထျန်း... ဒီအစီအစဉ်က တစ်ဆင့်ပြီး တစ်ဆင့် ဆက်စပ်နေတယ်။ တစ်ဆင့်မှားရင် အကုန် မှားသွားမယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျွန်မ အမြင်အရတော့ တစ်ဆင့်မှ မဖြစ်နိုင်ဘူး။ ပထမအဆင့် ငွေ ၂ သန်း လောက်ကို ၂ လ အတွင်း ရှာမယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မ... ဘယ်လောက် လိုသေးလဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “စစ်စရိတ်၊ လစာ၊ အသုံးစရိတ်တွေ ဖယ်လိုက်ရင် ဘာမှ မကျန်တော့ဘူး။ ၁ သန်းလောက် လိုနေတယ်။”
“သောက်ကျိုးနည်း....”
ယွင်ကျုံးဟဲ့ ညည်းတွားလိုက်မိသည်။ “ဆိုလိုတာက သခင်မ လက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူးပေါ့။”
“ဟုတ်တယ်။” ကျင်းကျုံးယွဲ့က မရှက်မကြောက် ဝန်ခံလိုက်၏။
ယွင်ကျုံးဟဲ့ ရေရွတ်လိုက်သည်။ “တကယ့်ကို ဖြုန်းတီးတာပဲ။”
ကျင်းကျုံးယွဲ့ ဒေါသထွက်သွားသော်လည်း ပြန်မပြောနိုင်ပေ။ မှန်နေသောကြောင့်ပင်။
သူမသည် နံရံပေါ်ရှိ ပင်လယ်လှိုင်းသံ နားဆင်ခြင်း ဆိုသော ပန်းချီကားကို လှည့်ကြည့်နေလိုက်သည်။
တကယ်တမ်း ပုံမှန် အခြေအနေ ဆိုလျှင် ပြဿနာ မရှိပေ။ ဆားရောင်းရငွေ ဝင်လာလျှင် အဆင်ပြေသွားမှာ ဖြစ်၏။ သို့ပေမည့် ယခု ဆားရောင်း၍ မရတော့ချေ။
“ကိစ္စမရှိပါဘူး။ ခင်ဗျားယောကျ်ားက ရှာပေးပါ့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ကျင်းကျုံးယွဲ့ မျက်နှာ ရှုံ့မဲ့သွားသည်။ ‘လက်မထပ်ရသေးခင် အမြတ်ထုတ်နေတာလား။ ဒါပေမဲ့ အရေးကြီးတဲ့ အချိန်မို့လို့ ခွင့်လွှတ်လိုက်မယ်။’
“၂ လ အတွင်း ၁ သန်း ရှာရမှာ မဟုတ်လား။ ရတယ်။ ရှာပေးမယ်။” ယွင်ကျုံးဟဲ့က အာမခံလိုက်၏။
“ယွင်အောက်ထျန်း... ဒါ နောက်စရာ မဟုတ်ဘူးနော်။”
ကျင်းကျုံးယွဲ့က မယုံကြည်နိုင်သလို ပြောလိုက်သည်။ “၁ သန်း ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး။ လေခွင်းမြို့ တစ်နှစ်ဝင်ငွေတောင် အဲဒီလောက် မရှိဘူး။”
“ကျုပ် စစ်ကတိ ပေးပါ့မယ်။ ၂ လ အတွင်း မရှာနိုင်ရင် ခေါင်းဖြတ်သတ်လိုက်ပါ။ ဒါဆို ခင်ဗျား ကျုပ်ကို လက်မထပ်ရတော့ဘူးပေါ့။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ကျင်းကျုံးယွဲ့က စိတ်ဝင်စားသွားသည်။ “ဘယ်လို ရှာမှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “နားနား ကပ်ခဲ့။”
ကျင်းကျုံးယွဲ့က အနား တိုးကပ်ပေးလိုက်သည်။
‘နားရွက်လေးက သိပ်လှတာပဲ။ ကိုက်စားချင်စရာလေး။ နမ်းလိုက်ရင်တော့ သွား ၁၀ ချောင်းလောက် ကျိုးသွားမှာ သေချာတယ်။’
ယွင်ကျုံးဟဲ့သည် တီးတိုး ရှင်းပြလိုက်၏။
ကျင်းကျုံးယွဲ့ မျက်လုံး ပြူးသွားသည်။ “ရှင့်နည်းလမ်းက... ညစ်ပတ်လိုက်တာ။ ယုတ်မာလိုက်တာ။”
ယွင်ကျုံးဟဲ့က ပခုံးတွန့်လိုက်မိ၏။ “ပြဿနာ ရှိလား။”
ကျင်းကျုံးယွဲ့က ခေါင်းခါလိုက်သည်။ “မရှိပါဘူး။ ဒါပေမဲ့ တကယ် ရနိုင်မလား။”
ယွင်ကျုံးဟဲ့က အာမခံလိုက်၏။ “ရနိုင်တာပေါ့။ နှစ်တိုင်း ဝင်ငွေရနေအုံးမှာ။ ဆားတွင်းထက်တောင် ပိုရအုံးမယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ပထမအဆင့် အောင်မြင်တယ် ထားလိုက်တော့။ ဒုတိယအဆင့်... စာချုပ် ပျောက်သွားအောင် လုပ်မယ် ဆိုတာ သေချာလား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။ “သေချာပါတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘယ်လောက် သေချာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “၈၀၊ ၉၀ ရာခိုင်နှုန်းလောက်။ ပြန်ရောက်ရင် သရုပ်ပြပါမယ်။”
ကျင်ကျုံးယွဲ့က မယုံမရဲ ဖြစ်လို့နေသည်။ “ကောင်းပြီ။ တတိယအဆင့်... ကျင်းဝူပြန်းနဲ့ ထန်ထိုင်ဖူဖင်း လက်ထပ်ဖို့ ကိစ္စ... ဒါက တော်တော် ခက်မယ် ထင်တယ်။”
ယွင်ကျုံးဟဲ့က သဘောတူဟန်ဖြင့် ပြောလိုက်၏။ “ကျုပ်လည်း ထင်ပါတယ်။”
ကျင်းကျုံးယွဲ့က အကြံပေးလိုက်သည်။ “ရှင်သာ ဆိုရင် ပိုဖြစ်နိုင်အုံးမယ်။”
ယွင်ကျုံးဟဲ့က မြူစွယ်သည့် လေ့သံဖြင့် ပြောလိုက်၏။ “မရပါဘူး။ ကျုပ်က ခင်ဗျားအတွက်ပဲ သီးသန့်လေ။”
ကျင်းကျုံးယွဲ့ မကြားချင်ယောင် ဆောင်လိုက်သည်။ “ဘယ်လောက် သေချာလဲ။”
ယွင်ကျုံးဟဲ့ အစီအစဉ်ကို ရှင်းပြလိုက်၏။ “၆၀ ရာခိုင်နှုန်းလောက်ပဲ သေချာတယ်။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “မဆိုးပါဘူး။ ကျွန်မ ဆိုရင် ၄၀၊ ၅၀ ရာခိုင်နှုန်း ဆိုရင် စွန့်စားရဲပြီ။ စတုတ္ထအဆင့်... နယ်မြေပြန်ယူဖို့က ဘယ်လောက် သေချာလဲ။”
ယွင်ကျုံးဟဲ့က ယုံကြည်ချက် အပြည့်ရှိသည့် လေသံဖြင့် ဖြေလိုက်၏။ “၉၅ ရာခိုင်နှုန်း။”
“ဒီလောက် များတာလား။” ကျင်းကျုံးယွဲ့ အံ့ဩသွားသည်။
ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။ “နားနား ကပ်ခဲ့အုံး။”
ဤတစ်ကြိမ်မှာတော့ ၃ မိနစ်လောက် ကြာသည်။
ကျင်းကျုံးယွဲ့ ပိုမို၍ အံ့ဩသွား၏။ “ရူးသွပ်လွန်းတယ်။ မယုံနိုင်စရာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မရူးသွပ်ရင် မော့မျိုးနွယ်စုက ဘယ်ယုံမလဲ။ ထန်ထိုင်မျိုးနွယ်စုက ဘယ်လက်ခံမလဲ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင် သိုင်းတတ်လို့လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မတတ်ပါဘူး။ ကြက်တောင် မသတ်တတ်ပါဘူး။ ဒါပေမဲ့ မော့ချိုကို နိုင်မယ့် နည်းလမ်း ရှိပါတယ်။”
ကျင်းကျုံးဟဲ့က ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။ “ရှင် ပြောတဲ့ လက်ခြောက်ချောင်း ဂီတသမား ဘီသိုဗင်ဆိုတာ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်သည်။ “အခု ကြားဖူးသွားပြီလေ။”
ကျင်းကျုံးယွဲ့ ယုံရခက်နေဆဲ ဖြစ်လို့နေ၏။ သူမ၏ မျက်နှာလေးက ယွင်ကျုံးဟဲ့နှင့် အရမ်း နီးကပ်နေပြီး ကြည်လင်လှပသော နားရွက်လေးက နှုတ်ခမ်းနား ရောက်နေ၏။
‘ဆွဲဆောင်မှု ရှိလွန်းတယ်။’
ရုတ်တရက် ယွင်ကျုံးဟဲ့ စိတ်လွတ်သွား၏။ မထင်မှတ်ဘဲ ကျင်းကျုံးယွဲ့၏ နားရွက်လေးကို နမ်းလိုက်မိတော့သည်။
***