"ချန်ချွမ်းတာအိုအရှင်ရဲ့ နောက်ဆုံးလက်နက်ကတော့ သူ့ခန္ဓာကိုယ်ထဲက အသက်ဆက်ဝိညာဉ်အပင်ဖြစ်တဲ့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပဲ...”
ကျိုးစွေ့၏ မျက်လုံးများတွင် စူးရှသောအလင်းတစ်ချက် လက်သွားလေသည်။
ချန်ချွမ်းတာအိုအရှင်၏ အသက်ဆက်ဝိညာဉ်အပင်အနေဖြင့် ၎င်းသည် အင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ချန်ချွမ်းတာအိုအရှင် သေဆုံးသွားလျှင်ပင် ၎င်းက သေဆုံးသွားမည်မဟုတ်ပေ။
မှန်ပေသည်၊ ၎င်းသည်လည်း ကြီးမားသော ဒဏ်ရာအချို့ကို ရရှိထားခဲ့ရာ အတိတ်က အထွတ်အထိပ်အချိန်သို့ ပြန်လည်ရောက်ရှိရန်ကား မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် ချန်ချွမ်းတာအိုအရှင်သည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အတွက် အရန်လမ်းကြောင်းတစ်ခုကို စီစဉ်ပေးခဲ့သည်။
၎င်းမှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားကိုအသုံးပြု၍ ဘုံသုံးပါးကို ပေါင်းစပ်ကာ ၎င်းကို ကျင့်ကြံခြင်းလောက၏ အရေးအကြီးဆုံး အမာခံဗဟိုချက် ဖြစ်လာစေရန်ပင် ဖြစ်သည်။
အကယ်၍ ဆက်လက် ကြီးထွားလာမည်ဆိုပါက အင်မော်တယ်လောကနှင့်ပင် တိုက်ရိုက် ဆက်သွယ်နိုင်မည် ဖြစ်သည်။
ယခုအချိန်တွင်မူ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် အိပ်မောကျနေသည့် အခြေအနေ၌ပင် ရှိနေဆဲ ဖြစ်သည်။
မျိုးဆက်သစ်ဆက်ခံသူ ပေါ်လာသည့်အချိန်ကျမှသာ ၎င်းက ပြန်လည်နိုးထလာမည် ဖြစ်၏။
"တကယ်ကို အစွမ်းထက်တာပဲ...”
ကျိုးစွေ့မှာ အံ့သြချီးကျူးမိလေသည်။
ဝိုးတစ်ဝါးဖြင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က အစွမ်းပြကာ အဆုံးမဲ့နွယ်ပင်များ ပေါက်ပွားလာပြီး ဘုံသုံးပါးကို ပေါင်းစပ်လိုက်သည်ကို သူမြင်ယောင်မိသွားသည်။ နွယ်ပင်များက ကမ္ဘာလောကတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လောကတစ်ခုလုံးရှိ တစ်ခုတည်းသော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်အမြစ် ဖြစ်လာလေသည်။
ဤသည်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အား ဤလောက၏ တစ်ဦးတည်းသောအရှင်သခင် ဖြစ်လာစေခြင်းနှင့် အတူတူပင်။
ဤသို့ဖြင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် ကျင့်ကြံခြင်းလောကနှင့်အတူ ဆက်တိုက်ကြီးထွားလာနိုင်ပြီး ၎င်း၏ဒဏ်ရာများကို ကုသကာ အတိတ်က ကြောက်မက်ဖွယ် ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိလာမည်ဖြစ်သည်။ အနာဂတ်တွင် အင်မော်တယ်လောကသို့ တက်လှမ်းရန်ပင် အခွင့်အရေး ရရှိလာနိုင်ပေသည်။
ဤသည်မှာ ချန်ချွမ်းတာအိုအရှင် ချန်ရစ်ခဲ့သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။
၎င်း၏အမွေဆက်ခံသူ တပည့်က အင်မော်တယ်လောကသို့ မတက်လှမ်းနိုင်လျှင်ပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည်ကား သေချာပေါက် တက်လှမ်းနိုင်ပေမည်။
ဤသည်က ကြိုတင်ပြင်ဆင်မှု နှစ်ခု ပြုလုပ်ထားခြင်းပင် ဖြစ်လေသည်။
မှန်ပေသည်၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကြီးထွားမှုနှုန်းမှာ အလွန်နှေးကွေးသည်။
၎င်းတက်လှမ်းနိုင်မည့်အချိန်ကို စောင့်ဆိုင်းရန်အတွက် အလွန်ရှည်လျားလှသော အချိန်ကာလတစ်ခု လိုအပ်မည်မှာ သေချာလှ၏။
၎င်းမှာ နှစ်သန်းပေါင်းများစွာ၊ သို့မဟုတ် နှစ်သန်းဆယ်ချီ၍ပင် ကြာမြင့်နိုင်ပေသည်။
'ဒါက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်လား...’
ထိုအခိုက်တွင် ကျိုးစွေ့က စိတ်ဆန္ဒတစ်ချက် လှုပ်ရှားလိုက်ရာ ဤဝတ်ရုံဖြူတာအိုအရှင်၏ ရုပ်အလောင်းအတွင်းပိုင်း၌ စိမ်းပြာရောင်မျိုးစေ့လေးတစ်စေ့က ပုန်းကွယ်နေပြီး ၎င်း၏နှလုံးသားထဲသို့ ပေါင်းစပ်ဝင်ရောက်နေကြောင်းကို ချက်ချင်း အာရုံခံမိလိုက်သည်။
ဤစိမ်းပြာရောင်မျိုးစေ့လေးမှာ အိပ်မောကျနေသည့် အခြေအနေတွင် ရှိနေသော်လည်း ဧရာမသက်စောင့်စွမ်းအင်များကို သိုလှောင်ထားဆဲပင်။
၎င်းကို နှိုးလိုက်သည်နှင့်တစ်ပြိုင်နက် အခွံကိုဖောက်ထွက်လာကာ အတိတ်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စစ်မှန်သောခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။
၎င်းကို နှိုးယူနိုင်မည့်နည်းလမ်းသည်ကား တကယ်တမ်း အလွန်ရိုးရှင်းလှသည်။ ၎င်းမှာ နှလုံးသားမျက်လုံးစွမ်းအားကို အသုံးပြု၍ စိမ်းပြာရောင်မျိုးစေ့၏ တားမြစ်အစီအရင်ကို ဖယ်ရှားလိုက်ရန်ပင် ဖြစ်၏။
ဤသည်မှာ ချန်ချွမ်းတာအိုအရှင်၏ ဆက်ခံသူသာလျှင် ပြုလုပ်နိုင်သည့်ကိစ္စ ဖြစ်ပေသည်။
သို့မဟုတ်ပါက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် ဆက်လက်၍ အိပ်မောကျနေမည်သာ။
'ယုံကြည်နိုင်စရာကို မရှိဘူး… ဒါက အင်မော်တယ်တစ်ပါးရဲ့ ရုပ်အလောင်းလား… နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် အသက်ဝင်နေဆဲဖြစ်သလို ဧရာမသက်စောင့်စွမ်းအင်တွေလည်း ပါဝင်နေသေးတယ်… နှစ်သန်းတစ်ထောင်ကြာရင်တောင် ဆွေးမြည့်သွားမှာ မဟုတ်ဘူးထင်တယ်...’
'ဒါ့အပြင် အင်မော်တယ်မူလချီတွေကိုတောင် အလိုအလျောက် ထုတ်လုပ်ပေးနိုင်သေးတယ်… တကယ်လို့ ဒီအင်မော်တယ်ရုပ်အလောင်းဘေးမှာ ကျင့်ကြံမယ်ဆိုရင် ဆဌမအဆင့် ဝိညာဉ်ကြော၊ ဒါမှမဟုတ် သတ္တမအဆင့်၊ အဌမအဆင့် ဝိညာဉ်ကြောထဲမှာ ကျင့်ကြံနေရတာနဲ့ အတူတူပဲ...’
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
သူ၏ရှေ့မှောက်ရှိ ဤအင်မော်တယ်ရုပ်အလောင်းတွင် ခန့်မှန်း၍မရနိုင်သော အင်မော်တယ်မူလချီများ ပါဝင်နေကြောင်းကို သူအာရုံခံမိလိုက်၏။ ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့သော်လည်း ကြီးမားလှသော မူလစွမ်းအင်များ ပါဝင်နေဆဲဖြစ်ရာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။
ဤသည်က အင်မော်တယ်ရုပ်အလောင်း၏ ခန္ဓာကိုယ်ထဲတွင် နေမင်းကြီးတစ်စင်း၏ စွမ်းအင်များ ပါဝင်နေသည့်အလား ဖြစ်နေသည်။
ထို့အပြင် ၎င်း၌ အဆုံးမဲ့စွမ်းအင်များ ပါဝင်နေသေးသည်။
အင်မော်တယ်မူလချီများ မည်မျှပင် ထုတ်လွှတ်လိုက်စေကာမူ ထိုပမာဏအတိုင်း ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိလေသည်။
ရိုးရိုးရှင်းရှင်းဆိုရလျှင် ၎င်းမှာ ရွေ့လျားနိုင်သော အနှိုင်းမဲ့ဝိညာဉ်ကြောကြီးတစ်ခုပင် ဖြစ်ပေသည်။
အင်မော်တယ်တစ်ပါး၏ စွမ်းအားမှာ ပတ်ဝန်းကျင်အပေါ် ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
ဝိညာဉ်စွမ်းအင်ကင်းမဲ့နေသည့် နေရာတစ်ခုဖြစ်နေလျှင်ပင် အင်မော်တယ်တစ်ပါး ဆင်းသက်လာသည်နှင့် စိတ်ဝိညာဉ်ချီများ သိပ်သည်းကြွယ်ဝသော ကျင့်ကြံခြင်းကောင်းချီးမြေတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
ဤသည်ကပင် အင်မော်တယ်တို့၏ ကြီးကျယ်ခမ်းနားသော စွမ်းအားဖြစ်ပြီး စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
'တကယ်လို့ အခုချက်ချင်းသာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့လိုက်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ဘုံသုံးပါးကို ပေါင်းစပ်သွားနိုင်လောက်တယ်...’
'ကျင့်ကြံခြင်းလောက၊ ရှေးဟောင်းမိစ္ဆာသားရဲလောကနဲ့ ရှေးဟောင်းနတ်ဆိုးလောက သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး မဟာကမ္ဘာကြီးတစ်ခု ဖန်တီးလိုက်နိုင်တယ်...’
'ဒါပေမယ့် လူသားမျိုးနွယ်စုအတွက်တော့ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်နိုင်ဘူး...’
'ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်လိုက်ရင် နတ်ဆိုးတွေနဲ့ မိစ္ဆာသားရဲတွေ အမြောက်အမြား ဒီလောကထဲကို ဝင်ရောက်လာလိမ့်မယ်… လူသားမျိုးနွယ်စုက သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး...’
'လောစရာမလိုပါဘူး… နတ်ဆိုးမျိုးနွယ်စုနဲ့ မိစ္ဆာသားရဲမျိုးနွယ်စုတွေ အပြင်းအထန် တိုက်ခိုက်ကြပြီး နှစ်ဖက်စလုံး အထိနာသွားတဲ့အချိန်ကျမှ လက်စွမ်းပြရင်လည်း နောက်မကျသေးပါဘူးလေ...’
'အကောင်းဆုံးကတော့ ငါ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်တဲ့အချိန်ထိ စောင့်တာပဲ… ဒါဆိုရင် နတ်ဆိုးမျိုးနွယ်စုနဲ့ မိစ္ဆာသားရဲမျိုးနွယ်စုတွေ အကုန်လုံး ထွက်လာရင်တောင် ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။
ယခုအချိန်တွင် သူသည် အောင်ပွဲကို ဆုပ်ကိုင်ထားနိုင်ပြီဟု ခံစားနေရ၏။
သူသာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုပါက သူသည် ဤလောက၏ အရှင်သခင် ဖြစ်လာမည်ဖြစ်ပြီး ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဟု ခေါ်ဆိုနိုင်ပေမည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် သူ အနည်းငယ်မျှ ကြောက်ရွံ့မည်မဟုတ်ပေ။
ဝှစ်…။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ပုံရိပ်က တစ်ချက်လက်သွားကာ ခြံဝင်းအတွင်းရှိ စာကြည့်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။
၎င်းအတွင်း၌ အမျိုးအစားစုံလင်လှသော အမွေအနှစ်ကျောက်စိမ်းမှတ်တမ်းများ ပြည့်နှက်နေသည်။
ထို့အပြင် ဤနေရာတွင် မည်သည့် တားမြစ်အစီအရင်ကိုမျှ ချထားခြင်းမရှိဘဲ မည်သူမဆို လွတ်လပ်စွာ ဖတ်ရှုနိုင်ရန် ထားရှိလေသည်။
ထင်ရှားသည်မှာ ချန်ချွမ်းတာအိုအရှင်အတွက် ရှန်းဟိုင်ပုလဲ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်နိုင်သူတိုင်းက သူ၏ဆက်ခံသူပင် ဖြစ်သည်။
ဤသို့ဖြင့် သဘာဝကျကျ မည်သည့်အရာကိုမျှ ကာကွယ်စောင့်ရှောက်ရန် မလိုအပ်တော့ချေ။
အတွင်းရှိ အမွေအနှစ်များမှာလည်း သူ၏ဆက်ခံသူများအတွက် ချန်ရစ်ထားခြင်း ဖြစ်သည်မဟုတ်ပါလော။
'မဖြစ်နိုင်တာ… ဒီလောက်တောင် များတဲ့ အမွေအနှစ်ကျင့်စဉ်တွေ ရှိနေတာလား...’
'ဒါက ကျောက်စိမ်းမိန်းမပျိုနှလုံးသားကျမ်းပဲ… ဒါ ဟယ်ဟွမ်းဂိုဏ်းရဲ့ အမွေအနှစ်ကျင့်စဉ် မဟုတ်ဘူးလား… ဒါတောင် ရှိနေတာလား… အစကတည်းက ချန်ချွမ်းတာအိုအရှင်က ဒီအရာတွေကို ဖြန့်ဝေပေးခဲ့တာများလား… ပြီးတော့ အထဲမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ရဲ့အထက်က ကျင့်စဉ်မန္တန်တွေတောင် ပါသေးတယ်… အင်မော်တယ်အဆင့်အထိတောင် ကျင့်ကြံလို့ရတယ်...’
'လွန်လွန်းနေပြီ… ဒါက အင်မော်တယ်ရှားဂိုဏ်းရဲ့ အဓိကကျင့်စဉ်ဖြစ်တဲ့ ခရမ်းမြူခိုးကျင့်စဉ်ပဲ… နတ်ဘုရားအသွင်ပြောင်းအဆင့် နောက်ပိုင်းက ကျင့်စဉ်တွေအကုန်လုံး ပါဝင်နေပုံရတယ်… အင်မော်တယ်လမ်းစဉ်ကို တိုက်ရိုက်ရည်ညွှန်းတဲ့ ကျင့်စဉ်ပဲ… အင်မော်တယ်ရှားဂိုဏ်းရဲ့ ဘိုးဘေးကလည်း အင်မော်တယ်အမွေအနှစ်တွေကို ရရှိခဲ့တာများလား….
မဟုတ်နိုင်ဘူး… ဒါမှမဟုတ် ဒီကျင့်စဉ်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ပျံ့နှံ့သွားခဲ့ပြီး အင်မော်တယ်ရှားဂိုဏ်းရဲ့ ဘိုးဘေးက တိုက်တိုက်ဆိုင်ဆိုင် ရရှိသွားတာပဲဖြစ်ရမယ်… ဒီကျင့်စဉ်ရဲ့ အစိတ်အပိုင်းတချို့လောက်ပဲ ပျံ့နှံ့သွားတာဖြစ်မယ်… အလွန်ဆုံး ဝိညာဉ်သန္ဓေသားအဆင့်ထိပဲ ကျင့်ကြံလို့ရနိုင်တယ်… အခု ဒီအမွေအနှစ်ကျောက်စိမ်းမှတ်တမ်းကမှ အပြည့်အစုံပဲ...’
'ဒါက မြူနှင်းနန်းတော်ရဲ့ မြူနှင်းကျင့်စဉ် မဟုတ်ဘူးလား… နတ်ဘုရားအသွင်ပြောင်းအဆင့်ရဲ့အထက်က ကျင့်စဉ်တွေတောင် ပါနေသေးတယ်...’
'အင်း… ဒါက ရှေးဟောင်းဂိုဏ်းဖြစ်တဲ့ သားရဲထိန်းချုပ်ခြင်းဂိုဏ်းရဲ့ ဟွမ့်ယွမ်သားရဲထိန်းချုပ်ခြင်းကျင့်စဉ်ပဲ… အတွဲအပြည့်အစုံက ဒီမှာရှိနေတာလား… ရှေးခေတ်တုန်းက သားရဲထိန်းချုပ်ခြင်းဂိုဏ်းတောင် ဒီလောက် ပြည့်စုံတဲ့အတွဲကို ရရှိခဲ့မှာမဟုတ်ဘူး… တကယ်ကို စိုင်ကော်လို့ ခြုံပေါ်ရောက်လာတာပဲ… အစက သားရဲထိန်းချုပ်ခြင်းကျင့်စဉ်ကို ဘယ်နေရာမှာ သွားရှာရမလဲလို့ တွေးနေခဲ့တာ… ဒီနေရာမှာ တွေ့လိမ့်မယ်လို့ ထင်မထားဘူး...’
'ကျွတ်ကျွတ်… ကုယုံဂိုဏ်းရဲ့ ကုယုံကျင့်စဉ်၊ ဟွမ့်ယွမ်ဂိုဏ်းရဲ့ ဟွမ့်ယွမ်အစစ်အမှန်ကျင့်စဉ်၊ ထိုက်ရွှီဂိုဏ်းရဲ့ ထိုက်ရွှီနှလုံးသားကျမ်းတွေတောင် ရှိသေးတယ်...’
'တကယ်ကိုပဲ ဒီကမ္ဘာမှာရှိတဲ့ ကျင့်စဉ်အားလုံးရဲ့ အရင်းအမြစ်က ချန်ချွမ်းတာအိုအရှင်ဆီက လာတာပဲ...’
'ဒီရှေးဟောင်းကျင့်စဉ်တွေအားလုံးကို သူကပဲ သင်ကြားဖြန့်ဝေပေးခဲ့တာဖြစ်မယ်...’
'ဒီကျင့်စဉ်တွေရဲ့ အစိတ်အပိုင်းတချို့လောက်သာ ပျံ့နှံ့သွားခဲ့ပြီး အလွန်ဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်ထိပဲ ကျင့်ကြံလို့ရတာပဲ...’
'ဒါပေမယ့် ဒီနေရာက အမွေအနှစ်ကျင့်စဉ်တွေကတော့ အင်မော်တယ်အဆင့်ထိ တိုက်ရိုက်ကျင့်ကြံလို့ ရနိုင်တယ်...’
'ဒီချန်ချွမ်းတာအိုအရှင်က တကယ်တမ်း ဘယ်လိုလူမျိုးလဲ… ဘာလို့ ဒီလောက်များပြားတဲ့ အင်မော်တယ်လမ်းစဉ် အမွေအနှစ်တွေကို ပိုင်ဆိုင်ထားရတာလဲ...’
'ဒါမှမဟုတ် အင်မော်တယ်လောကက အင်မော်တယ်တိုင်းက ဒီလိုပဲလား...’
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်မိသည်။
သူ၏စိတ်ထဲတွင် အံ့သြချီးကျူးနေမိပြီး အတိုင်းမသိသော စိတ်လှုပ်ရှားမှုကို ခံစားနေရ၏။
အထူးသဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ‘စာအုပ်ကူ’အတွက်မူ ဤအင်မော်တယ်ကျမ်းစာများမှာ အဆင့်မြင့်အစားအစာများပင် ဖြစ်ပေသည်။
၎င်းတို့ကို စားသုံးလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏ကျင့်ကြံမှုအဆင့်မှာ ဆတိုးကိန်းဖြင့် မြင့်တက်လာမည် ဖြစ်၏။
ဝိညာဉ်လောကမှလာသော အမွေအနှစ်များဖြစ်လျှင်ပင် အတိုင်းအတာတစ်ခုအထိသာ ရှိနိုင်လောက်ပေသည်။
ချန်ချွမ်းတာအိုအရှင် ချန်ရစ်ခဲ့သော အင်မော်တယ်ကျမ်းစာများနှင့်မူ လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
ဤသည်မှာ အင်မော်တယ်လောကရှိ ဂိုဏ်းတစ်ခု၏ အမွေအနှစ်များစွာကို ရရှိလိုက်သည်နှင့် အတူတူပင်ဖြစ်ကြောင်း ဆိုနိုင်ပြီး ယင်းမှရရှိမည့် အကျိုးကျေးဇူးများမှာ တွေးကြည့်ရန်ပင် ခက်ခဲလှပေ၏။
***