ခဏတာ စွမ်းအားသုံး ကုသပေးပြီးနောက် လုရီဝမ်၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ ကော့ချိုးယွဲ့၏ ခန္ဓာကိုယ်အတွင်းရှိ မမြင်နိုင်သော အဆိပ်မှာ ကမ္ဘာဦးအဆိပ်ဖြစ်သောကြောင့် သူတော်စင်ဧကရာဇ်ဘုရင် တစ်ဦး၏ စွမ်းအားကို အလွန်အမင်း ဝါးမြိုလောင်ကျွမ်းစေခဲ့သည်။
"အကိုဝမ်... တော်ပါတော့" လုရီဝမ်၏ ပုံစံကို မြင်သောအခါ ကော့ချိုးယွဲ့မှာ စိတ်မကောင်းစွာဖြင့် တားမြစ်လိုက်ေလသည်။
လုရီဝမ်သည် ဘာမှပြန်မပြောဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဧကရာဇ်ဘုရင်စွမ်းအားများ ကုန်ဆုံးသည်အထိ ကော့ချိုးယွဲ့ကို ဆက်လက်ကုသပေးနေပြီးေနာက်မှ ရပ်နားလိုက်သည်။
"အကိုဝမ်… ကျွန်မဆီက ကမ္ဘာဦးအဆိပ်ကို သူတော်စင်ဧကရာဇ်ဘုရင်စွမ်းအားနဲ့ ဖယ်ရှားလို့မရဘူး၊ အကိုရဲ့ စွမ်းအားတွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့" ဟု ကော့ချိုးယွဲ့က ဆိုလိုက်သည်။
လုရီဝမ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "စိတ်မပူပါနဲ့၊ မင်းကိုယ်ထဲက အဆိပ်ကို ဖယ်ရှားပေးဖို့ တာအိုဘိုးဘေးတွေကို ကိုယ် အကူအညီတောင်းကြည့်ပါ့မယ်" ဟု အခိုင်အမာ ပြောလိုက်သည်။
ကော့ချိုးယွဲ့၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ကို ဖယ်ရှားရန် အလွန်ခက်ခဲသည်မှာ မှန်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အကယ်၍ တာအိုဘိုးဘေးတစ်ဦးသည် သူ၏ တာအိုစွမ်းအားများကို အသုံးပြု၍ ဖယ်ရှားပေးမည်ဆိုပါက ထိုကမ္ဘာဦးအဆိပ်မှာ ပျောက်ကင်းသွားနိုင်ေပသည်။
ကော့ချိုးယွဲ့က ခေါင်းခါယမ်းလိုက်ပြီး "ဒီဟုန့်မုန် လောကမှာ ကျွန်မတို့က အခြေမရှိ အမြစ်မရှိတဲ့သူတွေပဲေလ၊ တာအိုဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ကို ဘယ်လိုလုပ် ဖိတ်ခေါ်နိုင်မှာလဲ၊ ပြီးတော့ ဘယ်တာအိုဘိုးဘေးကများ ကျွန်မတို့ကိုကူညီဖို့ သူတို့ရဲ့ တာအိုစွမ်းအားတွေကို အလကား အကုန်ခံမှာလဲ"ဟုပြောလိုက်သည်။
ကူညီမည့်သူ ရှိခဲ့လျှင်ပင် ပေးဆပ်ရမည့် တန်ဖိုးမှာ မြင့်မားနေမည် ဖြစ်သည်။ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့၏ ကြွယ်ဝမှုဖြင့်ဆိုလျှင် ထိုကုန်ကျစရိတ်ကို လုံးဝ တတ်နိုင်မည်မဟုတ်ပေ။
လုရီဝမ်၏ အကြည့်များကသည် ခိုင်မာနေပြီး "မင်းကို ကုသပေးဖို့ တာအိုဘိုးဘေးတစ်ယောက်ကို ကိုယ် သေချာပေါက် ရှာပေးပါ့မယ်" ဟု ပြောလိုက်သည်။
ထိုစဉ်မှာပင် နန်းဆောင်တံခါးကို တစ်စုံတစ်ယောက်မှ လာရောက် ခေါက်လေသည်။
"ဘာကိစ္စလဲ" လုရီဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဥက္ကဋ္ဌကြီး... ထျန်းသီ ကုန်သွယ်ရေးအသင်းကလူတွေ တစ်ကျော့ပြန် ရောက်လာပြန်ပြီ" အပြင်ဘက်မှ လုမိသားစုကုန်သွယ်ရေးအသင်း၏ ဒု-ဥက္ကဋ္ဌ ချောင်ဖုန်း၏ အသံ ထွက်ပေါ်လာေလသည်။
လုရီဝမ်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
ဟုန့်မုန်လောကသို့ ရောက်ရှိလာပြီးနောက် သူတို့နှစ်ဦးသည် ကုန်သွယ်ရေးအသင်းကို တည်ထောင်ခဲ့ကြသည်။ အစပိုင်းတွင် စီးပွားရေးမှာ မဆိုးလှသော်လည်း ချင်းချန် မြို့တွင် ထျန်းသီကုန်သွယ်ရေးအသင်းမှ ဘဏ်ခွဲတစ်ခု လာရောက်ဖွင့်လှစ်ပြီးနောက်တွင်မူ သူတို့သည် လုမိသားစုအသင်းထံသို့ လူလွှတ်ကာ မကြာခဏ ပြဿနာရှာတတ်ကြသည်။
ထျန်းသီကုန်သွယ်ရေးအသင်းသည် ဟုန့်မုန်လောကတွင် အတော်အတန် နာမည်ကျော်ကြားပြီး တည်ထောင်သည်မှာ နှစ်ပေါင်းသောင်းချီသာ ရှိသေးသော လုမိသားစုကုန်သွယ်ရေးအသင်းနှင့် ယှဉ်လျှင် အင်အားချင်း အလွန်ကွာခြားလှသည်။
"အပြင်ထွက်ပြီး သွားကြည့်ကြရအောင်" ထျန်းသီကုန်သွယ်ရေးအသင်းက လူမျာ ရောက်လာသည်ဟု ကြားသောအခါ ကော့ချိုးယွဲ့သည် အားတင်းကာ ထလိုက်ပြီး ပြောလိုက်သည်။
ချောင်ဖုန်းအနေဖြင့် အသေးစိတ် မပြောသော်လည်း ထျန်းသီအသင်းမှ လူတွေ ရောက်လာလျှင် ကိစ္စကောင်း မဖြစ်နိုင်ပေ။
"ကိုယ်ဘဲသွားလိုက်မယ် မင်းကနားနေလိုက်ပါ" လုရီဝမ်က ဆိုလိုက်သည်။
သို့သော် ကော့ချိုးယွဲ့က ခေါင်းခါလိုက်ပြီး "ကျွန်မက အဲလောက်ကြီး မနုနယ်ပါဘူး၊ လာပါ... အတူတူပဲ ထွက်သွားရအောင်"ဟုပြောလိုက်သည်။
ကော့ချိုးယွဲ့၏ အင်အားမှာ လုရီဝမ်လောက် မသန်မာသော်လည်း သူမသည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိနေသူ ဖြစ်သည်။ လုရီဝမ်သည် ဇနီးသည်၏ ဇွဲထက်သန်သော စိတ်နေစိတ်ထားကို သိထားသဖြင့် ခေါင်းညိတ်လိုက်ရပြီးနောက် နှစ်ဦးသား တံခါးဖွင့်ကာ အပြင်သို့ အတူတူ ထွက်လာခဲ့ကြသည်။
အပြင်သို့ ရောက်သောအခါ ချောင်ဖုန်းသည် ၎င်းတို့ကို နှုတ်ဆက်လိုက်ေလသည်။
"ဥက္ကဋ္ဌကြီး..."
ချောင်ဖုန်းမှာ အနည်းငယ် စိုးရိမ်နေပုံရပြီး "ထျန်းသီကုန်သွယ်ရေးအသင်းက လူတွေ အသင်းရှေ့မှာ တစ်ယောက်နဲ့တစ်ယောက် အင်အားစမ်းဖို့ အပြင်းအထန် ဆွေးနွေးနေကြပြန်ပြီ"
ထျန်းသီကုန်သွယ်ရေးအသင်းမှ လူများသည် ကုန်သွယ်ရေးခန်းမအတွင်းသို့ တိုက်ရိုက်ဝင်ရောက် ပြဿနာရှာခြင်းမျိုး မပြုလုပ်ကြပေ။ သို့သော် သူတို့သည် အသင်း၏ အဝင်ဝတွင် လက်ရည်စမ်းသည့် ပုံစံဖြင့် တိုက်ခိုက်ပြနေကြသဖြင့် လုမိသားစုကုန်သွယ်ရေးအသင်းအတွင်းရှိ ဧည့်သည်များမှာ ထိတ်လန့်ကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာကုန်ကြလေသည်။
လုမိသားစုကုန်သွယ်ရေးအသင်းသို့ လာရောက်လိုကြသော ကုန်သည်များသည် အဝင်ဝတွင် လက်ရည်စမ်းနေကြသည့် ထျန်းသီကုန်သွယ်ရေးအသင်းသားများကို မြင်သောအခါ လုမိသားစုအသင်းအတွင်းသို့ ထပ်မံဝင်ရောက်ရန် မဝံ့ရဲကြတော့ဘဲ အဝေးမှပင် ပတ်ရှောင်သွားကြတော့သည်။
ထျန်းသီကုန်သွယ်ရေးအသင်းမှလူများ တံခါးဝတွင် တစ်ဖန်ပြန်၍ လက်ရည်စမ်းနေကြသည်ဟု ကြားသောအခါ ကော့ချိုးယွဲ့မှာ ဒေါသထွက်သွားမိသည်။
"ထျန်းသီကုန်သွယ်ရေးအသင်းက လူတွေ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ အတင့်ရဲလြာတာပဲ"
ယခင်က တစ်လမှ တစ်ကြိမ်သာ လာတတ်သော်လည်း ယခုမူ သုံးရက်လျှင် တစ်ကြိမ် ရောက်လာတတ်ကြသည်။
လုမိသားစုကုန်သွယ်ရေးအသင်းသားများအနေဖြင့် ချင်းချန်မြို့တော်ဝန်ရုံးသို့ သွားရောက်တိုင်တန်းခဲ့သော်လည်း မြို့တော်ဝန်ကမူ ထျန်းသီကုန်သွယ်ရေးအသင်းသားများသည် ပြဿနာရှာနေခြင်း မဟုတ်ကြောင်း မည်သူ့ကိုမျှ ဒဏ်ရာရအောင် မလုပ်ကြောင်းနှင့် လမ်းပေါ်တွင် ပညာဖလှယ် ဆွေးနွေးနေခြင်းသာဖြစ်ရာ ၎င်းမှာ သူတို့၏ကိစ္စဖြစ်ပြီး မြို့တော်ဝန်ရုံးအနေဖြင့် ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း ပြောဆိုခဲ့သည်။
ချင်းချန်မြို့တော်ဝန်မှာ ထျန်းသီကုန်သွယ်ရေးအသင်းဘက်မှ သိသိသာသာ ဘက်လိုက်နေခြင်းပင် ဖြစ်သည်။
လုရီဝမ်နှင့် လူအနည်းငယ်တို့သည်လည်း ကုန်သွယ်ရေးအသင်း၏ တံခါးဝသို့ ထွက်လာခဲ့ကြသည်။
ထျန်းသီကုန်သွယ်ရေးအသင်းမှ လူပေါင်း သုံးလေးဆယ်ခန့် ရှိနေသည်ကို တွေ့ရပြီး လုမိသားစုကုန်သွယ်ရေးအသင်း၏ အဝင်ဝမှာ လူပြည့်လုနီးပါး ဖြစ်နေခဲ့သည်။ ထိုအထဲတွင် လူနှစ်ဦးမှာ မဟာတာအိုအကြောင်း အပြန်အလှန် လက်ရည်စမ်းနေကြသည်။
လက်ရည်စမ်းနေသူ နှစ်ဦးစလုံးမှာ သူတော်စင်ဧကရာဇ်ဘုရင် အဆင့်များ ဖြစ်ကြပြီး သူတော်စင်ဧကရာဇ်ဘုရင် စွမ်းအင်များ၏ လှိုင်းတံပိုးများမှာ ပတ်ဝန်းကျင်သို့ ရိုက်ခတ်နေလသည်။
လုရီဝမ်၏ အကြည့်များသည် ဆံပင်ဖြူနှင့် လူဝကြီးတစ်ဦးထံသို့ ကျရောက်သွားခဲ့သည်။ "ယင်းကျိုလွန်... မင်းတို့ လွန်လွန်းနေပြီ။ မင်းတို့ ထျန်းသီကုန်သွယ်ရေးအသင်းက အခုဆိုရင် လူတွေကို လွှတ်ပြီး တမင်တကာ ပြဿနာလာရှာနေတာပဲ"
ယင်းကျိုလွန်သည် ချင်းချန်ရှိ ထျန်းသီကုန်သွယ်ရေးအသင်း၏ ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ သူ၏ အင်အားမှာ မသေးလှပေ။ သူသည် သူတော်စင်ဧကရာဇ်ဘုရင် ပထမအဆင့်ဖြစ်ပြီး လုရီဝမ်ထက်ပင် အနည်းငယ် ပို၍ သန်မာသူဖြစ်သည်။
ယင်းကျိုလွန်သည် ထိုစကားကို ကြားသောအခါ ပြုံးဖြီးဖြီးဖြင့် ရယ်မောလိုက်သည်။ "ဥက္ကဋ္ဌလုရဲ့ ပြောစကားက မှားနေတာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ ထျန်းသီကုန်သွယ်ရေးအသင်းက လူတွေက ဘယ်တုန်းကမှ ပြဿနာမရှာခဲ့ဖူးပါဘူး။ ဘာလို့ ခဏခဏ ပြဿနာရှာတယ်လို့ ပြောနေရတာလဲ"
"ပြဿနာမရှာဘူး ဟုတ်လား၊ ဒါဆို အခုဒါက ဘာလုပ်နေတာလဲ" လုရီဝမ်၏ အကြည့်များမှာ အေးစက်သွားပြီး တံခါးဝတွင် တမင်တကာ လက်ရည်စမ်းနေသူ နှစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။
ယင်းကျိုလွန်က ပြုံးလျက် "ဒါက မြို့ရဲ့ လမ်းမကြီးပဲေလ မင်းတို့ရဲ့ လုမိသားစုကုန်သွယ်ရေးအသင်း ပိုင်နက် မဟုတ်ဘူး။ ကျွန်တော်တို့တွေက ဒီနေရာမှာ ပညာဖလှယ်ဖို့ လာကြတာ၊ ချင်းချန်မြို့တော်ဝန်ရုံးရဲ့ စည်းကမ်းတွေကိုလည်း မချိုးဖောက်ခဲ့ပါဘူး" ဟု ဆိုလိုက်သည်။
"မင်း..." လုရီဝမ်က စိုက်ကြည့်လိုက်သည်။
လုရီဝမ်သည် တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်သည်ကို မြင်သောအခါ ကော့ချိုးယွဲ့သည် လုရီဝမ်၏ အင်္ကျီလက်ကို ဆွဲကာ ခေါင်းခါပြလိုက်သည်။
ထျန်းသီကုန်သွယ်ရေးအသင်းမှ လူများသည် လုရီဝမ် ဒေါသထွက်လာအောင် ဆွပေးပြီး အရင်လက်ဦးမှုယူ တိုက်ခိုက်လာစေရန် တမင်လုပ်ဆောင်နေခြင်း ဖြစ်သည်။ လုရီဝမ်သာ စတင်တိုက်ခိုက်လိုက်ပါက ထျန်းသီကုန်သွယ်ရေးအသင်းသားများသည်လည်း အတားအဆီးမရှိ တုံ့ပြန်တိုက်ခိုက်မည် ဖြစ်သည်။
ထိုအခါ ချင်းချန်မြို့တော်ဝန်ရုံးမှလည်း ထိုအချက်ကို အကြောင်းပြချက်ပေးကာ လုမိသားစုကုန်သွယ်ရေးအသင်းကို ချင်းချန်မြို့မှ နှင်ထုတ်နိုင်မည် ဖြစ်သည်။
လုရီဝမ်၏ ဒေါသကို မြင်သောအခါ ယင်းကျိုလွန်က အပြုံးဖြင့် "ဥက္ကဋ္ဌလု... ဘာလို့ လူတစ်ယောက်ကို ရိုက်နှက်ချင်နေရတာလဲ၊ ဒါမှမဟုတ် ကျွန်တော်တို့တွေ ကောင်းကောင်းမွန်မွန် လက်ရည်စမ်းဖို့ ချိန်းဆိုလိုက်ကြမလား"
လုရီဝမ်၏ မျက်နှာမှာ ပို၍ပင် ညှိုးမှိန်သွားတော့သည်။
ကော့ချိုးယွဲ့သည် လုရီဝမ်၏ အင်္ကျီလက်ကိုဆွဲပြီး "အထဲပြန်ဝင်ရအောင်" ဟု ပြောလိုက်သည်။
ယင်းကျိုလွန်ကလည်း လက်မလျှော့ဘဲ ပြောဆိုလိုက်ပြန်သည်။ "ဥက္ကဋ္ဌလုက သူရဲဘောကြောင်နေတာတော့ မဟုတ်ပါဘူးနော်၊ ဥက္ကဋ္ဌလုရဲ့ ပုံစံကိုကြည့်ရတာ ခံနိုင်ရည်ရှိတဲ့ ဝက်ဝံကြီးတစ်ကောင်လိုပဲလို့ ထင်ထားတာ၊ တကယ်တော့ သူရဲဘောကြောင်တဲ့သူ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
ထျန်းသီကုန်သွယ်ရေးအသင်းမှ လူများအားလုံး ဝိုင်း၍ ရယ်မောကြလေသည်။ လုရီဝမ်သည် သူ၏လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း နောက်ဆုံးတွင် အောင့်အည်းသည်းခံကာ လုမိသားစုကုန်သွယ်ရေးအသင်းသားများနှင့်အတူ အသင်းအတွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။
ယင်းကျိုလွန်နှင့် အခြားသူများမှာ တံခါးဝတွင် လက်ရည်စမ်းနေကြသဖြင့် ခန်းမအတွင်းရှိ ဧည့်သည်များအားလုံး ထွက်ခွာသွားကြပြီဖြစ်ရာ အသင်းတစ်ခုလုံးမှာ ခြောက်ကပ်တိတ်ဆိတ်နေတော့သည်။
"ဥက္ကဋ္ဌကြီး... ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်တော်တို့ ကုန်သွယ်ရေးအသင်းဆီ ဘယ်သူမှ လာတော့မှာ မဟုတ်ဘူး" ဟု ဒု-ဥက္ကဋ္ဌ ချောင်ဖုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
လုရီဝမ်လည်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့ေလသည်။
"တခြားမြို့တစ်မြို့ကို ပြောင်းရွှေ့ကြည့်ရင်ရော ဘယ်လိုလဲ" ဟု ချောင်ဖုန်းက အကြံပြုလိုက်သည်။
သို့သော် ကော့ချိုးယွဲ့က ခေါင်းခါယမ်းလိုက်သည်။ "တခြားမြို့တွေမှာလည်း တခြားကုန်သွယ်ရေးအသင်းတွေ ရှိနေမှာပဲ။ ဘယ်ကိုပဲပြောင်းပြောင်း ဒီလိုပဲ ဖြစ်လာမှာကို စိုးရိမ်မိတယ်"
"အရင်ဆုံး အခြေနေကို စောင့်ကြည့်ကြသေးတာပေါ့" လုရီဝမ်သည် ရင်ထဲမှ သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်သည်။
အကယ်၍ တခြားနည်းလမ်းမရှိတော့ပါက ကုန်သွယ်ရေးအသင်းကို ပိတ်လိုက်ရုံသာရှိေပတော့သည်။ ကော့ချိုးယွဲ့မှာ ကမ္ဘာဦးအဆိပ် ကူးစက်ခံထားရသဖြင့် ထိုအဆိပ်ကို ထိန်းချုပ်ရန်အတွက် ကမ္ဘာဦးဆေးရည် များကို မကြာခဏ သောက်သုံးရန် လိုအပ်သည်။
ကုန်သွယ်ရေးအသင်းမှာ ပိတ်လိုက်ရပါက ထိုဆေးရည်များဝယ်ရန် ငွေကြေးမလုံေလာက်နိုင်တော့ပေ။ လုရီဝမ်မှာလည်း အလွန်စိုးရိမ်ပူပန်နေမိသည်။
ယင်းကျိုလွန်သည် လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့ အသင်းအတွင်း ပြန်ဝင်သွားသည်ကို မြင်သောအခါ သူ၏လူများကို ပြောလိုက်ေလသည်။ "ငါတို့တွေလည်း ပြန်ကြရအောင်၊ မနက်ဖြန်ကျမှ ပညာဖလှယ်ဖို့ ဒီကို တစ်ခေါက်ပြန်လာကြတာပေါ့"
ယင်းကျိုလွန်သည် ထိုစကားကို တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
ထိုညတွင်...
လရောင်မှာ ရေပြင်ပေါ်သို့ ရှင်းလင်းစွာ ထင်ဟပ်ကာ ကြည်လင်အေးမြနေခဲ့သည်။ လူရိပ်တစ်ခုသည် ချင်းချန်မြို့ဆီသို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ဦးတည်လာနေပြီး မျက်တောင်တစ်ချက်ခတ်အတွင်းမှာပင် မြို့ပြင်သို့ ရောက်ရှိလာခဲ့ေလသည်။
လုရီဖျင်သည် ချင်းချန်မြို့၏ တံခါးဝတွင် ရပ်တန့်လိုက်ပြီးနောက် မြို့ထဲသို့ လှမ်းဝင်လာခဲ့သည်။ ချင်းချန်မြို့သည် ဟုန့်မုန်လောက၏ အကြီးဆုံးမြို့ကြီး မဟုတ်သော်လည်း ကျွန်းပေါ်တွင်မူ ထင်ရှားသော မြို့တစ်မြို့ဖြစ်သဖြင့် အလွန်စည်ကားလှသည်။ ညသန်းခေါင်အချိန် ဖြစ်သော်လည်း လှည်းများ၊ လူများဖြင့် ပြည့်နှက်နေပြီး မီးရောင်များမှာလည်း ထိန်လင်းနေဆဲပင်ဖြစ်သည်။
***