ရှေးဟောင်းလိပ်လျှို့ဝှက်ကျင့်စဉ်…။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် ကျင့်စဉ်ပညာရပ်ကို ချက်ချင်း ထုတ်ဖော်လိုက်၏။
သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ နှစ်ထပ် လိပ်အကာအရံအလွှာတစ်ခုက ချက်ချင်း ဖြစ်ပေါ်လာသည်။ ၎င်းအပေါ်တွင် လိပ်ခွံအရေးအကြောင်းများကဲ့သို့ အစိပ်စိပ်ရှိလှသော ရှေးဟောင်းလိပ် ရုန်းသင်္ကေတများ ပေါ်ပေါက်နေ၏။
ဘန်း…။
နောက်တစ်စက္ကန့်တွင် သွေးရောင်သစ်ကိုင်းများက ထိုရှေးဟောင်းလိပ် အကာအကွယ်အလွှာပေါ်သို့ တစ်ဝုန်းဝုန်း ရိုက်ခတ်လာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကဲ့သို့ပင် ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ဖြစ်ပေါ်စေကာ သူ၏ရှေးဟောင်းလိပ် အကာအကွယ်အလွှာကို ဖန်သားပြင်အလား အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေတော့သည်။
သို့သော်ငြား ဤခုခံရေးကျင့်စဉ်ကို အားကိုး၍ သွေးနတ်ဆိုးသစ်ပင်၏ တိုက်ခိုက်မှုကို ခုခံတားဆီးနိုင်ခဲ့၏။
'ရှေးဟောင်းလျှို့ဝှက်လိပ်ကျင့်စဉ်ရဲ့ ဒုတိယအဆင့် ခုခံမှုက အားနည်းနေသေးတာပဲ...’
'နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်တဲ့အခါမှာတော့ တကယ်ကို လက်မှိုင်ချရတာပဲ...’
'ရှေးဟောင်းလိပ် အကာအကွယ်အလွှာ သုံးထပ်လောက်အဖြစ် စုစည်းနိုင်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်လိမ့်မယ်...’
ကျိုးစွေ့ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်သည်။
နောက်တစ်ဆင့်အနေဖြင့် သူသည် ရှေးဟောင်းလိပ်လျှို့ဝှက်ကျင့်စဉ်ကို အပြင်းအထန် ကျင့်ကြံရမည်ဟု ခံစားလိုက်ရ၏။
အကြောင်းမူကား ဤကဲ့သို့သော အသက်ကယ်ကျင့်စဉ်မျိုးကို ပိုမိုကျင့်ကြံထားမှသာ စိတ်ချရမည် မဟုတ်ပါလော။
"ဝိညာဉ်သန္ဓေသားအဆင့် လူသားကျင့်ကြံသူ...”
"ငါက မင်းတို့ကို ပြဿနာမရှာတာတောင် မင်းကများ ငါ့ဆီလာပြီး ပြဿနာရှာရဲတယ်ပေါ့လေ...”
"မင်း တကယ့်ကို သတ္တိကောင်းနေတာပဲ...”
သွေးနတ်ဆိုးသစ်ပင်ဆီမှ အလွန်အမင်း ဒေါသထွက်နေသည့်အသံ ထွက်ပေါ်လာပြီး စကားသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေ၏။
၎င်းသည် ကျိုးစွေ့၏ကိုယ်ပေါ်မှ ခြိမ်းခြောက်မှုကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။
မျက်မှောက်ရှိ လူသား၏ကျင့်ကြံမှုမှာ ဝိညာဉ်သန္ဓေသားအဆင့်မျှသာ ရှိသော်လည်း၊ ထိုမျှလောက် ထူပြောလှသော သွေးနှင့်ချီအရှိန်အဝါ၊ သန်မာလှသော ခန္ဓာကိုယ်တို့မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိသည့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးပင် ဖြစ်ပေသည်။
၎င်းမှာ မိမိကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်သော ခွန်အားရှိနေပြီ ဖြစ်၏။
မိမိကို သတ်ဖြတ်နိုင်စွမ်း မရှိသော်ငြား အထင်သေး၍ မရချေ။
“ထူးဆန်းတယ်… နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင် ဖြစ်နေတာတောင် ဒီကျွန်းကနေ မထွက်ဘဲ နေနေပါလား...”
“ဒီကျွန်းမှာ မင်းထွက်မသွားချင်လောက်တဲ့ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေလို့လား...”
ကျိုးစွေ့သည် ရှေ့ရှိ သွေးနတ်ဆိုးသစ်ပင်ကို ကြည့်လိုက်၏။
အမှန်အတိုင်းဆိုရလျှင် သွေးနတ်ဆိုးသစ်ပင်သည် ချိပ်ပိတ်ခံထားရခြင်းမှ လွတ်မြောက်လာပြီးနောက် ချက်ချင်းပင် သတ်ဖြတ်မှုများ ပြုလုပ်ကာ ဤပင်လယ်ပြင်ကို မွှေနှောက်ဖျက်ဆီးလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်အတွင်း သွေးနတ်ဆိုးသစ်ပင်၏ သတင်းကို တစ်ခါမျှ မကြားခဲ့ရချေ။
သွေးနတ်ဆိုးသစ်ပင်သည် အင်မော်တယ်ရှားကျွန်းတွင်သာ အမြဲတစေ ခိုအောင်းနေပြီး ဘယ်သောအခါမှ ထွက်ခွာမသွားခဲ့သည့်အလားပင်။
ဤအချက်မှာ အလွန်ပင် ထူးဆန်းလှ၏။
သာမန်နတ်ဆိုးများဆိုလျှင် တစ်နေရာတည်းတွင် ငြိမ်ဝပ်နေမည် မဟုတ်ဘဲ လူသားနယ်မြေများသို့ သွားရောက်ကာ သွေးစုပ်သတ်ဖြတ်မှုများ ပြုလုပ်ပြီး မိမိတို့၏ ခွန်အားကို မြှင့်တင်ကြမည်မှာ အသေအချာပင်။
ထို့ကြောင့် အင်မော်တယ်ရှားကျွန်းတွင် သွေးနတ်ဆိုးသစ်ပင် မထွက်ခွာနိုင်လောက်စေမည့် ထူးခြားသော အရာတစ်ခုခု ရှိနေရမည်ဟု သူ ယူဆလိုက်မိသည်။
"မင်းရဲ့ ခွေးအသက်ကို ချန်ထားပေးမလို့ စိတ်ကူးမိပါသေးတယ်… ဒါပေမဲ့ အခုတော့ မင်း သေရမှာ သေချာသွားပြီ...”
သို့သော် ဤစကားများက သွေးနတ်ဆိုးသစ်ပင်၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွလိုက်သလို ဖြစ်သွားပြီး၊ မိမိ၏လျှို့ဝှက်ချက်အား သိသွားမည်ကို ကြောက်ရွံ့နေသည့်အလား မျက်မြင်သက်သေကို ချက်ချင်း သုတ်သင်ရန် ပြင်ဆင်တော့၏။
သွေးနတ်ဆိုးနယ်ပယ်…။
ခဏချင်းတွင်ပင် မမြင်နိုင်သော သွေးရောင်နယ်ပယ်တစ်ခုသည် ပတ်ဝန်းကျင်ပင်လယ်ပြင် မိုင်သောင်းနှင့်ချီသော ဧရိယာအထိ ချက်ချင်းဆိုသလို ပြန့်နှံ့သွားလေသည်။
ကျိုးစွေ့သည်လည်း ထိုသွေးရောင်နယ်ပယ်အတွင်းသို့ ချက်ချင်း ကျရောက်သွားတော့၏။
မမြင်ရသော နယ်ပယ်စွမ်းအားများက ဖိနှိပ်လာရာ ကျိုးစွေ့၏ ကိုယ်ပေါ်တွင် တောင်တန်းကြီးများကို ထမ်းထားရသကဲ့သို့ပင် လေးလံလှသည်။
ဝုန်း...။
ထို့နောက် အဆုံးအစမရှိသော သွေးရောင်မြူခိုးများက လှိုင်းလုံးကြီးများအလား တိုးဝင်လာပြီး သွေးနတ်ဆိုးများအဖြစ် သက်ရှိအသွင်ပြောင်းကာ ကျိုးစွေ့ထံသို့ ပြေးဝင်လာကြတော့သည်။
ပဉ္စမအဆင့် အဆိပ်ပြင်း - သွေးမြူကျိန်စာအဆိပ်။
ဤသည်မှာ သွေးနတ်ဆိုးသစ်ပင်ထံမှ ထွက်ပေါ်လာသော အထူးသီးသန့် ပဉ္စမအဆင့် အဆိပ်မြူများဖြစ်ပြီး ရန်သူသည် အနံ့အနည်းငယ်မျှ ရှူမိလိုက်ရုံနှင့် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို ချက်ချင်း တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
ထိုသွေးရောင်အဆိပ်မြူများမှာ ကပ်ပါးကောင်များကဲ့သို့ ရန်သူ၏အသွေးအသားနှင့် ဝိညာဉ်ကို ရူးသွပ်စွာ ဝါးမြိုပစ်တတ်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင် တဒင်္ဂအတွင်း ဝါးမြိုခံရပြီး ၎င်းတို့၏အစာ ဖြစ်သွားရပေမည်။
ဤအဆိပ်မြူ၏စွမ်းအားကြောင့် ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရလျှင်ပင် ၎င်းကို မည်သူမျှ ဘာမျှ မတတ်နိုင်ချေ။
“ဝါးမြိုစမ်း...”
နှမြောစရာကောင်းသည်မှာ သွေးနတ်ဆိုးသစ်ပင်၏ ဤနည်းလမ်းများမှာ ကျိုးစွေ့အတွက် အသုံးမဝင်လှချေ။ အဘယ်ကြောင့်ဆိုသော် သူသည် လောကရှိ အဆိပ်အမျိုးမျိုးကို ကြောက်ရွံ့ခြင်း မရှိသောကြောင့်ပင်။
ရွှစ်…။
နောက်တစ်စက္ကန့်တွင် 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'သည် ချက်ချင်း ပျံထွက်လာလေ၏။ စတုတ္ထအဆင့် အထွတ်အထိပ်သို့ တိုးတက်သွားသော 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'၏ ကျောပေါ်တွင် ရွှေရောင်အတောင်ပံတစ်စုံ ပေါက်နေပြီး ၎င်းကို အသာအယာခတ်လိုက်ရုံနှင့် လေဆင်နှာမောင်းကဲ့သို့ ပြင်းထန်လှသည်။
၎င်းသည် ပါးစပ်ကို အတင်းဟ၍ ရှောင်တိမ်းခြင်းမရှိဘဲ ဝေလငါးကြီးက ရေကို ဝါးမြိုသည့်အလား ပတ်ဝန်းကျင်ရှိ သွေးရောင်အဆိပ်မြူများကို စတင်ဝါးမြိုတော့သည်။
ဤသို့ဖြင့် ကျိုးစွေ့၏ခန္ဓာကိုယ် ပတ်ပတ်လည်ကို အဆိပ်မြူများ ကင်းစင်သော နေရာလွတ်တစ်ခု ဖြစ်သွားစေသည်။
သူ၏ခန္ဓာကိုယ်အနီးအနား မီတာအနည်းငယ်အတွင်းရှိ သွေးရောင်အဆိပ်မြူမှန်သမျှကို 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'က အကုန်အစင် ဝါးမြိုပစ်ကာ မိမိ၏အစာအဖြစ် ပြောင်းလဲလိုက်လေသည်။
'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'မှာ အလွန်ပင် စိတ်လှုပ်ရှားနေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွက် ဤအဆိပ်မြူများမှာ အလွန်ကောင်းမွန်သော အာဟာရများ ဖြစ်သောကြောင့်ပင်။
ပဉ္စမအဆင့် အဆိပ်ပြင်းများထဲတွင်ပင် 'သွေးမြူကျိန်စာအဆိပ်'မှာ တကယ့်ကို ပြင်းထန်လှသော အဆိပ်မျိုး ဖြစ်၏။
သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များပင် ၎င်းနှင့် ထိတွေ့မိပါက သေကြေပျက်စီးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိခြင်းမျိုး ဖြစ်တတ်သည်။
ထို့အပြင် ယင်းသည် မသေမျိုးခန္ဓာကိုယ်ကိုပင် နှိမ်နင်းနိုင်စွမ်း ရှိပေသည်။
ထို့ကြောင့်ပင် 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ'၏ ခွန်အားမှာ အဆက်မပြတ် တိုးတက်လာပြီး ခန္ဓာကိုယ်မျက်နှာပြင်တွင်လည်း အဆိပ်ပေါင်းစုံ ရုန်းသင်္ကေတများ ပေါ်ပေါက်လာကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာတော့၏။
ကြီးမားသော ရွှေရောင်အလင်းလုံးကြီး တစ်ခုအသွင် ဖြစ်ပေါ်နေသည့်အလားပင်။
"သေစမ်း… ချီးတဲ့မှ...”
ဤသည်ကို မြင်လိုက်ရသောအခါ သွေးနတ်ဆိုးသစ်ပင်၏မျက်နှာမှာ အလွန်ပင် ဆိုးရွားသွားတော့၏။ မိမိ၏အစွမ်းထက်လှသော နည်းလမ်းများမှာ တစ်နေ့တွင် လုံးဝအသုံးမဝင်ဘဲ ရန်သူကို ဘာမျှမတတ်နိုင် ဖြစ်ရမည်ဟု ၎င်း ဘယ်တုန်းကမှ တွေးမထားခဲ့မိချေ။
ထိုမျှမက ရန်သူအတွက် အာဟာရဖြစ်စေသော အရာပင် ဖြစ်သွားခဲ့ရသေးသည်။
ယခု ဤအကောင်စုတ်မှာ မိမိထံမှ ထွက်လာသော အဆိပ်ပြင်းများကို အသုံးချကာ ထိုထူးဆန်းသောသတ္တဝါကို ကြီးထွားလာအောင် ပြုလုပ်နေခြင်းပင် မဟုတ်ပါလော။
ဤကဲ့သို့သောကိစ္စ ဖြစ်ပွားနေသည်ကို ၎င်း မည်သို့မျှ သည်းမခံနိုင်တော့။
ဤသည်မှာ တကယ့်ကို အဓိပ္ပါယ်မရှိချေ။
ဤအခိုက်အတန့်တွင် သွေးနတ်ဆိုးသစ်ပင်သည် အတွေးတစ်ချက်လှုပ်ရှားလိုက်ပြီး အဆုံးအစမရှိသော သွေးရောင်မြူခိုးများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်၏။ ဤသို့ဆက်လုပ်နေလျှင် ရန်သူကို ခွန်အားပေးသလိုသာ ဖြစ်နေမည်ဖြစ်ပြီး၊ ရန်သူကို မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်မှန်း သိရှိသွားသောကြောင့်ပင်။
"မင်းရဲ့ အစွမ်းက ဒီလောက်ပဲလား… တကယ်ကို အားနည်းလွန်းတာပဲ...”
"ငါကတော့ မင်းကို အကြီးမားဆုံး ရန်သူတော်ကြီးလို့ အထင်ကြီးထားမိတာ… ဒီလောက်ပဲ ရှိမယ်လို့ မထင်ထားဘူး… ငါ့ကို အရမ်းစိတ်ပျက်စေတာပဲ...”
ကျိုးစွေ့က ခေါင်းယမ်းကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
သွေးနတ်ဆိုးသစ်ပင်၏ အမျိုးမျိုးသောနည်းလမ်းများမှာ အံ့သြဖွယ်ကောင်းပြီး သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် အခက်အခဲမရှိနိုင်သော်လည်း သူ့ကို ရင်ဆိုင်ရန်အတွက်မူ များစွာ လိုအပ်နေဆဲ ဖြစ်၏။
ဖြစ်နိုင်သည်မှာ သွေးနတ်ဆိုးသစ်ပင်က အားနည်းနေခြင်း မဟုတ်ဘဲ သူ၏ခွန်အားမှာ အဆမတန် အားကောင်းနေခြင်းကြောင့်ပင် ဖြစ်ပေမည်။
နှစ်ပေါင်းများစွာ ကြိုးစားလာပြီးနောက် သူသည် ဤကမ္ဘာလောကတွင် အင်အားအကြီးဆုံး ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီ မဟုတ်ပါလော။
အတိတ်ကာလက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သော နတ်ဘုရားအသွင်ပြောင်းအဆင့် သွေးနတ်ဆိုးသစ်ပင်လျှင် သူ၏မျက်စိထဲတွင်မူ ပြောပလောက်သောအရာ မဟုတ်တော့ချေ။
ထိုစဉ်က သွေးနတ်ဆိုးသစ်ပင်မှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းခဲ့သနည်း။ နတ်ဆိုးအရှိန်အဝါများမှာ ကောင်းကင်ကိုပင် ဖုံးလွှမ်းနေကာ ၎င်း၏ကိုယ်မှ ထွက်ပေါ်လာသော သွေးရောင်နတ်ဆိုးချီများမှာ ဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ခဲ့ပြီး သက်ရှိများစွာကို ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးစေခဲ့သည်။
သူ့ကိုပင် ထွက်ပြေးရစေခဲ့သည် မဟုတ်ပါလော။ ၎င်းမှာ လုံးဝကို အနိုင်ကျင့်တိုက်ခိုက်ခြင်းပင် ဖြစ်၏။
နှမြောစရာကောင်းသည်မှာ ယနေ့အချိန်တွင်မူ မူလက မိစ္ဆာနတ်ဘုရားသဖွယ် ရှိခဲ့သော သွေးနတ်ဆိုးသစ်ပင်မှာ ဤမျှသာ ဖြစ်နေခြင်းပင်။
"ဘာ..."
ဤစကားကို ကြားသောအခါ သွေးနတ်ဆိုးသစ်ပင်မှာ အံ့သြဒေါသထွက်သွားပြီး တကယ်ပင် စိတ်ဆိုးသွားတော့၏။ ဤလူသားကျင့်ကြံသူမှာ အလွန်ပင် ထောင်လွှားလွန်းလှသည်။ အစောပိုင်းက နည်းလမ်းများမှာ ၎င်း၏စွမ်းရည်တစ်ဝက်ပင် မရှိသေး။ ၎င်းကို ဤမျှအထိ အထင်သေးရဲသည်လော။
"မိုးကြိုးနယ်ပယ်...”
သို့သော် ကျိုးစွေ့သည် သွေးနတ်ဆိုးသစ်ပင်နှင့် စကားအရှည်ကြီး မပြောလိုတော့ချေ။ သူ၏ကိုယ်ဟန်က ဖြတ်ခနဲ လှုပ်ရှားသွားပြီး အင်မော်တယ်ရှားကျွန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ သွေးနတ်ဆိုးသစ်ပင်၏ အတွင်းစည်း အကာအကွယ်အလွှာထဲသို့ပင် မိမိဘာသာ ဝင်ရောက်သွားပြီး သွေးနတ်ဆိုးသစ်ပင်အနီးသို့ ရောက်ရှိသွားလေ၏။
သူသည် 'မိုးကြိုးကပ်ဘေးကူ'၏ စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။
***