“အင်း… ငါ့ခန္ဓာကိုယ်ပေါ်က ကံကြမ္မာတွေတောင် နည်းနည်း လျော့သွားပါလား...”
ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။
'ရှန်းဟိုင်ပုလဲ'ကို ရရှိပြီး အင်မော်တယ်အမွေအနှစ်ကို ရရှိပြီးနောက်တွင် 'ကံကြမ္မာကူ'မှတစ်ဆင့် သူခံစားမိသည်မှာ မူလက သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကျယ်ပြောလှသော ရွှေရောင်ကံကြမ္မာများသည် ယခုအခါ သုံးပုံတစ်ပုံခန့် လျော့ကျသွားခြင်းပင် ဖြစ်လေသည်။
ဤလောက၏ အကြီးမားဆုံးသော ရတနာနှင့် ကံတရားအခွင့်အရေးကို ရရှိခြင်းက သူ၏ကံကြမ္မာအမြောက်အမြားကို ဆုံးရှုံးစေခဲ့သည်မှာ ထင်ရှားပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ကံကြမ္မာအမြောက်အမြားကို ကုန်ဆုံးစေခဲ့သောကြောင့်သာ ဤအင်မော်တယ်အမွေအနှစ်များကို သူရှာတွေ့ခဲ့ခြင်းဖြစ်မည်ဟု ဆိုရပေမည်။
ဤသည်မှာ “အယူရှိလျှင် အပေးရှိရသည်” ဆိုခြင်းပင်။
တစ်ချိန်တည်းမှာပင် ဤသည်ကား ကောင်းကင်တာအို၏ အဆုံးစွန်သောအမှန်တရားလည်း ဖြစ်ပေသည်။
ကံကြမ္မာအမြောက်အမြား ဆုံးရှုံးသွားသည့်အပြင် ကျိုးစွေ့၏ခန္ဓာကိုယ်ပေါ်ရှိ ကပ်ဘေးကံကြမ္မာများသည်လည်း မည်းမှောင်သော တိမ်တိုက်ကြီးက ဖုံးလွှမ်းလာသည့်အလား ရူးသွပ်စွာ မြင့်တက်လာနေ၏။
အင်မော်တယ်ရုပ်အလောင်းကို ရရှိပြီးနောက်တွင် သူသည် ချန်ချွမ်းတာအိုအရှင်ထံမှ ပါလာသော ကံကြွေးကမ္မနှင့် ကပ်ဘေးများကိုပါ ခံစားရမည်မှာ ထင်ရှားပေသည်။
ထို့အပြင် သူကိုယ်တိုင်သည်လည်း ကပ်ဘေးကံကြမ္မာ၏ ဗဟိုချက်မ ဖြစ်လာခဲ့ချေပြီ။
အကယ်၍ မိစ္ဆာသားရဲများ၊ နတ်ဆိုးများက အင်မော်တယ်ရုပ်အလောင်း သူထံတွင် ရှိနေကြောင်းကို သိရှိသွားပါက အင်တိုက်အားတိုက် တိုက်ခိုက်လာကြမည်မှာ အသေအချာပင်။
သူသည်လည်း လူတိုင်း၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
ကြီးမားလှသော ကံတရားအခွင့်အရေးသည် ကြီးမားသော ကပ်ဘေးများနှင့်လည်း အတူယှဉ်တွဲလာတတ်ပေသည်။
မှန်ပေသည်၊ ကပ်ဘေးကို ဖြေရှင်းနိုင်လိုက်သည်နှင့် သူသည် ကောင်းကင်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားနိုင်မည်ဖြစ်၏။
'ဒီကပ်ဘေးတွေကို ခြေဖျက်ဖို့ နည်းလမ်းက တကယ်တော့ အရမ်းရိုးရှင်းတယ်… အဲဒါက ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပဲ...’
'နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်တာနဲ့ ကပ်ဘေးတော်တော်များများကို ဖြေရှင်းနိုင်လိမ့်မယ်...’
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်လေသည်။ သူသည် ဖြေရှင်းရမည့်နည်းလမ်းကို ချက်ချင်းပင် တွေးမိသွားသည်။
တကယ်တမ်းတွင် ယခင်ဘဝက သူကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် တူညီပေသည်။ ၎င်းမှာ ငွေမလုံလောက်ခြင်းပင် ဖြစ်၏။
အကယ်၍ ငွေလုံလုံလောက်လောက်သာ ရှိပါက အခက်အခဲများ မည်မျှလျော့နည်းသွားမည်ကို မသိနိုင်ပေ။
ကျင့်ကြံခြင်းလောကတွင်လည်း ထိုနည်းတူပင် ဖြစ်၏။
ကပ်ဘေးများစွာ ပေါ်ပေါက်လာရခြင်းမှာ ကျင့်ကြံခြင်းအဆင့် မလုံလောက်သောကြောင့်ဖြစ်၏။ အကယ်၍ ကျင့်ကြံခြင်းအဆင့်သာ လုံလောက်စွာ စွမ်းအားကြီးမားပါက မည်သည့်ကပ်ဘေးမှ ဖြစ်လာမည်မဟုတ်ဘဲ အလွန်ဆုံး လေအနည်းငယ် တိုက်ခတ်ခံရသည်ဟုသာ သတ်မှတ်နိုင်ပေမည်။
ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းကလည်း ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လန်သွားစေသကဲ့သို့သော အပြောင်းအလဲများကို ယူဆောင်လာမည်ဖြစ်၏။
“ဒီလိုဆိုမှတော့ ဒီနေရာကနေပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို တိုက်ရိုက်စီးနင်းပြီး ရွှမ်ဟွမ်ကျွန်းဆီ ပြန်ကြတာပေါ့...”
ကျိုးစွေ့၏ မျက်လုံးများတွင် စူးရှသောအလင်းတစ်ချက် လင်းလက်သွားလေသည်။
သူ၏ကိုယ်ပေါ်တွင် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင် တည်ဆောက်ရန်အတွက် ပစ္စည်းအမြောက်အမြား သယ်ဆောင်လာခဲ့၏။
ဤသို့ဖြင့် သူ မည်သည့်နေရာသို့ရောက်သည်ဖြစ်စေ လက်အောက်ခံ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို တည်ဆောက်နိုင်ပေသည်။
ရွှမ်ဟွမ်ကျွန်း၏ ရှေးဟောင်း တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လွှမ်းခြုံထားနိုင်၏။ လက်အောက်ခံ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို မည်သည့်နေရာတွင် တည်ဆောက်သည်ဖြစ်စေ အာရုံခံနိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် သူရောက်ရှိသွားသည့် မည်သည့်နေရာတွင်မဆို လက်အောက်ခံ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခုကို တည်ဆောက်ထားမည်ဖြစ်၏။
ဤသို့ဆိုလျှင် သူသည် ရွှမ်ဟွမ်ကျွန်းသို့ အချိန်မရွေး ပြန်နိုင်မည်ဖြစ်ပြီး ခရီးသွားချိန် အမြောက်အမြားကို သက်သာစေနိုင်ပေမည်။
…
နောက်ထပ် တစ်ရက်ကြာပြီးနောက်...။
ကျိုးစွေ့သည် အင်မော်တယ်ရှားကျွန်း၏ လျှို့ဝှက်တောင်ကြားတစ်ခုတွင် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို တည်ဆောက်ပြီးစီးသွားခဲ့၏။
ဝုန်း...။
များစွာမကြာလိုက်၊ သူသည် အချိန်ကြာမြင့်စွာ ခွဲခွာနေခဲ့ရသော ရွှမ်ဟွမ်တောင်ထွတ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
ဘာ...။
မူလက တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သော သခင်မမက်မွန်ပွင့်၊ ကျိပင်းယွီ စသည့် တာအိုလက်တွဲဖော်များ အားလုံးသည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ လှိုင်းအတက်အကျကို ချက်ချင်း အာရုံခံမိလိုက်ကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့် အမူအရာများ ပေါ်ထွက်လာကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ၎င်းတို့၏ ခင်ပွန်းမှလွဲ၍ အခြားမည်သူမျှ အသက်မသွင်းနိုင်ကြောင်းကို သူတို့သိထားသောကြောင့်ပင်။
ဆိုလိုသည်မှာ သူတို့၏ခင်ပွန်း အဝေးမှ ပြန်လည်ရောက်ရှိလာခြင်းသာ သေချာပေသည်။
တစ်ယောက်ချင်းစီတိုင်းသည် အလှပဆုံး ပြင်ဆင်ဝတ်စားထားကြပြီး ဆွဲဆောင်မှုရှိသော ကိုယ်ဟန်များဖြင့် လှုပ်ခါယိမ်းနွဲ့ကာ မိမိတို့၏ ကျင့်ကြံရေးဂူများမှ ထွက်ခွာလာပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်အနီးသို့ ရောက်ရှိလာကြ၏။
ချက်ချင်းပင် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ကျိုးစွေ့၏ပုံရိပ်က တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှ ထွက်ပေါ်လာလေသည်။
“ယောက်ျား...”
သခင်မမက်မွန်ပွင့်၊ ကျိပင်းယွီ၊ မုဇီယန်၊ ရှရွှေယန်၊ ချူတျဲယီ၊ ချန်ဇီယွင်နှင့် ယဲ့ဖေးရိုတို့သည် ကျိုးစွေ့ကို ဝမ်းမြောက်စွာ ကြည့်ရှုနေကြပြီး လှပသော မျက်လုံးအစုံများတွင် ပြင်းပြတောင့်တသော အမူအရာများ ပေါ်လွင်နေ၏။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက် နှစ်အနည်းငယ်ဆိုသည်မှာ ဘာမျှမဟုတ်ချေ။ သို့သော်ငြား တာအိုလက်တွဲဖော်များ ဖြစ်လာပြီးနောက်ပိုင်းတွင် သူတို့သည် ကျိုးစွေ့နှင့် ဤမျှ အချိန်ကြာမြင့်စွာ မည်သည့်အခါကမျှ ခွဲခွာခဲ့ဖူးခြင်း မရှိပေ။
တစ်ယောက်ချင်းစီတိုင်းသည် အချိန်မည်မျှကြာအောင် ဆာလောင်မွတ်သိပ်နေခဲ့ကြသည်ကိုပင် မသိနိုင်တော့ချေ။
“ကြာရှည်ခွဲခွာပြီးနောက် ပြန်လည်ဆုံတွေ့ခြင်းက မင်္ဂလာဦးညထက်ပင် သာလွန်သည်” ဆိုသည့် စကားအတိုင်း ယခုအခါ သူတို့သည် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်နေကြရသည်။
“ဂန္ဓာရီခရီးစဉ်က အဆုံးသတ်သွားပြီလား...”
ယဲ့ဖေးရိုက ကျိုးစွေ့ကို ကြည့်ရင်း မစောင့်နိုင်တော့သည့်အလား မေးလိုက်၏။
“ဟုတ်တယ်… ဒီတစ်ခေါက် ဂန္ဓာရီခရီးစဉ်မှာ အကျိုးအမြတ် အများကြီးရခဲ့တာတော့ အမှန်ပဲ...”
“ဒါပေမဲ့ နှစ်အနည်းငယ်ဆိုတဲ့ အချိန်ကလည်း လုံးဝ လုံလောက်နေပါပြီ...”
“အခု ကိုယ် ခဏလောက် တံခါးပိတ်ကျင့်ကြံမယ်… အဲဒီနောက် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားလို့ရပြီ...”
ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်၏။
ယခုအခါ သူ့၌ နတ်ဘုရားအသွင်ပြောင်းအဆင့် တက်လှမ်းရေးနှင့်ပတ်သက်၍ ယုံကြည်မှုများ အပြည့်အဝရှိနေပြီဟု ဆိုနိုင်ပေသည်။
အခြေခံအားဖြင့် မည်သည့်အရာကမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ယဲ့ဖေးရို၊ ချန်ဇီယွင်၊ ရှရွှေယန်၊ ချူတျဲယီ စသူတို့အားလုံးက ချွဲနွဲ့သောအသံလေးများ ပြုလိုက်ကြပြီး ကျိုးစွေ့ကို ပြင်းပြတောင့်တစွာ ကြည့်ရှုနေကြ၏။ သူတို့၏ စကားလုံးများထဲတွင် ပါဝင်သော အဓိပ္ပာယ်များသည် စကားလုံးနှစ်လုံးတည်း ဖြစ်သော်ငြား အဓိပ္ပာယ်များစွာ ပါဝင်နေပေသည်။
ကျိုးစွေ့ကဲ့သို့ အတွေ့အကြုံရင့် ယောက်ျားတစ်ယောက်အနေဖြင့် သဘာဝကျစွာပင် လက်ဖဝါးကို ကြည့်ရသကဲ့သို့ ရှင်းလင်းစွာ သိရှိနားလည်နေသည် မဟုတ်ပါလော။
............
တစ်ပတ်ကြာပြီးနောက်...။
ကျိုးစွေ့သည် ဂိုဏ်းသို့ ပြန်ရောက်သည်မှာ တစ်ပတ်ကြာခဲ့ပြီဖြစ်ပြီး တာအိုလက်တွဲဖော်များနှင့် ခွဲခွာခဲ့ရစဉ်က အလွမ်းအဆွေးများကို အတိုးချ၍ နှီးနှောခဲ့သည်။
မှန်ပေသည်၊ ကျင့်စဉ်ပုံစံအမျိုးမျိုးနှင့် နတ်ဘုရားစွမ်းရည်များကိုလည်း ပုဝါမကူ၊ရေမရှူစတမ်း ကျင့်ကြံခဲ့ပေသည်။
သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူလုပ်ခဲ့သည့်အရာအချို့ကို သူ၏ တာအိုလက်တွဲဖော်များအား ပြောပြခဲ့ပြီးနောက် သူတို့၏ ခံစားချက်များမှာလည်း ဆက်တိုက်တက်ကြွလာကာ ကော်နှင့်သစ်စေးကဲ့သို့ ခွဲမရအောင် ရင်းနှီးလာခဲ့လေ၏။
တစ်ခါတစ်ရံတွင် ခေတ္တခွဲခွာရခြင်းက တာအိုလက်တွဲဖော်များ၏ သံယောဇဉ်ကို ပိုမိုတိုးတက်စေတတ်ပေ၏။
“ဘာ... ယောက်ျားက ဒီတစ်ခေါက် အင်မော်တယ်ရှားကျွန်းကို ပြန်သွားပြီး အဲဒီသွေးနတ်ဆိုးသစ်ပင်ကို သတ်ဖြတ်ခဲ့တယ်ပေါ့...”
ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့ မိန်းမလှလေးခြောက်ဦးလုံးမှာ မျက်လုံးဝိုင်းကြီးများဖြင့် ကျိုးစွေ့ကို မယုံနိုင်စွာ ကြည့်နေကြ၏။ သူတို့၏ယောက်ျား အင်မော်တယ်ရှားကျွန်းသို့ ပြန်သွားမည်ဟု သူတို့ လုံးဝမထင်ထားခဲ့ပေ။
ရိုးရိုးသားသားဆိုရလျှင် သူတို့သည် အင်မော်တယ်ရှားကျွန်းဟူသော မွေးရပ်မြေကို အလွန်ပင် လွမ်းဆွတ်နေကြလေသည်။
သို့သော်ငြား ယခုအချိန်သည် ကမ္ဘာသုံးခုပေါင်းစည်းမည့် အန္တရာယ်ရှိသောကာလဖြစ်ပြီး နေရာတိုင်းတွင် မိစ္ဆာသားရဲများနှင့် နတ်ဆိုးမိစ္ဆာများ ပြည့်နှက်နေပေ၏။
အကယ်၍ ရွှမ်ဟွမ်ကျွန်းမှ ထွက်ခွာသွားပါက မည်သို့သော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ကိုပင် မသိနိုင်ချေ။
ထို့ကြောင့် မွေးရပ်မြေကို လွမ်းဆွတ်နေလျှင်ပင် ဤအချိန်တွင် သူတို့ စွန့်စားရဲကြမည် မဟုတ်ပေ။
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သုံးဦးဆိုလျှင် ပို၍ပင် ပြောစရာမလိုတော့ပေ။ သူတို့သည် စိမ်းလန်းဧကရာဇ်သက်ရှည်ကျင့်စဉ်ကို ကျင့်ကြံထားကြသဖြင့် ရွှမ်ဟွမ်ကျွန်းမှ ထွက်ခွာရန် လုံးဝမဖြစ်နိုင်ပေ။
“ဟုတ်တယ်...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်လေ၏။ သူသည် သူကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုံး ပြောပြလိုက်ရာ ထိုအထဲတွင် အင်မော်တယ်တစ်ဦး၏ ရုပ်အလောင်းကို ရှာတွေ့ခဲ့ခြင်းနှင့် အင်မော်တယ်အမွေအနှစ်ကို ရရှိခဲ့သည့် ကိစ္စများလည်း သဘာဝကျစွာ ပါဝင်နေပေသည်။
“ဘုရားရေ... ဒဏ္ဍာရီတွေက တကယ်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
“ကျင့်ကြံခြင်းလောကရဲ့ အရင်းအမြစ်က လွန်ခဲ့တဲ့နှစ်တစ်သန်းတုန်းက ဆင်းသက်လာတဲ့ အင်မော်တယ်ဆီကနေ လာတာပဲ...”
“ဒီကမ္ဘာက ဂိုဏ်းပေါင်းများစွာ ပေါ်ပေါက်လာတာကလည်း အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ကြောင့်ပေါ့...”
“အရင်ကတော့ ဒါကို ယုံတမ်းစကားသက်သက်လို့ပဲ ထင်ထားခဲ့တာ...”
ရှရွှေယန်၏ လှပသောမျက်လုံးများ ပြူးကျယ်သွားကာ အလွန်ပင် အံ့အားသင့်သွားလေသည်။
သူမသည်လည်း ဟယ်ဟွမ်းဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများထဲတွင် အလားတူဇာတ်လမ်းမျိုးကို ဖတ်ဖူးခဲ့သော်လည်း မူလက လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီပုံပြင်ဟုသာ ထင်မှတ်ခဲ့မိ၏။
အကယ်၍ အမှန်သာဖြစ်ခဲ့လျှင် ယနေ့တိုင်အောင် အင်မော်တယ်၏ ရုပ်အလောင်းကို အဘယ်ကြောင့် ရှာမတွေ့ခဲ့ကြသနည်း။
မည်သူက တွေးမိပါမည်နည်း။ မိမိတို့၏ယောက်ျားက အင်မော်တယ်ရုပ်အလောင်းကို ရှာတွေ့ခဲ့သည်မှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ကာ ယုံကြည်နိုင်စရာမရှိပေ။
“နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ကို သတ်လိုက်တာနဲ့ ယောက်ျားက အင်မော်တယ်ရုပ်အလောင်းကို ရှာတွေ့ခဲ့တာလား...”
“ယောက်ျားက တကယ်ကို ဒီကမ္ဘာရဲ့ ကံကြမ္မာရွေးချယ်ခံပဲ…. ဒီကမ္ဘာရဲ့ အကြီးမားဆုံးသော လျှို့ဝှက်ချက်နဲ့ ကံကြမ္မာအခွင့်အရေးတောင်မှ ယောက်ျားရဲ့ လက်ထဲကို ရောက်လာခဲ့တာကိုး...”
ယဲ့ဖေးရို၏ လှပသောမျက်လုံးများက တောက်ပသွားပြီး ကျိုးစွေ့ကို အတိုင်းအဆမသိ ကြည်ညိုလေးစားစွာဖြင့် ကြည့်လိုက်တော့သည်။
ယခင်က သူမ၏ခန့်မှန်းချက်မှာ အမှန်တကယ်ပင် မှန်ကန်သည်ဟု သူမခံစားလိုက်ရသည်။
သူမ၏ယောက်ျားသည် ကံတရား၏ ဖန်တီးမှုကြောင့် မွေးဖွားလာသော ကံကြမ္မာရွေးချယ်ခံဖြစ်ပြီး ဤကမ္ဘာလောကကို ကယ်တင်ရန် မွေးဖွားလာသည့် ကောင်းကင်ဘုံမှ ဆင်းသက်လာသူပင် ဖြစ်၏။
အင်မော်တယ်ဝင်စားသူပင် ဖြစ်နိုင်ခြေ ရှိသည်။
ထို့ကြောင့်သာ ဤမျှလောက်ကြီးမားသော ကံကြမ္မာအခွင့်အရေးကို ရရှိနိုင်ပြီး ကျင့်ကြံခြင်းအဆင့်သည်လည်း ဤမျှမြန်ဆန်နေခြင်း ဖြစ်ရပေမည်။
မည်သည့်အတားအဆီးမှ မရှိသကဲ့သို့ပင် အလွန်တရာ အံ့မခန်းဖြစ်နေသည် မဟုတ်ပါလော။
“ကံကြမ္မာရွေးချယ်ခံဆိုတာ ဘယ်မှာရှိလို့လဲ... တိုက်ဆိုင်မှုလေးတစ်ခု ဖြစ်သွားရုံပါပဲ...”
ကျိုးစွေ့က လက်ယမ်းပြလိုက်၏။
အကယ်၍ ‘ကံကြမ္မာကူ’၏ အကူအညီသာ မပါဝင်ခဲ့ပါက ဤကဲ့သို့သော ကံကြမ္မာအခွင့်အရေးမျိုးသည် သူ၏လက်ထဲသို့ မည်သို့မျှ ရောက်လာမည်မဟုတ်ပေ။
အနာဂတ်တွင် ကြီးမားသော ကံတရားရှိသူတစ်ဦးဦးကသာ ဤအင်မော်တယ်ရုပ်အလောင်းကို မတော်တဆ ရရှိသွားနိုင်သည်။
မည်သို့ပင်ဖြစ်စေကာမူ သေချာသည်မှာ ကျင့်ကြံခြင်းလောက၏ ဤအကြီးမားဆုံးသော ကံကြမ္မာအခွင့်အရေးကို သူအမှန်တကယ်ပင် ရရှိခဲ့ပြီဖြစ်သည်။
ဤသည်မှာလည်း ရှောင်လွှဲ၍မရနိုင်သော ကိစ္စရပ်ပင် ဖြစ်ချေ၏။
“တိုက်ဆိုင်မှုလေး ဖြစ်သွားရုံပဲလား...”
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖေးရိုက ချက်ချင်းပင်ပြုံးလိုက်လေသည်။ ကံကြမ္မာရွေးချယ်ခံဆိုသည်မှာလည်း အမျိုးမျိုးသော တိုက်ဆိုင်မှုများပင် မဟုတ်ပါလော။
သူမ၏ယောက်ျားက ဝန်မခံသော်ငြား အမှန်တရားသည် အမှန်တရားသာဖြစ်ပြီး မည်သို့မျှ ငြင်းဆန်၍မရနိုင်ပေ။
သို့သော်လည်း ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ယောက်ျားက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့။ မည်သို့ပင်ဖြစ်စေ သူသည် သူမ၏ယောက်ျားပင် ဖြစ်လေ၏။
“ယောက်ျား... ခုနကပြောတဲ့ ကမ္ဘာသုံးခု ပေါင်းစည်းတာက အဲဒီအင်မော်တယ် ဖန်တီးခဲ့တာဆို...”
“အဲဒီအင်မော်တယ်က ကျင့်ကြံခြင်းလောက၊ ရှေးဟောင်းမိစ္ဆာသားရဲလောကနဲ့ ရှေးဟောင်းနတ်ဆိုးလောကတို့ကို တစ်သားတည်း ပေါင်းစည်းချင်ခဲ့တာလား...”
“တကယ်ပဲ လုပ်နိုင်ပါ့မလားမသိဘူး...”
ချန်ဇီယွင်၏ လှပသောမျက်လုံးများတွင် တောက်ပသောအလင်းတစ်ခု ပေါ်ထွက်လာပြီး သူမသည် ဤအချက်ကို အလွန်စိတ်ဝင်စားနေလေ၏။
မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ သူမ၏အနာဂတ် တာအိုလမ်းစဉ်နှင့် သက်ဆိုင်နေသောကြောင့် သဘာဝကျစွာပင် အလွန်အရေးကြီးပေသည်။
အကယ်၍ တကယ်သာ အောင်မြင်ခဲ့မည်ဆိုလျှင် ကျင့်ကြံခြင်းလောကသည် အရင်က တစ်ခါမှမရှိခဲ့ဖူးသော အပြောင်းအလဲများကို ရင်ဆိုင်ရမည်ဖြစ်၏။
ရိုးရိုးသားသားဆိုရလျှင် ယောက်ျားဖြစ်သူထံမှ ဤကဲ့သို့သော ရှေးဟောင်းလျှို့ဝှက်ချက်များကို သိရလိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ပေ။
ရှေးခေတ်မှ ယနေ့တိုင်အောင် ဤကဲ့သို့သော လျှို့ဝှက်ချက်ကို မည်သူကမျှ သိနိုင်မည်မဟုတ်ချေ။
သူမတို့၏ ယောက်ျားသည်လည်း အင်မော်တယ်ရုပ်အလောင်းကို ရရှိခဲ့မှသာ ဤကဲ့သို့သော ကမ္ဘာတုန်လောက်စေမည့် လျှို့ဝှက်ချက်ကို သိရှိနိုင်ခြင်းဖြစ်လေ၏။
“သေချာပေါက် လုပ်နိုင်တာပေါ့...”
“ကိုယ်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို ရရှိခဲ့တယ်… ဒါက အဲဒီအင်မော်တယ်ရဲ့ ခန္ဓာကိုယ်ထဲက အသက်ဆက်မူလဝိညာဉ်အပင်ပဲ...”
“သူ့ကို နိုးထစေပြီး သူ့ဆီကစွမ်းအားတွေကို အသုံးပြုလိုက်တာနဲ့ ချက်ချင်းပဲ ကမ္ဘာသုံးခုကို ပေါင်းစည်းနိုင်ပြီ...”
“ကမ္ဘာကြီးသုံးခုရဲ့ စွမ်းအားတွေရယ်၊ ပြီးတော့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီကမ္ဘာကို အစစ်အမှန်ဝိညာဉ်လောကအဆင့်အထိ ဆင့်ကဲပြောင်းလဲသွားစေဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူး...”
“အဲဒီအချိန်ကျရင် ငါတို့ရွှမ်ဟွမ်ကျွန်းရဲ့ ဝိညာဉ်ကြောတွေက ဆဌမအဆင့်၊ သတ္တမအဆင့်၊ အဌမအဆင့်၊ နဝမအဆင့် ဝိညာဉ်ကြောတွေအထိ အဆင့်တက်သွားနိုင်တယ်...”
“အဲဒီနောက်ကျရင် ငါတို့ကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့် မဟုတ်တော့ဘဲ မဟာယာနအဆင့်၊ ဒါမှမဟုတ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေအထိ ဖြစ်လာလိမ့်မယ်...”
ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်လေတော့၏။