"ဒါနဲ့ ဟိုစတုတ္ထအဆင့် တောင်ပံစိမ်းမီးလင်းယုန်က ဘယ်လိုဖြစ်တာလဲ… ဒီရွှမ်ဟွမ်ဘိုးဘေးက သားရဲထိန်းကျောင်းခြင်း ပညာရပ်ကိုလည်း ကျွမ်းကျင်နေတာများလား...”
သားရဲတစ်သောင်းတာအိုအရှင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။ သားရဲထိန်းကျောင်းခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူသည် ရှေးဟောင်းခေတ်တွင် ပြိုင်ဘက်ကင်းသော သားရဲထိန်းကျောင်းခြင်းကျင့်စဉ်ကို ပိုင်ဆိုင်ခဲ့သည်။
နှမြောစရာကောင်းသည်မှာ သူသည် အလွန်အမင်း ထင်ပေါ်အောင် နေထိုင်ခဲ့ခြင်းကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအများအပြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ထိုအရာက သားရဲထိန်းကျောင်းခြင်းဂိုဏ်းကို ပျက်သုဉ်းသွားစေခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်သွားပြီးနောက် သားရဲထိန်းကျောင်းခြင်း ပညာရပ်သည် မည်သို့တိုးတက်လာခဲ့မည်ကို သူယခုအခါ အလွန်သိချင်နေမိချေသည်။
သူ၏ သားရဲထိန်းကျောင်းခြင်းဂိုဏ်းနှင့် ယှဉ်နိုင်ပါမည်လော။
"မှန်ပါတယ်… ရွှမ်ဟွမ်ဘိုးဘေးက သားရဲထိန်းကျောင်းခြင်း ဆရာသခင်တစ်ပါးလည်း ဖြစ်တယ်လို့ ကြားရတယ်...”
"လက်ရှိအချိန်အထိ ရွှမ်ဟွမ်ဂိုဏ်းတစ်ခုလုံးမှာ စတုတ္ထအဆင့် ဝိညာဉ်သားရဲကောင်ရေ တစ်သောင်းကျော်တောင် ရှိနေပြီလို့ ကြားဖူးတယ်...”
"အဲဒါတွေအားလုံးက ရွှမ်ဟွမ်ဘိုးဘေး တစ်ယောက်တည်းက နှိမ်နင်းထားတာတဲ့လေ...”
"ကောလာဟလတွေအရတော့ ရွှမ်ဟွမ်ဘိုးဘေးဟာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကို ဝိညာဉ်သားရဲတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကယ်တင်ပြောင်းလဲခြင်း ပညာရပ်တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြတယ်...”
"ဒါကြောင့်လည်း ရွှမ်ဟွမ်ဂိုဏ်းရဲ့ အင်အားက ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့လောက်အောင် ကြီးမားနေပြီး အရပ်လေးမျက်နှာကို စောင့်ကြပ်ဖို့အတွက် စတုတ္ထအဆင့် ဝိညာဉ်သားရဲကောင်ရေ တစ်သောင်းကျော်ကို အချိန်ပြည့် စေလွှတ်နိုင်တာတဲ့...”
"ဒါက ရွှမ်ဟွမ်ဂိုဏ်း အုပ်ချုပ်တဲ့ ပင်လယ်နယ်မြေကို အပြည့်အဝ လုံခြုံသွားစေပြီး ဘယ်မိစ္ဆာသားရဲကမှ ဝင်ရောက်တိုက်ခိုက်ဖို့ မရဲဝံ့တော့ဘူးလေ...”
ယန်ချန်ယွမ်က သက်ပြင်းချကာ ပြောလိုက်၏။ သူသည်လည်း ဤသတင်းများကို ယန်မိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူထံမှ ကြားသိခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် အမြဲတမ်း ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ချင်ခဲ့သည်။ နှမြောစရာကောင်းသည်မှာ ယန်မိသားစုကျွန်းနှင့် ရွှမ်ဟွမ်ဂိုဏ်းတို့သည် အလွန်တရာ ကွာဝေးလွန်းသဖြင့် ရောက်ရှိရန် လုံးဝမဖြစ်နိုင်ခြင်းပင်။
မည်သို့ပင်ဖြစ်စေ သူ၏ ကျင့်ကြံမှုအဆင့်အရဆိုလျှင် ရွှမ်ဟွမ်ကျွန်းသို့ သွားရောက်လိုပါက လမ်းတစ်ဝက်တွင်ပင် သတ်ဖြတ်ခံရမည်မှာ သေချာနေပေသည်။ သို့သော် ယခုမူ မတူညီတော့ချေ။
ထိုရွှမ်ဟွမ်ဘိုးဘေးက သူတို့ကို ကာကွယ်ပေးရန်အတွက် စတုတ္ထအဆင့် တောင်ပံစိမ်းမီးတောက်လင်းယုန်ကိုပင် စေလွှတ်ပေးခဲ့၏။ ထို့အပြင် သူတို့ကို ရွှမ်ဟွမ်ဂိုဏ်း အုပ်ချုပ်သည့် ပင်လယ်နယ်မြေသို့ လုံခြုံစွာ ပို့ဆောင်ပေးမည် ဖြစ်သည်။
ဤသည်က သူရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိသွားပြီဖြစ်ကြောင်း ကိုယ်စားပြုနေလေသည်။ သံသယဖြစ်စရာမလို ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးကြီးပင်။
"မဖြစ်နိုင်တာ… စတုတ္ထအဆင့် ဝိညာဉ်သားရဲကောင်ရေ သောင်းချီပြီး ယဉ်ပါးအောင် လုပ်နိုင်တယ်ဆိုတာ ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ...” ထိုစကားကို ကြားလိုက်ရသောအခါ သားရဲတစ်သောင်းတာအိုအရှင်မှာ ချက်ချင်းပင် ကြက်သေသေသွားပြီး လုံးဝ မယုံကြည်နိုင် ဖြစ်သွားရလေသည်။
မူလက သူသည် သားရဲထိန်းကျောင်းခြင်းဂိုဏ်း၏ ကျင့်စဉ်အပေါ် အလွန်ယုံကြည်မှုရှိခဲ့ပြီး ဤခေတ်ကာလမှ သားရဲထိန်းကျောင်းခြင်း ပညာရပ်များမှာ သူ့ကို လုံးဝယှဉ်နိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့၏။
သို့သော် ယခုမူ ရွှမ်ဟွမ်ဂိုဏ်းက စတုတ္ထအဆင့် ဝိညာဉ်သားရဲကောင်ရေ တစ်သောင်းကျော်ကို ယဉ်ပါးအောင် လုပ်ဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ရာ ဤအရေအတွက်မှာ အလွန်တရာ လွန်ကဲလွန်းလှပေသည်။
သားရဲထိန်းကျောင်းခြင်းဂိုဏ်း၏ အထွတ်အထိပ်ကာလ၌ပင်လျှင် ဤမျှအထိ နှိုင်းယှဉ်၍မရနိုင်ခဲ့ချေ။
သိသာထင်ရှားစွာပင် ဤခေတ်ကာလ၏ သားရဲထိန်းကျောင်းခြင်း ပညာရပ်မှာ ရှေးဟောင်းခေတ်ကာလက သားရဲထိန်းကျောင်းခြင်းဂိုဏ်းကိုပင် ကျော်လွန်သွားလောက်ပြီ ဖြစ်သည်။ သို့မဟုတ်ပါက ဤသို့သောအရာကို လုံးဝ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
"မသိဘူးလေ… ဒါက ရွှမ်ဟွမ်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲဟာကို...”
"ကျွန်တော်လို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် သိနိုင်မှာလဲ...” ယန်ချန်ယွမ်က ပခုံးတွန့်ကာ ပြောလိုက်၏။
"ဒီလိုဆိုမှတော့ အခွင့်အရေးရှာပြီး ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ရမှာပေါ့...”
"မင်း စိတ်ချထားလိုက်… ငါ့အကူအညီပါရင် မင်း ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ဖို့ဆိုတာ လက်ဖဝါးလှန်သလို လွယ်ကူသွားမှာပါ...” သားရဲတစ်သောင်းတာအိုအရှင်က ချက်ချင်းပင် ပြောလိုက်သည်။
သူ၏ မျက်လုံးများတွင် ရူးသွပ်လုမတတ် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး ရွှမ်ဟွမ်ဂိုဏ်းသို့ ချက်ချင်းပင် ဝင်ရောက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာကာ ရွှမ်ဟွမ်ဘိုးဘေးက မိစ္ဆာသားရဲများကို ယဉ်ပါးအောင် လုပ်ဆောင်သည့် လျှို့ဝှက်ချက်ကို သိချင်နေမိတော့၏။
အကယ်၍ ထိုလျှို့ဝှက်ချက်ကိုသာ သူသိရှိနိုင်မည်ဆိုပါက သူ၏ သားရဲထိန်းကျောင်းခြင်းတာအိုမှာ နောက်တစ်ဆင့်သို့ပင် တက်လှမ်းနိုင်လောက်ပေသည်။
"ကောင်းပါပြီ...” ထိုစကားကို ကြားလိုက်ရသောအခါ ယန်ချန်ယွမ်မှာလည်း အလွန်စိတ်လှုပ်ရှားသွားသည်။
ဤစီနီယာကြီးမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သူကောင်းကောင်းသိထားသည် မဟုတ်ပါလော။
အကယ်၍ ဤစီနီယာကြီးကသာ သူ့ကို ကူညီမည်ဆိုပါက သူရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ရေးမှာ သေချာပေါက် အောင်မြင်မည့်ကိစ္စပင် ဖြစ်လေသည်။
......
ယခုအချိန်တွင်မူ ကျိုးစွေ့သည် ဓားပျံစီးကာ ပျံသန်းလာခဲ့၏။ ကောင်းကင်ယံထက်တွင် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ အရှိန်အဟုန်မှာ ကြယ်ပျံတစ်စင်းနှယ် မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှပေသည်။
ဤတစ်ခေါက်ခရီးစဉ်၏ ခရီးပန်းတိုင်မှာ သူလူ့လောကသို့ ဝင်ရောက်လှည့်လည်ခြင်း၏ နောက်ဆုံးမှတ်တိုင်လည်း ဖြစ်၏။ ဤခရီးစဉ် ပြီးဆုံးသွားပြီးနောက်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံရတော့မည် ဖြစ်သည်။
ထိုနောက်ဆုံးမှတ်တိုင်ဆိုသည်မှာ သဘာဝကျကျ သူအစကနဦး ကူးပြောင်းရောက်ရှိလာခဲ့သည့် နေရာဖြစ်သော အင်မော်တယ်ရှားကျွန်းပင် ဖြစ်လေသည်။
ရိုးရိုးသားသားပြောရလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မတက်လှမ်းမီ သူ၏ အကြီးမားဆုံးသော နောင်တမှာ ဤကျွန်းနှင့် ပတ်သက်နေသည်ဟု သူခံစားမိ၏။
ယခင်က အင်မော်တယ်ရှားကျွန်းပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သော သွေးနတ်ဆိုးသစ်ပင်ကြောင့်သာ သူသည် မွေးရပ်မြေကို စွန့်ခွာကာ အင်မော်တယ်ရှားကျွန်းမှ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ သူ၏ အင်အားများမှာ အဆမတန် တိုးတက်လာခဲ့ပြီဖြစ်ကာ နတ်ဘုရားအသွင်ပြောင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးပင် ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
ထို့ကြောင့် ပြန်လာပြီး ဤပြဿနာကို ဖြေရှင်းရမည့်အချိန် ရောက်ပြီဟု သူခံစားမိလေသည်။ သေချာပေါက်ပင် ဤအကြိမ် လှုပ်ရှားမှုသည်လည်း အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိနေပေသည်။
မည်သို့ပင်ဖြစ်စေ ထိုသွေးနတ်ဆိုးသစ်ပင်တွင် မည်သို့သော အစွမ်းအစများ ရှိနေသည်ကို မည်သူကမျှ မသိနိုင်ချေ။ သို့သော် သူသည်လည်း အလုံးစုံ ပြင်ဆင်ထားပြီးဖြစ်ရာ အကယ်၍ တကယ်တမ်း ယှဉ်ပြိုင်၍မရနိုင်ပါက သူသည် တိုက်ရိုက်ပင် ထွက်ပြေးမည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ‘တည်နေရာပြောင်းကူ’၏ စွမ်းအားအကူအညီဖြင့်ဆိုလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ဖြစ်နေလျှင်တောင်မှ သူထွက်ခွာသွားမည်ကို တားဆီးနိုင်ရန် မတွေးထားသင့်ပေ။
ရွှစ်…။
အချိန်သိပ်မကြာလိုက်ဘဲ ကျိုးစွေ့သည် နောက်ဆုံးတွင် အင်မော်တယ်ရှားကျွန်းသို့ ရောက်ရှိသွားလေသည်။
"ဒါက...”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ အဝေးရှိ အင်မော်တယ်ရှားကျွန်းဆီသို့ လှမ်းကြည့်လိုက်၏။
ကျွန်းတစ်ကျွန်းလုံးမှာ ဧရာမ သွေးရောင်သစ်ပင်ကြီးတစ်ပင်၏ ဖုံးလွှမ်းခြင်းကို ခံထားရပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် အနီရောင်မြူခိုးများ ပြည့်နှက်နေကာ အလွှာသုံးထပ်ပါရှိသော သွေးရောင်အကာအကွယ် အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေလျက်ရှိသည်။
ထိုအကာအကွယ်ပေါ်တွင်လည်း သိပ်သည်းများပြားလှသော သွေးရောင်ရုန်းသင်္ကေတများ ဖုံးအုပ်နေသည်။ အဝေးမှကြည့်မည်ဆိုလျှင် ဧရာမ သွေးရောင်အသိုက်ကြီးတစ်ခုနှင့်ပင် တူနေချေသည်။
မည်သူဖြစ်စေ ဝင်ရောက်သွားပါက သေချာပေါက် ဝါးမြိုခံရမည်ဖြစ်ရာ အမှန်တကယ်ပင် ကျောချမ်းဖွယ်ရာကောင်းလှ၏။ မိုင်တစ်သန်းပတ်လည်ရှိ ပင်လယ်နယ်မြေတစ်ခုလုံးမှာ အခြေခံအားဖြင့် သေဆုံးနေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်သက်ရှိသတ္တဝါမှ တည်ရှိမနေသည့်ပုံ ပေါ်လေသည်။
ဝှမ်…။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့သည် နှလုံးသားမျက်လုံး၏ စွမ်းအားကို အသုံးပြုလိုက်ကာ အင်မော်တယ်ရှားကျွန်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားစေလိုက်၏။
မျက်စိဖြင့်မရသော နှလုံးသားစွမ်းအားသည် ထိုသွေးရောင် အကာအကွယ်အတားအဆီးနှင့် သွေးရောင်မြူခိုးများကို အလွယ်တကူ ထိုးဖောက်သွားပြီး ကျွန်း၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားသည်။
ထိုခဏတွင် ယင်းဧရာမ သွေးနတ်ဆိုးသစ်ပင်ကြီး၏ သစ်ကိုင်းများပေါ်၌ သွေးရောင်အရိုးစုများ တစ်ခုပြီးတစ်ခု တွဲလောင်းကျနေသည်ကို သူအံ့အားသင့်ဖွယ် အာရုံခံမိလိုက်သည်။ မြေပြင်ပေါ်တွင်လည်း မရေတွက်နိုင်သော သွေးရောင်အရိုးစုများ တိတ်ဆိတ်စွာ လဲလျောင်းနေကြသည်။ ကျွန်းတစ်ကျွန်းလုံးမှာ သေဆုံးနေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ဓာတ် အရှိန်အဝါအားလုံး ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။
လူသားများသာမက ကျွန်းပေါ်တွင် နေထိုင်ကြသော မိစ္ဆာသားရဲများ၊ သားငှက်တိရစ္ဆာန်များနှင့် အခြားသော သက်ရှိသတ္တဝါ အားလုံးပါ သေဆုံးသွားခဲ့ကြခြင်း ဖြစ်၏။
အားလုံးမှာ အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။ တစ်ခုတည်းသော သက်ရှိဆို၍ သွေးနတ်ဆိုးသစ်ပင်သာရှိပြီး ၎င်းက ဤသေမင်းနိုင်ငံ၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်ပေသည်။
ဝိုးတဝါးအနေဖြင့် ထိုဧရာမ သွေးနတ်ဆိုးသစ်ပင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ တစ္ဆေဝိညာဉ်များ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်နေသည့်ပုံပေါ်ပြီး ကုဋေကုဋာချီသော လူသားတို့၏ မကျွတ်မလွတ်သော ဝိညာဉ်များ ပေါင်းစပ်ပါဝင်နေသည့်အလား ဖြစ်နေချေသည်။
၎င်းတို့သည် သွေးနတ်ဆိုးသစ်ပင်၏ ခန္ဓာကိုယ်ထဲမှ ရုန်းထွက်ချင်နေသည့်အလား နာကျင်စွာဖြင့် ရူးသွပ်မတတ် အော်ဟစ်နေကြသည်။ နှမြောစရာကောင်းသည်မှာ မည်သည့်အရာကမျှ အသုံးမဝင်ခဲ့ခြင်းပင်။
ဆန့်ကျင်ဘက်အနေဖြင့် ဤတစ္ဆေဝိညာဉ်များ၏ စွမ်းအားက သွေးနတ်ဆိုးသစ်ပင်၏ စွမ်းအားကို အဆက်မပြတ် တိုးပွားလာစေခဲ့၏။
သွေးနတ်ဆိုးသစ်ပင်၏ အကြိမ်ကြိမ် အသက်ရှူသွင်း ရှူထုတ်မှုနှင့်အတူ ဤသွေးရောင် အကာအကွယ်အတားအဆီးမှာလည်း အဆက်မပြတ် ကျယ်ပြန့်လာနေပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်နယ်မြေများဆီသို့ ပျံ့နှံ့သွားလေသည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော ပင်လယ်နယ်မြေများအားလုံးသည် သွေးနတ်ဆိုးသစ်ပင်၏ ပိုင်နက်နယ်မြေ ဖြစ်လာတော့မည် ဖြစ်သည်။
'တကယ်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင် ဖြစ်နေတာကိုး…'
ကျိုးစွေ့၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားလေသည်။ သူသည် နှလုံးသားမျက်လုံး၏ စွမ်းအားကို အသုံးပြု၍ ထိုးထွင်းဆန်းစစ်လိုက်ရာ ဤသွေးနတ်ဆိုးသစ်ပင်၏ ကျင့်ကြံမှုမှာ နတ်ဘုရားအသွင်ပြောင်း ကနဦးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်း အာရုံခံမိလိုက်၏။
ထင်ရှားသည်မှာ ယခင်က သွေးနတ်ဆိုးသစ်ပင်နှင့် ပတ်သက်၍ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့ပြီး သမာရိုးကျ ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးတစ်ကောင် မဟုတ်ခဲ့ချေ။
'အကယ်လို့ သွေးနတ်ဆိုးသစ်ပင်က တကယ်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ဆိုရင် အတိတ်တုန်းက အင်မော်တယ်ရှားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးက သူ့ကို ဘယ်လိုများ ချိတ်ပိတ်နိုင်ခဲ့တာလဲ…' ကျိုးစွေ့ တွေးလိုက်မိ၏။
‘မဟုတ်မှလွဲရော နောက်ပိုင်းမှ အစွမ်းထက်လာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားခဲ့တာများလား…'
ဝုန်း…။
ဤအခိုက်တန့်မှာပင် အင်မော်တယ်ရှားကျွန်း၏ ဗဟိုချက်တွင်ရှိသော သွေးနတ်ဆိုးသစ်ပင်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါတစ်ခုက ချက်ချင်းပင် လွှမ်းမိုးလာကာ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေတော့၏။
သွေးရောင်သစ်ကိုင်းများက လှံရှည်ကြီးများသဖွယ် ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လာကြပြီး ၎င်းတို့အပေါ်တွင် လိမ်ကောက်နေသော သွေးရောင် ရုန်းသင်္ကေတများ ပေါ်ထွက်နေကာ ပုပ်သိုးဆွေးမြည့်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမှောင်ထုနှင့် မကောင်းဆိုးဝါးစသော အရှိန်အဝါများ ပြည့်နှက်နေလေသည်။
အကယ်၍ တိုက်ခိုက်ခံလိုက်ရသည်နှင့် ချက်ချင်းဆိုသလို မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားနှင့် ဝိညာဉ်ကို ဝါးမြိုခံရနိုင်ပေသည်။
***