လုရီဖျင်သည် လုမိသားစုကုန်သွယ်ရေးအသင်း၏ တည်နေရာကို စုံစမ်းမေးမြန်းပြီးနောက် ထိုနေရာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ထိုအချိန်တွင် လုမိသားစုကုန်သွယ်ရေးအသင်း၏ အတွင်းခန်းမ၌ ကော့ချိုးယွဲ့သည် လုရီဝမ်နှင့် စကား ပြောနေခဲ့သည်။ "အကိုဝမ်... ကျွန်မတို့တွေ ကုန်သွယ်ရေးအသင်းကို ပိတ်လိုက်ရင်ရော ဘယ်လိုလဲ၊ လူသူမရှိတဲ့ နေရာတစ်ခုကို ရှာပြီး ကောင်းကောင်းကျင့်ကြံရင်း နောက်ပိုင်းကျမှ ကမ္ဘာဦးလောကကို ပြန်ဖို့ နည်းလမ်းရှာကြတာပေါ့"
လုရီဝမ်က ခေါင်းခါယမ်းလိုက်သည်။ "ကုန်သွယ်ရေးအသင်းကို ဆက်ဖွင့်ထားမှရမယ်။ မင်းအတွက် ကမ္ဘာဦးဝိညာဉ်ဆေးလုံးတွေဝယ်ဖို့ ကိုယ်တို့တွေ ငွေလိုေသးတယ်"
ကော့ချိုးယွဲ့သည် ထိုဆေးလုံးများကို မသောက်သုံးရပါက သူမအနေဖြင့် ကြာရှည်ခံနိုင်မည် မဟုတ်ပေ။ ကမ္ဘာဦးလောကသို့ ပြန်သွားရန်မှာလည်း ၎င်းတို့၏ လက်ရှိအင်အားဖြင့် မကြိုးစားနိုင်သေးပေ။ ဟုန့်မုန်လောက၏ ပြင်ပတွင် ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးစွမ်းအင်စီးကြောင်းများ နေရာအနှံ့ ရှိနေခဲ့သည်။ အမှန်တကယ် သူတို့သာ ဟုန့်မုန်လောကမှ ထွက်ခွာလိုက်ပါက ထိုစီးကြောင်းများ၏ တိုက်စားမှုကို ခံစားရပေလိမ့်မည်။ ယခု ဟုန့်မုန်လောကသို့ ရောက်ရှိလာနိုင်ခြင်းမှာပင် အလွန်ကံကောင်းခဲ့ခြင်း ဖြစ်သည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် မည်သို့ရမှည်ကိုမသိ ဖြစ်နေစဉ်မှာပင် အပြင်ဘက်မှ အစေခံမလေးတစ်ဦး ဝင်ရောက်လာပြီး သတင်းပို့လာခဲ့သည်။ "ဥက္ကဋ္ဌကြီး... အပြင်မှာ လူငယ်တစ်ယောက် ရောက်နေပါတယ်။ သူ့နာမည်က လုရီဖျင်လို့ေပြာပါတယ်၊ ဥက္ကဋ္ဌတို့နဲ့ တွေ့ခွင့်တောင်းနေပါတယ်"
"ဘာပြောလိုက်တယ်... လုရီဖျင် ဟုတ်လား" လုရီဝမ်မှာ ဆွံ့အသွားပြီး ကော့ချိုးယွဲ့မှာလည်း မယုံနိုင်သလို ဖြစ်သွားခဲ့သည်။
"ဟုတ်ပါတယ်၊ သူ့နာမည်ကို လုရီဖျင်လို့ ပြောပါတယ်" ဟု အစေခံမလေးက ရိုသေစွာ ပြန်ဖြေလိုက်သည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ အံ့ဩတကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"နာမည်တူနေတဲ့သူများလား…" သူတို့၏သားဖြစ်သူ ဟုန့်မုန်လောကသို့ ရောက်နေလိမ့်မည်ဟု ကော့ချိုးယွဲ့ မထင်ထားပေ။
လုရီဝမ်မှ အစေခံမလေးကို မေးလိုက်သည်။ "သူ့ပုံစံက ဘယ်လိုလဲ…" အစေခံမလေးက ပြန်လည်စဉ်းစားပြီးနောက် လုရီဖျင်၏ ပုံပန်းသဏ္ဌာန်ကို လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့အား ဖော်ပြပြလိုက်သည်။
ကော့ချိုးယွဲ့သည် ထိုစကားကို ကြားသောအခါ မျက်ဝန်းများ နီမြန်းလာပြီး "အဲဒါ ရီဖျင်ပဲ၊ အဲဒါ ငါတို့သား၊ ငါတို့သားက တကယ်ပဲ ဟုန့်မုန်လောကကို ရောက်တာလာတာပဲ၊ သူလည်း ဒီကို ရောက်နေပြီ " ဟု ပြောလိုက်ကာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် ထစ်ကုန်တော့သည်။
"မြန်မြန်... ငါတို့ကို သူ့ကို ခေါ်သွားပေး" လုရီဝမ်သည်လည်း အလွန်စိတ်လှုပ်ရှားနေပြီး ကော့ချိုးယွဲ့မှာ ခန်းမအတွင်းမှ အပြေးအလွှား ထွက်လာကာ ကုန်သွယ်ရေးအသင်း၏ တံခါးဝဆီသို့ ဦးတည်သွားတော့သည်။
ညသန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း လုမိသားစုကုန်သွယ်ရေးအသင်းမှာ ငွေပိုမိုရရှိရန်အတွက် မပိတ်သေးပေ။ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့ အပြေးအလွှား ထွက်လာကြသောအခါ ကုန်သွယ်ရေးအသင်း၏ တံခါးဝတွင် ရပ်နေသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုလူငယ်မှာ အပြာရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ဓားကဲ့သို့ ဖြောင့်တန်းထင်ရှားသော မျက်ခုံးတန်းများနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ ခန့်ညားထည်ဝါလှသည်။
ထိုလူငယ်သည် မည်သည့်အလင်းရောင်မှ ထုတ်လွှတ်မနေသော်လည်း ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် လူအများကို စူးရှတောက်ပသော ခံစားချက် ပေးစွမ်းနေေပသည်။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် ထိုလူငယ်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားကြေလသည်။ အထူးသဖြင့် ကော့ချိုးယွဲ့မှာ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာတော့သည်။
လုရီဖျင် လုမိသားစုနေအိမ်မှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းသန်းနှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ မိသားစုများ မဆုံတွေ့ရသည်မှာ နှစ်ပေါင်းသန်းချီ ရှိခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦး လုရီဖျင်နှင့် မဆုံတွေ့ရသည်မှာ နှစ်ပေါင်းသန်းနှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လုရီဖျင်နှင့် ပြန်လည်ဆုံတွေ့ရချိန်တွင် သူသည် ကမ္ဘာဦးလောကတွင် ရှိနေစဉ်ကကဲ့သို့ မဟုတ်တော့ပေ။ လုရီဖျင်သည် လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့အား နှုတ်ဆက်လိုက်ပြီး သူသည်လည်း ထပ်တူပင် စိတ်လှုပ်ရှားနေမိသည်။ ကော့ချိုးယွဲ့နှင့် လုရီဝမ်တို့ အပြေးအလွှား ထွက်လာသည်ကို မြင်သောအခါ လုရီဖျင်သည် လုမိသားစုကုန်သွယ်ရေးအသင်း၏ ခန်းမအတွင်းသို့ လှမ်းဝင်လိုက်ပြီး မိဘရှိရာသို့ လျှောက်လှမ်းသွားကာ ရှေ့တွင် ရပ်တန့်လိုက်သည်။
ကော့ချိုးယွဲ့သည် သူမ၏ရှေ့မှ လုရီဖျင် ကြည့်ကာ တုန်ရီနေသော လက်များဖြင့် လုရီဖျင်၏ မျက်နှာကို ထိတွေ့ကိုင်တွယ်လိုက်ပြီး မျက်ရည်များဖြင့် ပြောလိုက်သည်။ "ဖျင်အာ... မင်း တကယ်ပဲ ဟုန်မုန်လောကထဲမှာ ရှိနေတာကိုး"
လုရီဖျင် လုမိသားစုနေအိမ်မှ ထွက်ခွာသွားပြီးနောက် ဟုန့်မုန်လောကသို့ ရောက်ရှိသွားခဲ့သည်ဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
"ဒီနှစ်တွေတစ်လျှောက် မင်းအမေနဲ့ ငါက မင်းကိုတွေ့ဖို့ အတော်လေး ကြိုးစားရှာခဲ့ရတာ၊ မင်း ဟုန့်မုန်လောကထဲ ရောက်နေလိမ့်မယ်လို့ ငါတို့ မမျှော်လင့်ထားခဲ့ဘူး" ဟု လုရီဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လုရီဖျင်မှာ ခဏမျှ ဆွံ့အသွားသော်လည်း သူ နားလည်လိုက်သည်။ မိဘများသည် သူ့အား ဤနှစ်များတစ်လျှောက်လုံး ဟုန့်မုန်လောကတွင်သာ ရှိနေခဲ့သည်ဟု ထင်နေကြခြင်းပင်ဖြစ်သည်။ သို့သော် လုရီဖျင်မှာ အကျိုးအကြောင်း ရှင်းပြမနေတော့ဘဲ ပြုံးလျက်ပင် "ကျွန်တော်လည်း အဖေနဲ့ အမေကို ဟုန့်မုန်လောကထဲ ရောက်နေမယ်လို့ မထင်ထားဘူး" ဟု ဆိုလိုက်သည်။
ကော့ချိုးယွဲ့သည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး "ဖျင်အာ... အဖေတို့ကို ဘယ်လိုရှာတွေ့တာလဲ”ဟု မေးလိုက်သည်။
လုရီဖျင်က ပြုံးလိုက်ပြီး "ဝမ်ပေါင်ကုန်သွယ်ရေးအသင်းက လူတွေကို ငွေပေးပြီး စုံစမ်းခိုင်းလိုက်တာပါ" ဟု ဖြေလိုက်သည်။
"ဝမ်ပေါင်ကုန်သွယ်ရေးအသင်း ဟုတ်လား" ကော့ချိုးယွဲ့ လန့်သွားပြီး "ဒါဆိုရင် ငွေတွေ အများကြီး ကုန်မှာပေါ့" ဟု မေးလိုက်ေလသည်။
လုရီဖျင်က ရယ်မောလျက် "သိပ်မများပါဘူး" ဟု ဆိုလိုက်သည်။ ဟုန့်မုန်စွမ်းအင် အပိုင်းအစ ၂ သန်းမှာ သူ့အတွက် တကယ်ပင် မပြောပလောက်သော ပမာဏဖြစ်သည်။
ကော့ချိုးယွဲ့နှင့် လုရီဝမ်တို့မှာလည်း ထိုကိစ္စကို သိပ်ဂရုမစိုက်တော့ဘဲ လုရီဖျင်ကို လုမိသားစုကုန်သွယ်ရေးအသင်း၏ အတွင်းခန်းမထဲသို့ ပျော်ရွှင်စွာ ခေါ်ဆောင်သွားကြသည်။
လုရီဝမ်သည် လုရီဖျင်ကို ပြုံးပြရင်း "ဒီလုမိသားစုကုန်သွယ်ရေးအသင်းကို မင်းအမေနဲ့ ငါက တည်ထောင်ခဲ့တာ။ ဘယ်လိုလဲ၊ အတော်အတန် အဆင့်အတန်းရှိတယ် မဟုတ်လား" ဟု ဂုဏ်ယူစွာ မေးလိုက်သည်။
လုမိသားစုကုန်သွယ်ရေးအသင်းမှာ ဟုန့်မုန်လောက၏ ထိပ်သီးအသင်းကြီးများထဲ မပါဝင်သော်လည်း မြို့အတွင်းရှိ အဓိကကုန်သွယ်ရေးအသင်းကြီးများထဲမှ တစ်ခုဖြစ်ကာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေဆဲဖြစ်ပြီး အရှေ့ဘက်မျက်နှာစာ အပြင်အဆင်မှာလည်း တကယ်ပင် ခန့်ညားလှပလှသည်။
သူ၏ဖခင်မှာ အတော်ပင် ဂုဏ်ယူနေသည်ကို မြင်ရသဖြင့် လုရီဖျင်သည် အသင်းကို ဝေ့ကြည့်ကာ ခေါင်းညိတ်ပြုံးပြလိုက်ပြီး "သေချာတာပေါ့ အဖေတည်ထောင်ထားတာပဲလေ" ဟု ဆိုလိုက်သည်။
လုရီဝမ်က "ဖျင်အာ... မင်း ဒီနှစ်တွေအတွင်း ဟုန့်မုန်လောကမှာ ဘယ်လိုနေခဲ့လဲ" ဟု မေးမြန်းရင်း ကော့ချိုးယွဲ့သည်လည်း လုရီဖျင်ကို မေးခွန်းများ ဆက်တိုက်မေးတော့သည်။ လုရီဝမ်မှာလည်း ရံဖန်ရံခါ ဝင်ရောက်ပြောဆိုခဲ့သည်။ လုရီဖျင်မှာ ထိုနေရာတွင် ထိုင်ရင်း မိဘများ၏ ဂရုတစိုက် မေးမြန်းသမျှကို ဖြေဆိုနေခဲ့သည်။
"အမေရဲ့ ခန္ဓာကိုယ်ထဲမှာ ကမ္ဘာဦးအဆိပ် ရှိနေတာလား" အတန်ကြာပြီးနောက် လုရီဖျင်က ရုတ်တရက် မေးလိုက်သည်။
ကော့ချိုးယွဲ့၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာဦးအဆိပ်သည် လုရီဖျင်၏ အလိုလိုသိစိတ်ဖြင့် သိမြင်နေခဲ့သည်။ လုရီဖျင်သည် ထိုအဆိပ်အကြောင်း ရုတ်တရက် ပြောလိုက်သည်ကို ကြားသောအခါ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ လန့်သွားကြရသည်။
"ဟုတ်တယ်... မင်းအမေနဲ့ငါ အစပိုင်းမှာ ကမ္ဘာဦးစွမ်းအင်စီးကြောင်းတွေနဲ့ တိုးခဲ့ကြတာ။ အဲဒီမှာ မင်းအမေက ကမ္ဘာဦးအဆိပ် မိသွားခဲ့တာပဲ" လုရီဝမ်က ဆိုလိုက်သည်။ "ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ ကျင်းကွမ်တာအိုဂိုဏ်းက ပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ အရှင်ချင်ဟုန်းနဲ့ ဆက်သွယ်ထားပြီးပြီ။ သူက တာအိုဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ဆိုေတာ့ မင်းအမေကိုယ်ထဲက အဆိပ်ကို ဖယ်ရှားပေးနိုင်တယ်၊ သူ့ဘက်ကလည်း ကူညီမယ်လို့ ကတိပေးထားတယ်"
ချင်ဟုန်းသည် ကူညီရန် သဘောတူထားသည်မှာ မှန်သော်လည်း ထိုအတွက် အဖိုးအခမှာ ကမ္ဘာဦးဝိညာဉ်ကျောက်တံုး ဘီလီယံ ၁၀ သန်း ဖြစ်ရာ လုရီဝမ်အနေဖြင့် ထိုပမာဏကို လုံးဝ မတတ်နိုင်ေသးပေ။
လုရီဖျင်က တည်ငြိမ်စွာဖြင့် "အဖေ... အမေ့ကိုယ်ထဲက အဆိပ်ကို ကျွန်တော် ဖယ်ရှားပေးနိုင်တယ်။ ကျွန်တော့်ကို စမ်းကြည့်ခွင့်ပေးပါ" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကော့ချိုးယွဲ့က ပြုံးလိုက်ပြီး "ဖျင်အာ... မင်း အမေ့တွက် စိတ်ပူနေတာကို အမေ သိပါတယ်၊ ဒါပေမဲ့ ဒီကမ္ဘာဦးအဆိပ်က တာအိုဘိုးဘေးတစ်ယောက် မပါဘဲနဲ့ ဖယ်ထုတ်လို့ မရဘူး"ဟု သတိပေးလိုက်သည်။
လုရီဝမ်ကလည်း လိုက်၍ ပြုံးကာ "ဒီအဆိပ်က နက်နဲတယ်။ အဖေလည်း သူတာ်စင်ဧကရာဇ်ဘုရင်စွမ်းအားတွေ အကုန်သုံးပြီး ဖယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး" ဟု ဆိုလိုက်သည်။
လုရီဖျင်သည် လုမိသားစုမှ ထွက်ခွာသွားစဉ်က သူတော်စင်နယ်ပယ်သို့ပင် မရောက်ရှိသေးပေ။ ၎င်းတို့နှစ်ဦး၏ အသိစိတ်ထဲတွင် ယခုနှစ်များအတွင်း လုရီဖျင်၏ အင်အား တိုးတက်လာခဲ့လျှင်ပင် အလွန်ဆုံး သူတော်စင်ဧကရာဇ်ဘုရင်အဆင့်သာ ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။
ထိုစဉ်မှာပင် လုရီဖျင်က ရုတ်တရက် လက်ညှိုးတစ်ချက် ထိုးလိုက်ရာ လက်ညှိုးမှ စွမ်းအားတစ်ခု ပြေးထွက်သွားပြီး ကော့ချိုးယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။
ကော့ချိုးယွဲ့၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားသွေးကြောများ တုန်ခါသွားပြီး အလွန်အမင်း ပြင်းထန်လှသော စွမ်းအားတစ်ခုသည် တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်ကို သူမ ခံစားလိုက်ရသည်။ ထိုစွမ်းအင်အောက်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာဦးအဆိပ်များမှာ မြူခိုးများကဲ့သို့ ဖြစ်သွားကာ ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ တရဟော စီးထွက်လာတော့သည်။
ကော့ချိုးယွဲ့သည် ဖော်ပြ၍မရနိုင်လောက်အောင် ပေါ့ပါးလန်းဆန်းသွားမှုကို ခံစားလိုက်ရသည်။ သူမသည် တစ်ကိုယ်လုံးကို ပြန်လည်စစ်ဆေးကြည့်ပြီး လုရီဖျင်ကို မယုံနိုင်သလို ကြည့်ကာ ပြောလိုက်သည်။ "အမေ့ကိုယ်ထဲက အဆိပ်တွေ အကုန်ပျောက်သွားပြီပဲ"
လုရီဝမ်သည်လည်း လုရီဖျင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
"ဖျင်အာ... မင်း တကယ်ပဲ တာအိုဘိုးဘေးနယ်ပယ်ကို ချိုးဖျက်နိုင်သွားပြီလား" လုရီဝမ်သည် မထိန်းချုပ်နိုင်သော အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
ကော့ချိုးယွဲ့သည်လည်း လုရီဖျင်ကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။
မိဘနှစ်ဦးစလုံး သူ့အား စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်သောအခါ လုရီဖျင်က ဖုံးကွယ်မထားတော့ဘဲ ပြုံးလျက်ပင် "ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက တာအိုဘိုးေဘးအဆင့်ကို ရောက်ေနခဲ့တာ" ဟု ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ ရင်ထဲတွင် အတိုင်းအထက်အလွန် ဝမ်းသာပီတိ ဖြစ်သွားကြတော့သည်။
တာအိုဘိုးဘေး နယ်ပယ်ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း ၎င်းတို့နှစ်ဦး ကောင်းကောင်း နားလည်ထားကြသည်။ လုမိသားစုကုန်သွယ်ရေးအသင်းသည် ထျန်းသီ ကုန်သွယ်ရေးအသင်း၏ နှိပ်စက်မှုကို ဤမျှ ခံနေရခြင်းမှာ အသင်းတွင် တာအိုဘိုးဘေးအဆင့် ပညာရှင်တစ်ဦးမှ မရှိသောကြောင့် ဖြစ်သည်။ အသင်းတွင် အားကောင်းသော တာအိုဘိုးဘေးတစ်ဦး ရှိနေမည်ဆိုပါက ထျန်းသီအသင်းသည် ယခုမျှအထိ အတင့်ရဲဝံ့ေတာ့မည် မဟုတ်ပေ။
***