သို့ပေမည့် နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့၏ နှုတ်ခမ်းသည် ကျင်းကျုံးယွဲ့၏ နူးညံ့သော နားရွက်လေးကို ထိတွေ့ခြင်း မရှိဘဲ အေးစက်စက် အရာတစ်ခုနှင့် ထိတွေ့သွား၏။
ထက်မြက်သော ဓားသွား ဖြစ်သည်။ တစ်စင်တီမီတာလောက် ထပ်တိုးလိုက်ပါက သူ့နှုတ်ခမ်း လေးစိတ် ကွဲသွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့သည် အနောက်သို့ အမြန်ဆုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “သခင်မ... စိတ်မရှိပါနဲ့။ လေထုက လေးလံလွန်းနေလို့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် စလိုက်တာပါ။”
‘လေထုလေးလံနေလို့ ကျွန်မကို လာစော်ကားတာလား။ ရှင်က အသုံးဝင်နေလို့သာပေါ့။ မဟုတ်ရင် နံရိုးကျိုးအောင် ရိုက်ပြီးပြီ။’
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။ “ယွင်အောက်ထျန်း... ရှင် ဒီအတိုင်း ဆက်လုပ်နေရင် မော့ချို သတ်တာ မခံရခင် ကျွန်မလက်သီးနဲ့ သေသွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးမြန်းလိုက်သည်။ “ဘာလို့ လက်သီးနဲ့ သတ်မှာလဲ။ ဓားနဲ့ မသတ်ဘူးလား။ ဒါမှမဟုတ် ညှစ်သတ်မှာလား။”
ကျင်းကျုံးယွဲ့၏ လှပသော မျက်နှာလေး ရှုံ့မဲ့သွား၏။ ညာလက်သီးက ယားယံလာပြီး ဤလူ့ကို ရိုက်သတ်ချင်စိတ် ပေါက်လာသည်။ သို့ပေမည့် သူမ၏ ဘယ်လက်က ညာလက်ကို ဖမ်းဆုပ်ထားလိုက်၏။
‘ဒီကောင်က အရမ်း နုနယ်တယ်။ တစ်ချက်ရိုက်လိုက်ရင် သေသွားလိမ့်မယ်။ သေသွားရင် ဘယ်သူ့ကို သုံးရမလဲ။’
.................
စာကြည့်ခန်းထဲသို့ ပြန်ရောက်လာကြသည်။ မိုးလင်းရန် တစ်နာရီခန့်သာ လိုတော့သည်။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဆရာကြီး၊ လန်ပိ... ရှင်တို့နှစ်ယောက် ဘယ်လို သဘောရလဲ။ ဒီကပ်ဘေးကို ကျော်လွှားဖို့ ပိုကောင်းတဲ့ နည်းလမ်း ရှိမလား။ ယွင်အောက်ထျန်းရဲ့ အစီအစဉ်ကို လက်ခံမလား။”
လန်ပိက ဖြေလိုက်သည်။ “အရမ်း အန္တရာယ်များတယ်။ ယွင်အောက်ထျန်းရဲ့ အစီအစဉ်က ကောင်းပေမဲ့ စွန့်စားရလွန်းတယ်။ အဆင့်တိုင်းက ခက်ခဲလွန်းတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဆရာကြီး ဇိုအန် ဘယ်လို ထင်လဲ။”
ဆရာကြီး ဇိုအန်က ပြောဆိုလိုက်သည်။ “သခင်မ... ယွင်အောက်ထျန်းရဲ့ အစီအစဉ်က တကယ့်ကို ထူးခြား ပြောင်မြောက်ပါတယ်။ ဒါပေမဲ့ တတိယအဆင့်နဲ့ စတုတ္ထအဆင့်ကိုတော့ မျှော်လင့်ချက် သိပ်မထားဘူး။ မဖြစ်နိုင်ဘူးလို့ ထင်တယ်။”
ကျင်းကျုံးယွဲ့က စကားထောက်ပေးလိုက်၏။ “ပြီးတော့ရော။”
ဆရာကြီး ဇိုအန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့် အောင်မြင်ရင်တောင် ကျုပ်တို့ အသက်ရှင်ခွင့် ရမယ်။ အနည်းဆုံးတော့ ဒီကပ်ဘေးက လွတ်မြောက်နိုင်မယ်။”
လက်တွေ့ကျသော စကားဖြစ်သည်။ တစ်ဝက်အောင်မြင်လျှင်ပင် တန်၏။
ကျင်းကျုံးယွဲ့က ပြောဆိုလိုက်သည်။ “နားလည်ပါပြီ။”
ဆရာကြီး ဇိုအန်က ဆက်လက် အကြံပြုလိုက်၏။ “ခေါင်းဆောင်ကောင်း ဆိုတာ ဆုံးဖြတ်ချက် ခိုင်မာရတယ်။ မနက်ဖြန်ကျရင် ပြောင်းလဲမယ် ဆိုတာမျိုး မလုပ်ရဘူး။ ဒီလမ်းကြောင်းကို ရွေးချယ်လိုက်ပြီ ဆိုရင် အဆုံးထိ လျှောက်ရမယ်။ အရင်းအမြစ် အားလုံးကို ပုံအောသုံးရမယ်။ နောက်ဆုတ်လို့ မရတော့ဘူး။”
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်သကဲ့သို့ပင်။ ဆုံးဖြတ်ပြီးလျှင် နောက်ဆုတ်၍ မရတော့ပေ။
ဆရာကြီး ဇိုအန်က ထပ်ပြောလိုက်သည်။ “ယွင်အောက်ထျန်းရဲ့ အစီအစဉ်က ကောင်းပါတယ်။ ပါရမီရှင် အတွေးအခေါ်ပါပဲ။ တစ်ခုပဲ ရှိတယ်။ အရမ်း ခက်ခဲတယ်။ အရမ်း အန္တရာယ်များတယ်။ ကျရှုံးရင် လေခွင်းချိုင့်ဝှမ်း ပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ လောကမှာ အန္တရာယ်ကင်းတဲ့ အစီအစဉ် ဆိုတာမှ မရှိတာ။ သခင်မ ဆုံးဖြတ်ပါတော့။”
အားလုံးက ကျင်းကျုံးယွဲ့ကို ဝိုင်းကြည့်နေကြ၏။
ဆုံးဖြတ်ချက် ချရန် ခက်ခဲလှသည်။ စွန့်စားရလွန်းသည်။
ကျင်းကျုံးယွဲ့ စကားမပြောဘဲ လသာဆောင်သို့ ထွက်သွား၏။
အပြင်ဘက်တွင် မိုးစင်စင် လင်းနေပြီ ဖြစ်သော်လည်း မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် ဘာမှ မမြင်ရပေ။ လေခွင်းချိုင့်ဝှမ်း၏ အနာဂတ်ကဲ့သို့ပင် ဝေဝါးနေသည်။
ကျင်းကျုံးယွဲ့သည် ငြိမ်သက်စွာ ရပ်နေ၏။ နှင်းရည်များက သူမ၏ မျက်တောင်နှင့် ဆံနွယ်များကို စိုစွတ် စေသည်။ လှပသော မျက်လုံးများတွင် နှင်းရည်စက်များ တွဲခိုနေ၏။
ခဏအကြာတွင် နေရောင်ခြည်က မြူခိုးများကို ဖောက်ထွင်းပြီး တောင်ထိပ်ပေါ်သို့ ကျရောက်လာသည်။
ကျင်းကျုံးယွဲ့သည် နေရောင်ခြည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စာကြည့်ခန်းထဲသို့ ပြန်ဝင်လာကာ ပြောလိုက်၏။
“ဆုံးဖြတ်လိုက်ပြီ။ ယွင်အောက်ထျန်းရဲ့ ရူးသွပ်တဲ့ အစီအစဉ်ကို လုပ်မယ်။ ဆရာကြီး ဇိုအန်က ခေါင်းဆောင်၊ ယွင်အောက်ထျန်းက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူပါ။ လေခွင်းချိုင့်ဝှမ်းရဲ့ အရင်းအမြစ် အားလုံးကို အသုံးပြုခွင့် ပေးတယ်။ မော့မျိုးနွယ်စု၊ ထန်ထိုင်မျိုးနွယ်စုနဲ့ ဆွေးနွေးညှိနှိုင်းခွင့် ပေးတယ်။”
“အမိန့်တော်အတိုင်းပါ။” ၃ ဦးစလုံးက ဦးညွှတ်လိုက်ကြသည်။
“ပြင်ဆင်ကြ။ လေခွင်းမြို့ကို ပြန်မယ်။ တိုက်ပွဲ စပြီ။” ကျင်းကျုံးယွဲ့က ပြောဆိုပြီး ထွက်ခွာသွား၏။
လန်ပိလည်း လိုက်ပါသွားသည်။
“ယွင်အောက်ထျန်း... သိမ်းဆည်းစရာ ရှိလား။” ဆရာကြီး ဇိုအန်က မေးမြန်းလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မရှိပါဘူး။ ကျုပ် ပိုင်ဆိုင်မှုက ဒီရုပ်ရည်နဲ့ ဉာဏ်ပညာပါပဲ။ ကိုယ်နဲ့အတူ ပါလာပြီးသားပါ။”
ဆရာကြီး ဇိုအန် ကြက်သီးထသွား၏။ “ကောင်းပြီ။ စကားနည်းနည်း ပြောရအောင်။”
“ကောင်းပါပြီ။”
ဆရာကြီး ဇိုအန်က ပြောလိုက်သည်။ “ယွင်အောက်ထျန်း... သခင်မက ကျုပ်ကို ခေါင်းဆောင်၊ ခင်ဗျားကို ဒုတိယခေါင်းဆောင် ခန့်တာ စိတ်မခုပါနဲ့။ ဒါက ခင်ဗျားကို ကာကွယ်ပေးတာပါ။ ကျုပ်က ခင်ဗျားအစား ခံပေးရမယ့်သူပါ။”
ယွင်ကျုံးဟဲ့ နားလည်၏။ အစီအစဉ်အရ ဆိုလျှင် စာချုပ်များ ချုပ်ရပေမည်။ ထိုအရာများက သိက္ခာကျစရာ၊ အရှက်ရစရာများ ဖြစ်လာပြီး လူများက ဝိုင်းဆဲကြပေမည်။ ဆရာကြီး ဇိုအန်က ထိုဒဏ်ကို ခံယူပေးမည့် သဘောဖြစ်၏။
“ကျုပ်က အသက်ကြီးပြီ။ ရောဂါလည်း ရှိတယ်။ ခင်ဗျားက ငယ်သေးတယ်။ သခင်မကို နှစ်ပေါင်းများစွာ ကူညီရအုံးမယ်။”
ဆရာကြီးက ဆက်ပြောသည်။ “ဒါနဲ့။ ကျုပ်နဲ့ သခင်ကြီး (ကျင်းအဲ့) ဘယ်လို ပတ်သက်လဲ သိလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မသိပါဘူး။”
ဆရာကြီး ဇိုအန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အန်းမျိုးနွယ်စုက လေခွင်းမြို့ကို သိမ်းပိုက်လိုက်တုန်းက သခင်ကြီး ထွက်ပြေး လာရတယ်။ သူက ငယ်သေးတယ်။ ဒဏ်ရာတွေနဲ့ သေလုမျောပါး ဖြစ်နေတုန်း ကျုပ်မိဘတွေက ကယ်တင်ခဲ့တာ။ ဒါကြောင့် သူက ကျုပ်အဖေကို မွေးစားအဖေ၊ ကျုပ်ကို အစ်ကိုလို့ ခေါ်တယ်။”
‘ဒါကြောင့် ကျင်းကျုံးယွဲ့က သူ့ကို ယုံကြည်တာကိုး။ မိသားစုဝင်လို ဖြစ်နေတာပဲ။’
“ကျုပ်မှာ သားသမီး မရှိဘူး။ ဒါကြောင့် ယွဲ့လေး (ကျင်းကျုံးယွဲ့) နဲ့ ဝူပြန်းလေး (ကျင်းဝူပြန်း) ကို သားသမီး အရင်းလို သဘောထားတယ်။ သခင်ကြီး လေဖြတ်သွားတော့ ယွဲ့လေးက တာဝန်ယူလိုက်ရတယ်။ ဝူပြန်းလေးက အသုံးမကျဘူးလေ။ ယွဲ့လေးက မိန်းကလေး ဖြစ်ပေမဲ့ ဒီဝန်ကို ထမ်းထားရတယ်။ ပိုင်ရှင်မဲ့ နယ်မြေ ဆိုတာ ကျားရိုင်းတောလိုပဲ။ ကျုပ် အသက်ပေးပြီး ကာကွယ်ရမယ်။”
ဆရာကြီး ဇိုအန်က ဆက်ပြောလိုက်၏။ “ယွင်အောက်ထျန်း... ခင်ဗျားက ပါရမီရှင်ပဲ။ နောက်နောင် ကျုပ်တို့တွေ ညီညီညွတ်ညွတ်နဲ့ သခင်မကို ကူညီကြရအောင်။ ကျုပ်က သိပ်မနေရတော့ဘူး။ အနာဂတ်က ခင်ဗျား လက်ထဲမှာပဲ ရှိတယ်။”
ယွင်ကျုံးဟဲ့ ဦးညွှတ်လိုက်သည်။ “ဆရာကြီးရဲ့ စကားကို မှတ်သားထားပါ့မယ်။ ဒါနဲ့ ဆရာကြီး... မေးစရာ တစ်ခု ရှိတယ်။”
ဆရာကြီး ဇိုအန်က ခေါင်းညိတ်လိုက်၏။ “မေးပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မနဲ့ သူ့အမေ လေခွင်းကတော်က ဆက်ဆံရေး မကောင်းဘူး မဟုတ်လား။”
ဆရာကြီးက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
“ဘာဖြစ်လို့လဲ။”
“သူတို့က သားအမိအရင်းမှ မဟုတ်တာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆိုရင် သခင်မရဲ့ အိမ်ထောင်ရေးကိစ္စမှာ ဆရာကြီးရဲ့ သဘောထားက အရေးကြီးတာပေါ့။ သခင်ကြီး လေဖြတ်နေတော့ ဆရာကြီးက အဖေနေရာ ရောက်နေတာပေါ့။”
ဆရာကြီး ဇိုအန် တုန်ယင်သွား၏။ “ဘာသဘောနဲ့ မေးတာလဲ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်သည်။ “ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ နောင်တစ်ချိန်ကျရင် ကျုပ် သခင်မကို လက်ထပ်ချင်တယ်။ ဆရာကြီး ကူညီပေးပါ။ ဆရာကြီး သဘောတူရင် အခုတည်းက ယောက္ခထီးလို့ ခေါ်လို့ ရမလား။ ဂါရဝပြုပါတယ် ယောက္ခထီး...။”
ဆရာကြီး ဇိုအန် တုန်တုန်ယင်ယင် ဖြစ်သွား၏။ စကားမပြောနိုင်တော့ပေ။ ဤကဲ့သို့သောလူမျိုးက သခင်မကို ကူညီနိုင်ပါ့မည်လား။
ကျင်းကျုံးယွဲ့နှင့် အဖွဲ့သည် နေ့ရောညပါ ခရီးနှင်ပြီး တစ်ရက်နှင့် တစ်ညအကြာတွင် လေခွင်းမြို့သို့ ပြန်လည် ရောက်ရှိလာကြသည်။
လေခွင်းမြို့တွင် ကောလာဟလများ ပြန့်နှံ့နေပြီ ဖြစ်သည်။ ပိုင်ယင်ဆားတွင်းကိစ္စသည် လူထုကြားတွင် ပျံ့နှံ့လျက်ရှိပြီး ကောလာဟလများကြောင့် ပိုမိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေ၏။
သေဆုံးသူအရေအတွက်မှာ ၂,၀၀၀ မှ ၁၀,၀၀၀ ထိ ရှိလာကြောင်းနှင့် အဆိပ်သင့်သူပေါင်း ထောင်ချီ ရှိနေကြောင်း သတင်းများကြောင့် လေခွင်းမြို့ရှိ ဆားဆိုင်များအားလုံး ပိတ်သိမ်းသွားခဲ့သည်။
ပြည်သူများမှာ ဟင်းချက်ရာတွင် ဆားမထည့်ရဲကြတော့ဘဲ စားသောက်ဆိုင်များလည်း ခြောက်ကပ်သွားရာ တက်ကြွစည်ကားခဲ့သော မြို့ကြီးမှာ ယခုအခါ တိတ်ဆိတ်ခြောက်ခြားဖွယ်ရာ ဖြစ်နေတော့၏။
“ကြားပြီးပြီလား။ မဟာမိတ်တပ် ၁ သောင်းက ပိုင်ယင်နယ်မြေကို သိမ်းပိုက်လိုက်ပြီတဲ့။ လေခွင်းချိုင့်ဝှမ်းကို ပိတ်ဆို့အရေးယူတော့မယ်တဲ့။”
“ဒါတင် ဘယ်ကမလဲ။ သခင်မကို ရာထူးက ဖြုတ်ချတော့မယ်တဲ့။”
“မဟာမိတ်တပ်တွေက လေခွင်းမြို့နား ရောက်နေပြီတဲ့။ မကြာခင် ဝင်သိမ်းတော့မယ်တဲ့။”
“ခေတ်ပျက်တော့မယ်။ ခေတ်ပျက်တော့မယ်။”
တစ်ချိန်က စည်ကားခဲ့သော မြို့ကြီးမှာ မဟာမိတ်အဖွဲ့များ မရောက်လာမီတည်းက စိုးရိမ်စိတ်များဖြင့် ဝါးမျိုခံထားရပြီး တိတ်ဆိတ်ခြောက်ခြားဖွယ်ရာ မြို့ပျက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။
ကျင်းကျုံးယွဲ့မြို့စားအိမ်တော်သို့ ရောက်ချိန်မှာတော့ အရာရှိများ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ အစည်းအဝေး လုပ်ရတော့မည်။
သို့ပေမည့် ကျင်းကျုံးယွဲ့က ချက်ချင်း မဝင်ဘဲ ရေချိုး၊ အဝတ်အစားလဲပြီးမှ ထွက်လာသည်။ ၁ နာရီကျော် ကြာသွားသည်။
“သခင်မကို ဂါရဝပြုပါတယ်။” အရာရှိ ၂၀ ခန့် ဦးညွှတ်လိုက်ကြ၏။
“သခင်မ... မဟာမိတ်အဖွဲ့က စာပို့လာပါတယ်။ မနက်ဖြန် စုံစမ်းစစ်ဆေးရေး အဖွဲ့ ရောက်လာမယ်။ ဒီတစ်ခါတော့ စုံစမ်းတာ မဟုတ်ဘဲ အရေးယူဖို့ လာတာလို့ ပြောပါတယ်။ သူတို့နဲ့အတူ စစ်သည် ၁၀၀၀ ပါလာပါတယ်။”
“မဟာမိတ်တပ်တွေ စုရုံးနေပါပြီ။ လေခွင်းချိုင့်ဝှမ်းဘက် ဦးတည်နေပါတယ်။ အင်အား ၁ သောင်းကျော် ရှိပါတယ်။ တိုးလာဖို့လည်း ရှိပါတယ်။”
“တောင်ပိုင်းကျိုးအင်ပါယာ၊ တာယင်အင်ပါယာ၊ တာလျန်နိုင်ငံတို့ကလည်း သံတမန်တွေ လွှတ်ပြီး ကန့်ကွက် ရှုတ်ချ ကြတော့မယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မယ်လို့ ပြောနေကြပါတယ်။”
“ရောင်းပြီးသား ဆားတွေကို ပြန်ပို့နေကြပါပြီ။ ဆားကုန်သည် ၂၃ ဦးက ငွေပြန်အမ်းခိုင်းပြီး လျော်ကြေး တောင်းနေပါတယ်။”
“၄ ရက်အတွင်းမြို့ထဲမှာ အဆိပ်သင့်သေဆုံးမှု ၅ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။ ဒါက ရောချပြီး လုပ်ကြံတာ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေ ထိတ်လန့်နေကြပါတယ်။ ဆားဆိုင်တွေ ပိတ်ကုန်ပါပြီ။”
“စီးပွားရေး လုပ်ငန်း ၁၅၀ ကျော်မြို့က ထွက်ခွာသွားကြပါပြီ။”
အရာရှိများက ဝိုင်းဝန်းကာ ပြောလိုက်ကြ၏။
သတင်းဆိုးတွေချည်း ဖြစ်နေသည်။ မီးလောင်ရာ လေပင့်သလိုပင်။
အရာရှိ တစ်ဦးက မေးလိုက်၏။ “သခင်မ... ဘယ်လို လုပ်ကြမလဲ။”
ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောဆိုလိုက်သည်။ “လာမယ့်ဘေး ပြေးတွေ့ရမှာပေါ့။ မဟာမိတ်အဖွဲ့က မနက်ဖြန် ရောက်မယ် မဟုတ်လား။”
အရာရှိ တစ်ဦးက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ မိုင် ၁၀၀ အကွာမှာ ရောက်နေပါပြီ။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အမိန့် ထုတ်ပြန်လိုက်မယ်။ ဆရာကြီး ဇိုအန်ကို ဆွေးနွေးပွဲ ခေါင်းဆောင်၊ ကျင်ယီဝေ တတိယ တပ်မှူးချုပ် ယွင်အောက်ထျန်းကို ဒုတိယခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်။ သူတို့နှစ်ယောက်က ဒီအကျပ်အတည်းကို တာဝန်ယူ ဖြေရှင်းလိမ့်မယ်။ ဌာနဆိုင်ရာ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ်။”
အားလုံး အံ့ဩသွားကြ၏။ ‘ဆရာကြီး ဇိုအန်ကတော့ ထားပါတော့။ ယွင်အောက်ထျန်းက ဘာမို့လို့လဲ။ လမ်းဘေးက သူတောင်းစားလေ။ သခင်မ ရူးသွားပြီလား။ လေခွင်းမြို့ ပျက်စီးတော့မယ် ဆိုတာ သိရက်နဲ့ ပိုပြီး မြန်မြန်ပျက်စီးအောင် လုပ်နေတာလား။’
“သခင်မ... ပြန်စဉ်းစားပေးပါအုံး။”
“ပြန်စဉ်းစားပေးပါအုံး။”
အရာရှိ ၂၀ လုံး ဒူးထောက်လိုက်ကြသည်။
“ယွင်အောက်ထျန်းက ကလေကချေပါ။ တာဝန်ကြီး မပေးသင့်ပါဘူး။”
“အခြေအနေက စိုးရိမ်ရပါတယ်။ မှားလို့ မဖြစ်ပါဘူး။ အရူးတစ်ယောက်ကို တာဝန်မပေးပါနဲ့။”
“ဒီလူက အသုံးမကျပါဘူး။”
ကျင်းကျုံးယွဲ့က ပြတ်သားစွာ ပြောဆိုလိုက်၏။ “ဆုံးဖြတ်ပြီးပြီ။ ဆရာကြီး၊ ယွင်အောက်ထျန်း... ပြင်ဆင်ကြ။ မနက်ဖြန် တိုက်ပွဲ စမယ်။”
ဆရာကြီး ဇိုအန်က ဦးညွှတ်လိုက်သည်။ “အစွမ်းကုန် ကြိုးစားပါ့မယ်။”
ယွင်ကျုံးဟဲ့က ဦးညွှတ်လိုက်၏။ “သခင်မအတွက် အသက်ပေး ဆောင်ရွက်ပါ့မယ်။”
ထိုစဉ် အရာရှိတစ်ဦးက အော်ဟစ်လိုက်သည်။ “သခင်မက မိုက်မဲလိုက်တာ။ လူလိမ်ကို အရေးပေးနေတယ်။ လေခွင်းမြို့တော့ ပျက်စီးပြီ။ သခင်ကြီးရေ... ကြည့်ပါအုံး။ သမီးဖြစ်သူက မြို့ကို ဖျက်ဆီးနေပါပြီ။”
ကျန်တဲ့ အရာရှိတွေလည်း လိုက်အော်ကြ၏။ “ပြန်စဉ်းစားပေးပါ သခင်မ...”
အတင်းအကျပ် ဖိအားပေးနေကြခြင်း ဖြစ်သည်။ ဦးဆောင် ကန့်ကွက်သူမှာ လက်ယာအမတ် ကုန်းဆွန်းဟဲ ဖြစ်၏။ နယ်မြေရှင်များနှင့် ရာထူးတူသော အရာရှိကြီး ဖြစ်သည်။ သခင်ကြီး လက်ထက်တည်းက ရှိခဲ့သူလည်း ဖြစ်သည်။
“သခင်မ အမိန့်မပြင်ရင် ကျုပ်တို့ မထတော့ဘူး။”
ကုန်းဆွန်းဟဲက ဦးထုပ်ကို ချွတ်လိုက်၏။ “ယွင်အောက်ထျန်းလို လူနဲ့ အတူတူ အလုပ် မလုပ်နိုင်ဘူး။ သခင်မ အမိန့်မပြင်ရင် ကျုပ် နှုတ်ထွက်မယ်။”
ဆရာကြီး ဇိုအန် ဒေါသထွက်သွားသည်။ “ခင်ဗျားတို့ ပုန်ကန်ချင်တာလား။ ယွင်အောက်ထျန်းကို ကျုပ် ကိုယ်တိုင် ရွေးချယ်ခဲ့တာ။ သူ့အရည်အချင်းကို ခင်ဗျားတို့ ဘာသိလဲ။”
ကျင်းကျုံးယွဲ့ လက်ကာပြလိုက်၏။ “နှုတ်ထွက်မယ် ဟုတ်လား။”
ကုန်းဆွန်းဟဲက ခေါင်းမော့ပြီး ပြောဆိုလိုက်သည်။ “ယွင်အောက်ထျန်းက အသေးအဖွဲ ကိစ္စလောက်ပဲ လုပ်တတ်တာပါ။ နိုင်ငံရေး ကိစ္စတွေ မလုပ်တတ်ပါဘူး။ သခင်မက မိုက်မဲလွန်းတယ်။ အမိန့်မပြင်ရင် နှုတ်ထွက်ပါမယ်။”
“ကောင်းပြီလေ။ ဖြည့်ဆည်းပေးလိုက်မယ်။”
ကျင်းကျုံးယွဲ့က အေးစက်စွာ အမိန့်ပေးလိုက်၏။ “လာကြစမ်း။ သူ့အဝတ်အစားတွေ ချွတ်၊ ကြိမ်ဒဏ် ၁၀ ချက်ပေးပြီး မြို့ပြင် မောင်းထုတ်လိုက်။”
အားလုံး တုန်လှုပ်သွားကြသည်။
စစ်သည် ၂ ဦးက ကုန်းဆွန်းဟဲကို ဆွဲထုတ်သွားကြ၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘယ်သူ နှုတ်ထွက်ချင်သေးလဲ။ ဘယ်သူ လမ်းခွဲချင်သေးလဲ။ အခု ပြော။”
လူအချို့က ဦးထုပ်များကို ချွတ်ပြီး ထွက်ခွာသွားကြသည်။ ခန်းမထဲတွင် လူ ၄ ပုံ ၁ ပုံခန့် လျော့နည်းသွား၏။
ငှက်များက မိုးရွာတော့မည်ဆိုလျှင် အသိုက်ကို စွန့်ခွာတတ်ကြသည် မဟုတ်ပါလား။
***