'ဒါနဲ့… ချန်ချွမ်းတာအိုအရှင် ချန်ထားခဲ့တဲ့ သတင်းစကားတွေအရ သူက အင်မော်တယ်လောက ချင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပုံပဲ...’
'ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရလို့သာ အင်မော်တယ်လောကကနေ ထွက်ပြေးလာခဲ့တာပဲ...’
'ထွက်ပြေးတဲ့အချိန်မှာ ဂိုဏ်းရဲ့အမွေအနှစ်တွေ ပျောက်ဆုံးသွားမှာကို ကာကွယ်ဖို့အတွက် ဒီကျင့်စဉ်တွေကို ယူဆောင်လာခဲ့တာ ဖြစ်နိုင်တယ်...’
‘ခဏလေး… တကယ်လို့ ဒီလိုသာဆိုရင် ချင်းယွမ်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို ရရှိလိုက်တာက ချင်းယွမ်ဂိုဏ်းရဲ့ ကံကြမ္မာအကျိုးဆက်ကို လက်ခံလိုက်တာနဲ့ မတူဘူးလား… အနာဂတ်မှာ ချင်းယွမ်ဂိုဏ်းရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရနိုင်ချေ အများကြီးရှိတယ်...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ရင်း ရုတ်တရက် အလန့်တကြား ဖြစ်သွားရသည်။
သူသည် အနာဂတ်တွင် ကြီးမားသော ပြဿနာတစ်ခုနှင့် ကြုံတွေ့ရနိုင်ကြောင်းကို ချက်ချင်း သဘောပေါက်လိုက်၏။
ယခုတစ်ကြိမ် ရရှိလိုက်သည့် အကျိုးကျေးဇူးများက အလွန်ကြီးမားသော်လည်း ပါဝင်ပတ်သက်နေသည့် ကံကြမ္မာအကျိုးဆက်မှာလည်း အလွန်လေးလံလှသည်။
ချန်ချွမ်းတာအိုအရှင်ကဲ့သို့ အင်မော်တယ်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည် ဆိုသည့်အချက်ကြောင့် ရန်သူ၏အစွမ်းထက်မှုကို ခန့်မှန်းကြည့်နိုင်ပြီး သေချာပေါက် အလွန်အစွမ်းထက်သော အင်မော်တယ်တစ်ပါး ဖြစ်ရပေမည်။
သိသာစွာပင် ဤသည်ကား အခွင့်အရေးများ ရရှိခြင်း၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်လေသည်။
သင့်လျော်သော အကျိုးကျေးဇူးများကို ရရှိခဲ့လျှင် ယင်းနှင့်ထိုက်တန်သော ဘေးအန္တရာယ်များကို ခံစားရမည်မှာ သေချာပေသည်။
ဤသည်က ရှောင်လွှဲ၍မရနိုင်သော အရာပင် ဖြစ်၏။
လောကကြီးတွင် အခမဲ့ရနိုင်သည့် နေ့လယ်စာဆိုသည်မှာ မရှိပေ။ တစ်ခုခုကို ရရှိလိုပါက တစ်ခုခုကို ပြန်လည်ပေးဆပ်ရမည်မှာ သဘာဝကျသောကိစ္စ ဖြစ်သည်။
သို့သော်လည်း သူသည် အလျင်အမြန်ပင် စိတ်အေးသွားလေသည်။
ထိုသို့သောရန်သူ အမှန်တကယ်ရှိနေလျှင်ပင် ရန်သူမှာ အင်မော်တယ်လောကတွင်သာ ရှိနေပြီး လူ့လောကနှင့် ဝိညာဉ်လောကသို့ ဆင်းသက်လာရန် လုံးဝ မဖြစ်နိုင်ချေ။
သူ့ကို လာရောက် လိုက်လံသတ်ဖြတ်မည်ဆိုလျှင် မည်သည့်နှစ်၊ မည်သည့်လတွင် ဖြစ်မည်ကိုပင် မသိနိုင်ပေ။
နောင်တစ်ချိန်တွင် သူသာ အင်မော်တယ်လောကသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက၊ ဤကဲ့သို့သော အနာဂတ်ဘေးအန္တရာယ်များကို ရင်ဆိုင်ရကောင်း ရင်ဆိုင်ရပေမည်။
သို့သော် ထိုအရာများက မည်မျှကြာမှ ဖြစ်လာမည်ကို မသိနိုင်သေးချေ။
အချည်းနှီး ကြိုတင်စိုးရိမ်နေရန် အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
ဤကဲ့သို့ အသင့်ရနေသော အကျိုးကျေးဇူးများကိုမူ ဦးစွာပထမ စားသုံးထားလိုက်ရမည်သာ ဖြစ်၏။
နောင်ခါလာနောင်ဈေး နောက်ပိုင်းမှလာမည့် ဘေးအန္တရာယ်များအား နောက်မှသာ ရှင်းရပေမည်။
'ဒါပေမယ့် ဒီအင်မော်တယ်ကျမ်းစာတွေကလွဲပြီး အဆောင်ပညာ၊ အစီအရင်ပညာ၊ ဆေးဖော်စပ်ပညာ စတဲ့ လျှို့ဝှက်ကျမ်းတွေ တစ်ခုမှမရှိဘူး… တန်ခိုးစွမ်းရည်ပညာရပ်တွေလည်း မရှိဘူး… ချန်ချွမ်းတာအိုအရှင်က အမွေအနှစ်တချို့ကိုပဲ ယူလာခဲ့တာများလား...’
‘ဟုတ်တော့လည်းဟုတ်သား… ထွက်ပြေးလာတာဆိုတော့ ဂိုဏ်းရဲ့အမွေအနှစ်အားလုံးကို တစ်ယောက်တည်း ယူလာဖို့ဆိုတာ မဖြစ်နိုင်ဘူး...’
'အန္တရာယ်ကို ခွဲဝေယူဖို့ လိုအပ်တယ်...’
'ချင်းယွမ်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို အင်မော်တယ်အများကြီးက ခွဲဝေယူဆောင်သွားတာမျိုး ဖြစ်နိုင်တယ်၊ အမွေအနှစ်တွေကိုလည်း အပိုင်းတွေ အများကြီး ခွဲထားလောက်တယ်...’
'ချန်ချွမ်းတာအိုအရှင် ယူဆောင်လာခဲ့တာကတော့ ချင်းယွမ်ဂိုဏ်းရဲ့ အင်မော်တယ်ကျမ်းစာ အများစုပဲ ဖြစ်လိမ့်မယ်…'
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
သူ၏ခန့်မှန်းချက်မှာ ကိုးဆယ်ရာခိုင်နှုန်းခန့် မှန်ကန်နေပြီဟု သူခံစားမိ၏။
သို့သော်လည်း သူ အရမ်းကြီး နှမြောတသဖြစ်မနေပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ယောက်အတွက် ကျင့်စဉ်ကသာ အရေးအကြီးဆုံး ဖြစ်သောကြောင့်ပင်။
ကျင့်ကြံခြင်း အတတ်ပညာများအတွက်မူ အမှန်တကယ်တွင် အခြားနေရာများမှလည်း ရယူနိုင်လေသည်။
ကျင့်စဉ်ကသာလျှင် အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။
"ဒါပေမယ့် ကံကောင်းတာက 'အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း' ကိုတော့ ရရှိခဲ့သေးတယ်...”
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်လေသည်။
အမှန်အတိုင်းဆိုရလျှင် ယခင်က သူသည် အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း'၏ အပြည့်အစုံကို အမြဲတမ်း ရှာဖွေချင်ခဲ့၏။ ဝမ်းနည်းစရာကောင်းသည်မှာ စတုတ္ထအဆင့် အထွတ်အထိပ် 'ပစ္စည်းရှာဖွေကူ'ပင်လျှင် ဤလျှို့ဝှက်ကျမ်း၏ အပြည့်အစုံကို ရှာမတွေ့နိုင်ခဲ့ပေ။
သို့သော် ဤနေရာတွင် ရှာတွေ့လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။
ယခင်က သူသည် နှလုံးသားမျက်လုံးသုံးခုကို စုစည်းနိုင်ခဲ့ပြီးဖြစ်၏။
ယခုမူ ကျန်ရှိနေသော နှလုံးသားမျက်လုံးလေးခု၏ စုစည်းခြင်းပညာရပ်ကိုပါ ရရှိသွားခဲ့ချေပြီ။
မကြာမီတွင် သူသည် ဤကျင့်စဉ်ကို အမှန်တကယ် အောင်မြင်စွာကျင့်ကြံနိုင်ပြီး 'အလင်းမျက်လုံးခုနစ်လုံးဝိညာဉ်နှလုံးသား'ကို စုစည်းနိုင်တော့မည်ဟု ယုံကြည်ထားသည်။
“နှမြောစရာကောင်းတာက ပတ်ဝန်းကျင်မှာ ဝိညာဉ်ဆေးပင်တွေ မရှိတာပဲ...”
ကျိုးစွေ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ 'ရှန်းဟိုင်ပုလဲ'၏ နေရာလွတ်က သိပ်မကြီးမားကြောင်း သူခံစားမိလေသည်။ အချင်းအားဖြင့် ကီလိုမီတာတစ်ထောင်ခန့်သာရှိပြီး သေးငယ်သော ကျွန်းတစ်ကျွန်းနှင့် ညီမျှသည်။
ဤမျှ သေးငယ်နေရခြင်းမှာ အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ'သည် ပိုင်ဆိုင်သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် နီးကပ်စွာ ဆက်စပ်နေသောကြောင့်ပင်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ အတွင်းပိုင်းနေရာလွတ်က ပို၍ကြီးမားလေလေ ဖြစ်သည်။
ယခုအခါ အချင်းကီလိုမီတာတစ်ထောင်ဆိုသည်မှာ 'ရှန်းဟိုင်ပုလဲ'၏ မူလ အတွင်းပိုင်းနေရာလွတ်ဧရိယာသာ ဖြစ်လေသည်။
သေချာပေါက် သာမန်ကျင့်ကြံသူများအတွက်မူ ဤမျှကျယ်ဝန်းသော အတွင်းပိုင်းဧရိယာသည် အတော်လေး အံ့မခန်းဖြစ်နေပြီဖြစ်၏။
ပစ္စည်းအမြောက်အမြားကို သိုလှောင်ထားနိုင်ရုံသာမက သက်ရှိသတ္တဝါများကိုလည်း သယ်ဆောင်သွားနိုင်ပေသည်။
ကမ္ဘာငယ်လေးတစ်ခုကို ကိုယ်နှင့်မကွာ သယ်ဆောင်သွားခြင်းနှင့် ညီမျှလေသည်။
၎င်းမှရရှိမည့် အကျိုးကျေးဇူးများကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
'ရှန်းဟိုင်ပုလဲ'၏ အတွင်းပိုင်းနေရာလွတ်တွင် ဝိညာဉ်ဆေးပင်များ သိပ်မရှိရခြင်းမှာ ချန်ချွမ်းတာအိုအရှင်နှင့် ကြီးမားသော ဆက်စပ်မှုရှိနေသည်မှာ သဘာဝပင်။
အတိတ်က သူ၏ဒဏ်ရာများကို ကုသရန်အတွက် 'ရှန်းဟိုင်ပုလဲ'အတွင်းရှိ ဝိညာဉ်ဆေးပင်များနှင့် အင်မော်တယ်ဆေးပင်များကို အကုန်အစင် သုံးစွဲခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် ဤအတွင်းပိုင်းနေရာလွတ်တစ်ခုလုံးသည် ဟာလာဟင်းလင်းဖြစ်နေပြီး အပင်အချို့သာ ကျန်ရစ်တော့ခြင်း ဖြစ်ပေသည်။
ဝှစ်…။
ထိုအကြောင်းကို တွေးမိသည်နှင့် ကျိုးစွေ့၏ကိုယ်ဟန်က တစ်ချက်လက်ခနဲဖြစ်သွားပြီး အပြင်ဘက်မြေကွက်လပ်ရှိ ကျောက်တိုင်ရှေ့သို့ ရောက်ရှိသွားလေသည်။
ဤကျောက်တိုင်သည် အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ'၏ အချက်အချာနေရာပင် ဖြစ်၏။
ဤကျောက်တိုင်ကို သန့်စင်လိုက်နိုင်ပါက 'ရှန်းဟိုင်ပုလဲ'ကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ဤအင်မော်တယ်ရတနာကို သန့်စင်ကာ အလုံးစုံ ပိုင်စိုးနိုင်မည်ဖြစ်၏။
သို့သော် အင်မော်တယ်ရတနာကို သန့်စင်ရန်မှာ ထင်ထားသလောက် မရိုးရှင်းလှ။ ၎င်းနှင့်ကိုက်ညီသော ရတနာသန့်စင်ခြင်းမန္တန် ပိုင်ဆိုင်ထားမှသာ ထိန်းချုပ်နိုင်ပေမည်။
ထိုသို့မဟုတ်ပါက မိမိကိုယ်တိုင် အင်မော်တယ်ရတနာကို ရရှိခဲ့လျှင်ပင် သခင်အဖြစ် အသိအမှတ်ပြုခံရမည် မဟုတ်ပေ။
ကံကောင်းသည်မှာ အစောပိုင်းက ကျိုးစွေ့ရရှိခဲ့သော ချန်ချွမ်းတာအိုအရှင်၏ အမွေအနှစ်ထဲတွင် အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ'နှင့် ပတ်သက်သည့် ရတနာသန့်စင်ခြင်းမန္တန်တစ်စုံ ပါဝင်နေခြင်းဖြစ်၏။ ထိုမန္တန်ကို တတ်မြောက်ပါက အခြေခံအားဖြင့် သန့်စင်နိုင်ပြီး ဤအင်မော်တယ်ရတနာကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဝုန်း... ဝုန်း... ဝုန်း...။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် ရတနာသန့်စင်ခြင်းမန္တန်ကို ချက်ချင်း တတ်မြောက်သွားခဲ့၏။ သူက လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်ကာ မန္တန်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ပြီး ကြီးမားလှသော မန္တန်စွမ်းအားများကို ဤကျောက်တိုင်ထဲသို့ ချက်ချင်း သွတ်သွင်းလိုက်တော့သည်။
ထိုခဏတွင် သူ၏ဝိညာဉ်တစ်စွန်းတစ်စသည် ဤကျောက်တိုင်ထဲသို့ ချက်ချင်းပေါင်းစပ်သွားကြောင်း ခံစားလိုက်ရ၏။ ထို့နောက် သူ၏ဝိညာဉ်နှင့် အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ'တို့ကြားတွင် အမည်တပ်မရသော ဆက်သွယ်မှုတစ်ခု ရှိလာကြောင်း သူတွေ့ရှိလိုက်ရသည်။
“ဘယ်လိုလုပ် ဒီလောက်တောင် လေးနေရတာလဲ...”
ကျိုးစွေ့ မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။
အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ’ကို သူ အပြည့်အဝ အသက်မသွင်းနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။ သူသည် အလွယ်ကူဆုံး လုပ်ဆောင်ချက်တစ်ခုကိုသာ အသုံးပြုနိုင်သည်။ ၎င်းမှာ 'ရှန်းဟိုင်ပုလဲ'၏ နေရာလွတ်ထဲသို့ ဝင်ရောက်ခြင်းနှင့် အခြားရတနာများကို 'ရှန်းဟိုင်ပုလဲ'ထဲသို့ ဆွဲသွင်းခြင်းတို့ပင် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် သူသည် 'ရှန်းဟိုင်ပုလဲ'၏ အတွင်းပိုင်းနေရာလွတ်ကို အဖွင့်အပိတ်လုပ်နိုင်သည့် သော့ကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်လေသည်။
အကယ်၍ အတင်းအကြပ် အသက်သွင်းရန် ကြိုးစားပါက သူ၏ ဝိညာဉ်သန္ဓေသားအဆင့် မှော်စွမ်းအားများ ကုန်ခမ်းသွားမည်ကို စိုးရိမ်ရပေသည်။
“ထင်တဲ့အတိုင်းပဲ… လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ အင်မော်တယ်ရတနာကို အသက်သွင်းချင်တယ်ဆိုတာ လုံးဝကို စိတ်ကူးယဉ် အိပ်မက်မက်နေတာပဲ...”
“ကောင်းကင်အဆင့် ဝိညာဉ်ရတနာကိုတောင် မနည်းအသက်သွင်းရတာကိုး...”
ကျိုးစွေ့သည် အလျင်အမြန် သဘောပေါက်သွားရသည်။
သိသာထင်ရှားစွာပင် အင်မော်တယ်ရတနာသည် ကောင်းကင်အဆင့် ဝိညာဉ်ရတနာထက် အဆမည်မျှ ပိုမိုစွမ်းအားကြီးကြောင်း မသိနိုင်ပေ။ ဤသည်မှာ အင်မော်တယ်များ အသုံးပြုသည့် ရတနာဖြစ်၏။
သာမန်ကျင့်ကြံသူများ၏ ရတနာများနှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
လက်ရှိ သူ၏စွမ်းအားအရဆိုလျှင် အင်မော်တယ်ရတနာကို အသက်သွင်းရန် ကြိုးစားခြင်းသည် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးက ပေါင်တစ်ထောင်လေးသော သံတူကြီးကို ဝှေ့ယမ်းရန် ကြိုးစားနေခြင်းနှင့် သံသယဖြစ်ဖွယ်မရှိ တူညီနေပေသည်။
သို့သော် ဤမျှနှင့်ပင် လုံးဝလုံလောက်နေပြီဖြစ်၏။
မည်သို့ပင်ဖြစ်စေ ယခု သူ၏ခန္ဓာကိုယ်တွင် ရတနာများ လုံလုံလောက်လောက် ရှိနေပြီဖြစ်၏။ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို အသုံးပြုရုံဖြင့် လက်ရှိအခြေအနေကို အပြည့်အဝ ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
အင်မော်တယ်ရတနာတစ်ခု တိုးလာလျှင်ပင် ရှိပြီးသားအပေါ် ပိုမိုပြည့်စုံသွားစေရုံမျှသာဖြစ်ပြီး အရေးတကြီးလိုအပ်နေသည်တော့ မဟုတ်ပေ။
ဝုန်း...။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့၏ပုံရိပ်က လက်ခနဲဖြစ်သွားပြီး 'ရှန်းဟိုင်ပုလဲ' နေရာလွတ်ထဲမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။ နေရောင်ပင်မဝင်နိုင်သည့် မူလမြေတွင်းထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြီးနောက် သူက လက်ကို ညင်သာစွာ တစ်ချက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ပုံသဏ္ဌာန်မဲ့သော ရတနာပုလဲတစ်လုံးသည် လေဟာနယ်အနက်ပိုင်းမှ လျှပ်တစ်ပြက် ပျံသန်းထွက်ပေါ်လာ၏။ ထို့နောက် ၎င်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ခန္ဓာကိုယ်နှင့် တစ်သားတည်းပေါင်းစပ်သွားပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့သည်။
ဤရတနာပုလဲသည် အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ'ပင် ဖြစ်ချေတော့သည်။
***