ဘာ…။
ဤစကားထွက်ပေါ်လာသည်နှင့် ယန်မိသားစု ခေါင်းဆောင်အပါအဝင် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားရပြီး မျက်နှာပေါ်တွင် မယုံနိုင်သော အမူအရာများ ထွက်ပေါ်လာတော့သည်။ သူတို့သည် ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ဘဲ ဤသည်မှာ အလွန်တရာ အိပ်မက်ဆန်လွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် ဤတာအိုအမည်ကို မည်သူမျှ အတုခိုးဝံ့မည် မဟုတ်ပေ။ အထူးသဖြင့် ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များဆိုလျှင် မိမိဂိုဏ်းချုပ်ကို မည်သူက အတုခိုးဝံ့ပါမည်နည်း။ ဤသည်မှာ သေလမ်းရှာခြင်းပင် မဟုတ်ပါလော။
"ဟုတ်တော့လည်း ဟုတ်ပါတယ်လေ… မင်းတို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ရတာ ဒုက္ခများမယ်ဆိုတာ ကျုပ်သိပါတယ်…"
"လမ်းခရီးမှာ မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပြီး အသေအပျောက်လည်း များနိုင်တယ်…"
"ဒါကြောင့် ကျုပ်ရဲ့ ဒီစတုတ္ထအဆင့် တောင်ပံစိမ်းမီးတောက်လင်းယုန်ကို မင်းတို့အတွက် ချန်ထားပေးခဲ့မယ်… အနီးအနားက ကျွန်းကြီးတစ်ခုဆီ ရောက်တဲ့အထိ သူက ကာကွယ်ပို့ဆောင်ပေးလိမ့်မယ်…"
ကျိုးစွေ့က လက်နောက်ပစ်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ...”
ယန်မိသားစုခေါင်းဆောင်နှင့် အခြားသူများမှာ မျက်ရည်ကျမတတ် ကျေးဇူးတင်သွားကြလေသည်။ သူတို့၏ရှေ့မှ စီနီယာပုဂ္ဂိုလ်မှာ ဤမျှအထိ သဘောထားကောင်းပြီး နောက်ဆက်တွဲ ကိစ္စရပ်အားလုံးကိုပါ စဉ်းစားပေးထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ အကယ်၍ သူတို့သာ ဤအခွင့်အရေးကို ဆုပ်ကိုင်မထားနိုင်ပါက ယန်မိသားစု ပျက်စီးသွားခြင်းမှာလည်း ထိုက်တန်ပေသည်။
မှန်ပေသည်၊ ကျိုးစွေ့သည်လည်း အကြောင်းပြချက်မရှိ ဤနေရာသို့ ရောက်လာခြင်းမဟုတ်ပေ။ အရာအားလုံးသည် ‘ကံကြမ္မာကူ’၏ လမ်းညွှန်မှုကြောင့် ဖြစ်သည်။
လွန်ခဲ့သောလေးနှစ်က သူသည် ချန်လန်ပင်လယ်ပြင်ရှိ ကျွန်းကြီးများဆီသို့ စတင်ခရီးလှည့်လည်ခဲ့၏။ ဒေသအသီးသီးရှိ ဘဝနေထိုင်မှုပုံစံများကို နားလည်သဘောပေါက်ရန်၊ လောကီလူသားများ၏ဘဝကို ဖြတ်သန်းခံစားရန်နှင့် ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းစသည်တို့ကို ခံစားသိရှိနိုင်ရန် ဖြစ်ပေသည်။
မကောင်းမှုမျိုးစုံ ကျူးလွန်ပြီး ရက်စက်ကြမ်းကြုတ်သူများကို မြင်လျှင် သတ်ပစ်လေ၏။ လူသားများ၏ ကျွန်းများကို နှိပ်စက်ဖျက်ဆီးနေသော မိစ္ဆာသားရဲများကို မြင်လျှင် သုတ်သင်ပစ်သည်။ မတရားမှုများကို ကြုံတွေ့ရပါက ဝင်ရောက်ဖြေရှင်းပေးသည်။
အချုပ်အားဖြင့်ဆိုရသော် စိတ်ကူးရှိရာ အရာအားလုံးကို စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်ကာ ကျေးဇူး၊ ကလဲ့စားများကို မိမိဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာ ပြုမူနေထိုင်ခြင်းပင် ဖြစ်လေသည်။
ဤသို့ပြုမူပြီးနောက် ကျိုးစွေ့သည် သူ၏ကိုယ်ပေါ်ရှိ ဝိညာဉ်သန္ဓေသားမျိုးစေ့မှာ အဆက်မပြတ် ကြီးထွားလာကြောင်းကို အာရုံခံမိသည်။ တံခါးပိတ်ကျင့်ကြံစဉ်ကထက် အဆပေါင်း မည်မျှပို၍ မြန်ဆန်လာကြောင်းကို သူပင်မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စများကို လုပ်ဆောင်ပြီးနောက် သူ၏တာအိုနှလုံးသားမှာ ကြည်လင်တောက်ပလာပြီး ဉာဏ်အလင်းများမှာလည်း ပွင့်လင်းလာကာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရမှုများကို ဖွင့်ထုတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ဤပင်လယ်ပြင်တွင် သူ့ကို မည်သူကမျှ အနိုင်မယူနိုင်တော့သကဲ့သို့ မည်သည့်အရာကိုမျှ အလွန်အမင်း စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။ တာအိုနှလုံးသား ကြည်လင်သွားပြီးနောက် သူ၏ကျင့်ကြံမှုမှာလည်း သဘာဝကျစွာပင် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့လေသည်။
သို့သော် ဤကိစ္စများကို ကျိုးစွေ့သည် ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ ကြုံရာကျပန်း ဝင်ရောက်စွက်ဖက်ခြင်းလည်း မဟုတ်ပေ။ အားလုံးသည် ‘ကံကြမ္မာကူ’၏လမ်းညွှန်မှုများသာ ဖြစ်လေသည်။
ဤကိစ္စများကို လုပ်ဆောင်ပြီးနောက် သူ၏ကိုယ်ပေါ်ရှိကံကြမ္မာမှာ ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။ ဤသည်မှာ ကံကြမ္မာ၏ သားတော်များကို တစ်ဦးပြီးတစ်ဦး ကယ်တင်လိုက်ခြင်းနှင့် တူညီပေသည်။ သူသည်လည်း များစွာသော ကံကြမ္မာ၏ သားတော်များအတွက် အသက်သခင်ကျေးဇူးရှင် ဖြစ်လာသည်။
ယန်မိသားစုကျွန်းသို့ ရောက်လာခြင်းမှာလည်း ထိုနည်းတူပင်။ ‘ကံကြမ္မာကူ’သည် ဤကျွန်းပေါ်တွင် ကံတရားကြီးမားသူတစ်ဦး ရှိနေကြောင်း အာရုံခံမိသဖြင့် ကျိုးစွေ့ကို ဤနေရာသို့ လာရောက်ကာ ကူညီကယ်တင်ရန် လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် ဤကံတရားကြီးမားသူသည် ရွှမ်ဟွမ်ဂိုဏ်းသို့ မလွဲမသွေ ဝင်ရောက်လာမည်သာ ဖြစ်သည်။ အကယ်၍ သူသာ ဤကိစ္စကို မလုပ်ဆောင်ခဲ့ပါက ထိုကံတရားကြီးမားသူမှာ အခြားနေရာသို့ သွားရောက်ပူးပေါင်းသွားနိုင်ပေသည်။ သို့မဟုတ် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်သွားနိုင်ချေရှိ၏။
'ဒီတစ်ယောက်လား…'
ခဏအကြာတွင် ကျိုးစွေ့သည် သူ၏စိတ်အာရုံကို လှုပ်ရှားလိုက်ရာ သူ၏နှလုံးသားမျက်လုံးစွမ်းအားမှာ တစ်ကျွန်းလုံးကို ဖုံးလွှမ်းသွားပြီး ကျွန်းပေါ်ရှိ ယန်ချန်ယွမ်ကို ချက်ချင်းရှာတွေ့သွားလေသည်။
ဤလူငယ် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူမှာ သမာရိုးကျအသွင်သာ ရှိသည်။ သို့သော် ကိုယ်ပေါ်ရှိကံကြမ္မာမှာမူ အလွန်တရာ အံ့မခန်းဖြစ်ပြီး ကံကြမ္မာရွှေနဂါးအဖြစ်ပင် ပေါင်းစည်းနေလေသည်။
တစ်နည်းဆိုရသော် ထိုသူသာ မသေဆုံးပါက အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မလွဲမသွေ ရောက်ရှိလာမည် ဖြစ်သည်။
ထိုသူသာ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်လာပါက ရွှမ်ဟွမ်ဂိုဏ်း၏ အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ထပ်မံထွက်ပေါ်လာမည်မှာ သေချာလှသည်။
'ကံကြမ္မာရဲ့သားတော်တွေ အများကြီး ထွက်ပေါ်လာတာပဲ' ဟု ကျိုးစွေ့ တွေးလိုက်မိ၏။
'တကယ်ပဲ ကပ်ဘေးကြီး ရောက်လာတဲ့အခါ လူသားကျင့်ကြံသူတွေ အများကြီး ကံကြမ္မာအထောက်အပံ့တွေ ရလာကြတာပဲ… ဒါကြောင့် ကပ်ဘေးကြီးနဲ့ ကြုံရတိုင်း ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာကြတာပေါ့… တစ်နည်းပြောရရင် ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတယ်ဆိုတာက ကပ်ဘေးကြီး မကြာခင် ရောက်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ…'
ကျိုးစွေ့သည် မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်သည်။
ဤနှစ်များအတွင်း ရွှမ်ဟွမ်ဂိုဏ်းသည် ကံကြမ္မာရွှေနဂါး ပိုင်ဆိုင်ထားသော တပည့်လေးငါးဦးခန့်ကို အနည်းဆုံး လက်ခံရရှိခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ခေတ်တစ်ခေတ်တည်းတွင် ဤမျှများပြားသောပါရမီရှင်များ မည်သို့ထွက်ပေါ်လာနိုင်မည်နည်း။
သို့သော် ယခုမူ မတူညီတော့ပေ။ ကျင့်ကြံခြင်းလောက၊ ရှေးဟောင်းမိစ္ဆာလောကနှင့် ရှေးဟောင်းသားရဲလောကတို့ ပေါင်းစည်းသွားကာ လောကသုံးခုပေါင်းစည်းသည့် အထူးကာလတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအချိန်တွင် ကျင့်ကြံခြင်းလောကသည် ကြီးမားသော အကျပ်အတည်းကြီးတစ်ခုနှင့် ကြုံတွေ့နေရ၏။ ထို့ကြောင့် ကောင်းကင်တာအိုသည် သဘာဝအတိုင်း မိမိကိုယ်ကိုယ် ကယ်တင်ရန် လူသားကျင့်ကြံသူများကို ကံကြမ္မာအထောက်အပံ့များ ပေးအပ်ကာ လူသားပါရမီရှင်များ အလျင်အမြန် ကြီးထွားလာစေရန် ကူညီပေးနေခြင်း ဖြစ်ပေသည်။
ဤသည်မှာ ခေတ်တစ်ခေတ်တွင် ပါရမီရှင်များ မကြာခဏထွက်ပေါ်လာခြင်း၏ အရေးကြီးသော အကြောင်းရင်းတစ်ခုဟု ဆိုနိုင်လေသည်။ သို့သော် ဤခေတ်ကာလသာ ပြီးဆုံးသွားပါက နောက်ဆက်တွဲ ကာလရှည်ကြာစွာ ပါရမီရှင်များ ထွက်ပေါ်လာတော့မည် မဟုတ်ပေ။ ရှည်လျားသော သာမန်ခေတ်ကာလတစ်ခုသာ ဖြတ်သန်းရပေလိမ့်မည်။ ဤသည်မှာ သဘာဝတရား၏ နိယာမပင်။
'ယန်မိသားစုကျွန်းကို ကယ်တင်ခဲ့ပြီးပြီဆိုတော့ ဒီလူက ငါ့ရွှမ်ဟွမ်ဂိုဏ်းနဲ့ ရေစက်ရှိတယ်လို့ ဆိုနိုင်တယ် နောက်ဆက်တွဲကိစ္စတွေကိုတော့ ဝင်စွက်ဖက်ဖို့ မလိုတော့ဘူး… သူ့အလိုလို ငါ့ရွှမ်ဟွမ်ဂိုဏ်းကို ရောက်လာလိမ့်မယ်…'
ဤသို့တွေးမိပြီးနောက် ကျိုးစွေ့သည် ထိုယန်မိသားစုမှ လူငယ်ကျင့်ကြံသူနှင့် စကားပြောရန် မရည်ရွယ်တော့ဘဲ ကိုယ်ခန္ဓာကိုလှုပ်ရှားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ ယန်မိသားစုကျွန်းမှ နေထိုင်သူများကို ကာကွယ်ရန် စတုတ္ထအဆင့် တောင်ပံစိမ်းမီးတောက်လင်းယုန်ကိုသာ ဤနေရာ၌ ချန်ထားရစ်ခဲ့၏။
အမှန်စင်စစ်အားဖြင့် ဤကာလများအတွင်း ကျိုးစွေ့သည် မိစ္ဆာသားရဲများကို သုတ်သင်နှိမ်နင်းရန် နေရာအနှံ့သွားရောက်ခဲ့ပြီး စတုတ္ထအဆင့် မိစ္ဆာသားရဲအမြောက်အမြားကို ယဉ်ပါးစေခဲ့ကာ ၎င်းတို့အား အိပ်မက်ဆိုးမျိုးစေ့များ စိုက်ပျိုးပေး၍ မိမိ၏ဝိညာဉ်သားရဲများအဖြစ် ပြောင်းလဲခဲ့လေသည်။
ယခုအချိန်အထိဆိုလျှင် ရွှမ်ဟွမ်ဂိုဏ်းတွင် စတုတ္ထအဆင့် ဝိညာဉ်သားရဲကောင်ရေ သောင်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။ အင်အားမှာ ယခင်ကထက် အဆပေါင်းမည်မျှအထိ တိုးတက်သွားမှန်းပင် မသိနိုင်တော့ချေ။
…………
ကျိုးစွေ့ ပျောက်ကွယ်သွားပြီးနောက်မှသာ သားရဲတစ်သောင်းတာအိုအရှင်မှာ ထပ်မံစကားပြောဝံ့လာပြီး အသိစိတ်အာရုံဖြင့် အသံလွှင့်ကာ မေးလိုက်သည်။ "ဒီလူက တကယ်ကြီး ဘယ်သူလဲ...”
"စီနီယာ... အဲဒီလူက နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဘိုးဘေးရွှမ်ဟွမ်လို့ ကြားဖူးပါတယ်…"
"ဒီစီနီယာက အခုချိန်မှာ အသက် ၃၀၀ ပဲ ရှိသေးပေမဲ့ ဝိညာဉ်သန္ဓေသားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူ ဖြစ်နေပါပြီ…"
"နတ်ဘုရားအသွင်ပြောင်းအဆင့်နဲ့ဆိုရင်လည်း သိပ်မဝေးတော့ပါဘူး…"
"ပိုပြီး အံ့သြစရာကောင်းတာက သူ့မှာ တာအိုလက်တွဲဖော်တွေ အများကြီးရှိနေတာပဲ… အဲဒီအထဲက နှစ်ယောက်ဆိုရင် ကျုပ်တို့ ချန်လန်ပင်လယ်ဒေသရဲ့ နှစ်ယောက်တည်းရှိတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူတွေလေ… ယောက်ျားကောင်းဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပေါ့...”
ယန်ချန်ယွမ်မှာ အလွန်တရာ အထင်ကြီးလေးစားနေမိတော့၏။ သူသည် ယန်မိသားစုခေါင်းဆောင်ထံမှ ဆက်စပ်သတင်းများကို ကြားသိခဲ့ရခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျိုးစွေ့သည် အလွန်တရာ နာမည်ကြီးလွန်းလှပြီး ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့်အပြင် အလှတရားတွင် ပြိုင်ဘက်ကင်းသော အမျိုးသမီးကျင့်ကြံသူများစွာကို တာအိုလက်တွဲဖော်အဖြစ် ပိုင်ဆိုင်ထားလေသည်။
ပို၍အရေးကြီးသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူနှစ်ဦးက သူ၏တာအိုလက်တွဲဖော်များ ဖြစ်နေခြင်းပင်။ ဤသည်မှာ အခြားသူများကို အကြီးအကျယ် မနာလိုဖြစ်စေသည်။
မှန်ပေသည်၊ ချန်ဇီယွင်တစ်ယောက် ကျိုးစွေ့၏တာအိုလက်တွဲဖော် ဖြစ်သွားသည့်ကိစ္စသည်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အခြားသူများ၏ အတင်းအဖျင်းပြောဆိုမှုများကို ဂရုစိုက်နေရန် မလိုအပ်ဘဲ မိမိလုပ်ချင်သည်ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပေသည်။
မည်သူကများ တစ်စုံတစ်ရာ ရဲရဲဝံ့ဝံ့ ပြောဆိုရဲမည်နည်း။ ထို့အပြင် ထိုသတင်းကို ထုတ်ပြန်လိုက်ပြီးနောက် ရွှမ်ဟွမ်ဂိုဏ်း၏နာမည်မှာ ပို၍ပင် ကျော်ကြားလာတော့သည်။
ရွှမ်ဟွမ်ဂိုဏ်းသည် ချန်လန်ပင်လယ်ဒေသ၏ အင်အားအကြီးဆုံးဂိုဏ်းကြီး ဖြစ်လာခဲ့ပြီဟု ဆိုနိုင်ပေ၏။ အခြားသော ဝိညာဉ်သန္ဓေသားအဆင့်ဂိုဏ်းများမှာမူ ရွှမ်ဟွမ်ဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများအဖြစ်သာ ရပ်တည်နိုင်တော့မည်ပုံ ပေါ်လေသည်။
"အသက်သုံးရာအရွယ်နဲ့တင် ဝိညာဉ်သန္ဓေသားအဆင့် ပြီးပြည့်စုံသွားပြီလား… ဒီလို ပါရမီရှင်မျိုးက ရှေးဟောင်းခေတ်မှာတောင် အရမ်းထူးချွန်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေမှာပဲ… ဒီခေတ်မှာ ဒီလိုလူမျိုးကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး… တကယ်ကို မယုံကြည်နိုင်လောက်အောင်ပဲ...”
သားရဲတစ်သောင်းတာအိုအရှင်သည် ဤခေတ်ကာလ၏ ကျင့်ကြံခြင်းလောကမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ရှေးဟောင်းခေတ်ကာလ၏ ခမ်းနားကြီးကျယ်သော ကျင့်ကြံခြင်းအခြေအနေများနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း၊ ယခုမြင်တွေ့လိုက်ရချိန်တွင်မူ သူသည် ဤခေတ်မှ ကျင့်ကြံသူများကို အထင်သေးမိခဲ့ပြီဟု ခံစားလိုက်ရ၏။
ကောင်းကင်နှင့် မြေကြီး၏ ပတ်ဝန်းကျင် အခြေအနေများ မတူညီတော့သော်လည်း စစ်မှန်သော ပါရမီရှင်များမှာမူ ထင်ပေါ်ကျော်ကြားလာစမြဲပင်။
၎င်းတို့သည် ပတ်ဝန်းကျင်၏ သက်ရောက်မှုကို မခံရသည့်အပြင် ပတ်ဝန်းကျင်ကိုပင် ပြောင်းလဲပစ်နိုင်ကြပေသည်။
ဤရွှမ်ဟွမ်ဘိုးဘေးမှာ မျိုးဆက်တစ်ခု၏ မဟာဆရာသခင်တစ်ဦး ဖြစ်ပေသည်။ သံသယဖြစ်စရာမလို ထိုသူသည် ကျင့်ကြံခြင်းလောက၏ သမိုင်းစာမျက်နှာတွင် အမည်တွင်ကျန်ရစ်မည့်သူ ဖြစ်၏။
အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းသာ ဆက်လက်တည်တံ့နေမည်ဆိုပါက ရွှမ်ဟွမ်ဘိုးဘေး၏ နာမည်ဂုဏ်သတင်းမှာ အနည်းဆုံး နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာရှည်စွာ တည်ရှိနေမည် ဖြစ်၏။
***