ယခုအခါ ၎င်းသည် ထိုနယ်ပယ်စွမ်းအား၏ ဖိနှိပ်မှုကို ခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိသွား၏။ ၎င်း၏ပေပေါင်းသောင်းချီသော ခန္ဓာကိုယ်ကြီးသည် ယခုအခါ နယ်ပယ်စွမ်းအားဖြင့် ချုပ်နှောင်ခြင်းကို ခံထားရလေသည်။
လှုပ်ရှား၍မရတော့ခြင်း မဟုတ်သော်လည်း ခန္ဓာကိုယ်မှာ အလွန်တရာ နှေးကွေးသွားသည်မှာ တားမြစ်ချက်အစီအရင်များစွာ ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသကဲ့သို့ပင်။
ဤအချိန်တွင် ၎င်းသည် တစ်ခါမျှမကြုံဖူးသော ဘေးအန္တရာယ်ကို ခံစားလိုက်ရသည်။ အကြောင်းမှာ ရှေ့မှ လူသားကျင့်ကြံသူသည် ၎င်းကို ချုပ်နှောင်ထားနိုင်ရုံသာမက အမှန်တကယ် သတ်ဖြတ်နိုင်စွမ်းရှိသောကြောင့်ပင်။
"ရပ်လိုက်... လူသားကျင့်ကြံသူ၊ အခုချက်ချင်း ရပ်လိုက်စမ်း...”
"ငါ ဘာလို့ ဒီကျွန်းမှာ နေနေရလဲဆိုတာ မင်း မသိချင်ဘူးလား...”
"ဒီကမ္ဘာရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်၊ အင်မော်တယ်ဖြစ်လာမယ့် လျှို့ဝှက်ချက်တွေကို မင်း မသိချင်ဘူးလား...”
"အခု ရပ်မယ်ဆိုရင် ငါ အကုန်ပြောပြမယ်...”
သွေးနတ်ဆိုးသစ်ပင်က အော်ဟစ်ပြောဆိုလိုက်၏။ ၎င်းသည် အနည်းငယ် ကြောက်လန့်နေပြီဖြစ်သည်။
'တောရှိနေသရွေ့ ထင်းအတွက် ပူစရာမလို' ဟူသော စကားအတိုင်းပင်။ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ နတ်ဆိုးတစ်ကောင်အတွက် အညံ့ခံခြင်းမှာ အလွန်အရှက်ရစရာ ဖြစ်သော်လည်း အသက်ရှင်ဖို့အတွက်ဆိုလျှင်မူ ထိုအရာက ဘာမှမဟုတ်တော့ချေ။
သို့သော်လည်း ကျိုးစွေ့သည် သွေးနတ်ဆိုးသစ်ပင်၏ စကားများကို နားမယောင်ချေ။
ထိုနတ်ဆိုး မည်မျှပင် လျှာအရိုးမရှိ လျှောက်ပြောသည်ဖြစ်စေ၊ ယနေ့တွင် ၎င်း သေကိုသေရပေမည်။ မည်မျှပင် ကြီးမားသော လျှို့ဝှက်ချက်ဖြစ်စေ၊ သူ ဂရုမစိုက်။
မည်သို့ပင်ဖြစ်စေ သူပိုင်ဆိုင်ထားသော အရင်းအမြစ်များအရ အင်မော်တယ်ဖြစ်လာရန်မှာ အချိန်တစ်ခုစောင့်ရုံသာဖြစ်ပြီး တစ်ဖက်လူ၏ လိမ်ညာလှည့်ဖြားမှုများကို နားထောင်နေရန် မလိုအပ်ပေ။
သွေးမျိုးဆက် နတ်ဘုရားစွမ်းရည် - နဂါးဆင်လှံ။
တဒင်္ဂအတွင်း ကျိုးစွေ့သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို လေးကိုင်းကဲ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ကာ ခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့သော နဂါးဆင်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ရွှေညိုရောင်လှံရှည်တစ်စင်းကို ဖန်တီးလိုက်တော့သည်။
၎င်းပေါ်တွင် နဂါးဆင်သင်္ကေတများစွာ ပေါ်ပေါက်နေပြီး မရေမတွက်နိုင်သော နဂါးဆင်တို့သည် လှံရှည်အတွင်း၌ သွားလာနေသကဲ့သို့ ရှိ၏။ မမြင်နိုင်သောဖိအားများ ထွက်ပေါ်လာပြီး ၎င်းသည် ကမ္ဘာပေါ်တွင် အားအကောင်းဆုံး လှံရှည်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော ထက်မြမှုကို ဖော်ဆောင်ထားချေသည်။
ဤအခိုက်အတန့်တွင် သူသည် 'နဂါးဆင်လှံ'က သွေးနတ်ဆိုးသစ်ပင်၏ ဝိညာဉ်ကို ပစ်မှတ်ထားကာ ချုပ်နှောင်လိုက်သည်ကို ခံစားလိုက်ရ၏။ ဤသည်မှာ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ဖြစ်သော 'နဂါးဆင်လှံ'၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ဖြစ်ပြီး၊ ရန်သူ၏ အရှိန်အဝါကို အတိအကျ ပစ်မှတ်ထားနိုင်ပေသည်။
ရန်သူက မည်သို့ပင် ရှောင်တိမ်းသည်ဖြစ်စေ၊ ဤတိုက်ခိုက်မှုမှာ လွဲချော်ရန် အခွင့်အရေးမရှိပေ။
ဝုန်း…။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့၏လက်ထဲမှ ရွှေညိုရောင်လှံရှည်သည် ဟင်းလင်းပြင်အတွင်းသို့ ပျော်ဝင်သွားကာ ချက်ချင်းပင် ပစ်လွှတ်လိုက်ပြီ ဖြစ်၏။ ၎င်းသည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အရှိန်မှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှရာ တည်နေရာရွှေ့ပြောင်းခြင်းအတတ်ကဲ့သို့ပင် ဖြစ်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနဂါးဆင်လှံသည် သွေးနတ်ဆိုးသစ်ပင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
"ဒါ... ဒါက ဘာကြီးလဲ...”
"ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ… ဘာလို့ ငါ ဘာမှခံစားလို့ မရရတာလဲ... ဘာလို့ ငါ့မှာ ခုခံနိုင်စွမ်း မရှိရတာလဲ...”
သွေးနတ်ဆိုးသစ်ပင်သည် ကြောက်လန့်တကြား ဖြစ်သွား၏။ ၎င်းသည် ဤလူသားကျင့်ကြံသူက ဤမျှရက်စက်မည်ဟု မထင်ထားခဲ့ချေ။ ၎င်း၏ လျှို့ဝှက်ချက်များကိုပင် စိတ်မဝင်စားဘဲ သတ်ဖြတ်ရန်သာ ရွေးချယ်ခဲ့ပေသည်။
ယခုအချိန်တွင် ၎င်းအတွက် ရှောင်တိမ်းရန် အချိန်မရှိတော့ချေ။ အကြောင်းမှာ ဤတိုက်ခိုက်မှုသည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့်ဖြစ်၏။ ဝိညာဉ်အာရုံဖြင့်ပင် မထောက်လှမ်းနိုင်လောက်အောင် မြန်ဆန်လှသည်။
ဘန်း…။
ချက်ချင်းပင် နဂါးဆင်လှံသည် သွေးနတ်ဆိုးသစ်ပင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးဆင်စွမ်းအားများ ပေါက်ကွဲထွက်လာကာ သွေးနတ်ဆိုးသစ်ပင်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ပေပေါင်းသောင်းချီသော ခန္ဓာကိုယ်ကြီးသည် ခဏအတွင်းမှာပင် ကြေမွပျက်စီးသွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုစွမ်းအားသည် သွေးနတ်ဆိုးသစ်ပင်၏ နတ်ဆိုးဝိညာဉ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားခြင်းပင်။ အကြောင်းသည်ကား ဤသည်မှာ ခန္ဓာကိုယ်ကိုသာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဝိညာဉ်ကိုပါ တိုက်ခိုက်ခြင်းဖြစ်သည်။
မသေမျိုးခန္ဓာကိုယ်ရှိလျှင်ပင် အသုံးမဝင်ချေ။ အကယ်၍ ဝိညာဉ်သာ ပျက်စီးသွားပါက လုံးဝဥဿုံ သေဆုံးသွားမည်ဖြစ်ပြီး မည်သည့်အစအနမျှ ကျန်ရှိတော့မည်မဟုတ်ပေ။
ဤသည်မှာ နဂါးဆင်လှံ၏ ကြောက်မက်ဖွယ်ကောင်းမှုပင်။
"အား..."
သွေးနတ်ဆိုးသစ်ပင်သည် နာကျင်စွာ အော်ဟစ်လိုက်ရင်း မကျေနပ်မှုများ၊ နောင်တရမှုများနှင့် မယုံကြည်နိုင်မှုများကို ဖော်ပြနေသည်။ ၎င်းသည် လူသားကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် ဤကဲ့သို့ သေဆုံးသွားရမည်ဟု မယုံကြည်နိုင်ဖြစ်နေပုံရ၏။ ၎င်းသည် များစွာသော ဘေးအန္တရာယ်များကို ကျော်လွှားခဲ့ပြီး တားမြစ်ချက်များမှလည်း လွတ်မြောက်လာခဲ့သူဖြစ်ပေသည်။
သို့သော် လူသားကျင့်ကြံသူ၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ အကယ်၍ တစ်ခဏလောက် နောက်ကျပြီးမှ ရောက်လာခဲ့ပါက ၎င်း၏ ကျင့်ကြံဆင့်များ ပိုမို၍ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤလူသားကျင့်ကြံသူက ၎င်းကို သတ်နိုင်မည် မဟုတ်ချေ။ နှမြောစရာကောင်းသည်မှာ ယခုအချိန်တွင်မူ အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။
ဝုန်း...။
သွေးနတ်ဆိုးသစ်ပင်မှာ ထိုတိုက်ခိုက်မှုအောက်တွင် ချက်ချင်းပင် သေဆုံးသွားကာ ပေပေါင်းသောင်းချီသော ခန္ဓာကိုယ်ကြီးမှာ ကြေမွပျက်စီးသွားတော့၏။ မူလက အင်မော်တယ်ရှားကျွန်းကို ဖုံးလွှမ်းထားသော သွေးနီရောင်အစီအရင်နှင့် သွေးရောင်မြူခိုးများသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားကာ အစအနပင် မကျန်တော့ချေ။
အင်မော်တယ်ရှားကျွန်း၏ ဗဟိုချက်တွင် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။ မြေပြင်ထက်တွင်လည်း အက်ကြောင်းများ အစီအရီ ဖြစ်ပေါ်နေလေ၏။ ဤဖျက်ဆီးလိုသော အရှိန်အဝါသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်သည့်တိုင် ပျောက်ကွယ်သွားမည် မဟုတ်ချေ။
'နှမြောစရာပဲ… အင်မော်တယ်ရှားကျွန်းကတော့ လုံးဝ ပျက်စီးသွားပြီ...’
ကျိုးစွေ့က တစ်ကျွန်းလုံး၏ အခြေအနေကို အာရုံခံကြည့်လိုက်ရာ အင်မော်တယ်ရှားကျွန်းသည် သွေးနတ်ဆိုးသစ်ပင်ကြောင့် လုံးဝဥဿုံ ပျက်စီးသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ယခင်က ရှိခဲ့ဖူးသော တောင်တန်းများသည်လည်း ပျောက်ကွယ်သွားပြီး ကျွန်းပေါ်တွင် သက်ရှိဟူ၍ တစ်ခုမျှ မကျန်တော့ချေ။ အပင်များပင် ရှင်သန်နိုင်ခြင်း မရှိတော့ပေ။
မြေပြင်မှာ လုံးဝ ခြောက်သွေ့သွားပြီး အာဟာရဓာတ်အားလုံးကို စုပ်ယူခြင်း ခံလိုက်ရ၏။ ဤမြေပေါ်တွင် ကောက်ပဲသီးနှံများပင် စိုက်ပျိုး၍ ရတော့မည် မဟုတ်ကြောင်း ခန့်မှန်းရသည်။ ထို့အပြင် အင်မော်တယ်ရှားကျွန်း၏ ဝိညာဉ်ကြောများလည်း လုံးဝ ကွယ်ပျောက်သွားလေပြီ။ ဤကျွန်းသည် လူသူကင်းမဲ့သော ကျွန်းပျက်ကြီးတစ်ခု ဖြစ်သွားပြီဟု ဆိုနိုင်သည်။
ဤသည်မှာ နတ်ဆိုးများ၏ ကြောက်မက်ဖွယ်ကောင်းမှုပင်ဖြစ်၏။ ၎င်းတို့သည် လူသားများကို သတ်ဖြတ်ရုံသာမက ကျင့်ကြံခြင်းလောက၏ ဂေဟစနစ်ကိုပါ ဖျက်ဆီးပစ်ကြပြီး ကျင့်ကြံခြင်းလောက၏ နေရာအသီးသီးကို လူသားများရှင်သန်ရန် မသင့်တော်သော သေဆုံးနယ်မြေများအဖြစ် ပြောင်းလဲပစ်တတ်ကြသည်။ အကယ်၍ နတ်ဆိုးများ၏ အလုံးအရင်းဖြင့် ကျူးကျော်မှုကို ခံရပါက လူသားမျိုးနွယ်မှာ ဧကန်မုချ မျိုးတုံးသွားပေလိမ့်မည်။
သို့သော် ကျိုးစွေ့အနေဖြင့် နောင်တရခြင်း အလျဉ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က မိမိမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့ရာ၊ သွေးနတ်ဆိုးသစ်ပင်ကို ရင်ဆိုင်ရန် မည်သို့မျှ မတတ်နိုင်ခဲ့သောကြောင့်ဖြစ်၏။ အကယ်၍ အင်မော်တယ်ရှားကျွန်းတွင် ဆက်နေခဲ့လျှင်လည်း အလောင်းတစ်ကောင် တိုးလာရုံသာ ရှိပေလိမ့်မည်။
ကျွန်းမှ ထွက်ခွာသွားပြီး ကျင့်ကြံဆင့် မြင့်မားလာမှ ပြန်လာ၍ ကလဲ့စားချေခြင်းကသာ မှန်ကန်သော လုပ်ရပ်ဖြစ်၏။ သို့မဟုတ်ပါက သွေးနတ်ဆိုးသစ်ပင်သည် အင်မော်တယ်ရှားကျွန်းကိုသာမက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးနှင့် ကျင့်ကြံခြင်းလောကတစ်ခုလုံးကိုပါ ဖျက်ဆီးသွားပေလိမ့်မည်။
‘ဆိုးယုတ်လိုက်တဲ့ သွေးနတ်ဆိုးသစ်ပင်… နောက်ဆုံးတော့ အပြတ်ရှင်းနိုင်ခဲ့ပြီ...’
ကျိုးစွေ့၏ စိတ်ထဲတွင် အလွန်ပင် ကျေနပ်အားရသွားပြီး စိတ်အာရုံများ ကြည်လင်သွားသည်။ နှစ်ပေါင်းများစွာက ရန်ငြိုးကို ယနေ့တွင် အပြီးသတ် ချေဖျက်နိုင်ခဲ့လေပြီ။
ဒန်ထျန်အတွင်းပိုင်းရှိ ဝိညာဉ်အနှစ်သာရမျိုးစေ့သည် လျင်မြန်စွာ ကြီးထွားလာနေပြီး အခွံကို ဖောက်ထွက်တော့မည့်ပုံ ပေါက်နေ၏။ ယခုအချိန်တွင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ပြီဟု သူ ခံစားလိုက်ရသည်။
သို့သော် သူသည် စိတ်ကို ထိန်းချုပ်လိုက်သည်။ ဤနေရာတွင် ပဉ္စမအဆင့် ဝိညာဉ်ကြောများ မရှိသဖြင့် ဤသို့ စွန့်စားရန် မလိုအပ်ပေ။ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းလိုပါက အမှားအယွင်းမရှိစေရန် သေချာပြင်ဆင်ရပေမည်။
ထိုအချိန်တွင် 'အိပ်မက်ဝိညာဉ်ကူ'ကလည်း လှုပ်ရှားလိုက်ပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေသော သွေးနတ်ဆိုးသစ်ပင်၏ ဝိညာဉ်များကို ဝါးမြိုလိုက်လေသည်။ ကျိုးစွေ့က သွေးနတ်ဆိုးသစ်ပင်ကို သတ်ဖြတ်လိုက်သည့်အချိန်တွင် ၎င်း၏ ဝိညာဉ်သည်လည်း အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။ သို့သော် 'အိပ်မက်ဝိညာဉ်ကူ'က ခဏချင်းအတွင်း ဝါးမြိုပစ်လိုက်ပြီး မရေမတွက်နိုင်သော ဝိညာဉ်အပိုင်းအစများကို ပေါင်းစပ်လိုက်၏။
အစောပိုင်းက သွေးနတ်ဆိုးသစ်ပင်ကို သူ ဘာမှ မမေးမြန်းခဲ့ခြင်းမှာလည်း 'အိပ်မက်ဝိညာဉ်ကူ' ရှိနေသောကြောင့်ဖြစ်၏။ 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားဖြင့်ဆိုလျှင် သွေးနတ်ဆိုးသစ်ပင်၏ ဝိညာဉ်မှတ်ဉာဏ်အားလုံးကို သိရှိနိုင်သည်မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ကျိုးစွေ့၏ စိတ်အာရုံများ လှုပ်ခတ်သွားပြီး မှတ်ဉာဏ်ပူဖောင်းများကို ချက်ချင်း ရရှိလိုက်၏။ ကျိုးစွေ့၏ အသိစိတ်အာရုံထဲသို့ သွေးနတ်ဆိုးသစ်ပင်နှင့် ပတ်သက်သော မှတ်ဉာဏ်များနှင့် သတင်းအချက်အလက်များစွာ စီးဝင်လာပြီး မှတ်ဉာဏ်ပုံရိပ်များစွာ ပေါ်ပေါက်လာလေသည်။
“ဒီလိုကိုး… ဒီသွေးနတ်ဆိုးသစ်ပင်က တကယ်ပဲ ရှေးဟောင်းခေတ်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေထဲက တစ်ဦးပဲ...’
“အရင်က သူဟာ အင်အားအကြီးဆုံး နတ်ဆိုးတွေထဲက တစ်ဦးဖြစ်ပြီးတော့ ကျင့်ကြံဆင့်က နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့်အထိ ရှိခဲ့တာပဲ...”
“ဒါပေမဲ့ လူသားနတ်ဘုရားအသွင်ပြောင်း အရှင်သခင်တွေ အများကြီးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီး အပိုင်းပိုင်းပြတ်သွားခဲ့တယ်… သေလုမျောပါး ဖြစ်ခဲ့ရတာပဲ...”
“ဒါပေမဲ့ သွေးနတ်ဆိုးသစ်ပင်မှာ သွေးနတ်ဆိုးပြန်လည်မွေးဖွားခြင်းဆိုတဲ့ သွေးမျိုးဆက်ပင်ကိုစွမ်းရည်တစ်ခု ရှိနေတယ်...”
“သူ သေဆုံးခါနီးမှာ သွေးနတ်ဆိုးမျိုးစေ့တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်တာပဲ...”
“ဒီလိုနဲ့ သေဆုံးသွားခဲ့ပေမဲ့လည်း သွေးနတ်ဆိုးမျိုးစေ့ကနေတစ်ဆင့် နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ ပြန်လည်ရှင်သန်လာနိုင်တာပေါ့...”
***