“နှစ်ပေါင်းသောင်းချီ ကြာပြီးနောက်မှာတော့ သွေးနတ်ဆိုးမျိုးစေ့ဟာ စွမ်းအင်တွေအများကြီးကို စုပ်ယူပြီး ပြန်လည်နိုးထလာခဲ့တယ်… ပြီးတော့ ပြန်လည်ရှင်သန်နိုင်ဖို့အတွက် သွေးအရိပ်ဘိုးဘေးရဲ့ ကိုယ်ပေါ်မှာ ကပ်ပါးလုပ်ပြီး လူသတ်ပွဲတွေ စတင်ခဲ့တာပဲ...”
“သတ်တာဖြတ်တာ များလွန်းလို့ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဘိုးဘေးတွေက ဝိညာဉ်သန္ဓေသားအဆင့်တွေနဲ့ ပူးပေါင်းပြီး သူ့ကို အင်မော်တယ်ရှားကျွန်းမှာ အစီအရင်နဲ့ ချိပ်ပိတ်ထားခဲ့တာပဲ...”
“ဒါပေမဲ့ ကံကောင်းချင်တော့ သွေးနတ်ဆိုးသစ်ပင်ဟာ သူ ချိပ်ပိတ်ခံထားရတဲ့ နေရာမှာ အင်မော်တယ်တစ်ဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တာပဲ...”
ကျိုးစွေ့သည် ဤသတင်းအချက်အလက်ကို သိရှိလိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားပြီး မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ မယုံနိုင်အောင် ဖြစ်သွားရ၏။
အင်မော်တယ်တစ်ဦး၏ ရုပ်ကြွင်းတော်ကို ရှာတွေ့ခဲ့ခြင်း။
ဤအချက်ကို သိရှိလိုက်ရသဖြင့် ကျိုးစွေ့၏ စိတ်ထဲတွင် ပြောမပြတတ်အောင် တုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်က နတ်ဆိုးမျိုးနွယ်စုများ ကျင့်ကြံခြင်းလောကသို့ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာရခြင်းမှာ ကျင့်ကြံခြင်းလောကတွင် ပုန်းကွယ်နေသော အင်မော်တယ်ရုပ်ကြွင်းတော်များကို ရှာဖွေရန်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့်လည်း မကြုံစဖူးသော စစ်ပွဲကြီးများ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။
သို့သော်လည်း မည်သူမျှ အင်မော်တယ်ရုပ်ကြွင်းတော်ကို ရှာမတွေ့ခဲ့ကြပေ။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်များထဲမှ တစ်ခုပင်ဖြစ်၏။
သို့သော် မည်သူက ထင်ထားမည်နည်း။ အင်မော်တယ်ရုပ်ကြွင်းတော်ကို သွေးနတ်ဆိုးသစ်ပင်က ရှာတွေ့သွားခဲ့ပြီး ၎င်းမှာလည်း သွေးနတ်ဆိုးသစ်ပင် ချိပ်ပိတ်ခံထားရသည့် နေရာတွင်ပင် ဖြစ်နေချေသည်။
“အင်မော်တယ်ရုပ်ကြွင်းတော် ရှိနေတဲ့ နေရာက အင်မော်တယ်ရှားကျွန်းပဲ...”
“အဲဒါက အင်မော်တယ်ရှားကျွန်းရဲ့ မြေအောက်အနက်ပိုင်းက ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေတာပဲ...”
“သွေးနတ်ဆိုးသစ်ပင်ရဲ့ အမြစ်တွေက ကျွန်းရဲ့ အနက်ပိုင်းအထိ ပြန့်နှံ့သွားပြီး ပုံရိပ်ယောင် ဟင်းလင်းပြင်တစ်ခုကို အာရုံခံမိသွားတာ… အဲဒီမှာပဲ အင်မော်တယ်ရုပ်ကြွင်းတော် ရှိနေတဲ့နေရာကို ရှာတွေ့သွားပြီး သူ အရမ်း ဝမ်းသာသွားခဲ့တာပဲ...”
“နှမြောစရာကောင်းတာက သူက ချိပ်ပိတ်ခံထားရတဲ့ အခြေအနေမှာ ရှိနေလို့ အင်မော်တယ်ရုပ်ကြွင်းတော်ကို တွေ့နေရပေမဲ့ အဲဒီ လျှို့ဝှက်ဟင်းလင်းပြင်ထဲကို မဝင်နိုင်ခဲ့ဘူး… မြင်သာမြင် မကြင်ရဖြစ်ပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး...”
“ဒါတောင်မှ အင်မော်တယ်ရုပ်ကြွင်းတော်ရှိတဲ့ ဟင်းလင်းပြင်ထဲကနေ ယိုစိမ့်ထွက်လာတဲ့ အင်မော်တယ်အရှိန်အဝါတွေကို ရံဖန်ရံခါ စုပ်ယူနိုင်ခဲ့လို့ သူ့ရဲ့ ကျင့်ကြံဆင့်က အများကြီး တိုးတက်လာခဲ့တာပဲ...”
“ဒါကြောင့် အစီအရင်ပျက်သွားတာနဲ့ သူဟာ အပြည့်အဝ လွတ်မြောက်လာပြီး ကျင့်ကြံဆင့်တွေလည်း တရစပ် မြင့်တက်လာခဲ့တာ...”
“ဝိညာဉ်သန္ဓေသားအဆင့်ကို ပြန်ရောက်ရုံတင်မကဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့်အထိတောင် ပြန်ရောက်လာခဲ့တယ်...”
“အဲဒီ လျှို့ဝှက်ဟင်းလင်းပြင်ကို ဖျက်ဆီးဖို့အတွက် သွေးနတ်ဆိုးသစ်ပင်က အင်မော်တယ်ရှားကျွန်းကို သိမ်းပိုက်ပြီး သူ့ရဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာပဲ...”
“ဒါကြောင့် နှစ်ပေါင်းနှစ်ရာကျော်လုံးလုံး သူဟာ အင်မော်တယ်ရှားကျွန်းကနေ ထွက်မသွားခဲ့သလို ချန်လန်ပင်လယ်ဒေသမှာလည်း သောင်းကျန်းတာမျိုး မလုပ်ခဲ့တာပဲ...”
“အင်မော်တယ်ရုပ်ကြွင်းတော်နဲ့ နှိုင်းယှဉ်ရင် သာမန်လူသားတွေက ဘာမှ မဟုတ်ဘူးလေ...”
“လောကတစ်ခုလုံးက လူသားအားလုံးကို သတ်ပစ်တာထက် အင်မော်တယ်ရုပ်ကြွင်းတော် တစ်ခုတည်းက ပိုပြီး တန်ဖိုးရှိတာပဲ...”
“အကယ်၍သာ ဒီအင်မော်တယ်ရုပ်ကြွင်းတော်ကို ဝါးမြိုနိုင်ခဲ့ရင် သွေးနတ်ဆိုးသစ်ပင်ရဲ့ ကျင့်ကြံဆင့်ဟာ မကြုံစဖူးတဲ့ အဆင့်အထိ မြင့်တက်သွားမှာပဲ...”
ကျိုးစွေ့က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားရသည်။ သူသည်လည်း သွေးနတ်ဆိုးသစ်ပင်က ဤကဲ့သို့သော ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်ကို သိရှိထားပြီး အင်မော်တယ်ရုပ်ကြွင်းတော်ကို ရှာတွေ့ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အကယ်၍သာ ထိုလျှို့ဝှက်ဟင်းလင်းပြင်၌ အားကောင်းသော တားမြစ်ချက်များနှင့် အစီအရင်များ မရှိခဲ့ပါက ၎င်းသည် အင်မော်တယ်ရုပ်ကြွင်းတော်ကို ဝါးမြိုကာ မကြုံစဖူးသော နတ်ဆိုးကြီးအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီးဖြစ်လောက်သည်။
“ဒါကြောင့်လည်း 'ကံကြမ္မာကူ'က နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မတက်လှမ်းခင် အင်မော်တယ်ရှားကျွန်းကို တစ်ခေါက်ပြန်လာဖို့ ငါ့ကို သတိပေးခဲ့တာကိုး...”
“သွေးနတ်ဆိုးသစ်ပင်ကို အရင်ဆုံး ရှင်းပစ်ရမယ်...”
“ဖြစ်နိုင်တာက ဒါဟာ ကံကြမ္မာစွမ်းအားရဲ့ လမ်းညွှန်မှု ဒါမှမဟုတ် ကောင်းကင်တာအိုရဲ့ ကြိုတင်သတိပေးချက်ပဲ ဖြစ်ရမယ်… ဒါကြောင့်လည်း ငါ ဒီကို ပြန်လာပြီး ဒီကမ္ဘာပျက်ကပ်ဘေးကို ကြိုတင်ဖြေရှင်းနိုင်ခဲ့တာပဲ...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။
ယခုအချိန်တွင် သူသည် 'ကံကြမ္မာကူ'၏ အစွမ်းထက်ပုံကို သဘောပေါက်သွားပြီဖြစ်၏။ ပုံမှန်အားဖြင့်ဆိုလျှင် ‘ပစ္စည်းရှာဖွေကူ’ပင် အင်မော်တယ်ရုပ်ကြွင်းတော်၏ တည်နေရာကို ရှာဖွေနိုင်မည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ရတနာများ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်းပြီး ‘ပစ္စည်းရှာဖွေကူ’၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသောကြောင့်ဖြစ်၏။ သို့သော် ကံကြမ္မာစွမ်းအားသည်မူ ဤလောကရှိ အခွင့်အလမ်းများစွာကို ရှာဖွေရန် သူ့ကို လမ်းပြပေးနိုင်သည်။ အင်မော်တယ်ရုပ်ကြွင်းတော်သည်ပင် ထိုအခွင့်အလမ်းများထဲမှ တစ်ခုသာဖြစ်၏။
ယခုအခါ သူသည် ကျင့်ကြံခြင်းလောက၏ ကံကြမ္မာအရှင်သခင် ဖြစ်နေပြီဖြစ်ရာ အဆင့်မြင့်ရတနာများနှင့် အခွင့်အရေးများစွာကို ရှာဖွေတွေ့ရှိနိုင်ခြင်းမှာ မဆန်းတော့ချေ။
ကျိုးစွေ့အနေဖြင့် ရွှမ်ဟွမ်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး ကံကြမ္မာစွမ်းအား ကြီးမားသော တပည့်များစွာကို လက်ခံခဲ့သောကြောင့် သူ၏ကံကြမ္မာမှာ အဆမတန် တိုးတက်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ပင် သူသည် ကျင့်ကြံခြင်းလောက၌ ကံကြမ္မာအကောင်းဆုံးသော ကျင့်ကြံသူဖြစ်လာပြီး အင်မော်တယ်ရုပ်ကြွင်းတော်ရှိရာကို ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်၏။
မည်သည့်အရာကိုမဆို ဘေးကင်းစွာဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ရုံမျှမက သာမန်နေရာတစ်ခုသို့ သွားလျှင်ပင် ရတနာများကို ရှာတွေ့နိုင်ပေသည်။ ဤသည်မှာ ကံကြမ္မာအရှင်သခင်၏ အခွင့်ထူးခံပင်ဖြစ်၏။
ဝှစ်…။
ထိုသို့တွေးတောရင်း ကျိုးစွေ့သည် ကိုယ်ဟန်တစ်ချက် လှုပ်ရှားလိုက်ကာ သွေးနတ်ဆိုးသစ်ပင်ကြောင့် ဖြစ်ပေါ်လာသော တွင်းနက်ကြီးထဲသို့ ဆင်းသက်လိုက်သည်။ တွင်းနက်ကြီးအတွင်း၌ 'သွေးနတ်ဆိုးမျိုးစေ့' တစ်ခု ကျန်ရှိနေသည်ကို သူ ချက်ချင်းပင် အာရုံခံမိလိုက်၏။ ထိုမျိုးစေ့မှ ဆိုးယုတ်ညစ်ထေးပြီး မှောင်မိုက်သော သွေးအနံ့အသက်များ ထွက်ပေါ်နေကာ မျက်နှာပြင်ထက်၌လည်း သွေးနတ်ဆိုးရုန်းသင်္ကေတများစွာ ထင်ဟပ်နေလေသည်။
သွေးနတ်ဆိုးသစ်ပင်သည် သေဆုံးခါနီးအချိန်၌ 'သွေးနတ်ဆိုးပြန်လည်မွေးဖွားခြင်း' အတတ်ကို တစ်ဖန်အသုံးပြုကာ 'သွေးနတ်ဆိုးမျိုးစေ့' အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ကြောင်း သိသာလှသည်။ အကယ်၍ ကျိုးစွေ့သာ သွေးနတ်ဆိုးသစ်ပင်၏ မှတ်ဉာဏ်များကို မရရှိခဲ့ပါက နောင်နှစ်ပေါင်းသောင်းချီ ကြာသောအခါ သွေးနတ်ဆိုးသစ်ပင်သည် တစ်ဖန်ပြန်လည်၍ ရှင်သန်လာပေလိမ့်မည်။
“ဒီနတ်ဆိုးတွေက တကယ်ကို သတ်ရခက်တာပဲ… သေသွားရင်တောင် ပြန်ရှင်နိုင်တဲ့ နည်းလမ်းတွေ ရှိနေကြသေးတယ်...”
“ကံကောင်းလို့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ကြိုသိလိုက်ရတာ… မဟုတ်ရင် နောင်တစ်ချိန်မှာ ဒီသွေးနတ်ဆိုးသစ်ပင်က တစ်ကျော့ပြန် သောင်းကျန်းဦးမှာပဲ...”
ကျိုးစွေ့က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ထို 'သွေးနတ်ဆိုးမျိုးစေ့' ကို ချက်ချင်း သိမ်းဆည်းလိုက်၏။ သူသည် ယခုလောလောဆယ်တွင် ဤမျိုးစေ့ကို ဖျက်ဆီးရန် အစီအစဉ်မရှိသေးဘဲ နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည်ဟု ယူဆထားသည်။ ဖျက်ဆီးလိုပါကလည်း အချိန်မရွေး လုပ်ဆောင်နိုင်သည် မဟုတ်ပါလော။
သွေးနတ်ဆိုးသစ်ပင် ချန်ထားခဲ့သော ဘေးအန္တရာယ်ကို ဖြေရှင်းပြီးနောက် ကျိုးစွေ့သည် တွင်းနက်ကြီး၏ အောက်ခြေအထိ ဆက်လက်ဆင်းသက်လိုက်သည်။ သူသည် အနက်ပေပေါင်း ထောင်ချီအထိ ဆင်းသက်ခဲ့ရပြီးနောက် နောက်ဆုံးတွင် မြေအောက်အနက်ဆုံးပိုင်းသို့ ရောက်ရှိသွားလေသည်။
ထိုနေရာမှာ ယခင်က သွေးနတ်ဆိုးသစ်ပင်၏ အမြစ်များ တည်ရှိခဲ့သော နေရာဖြစ်သလို အင်မော်တယ်ရုပ်ကြွင်းတော်ရှိသော လျှို့ဝှက်ဟင်းလင်းပြင် တည်ရှိရာနေရာလည်းဖြစ်၏။
ဝုန်း…။
ကျိုးစွေ့က နှလုံးသားမျက်လုံးစွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို စစ်ဆေးလိုက်ရာ မြေအောက်အနက်ပိုင်း၌ တကယ့်ကိုပင် အထူးခြားဆုံးသော ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ သူ၏ရှေ့မှောက်တွင် အဖြူရောင် ဝင်ပေါက်တံခါးကြီးတစ်ချပ်ပေါ်လာပြီး ထိုတံခါးပေါ်တွင် ထူထပ်သိပ်သည်းလှသော လျှို့ဝှက်တားမြစ်ချက်များနှင့် အစီအရင်များစွာ ရေးထိုးထားလေသည်။ တံခါးကြီး၏ ပတ်ဝန်းကျင်၌ နက်ရှိုင်းပြီး ခန့်မှန်းရခက်သော အရှိန်အဝါများ ဖုံးလွှမ်းနေ၏။
ဤအဖြူရောင် တံခါးကြီးကို ဖြတ်ကျော်နိုင်မှသာလျှင် ထိုထူးခြားသော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ထင်ရှားနေသည်။ သို့သော် ဤတံခါးကြီးကို ဖြတ်ကျော်ရန်မှာမူ ထင်သလောက် မလွယ်ကူလှပေ။
ဟိုးယခင်က သွေးနတ်ဆိုးသစ်ပင်သည် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သော်လည်း ဤဟင်းလင်းပြင်တံခါးကို ဖွင့်နိုင်ခြင်းမရှိခဲ့ပေ။ သို့မဟုတ်ပါက ၎င်းသည် ထိုအင်မော်တယ်အလောင်းကို ဝါးမျိုခဲ့သည်မှာ ကြာလှပြီဖြစ်၏။
"ခဏနေဦး... ငါ ဒီတံခါးကို ဖွင့်နိုင်ပုံရတယ်..."
နိမိတ်ကောင်းတစ်ခုကို ရရှိလိုက်သကဲ့သို့ ကျိုးစွေ့၏စိတ်ထဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။ 'ကံကြမ္မာကူ'ထံမှ သတင်းစကားတစ်ခုက စီးဝင်လာသည်ကို သူခံစားလိုက်ရပြီးနောက် မိမိနှင့် ဤတံခါးကြားတွင် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ကို သတိပြုမိလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏နှလုံးသားမျက်လုံးစွမ်းအားဖြင့် ထိုအဖြူရောင်တံခါးကို အသာအယာ ထိတွေ့လိုက်၏။
ဝုန်း...။
ထိုခဏ၌ပင် အဖြူရောင်တံခါးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး ချက်ချင်းပင် ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။
ရွှစ်…။
ကျိုးစွေ့သည် ခုခံနိုင်စွမ်းမရှိသော အားအင်တစ်ရပ်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ချက်ချင်းပင် စုပ်ယူခြင်းခံလိုက်ရ၏။ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ဤဟင်းလင်းပြင်စွမ်းအားမှာ ဤကမ္ဘာ၏ အကန့်အသတ်ကိုပင် ကျော်လွန်နေလေသည်။ မကြာမီမှာပင် ကျိုးစွေ့သည် ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ၏ခြေထောက်နှစ်ဖက်မှာ မာကျောသော မြေသားပေါ်တွင် နင်းထားမိလျက်သားရှိနေသည်။ သူသည် ရှေးဟောင်းဆန်သော ခြံဝင်းတစ်ခုထဲသို့ ရောက်ရှိနေခြင်းဖြစ်ပြီး အဝေးရှိ ကွင်းပြင်လွတ်တစ်ခုတွင် “ရှန်းဟိုင်” ဟူသော စာလုံးနှစ်လုံး ရေးထိုးထားသည့် ကျောက်စာတိုင်တစ်ခု စိုက်ထူထားသည်ကို တွေ့ရလေသည်။
ထိုကျောက်စာတိုင်ထံမှ ခန့်မှန်းရခက်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တွင်မူ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များ ပေါက်ရောက်နေသည်။
သို့သော် ကျိုးစွေ့ကို ပို၍အံ့အားသင့်စေသည်မှာ ရှေ့ဘက်ရှိ ကွင်းပြင်လွတ်တစ်ခုတွင် အဖြူရောင်တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးမှာ အေးချမ်းစွာ လဲလျောင်းနေခြင်းပင် ဖြစ်၏။ ထိုသူ့ထံမှ ပြင်းထန်သော အင်မော်တယ်အနှစ်သာရ အငွေ့အသက်များ ထွက်ပေါ်နေချေသည်။
***