“နေပါအုံး။ ဧည့်သည်ကို မသတ်ရဘူး ဆိုတာ မကြားဖူးဘူးလား။” ခြံဝင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူအိုကြီးတစ်ဦး ထွက်လာသည်။
ယွင်ကျုံးဟဲ့၏ ပေါင်ကြားတွင် အေးစက်သွားသော်လည်း သူ မလှုပ်ရှားပေ။ ဓားသွားက သူ့ပစ္စည်းနှင့် လက်မဝက်သာ လွဲသွားခြင်း ဖြစ်၏။
ထွက်လာသူမှာ ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ဖြစ်နေသည်။
“ကျောင်းအုပ်ကြီး...” ယွင်ဝမ်ရွှယ်က ဦးညွှတ်လိုက်၏။
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ခေါင်းဆောင်ယွင်... ဆွေးနွေးပွဲမှာ လူမသတ်ရဘူး။ ပုဂ္ဂိုလ်ရေး မုန်းတီးမှု ရှိရင် ဆွေးနွေးပွဲပြီးမှ ရှင်းပါ။”
ယွင်ဝမ်ရွှယ်က ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ။”
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ကျုပ် စာသွားဖတ်လိုက်အုံးမယ်။ ဆွေးနွေးပြီးရင် ပြန်ခေါ်လိုက်ပါ။”
ကျောင်းအုပ်ကြီး ထွက်ခွာသွား၏။
ယွင်ဝမ်ရွှယ်က ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။ “ကျောင်းအုပ်ကြီးသာ မရောက်လာရင် ခင်ဗျား မိန်းမလျာ ဖြစ်သွားပြီ။ ဒါပေမဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ နင်ချင်းက အပျိုစင် မဟုတ်တော့ဘူး ဆိုတော့ ကျုပ်အလှည့် ရောက်ပြီပေါ့။ ဆွေးနွေးပွဲ ပြီးတာနဲ့ ကျုပ်ညီမလေးဆီ သွားလည်ပြီး ကောင်းကောင်း ပြုစုပေးလိုက်အုံးမယ်။”
ယွင်ဝမ်ရွှယ် ထွက်ခွာသွား၏။ ဤအရာက ခြိမ်းခြောက်လိုက်ခြင်းပင်။
.................
ဆွေးနွေးပွဲ ပြန်လည် စတင်သည်။
“လက်မှတ်ထိုးလိုက်။ ၁ လ အတွင်း ငွေရှာပေး။ မဟုတ်ရင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြ။”
ယွင်ဝမ်ရွှယ်က အေးစက်စက် ပြောဆိုလိုက်၏။ “ကျုပ်တို့နောက်မှာ မဟာမိတ်တပ်တွေ ရှိတယ်။ ငွေမပေးရင် စစ်တပ်က လာယူလိမ့်မယ်။ ငွေ ၅ သန်း... တစ်ပြားမှ မလျော့ဘူး။”
ယွင်ကျုံးဟဲ့ တွက်ချက်ထားသည်မှာ ၁.၈ သန်းဖြစ်ပြီး ကျင်းကျုံးယွဲ့ ပေးနိုင်သည်က ၁.၅ သန်းဖြစ်၏။ ယွင်ဝမ်ရွှယ် တောင်းသည်မှာ ၅ သန်း ဖြစ်လို့နေသည်။
‘ဒီကမ္ဘာမှာ ငွေတွင်းတွေ ပေါလို့သာပေါ့။ တခြားကမ္ဘာဆိုရင် နိုင်ငံတစ်နိုင်ငံတောင် ဒီလောက် ရှာနိုင်မှာ မဟုတ်ဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခေါင်းဆောင်ကြီး... ပိုင်ယင် ဆားတွင်း ကိစ္စမှာ လူအများကြီး သေဆုံးခဲ့တာ စိတ်မကောင်းစရာပါပဲ။ လျော်ကြေး ပေးသင့်ပါတယ်။ ဒါပေမဲ့ ၅ သန်း ဆိုတာ များလွန်းပါတယ်။ လျှော့ပေးလို့ မရဘူးလား။”
ယွင်ဝမ်ရွှယ်က ငြင်းလိုက်သည်။ “မရဘူး။ တစ်ပြားမှ မလျော့ဘူး။”
ဘေးနားမှ လူကြီးတစ်ဦးက ဝင်မေးလိုက်၏။ “လေခွင်းချိုင့်ဝှမ်းက ဘယ်လောက် ပေးနိုင်မလဲ။”
ယွင်ကျုံးဟဲ့ ခဏ စဉ်းစားဟန် ပြုလိုက်ပြီး လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်သည်။ “၁ သန်း...”
အားလုံး ကြောင်အသွားကြ၏။ ‘ဈေးဆစ်တာ ရက်စက်လိုက်တာ။ ၈၀ ရာခိုင်နှုန်း လျှော့ချလိုက်တာပဲ။’
ယွင်ဝမ်ရွှယ် ဒေါသထွက်သွားသည်။ ‘ကျုပ်က ဒီဆွေးနွေးပွဲကို လေလံယူထားတာကွ။ ၁.၆ သန်း အာမခံထားတာ။ ၁.၆ သန်းအထက် ရသမျှ ကျုပ်ရဲ့အမြတ်၊ ၁.၆ သန်းအောက် ရရင် ကျုပ်အိတ်စိုက်ရမယ်။ ခင်ဗျားက ၁ သန်းပဲ ပေးမယ် ဆိုတော့ ကျုပ်က ၆ သိန်း စိုက်ရမှာလား။ ရူးနေတာလား။’
နိုင်ငံရေး ဆွေးနွေးပွဲကို လေလံယူလို့ ရသည်လား။ ပိုင်ရှင်မဲ့ နယ်မြေ ဖြစ်သောကြောင့် ရနိုင်၏။
“၁ သန်းပဲ။ တစ်ပြားမှ မပိုဘူး။ ပိုပေးရင် ကျုပ်ဟာကျုပ် ဖြတ်ပစ်လိုက်မယ်။” ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောဆိုလိုက်သည်။
“ခင်ဗျား သေချင်နေတာလား။” ယွင်ဝမ်ရွှယ်က ဒေါသထွက်သွား၏။
ယွင်ဝမ်ရွှယ်၏ စိတ်ထဲတွင် လျာထားသော ပမာဏမှာ အနည်းဆုံး ငွေ ၂ သန်း ဖြစ်သည်။ ထိုမျှရရှိမှသာ အခြေခံကုန်ကျစရိတ်များကို ဖယ်ထုတ်ပြီးနောက် အသားတင်အမြတ် ၄ သိန်းခန့် ထွက်ပေါ်လာမည်။
အထွေထွေအသုံးစရိတ်များ နုတ်ပယ်ပြီး လက်ထဲတွင် ၂ သိန်းခန့် အသားတင် ကျန်ရှိနေရန်လိုအပ်၏။
ထို့ကြောင့် ယခုအပေးအယူတွင် ငွေ ၂ သန်း ရရှိရေးမှာ သူ့အတွက် မဖြစ်မနေ အောင်မြင်ရမည့် ပန်းတိုင်တစ်ခု ဖြစ်သည်။
ယွင်ဝမ်ရွှယ်က ဒေါသတကြီးဖြင့် အော်လိုက်၏။ “ခင်ဗျားက မဟာမိတ်အဖွဲ့ကို စော်ကားတာပဲ။ ကျုပ်ကို စော်ကားတာပဲ။ အကျိုးဆက်က ပြင်းထန်လိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ်က ရိုးသားမှုကို ပြတာပါ။”
‘နင်ချင်းနဲ့အိပ်ဖူးတယ် ဆိုမှတော့ ခဲအို တော်စပ်တဲ့ ယွင်ဝမ်ရွှယ်ကို အစ်ကိုကြီး ခေါ်တာ မမှားဘူးလေ။’
ယွင်ဝမ်ရွှယ်က ဆရာကြီး ဇိုအန်ကို ကြည့်ကာ မေးလိုက်၏။ “ဆရာကြီး.... ဒါ ဆရာကြီး သဘောထားပဲလား။”
ဆရာကြီး ဇိုအန်လည်း အံ့ဩနေသည်။ ‘ယွင်အောက်ထျန်း... ခင်ဗျား ပြောတုန်းက ၁.၈ သန်း သင့်တော်တယ် ဆို။ ကျင်းကျုံးယွဲ့က ၁.၅ သန်း ပေးနိုင်တယ် ဆို။ အခု ၁ သန်းပဲ ပေးမယ် ဆိုတော့ လွန်လွန်းနေပြီ မဟုတ်ဘူးလား။’
သို့ပေမည့် သူက ယွင်ကျုံးဟဲ့ဘက်က ရပ်တည်ပေးလိုက်သည်။ “ဟုတ်တယ်။ ယွင်အောက်ထျန်း သဘောက ကျုပ် သဘောပဲ။”
ယွင်ဝမ်ရွှယ် မတ်တတ်ထရပ်လိုက်၏။ “မဆွေးနွေးတော့ဘူး။ ပြန်ကြတော့။ ကျင်းကျုံးယွဲ့ကို သွားပြောလိုက်။ လူလဲလွှတ်ရင် လွှတ်။ မလွှတ်ရင် စစ်တပ်နဲ့ လာရှင်းမယ်။”
သူသည် ဓားကို ဆွဲထုတ်ပြီး စားပွဲခုံကို ခုတ်ပိုင်းလိုက်သည်။
“ခွမ်း...”
စားပွဲခုံ နှစ်ပိုင်းကျိုးသွား၏။
ပထမအကြိမ် ဆွေးနွေးပွဲက ၅ မိနစ်အတွင်း ပျက်စီးသွားတော့သည်။
လေခွင်းမြို့စားအိမ်တော်
“ယွင်အောက်ထျန်း ၁ သန်း ဆိုတာ အတည်လား။ နောက်တာလား။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အတည်ပါ။”
အားလုံး ကြောင်အသွားကြ၏။ ၁ သန်း ဆိုသည်မှာ မဖြစ်နိုင်ပေ။ သူတို့ လက်ခံမှာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ယွင်ဝမ်ရွှယ်ကို အရှုံးပေါ်အောင် လုပ်နေခြင်းနှင့် တူသောကြောင့်ပင်။
ကျင်းကျုံးယွဲ့က စာရွက်တစ်ရွက် ထုတ်ပြလိုက်သည်။ “ချူကျောင်းရန်ရဲ့ ထောက်လှမ်းရေး သတင်းအရ ယွင်ဝမ်ရွှယ်က ၁.၆ သန်းနဲ့ လေလံယူထားတာ။ အဲဒီအောက် ရောက်ရင် သူ စိုက်ရမှာ။”
‘ချူကျောင်းရန်က တော်သားပဲ။ ဒီသတင်းကို ရအောင် ယူနိုင်တယ်။’
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒါကြောင့် ၁ သန်း ဆိုတာ မဖြစ်နိုင်ဘူး။”
လန်ပိက ဝင်ပြောသည်။ “၁ သန်း ဆိုရင် မဟာမိတ်အဖွဲ့ ဒေါသထွက်ပြီး စစ်တပ်လွှတ်လိမ့်မယ်။ ပိုင်ယင်နဲ့ လန်ထျန်ကို သိမ်းပိုက်လိမ့်မယ်။ စစ်ပွဲ ဖြစ်လာနိုင်တယ်။ ၁.၈ သန်း လောက်ဆို အဆင်ပြေတယ်မလား။”
ယွင်ကျုံးဟဲ့ ခေါင်းခါလိုက်၏။ “မရဘူး။ ၁ သန်းပဲ။”
အားလုံး နားမလည်နိုင် ဖြစ်နေကြသည်။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “သာမန် ဆွေးနွေးပွဲ ဆိုရင် ၁.၈ သန်း လက်ခံလို့ ရတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲကို သူ လေလံယူထားတာ ဆိုတော့ သူ့ကို အသေလှီးရမယ်။”
ဆရာကြီး ဇိုအန်က မေးလိုက်သည်။ “ဘယ်လို လှီးမှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်တို့က ၁ သန်းပဲ ပေးမယ်။ ကျန်တဲ့ ၆ သိန်းကို သူ စိုက်ရမယ်။”
ကျင်းကျုံးယွဲ့က ပြောသည်။ “သူက အရူးမှ မဟုတ်တာ။ ဘယ်လက်ခံမလဲ။ သူ့ပိုင်ဆိုင်မှုက ၁ သန်း ကျော်ကျော်ပဲ ရှိတာ။ ထက်ဝက်လောက် စိုက်ရမယ့် အလုပ်ကို ဘယ်လုပ်မလဲ။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “မှန်တယ်။ အရူး မဟုတ်ရင် လက်မခံဘူး။ ဒါပေမဲ့ အမြတ်အများကြီး ရမယ် ဆိုရင်ကော။ သူက လောဘကြီးပြီး လောင်းကစား ဝါသနာပါသူလေ။”
လန်ပိ ခေါင်းညိတ်လိုက်သည်။ ‘ယွင်ဝမ်ရွှယ်က စွန့်စားရတာ ကြိုက်တယ်။ လောင်းကစားနဲ့ ကြီးပွားလာတာ။ ဒီဆွေးနွေးပွဲကို လေလံ ယူတာကကို လောင်းကစား ဆန်နေပြီ။’
ယွင်ကျုံးယွဲ့က မေးလိုက်၏။ “အမြတ် ၁ သန်း ရမယ် ဆိုရင် ရင်းနှီးငွေ ၆ သိန်း ထည့်မလား။”
လန်ပိက သဘောတူလိုက်သည်။ “ထည့်မှာပေါ့။ ၅ သိန်းလောက် ဆိုရင်တောင် ထည့်မှာ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူက သူ့ရဲ့ လောင်းကစား အတတ်ပညာကို ယုံကြည်မှု ရှိလား။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ရှိတာပေါ့။ လောင်းကစားလောကရဲ့ ဘုရင်လေ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ကျုပ်ရဲ့ လောင်းကစားပညာကော။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ရှင်က လှည့်ဖြားတာ တော်ပေမဲ့ လောင်းကစားကျရင် ၁၀ ပွဲမှာ ၉ ပွဲ ရှုံးတယ်။ ဘောင်းဘီပါ ကျွတ်တဲ့အထိ ရှုံးတတ်တယ်။”
ဤအရာက အမှန် ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်က သူ့ကို လောင်းကြေးထပ်မယ်။ လျော်ကြေး ၁ သန်းကို အရင်းထားမယ်။ နောက်ထပ် ၁.၅ သန်း ထပ်မယ်။ တစ်ဖက် ၇.၅ သိန်းစီ စိုက်မယ်။ သရေပွဲ မရှိဘူး။ နိုင်ရင် အကုန်ယူ၊ ရှုံးရင် အကုန်ပေး။
ယွင်ဝမ်ရွှယ် နိုင်ရင် ၁ သန်းလောက် မြတ်မယ်။ ရှုံးရင်တော့ မွဲမယ်။ ကျုပ်တို့ ရှုံးရင် ၂.၅ သန်း ပေးရမယ်။ နိုင်ရင်တော့ အမြတ်ထွက်ပြီ။ ဒီလောင်းကြေးကို သူ လက်ခံမလား။”
အားလုံး အံ့ဩသွားကြ၏။ ‘ယွင်ကျုံးဟဲ့... ရှင် တကယ် ရူးနေတာပဲ။ နိုင်ငံရေး ဆွေးနွေးပွဲကို လောင်းကစားပွဲ လုပ်ပစ်လိုက်တာလား။ အရမ်း မိုက်ရူးရဲဆန်လွန်းတယ်။’
ဆရာကြီး ဇိုအန်က ပြောလိုက်သည်။ “ယွင်ဝမ်ရွှယ်ကတော့ လက်ခံလိမ့်မယ်။ သူက နိုင်မယ်လို့ ယုံကြည်ထားတာကိုး။ ဒါပေမဲ့ မဟာမိတ်အဖွဲ့က လက်ခံပါ့မလား။ သိက္ခာကျတယ်လေ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “လျှို့ဝှက် လုပ်ကြတာပေါ့။ လူကြီးလူကောင်းတွေ ရှေ့မှာ လုပ်မယ်။ စာချုပ် ချုပ်မယ်။ အပြင်လူတွေကိုတော့ ပုံမှန် ဆွေးနွေးပွဲလို့ ပြောမယ်။”
စဉ်းစားကြည့်လျှင် ဖြစ်နိုင်ခြေ ရှိ၏။ ယွင်ဝမ်ရွှယ်က ၆ သိန်း ရင်းပြီး ၉ သိန်း မြတ်မည့် အလုပ်ကို လက်ခံမှာ သေချာသည်။ သူ ရှုံးမည်ဟု ဘယ်သောအခါမှ တွေးမည် မဟုတ်ပေ။
မဟာမိတ်အဖွဲ့ကလည်း ၁.၆ သန်း ရလျှင် ပြီးပြီဖြစ်သည်။ မည်သူ ပေးပေး ဂရုမစိုက်ချေ။
“ပြဿနာ တစ်ခု ရှိတယ်။”
လန်ပိက ထောက်ပြလိုက်သည်။ “ရှင် သူ့ကို နိုင်ပါ့မလား။ ရှင်က ၁၀ ပွဲမှာ ၉ ပွဲ ရှုံးတဲ့လူ။ သူက ဘယ်တော့မှ မရှုံးတဲ့လူလေ။”
မှန်ပေသည်။ ယွင်ဝမ်ရွှယ်က ဂန္ထဝင်တွင်မည့် လောင်းကစားဘုရင်ဖြစ်၏။
ယွင်ကျုံးဟဲ့က ယုံကြည်မှု ရှိစွာ ပြောဆိုလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ် နိုင်မှာ သေချာတယ်။ နောက်ဆွေးနွေးပွဲကျရင် သူ့ကို အရှက်ကွဲပြီး သွေးအန်အောင် လုပ်ပြမယ်။”
ယွင်ကျုံးဟဲ့ ဤမျှအထိ ယုံကြည်မှုလွန်ကဲနေရခြင်းမှာ လကုန်၍ လအသစ်ကူးပြောင်းတော့မည့်အချိန်တွင် စိတ်ဝေဒနာရှင်အသစ်များ ရောက်ရှိလာတော့မည်ဖြစ်သောကြောင့်ပင်။
အထူးသဖြင့် အမှတ် (၁၆) လူနာဖြစ်သော စိတ်ဖတ်သူ သာရောက်လာပါက သူ၏အောင်ပွဲမှာ သေချာပြီ ဖြစ်သည်။
ထို့အပြင် အခြားရွေးချယ်စရာတစ်ခုဖြစ်သည့် အမှတ် (၂၃) လူနာ ဒါဗင်ချီ ရောက်လာလျှင်လည်း အခြေအနေမှာ ထူးမခြားနား ဖြစ်နိုင်၏။
ဒါဗင်ချီသည် တစ်ဖက်လူ၏ မျက်လုံးထဲရှိ အရိပ်ကိုကြည့်ရုံဖြင့် လက်ထဲရှိ ဖဲချပ်များကို အတပ်သိနိုင်သည့် အမြင်အာရုံထူးကဲသူတစ်ဦး ဖြစ်သည်။ ဤကဲ့သို့ ဖဲချပ်များကို ကြိုတင်မြင်နေရသည့်အတွက် ရှုံးနိမ့်ရန် အကြောင်းမရှိပေ။
ထို့ကြောင့် ယွင်ဝမ်ရွှယ် မည်မျှပင် တော်နေပါစေ ယွင်ကျုံးဟဲ့အတွက်မူ သေချာပေါက် အနိုင်ရရှိမှာ ဖြစ်၏။
***