"ဒါက ကောင်းတဲ့ကိစ္စဘဲ... ငါ့ရဲ့ လုမိသားစုမှာ နောက်ဆုံးတော့ တာအိုဘိုးဘေးတစ်ယောက် ပေါ်ထွက်လာပြီဟေ့…" လုရီဝမ်သည် အားရပါးရ ရယ်မောလိုက်ရာ သူ၏ရယ်သံမှာ ဝင်းအတွင်းရှိ နံရံများကိုပင် ရိုက်ခတ်သွားခဲ့သည်။
"ဒါက ငါ့လုမိသားစုကို နတ်ဘုရားတွေက ကောင်းချီးပေးလိုက်တာပဲ၊ နောင်ကို ဘယ်သူကမှ ငါ့လုမိသားစုကို အထင်သေးရဲတော့မှာမဟုတ်ဘူး"
လုရီဝမ်သည် ကျေနပ်စွာဖြင့် ဆက်တိုက်ရယ်မောနေတော့သည်။ လုရီဖျင်သည် တာအိုဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၍ လုရီဝမ်မှာ အတိုင်းအထက်အလွန် စိတ်လှုပ်ရှားကာ ဝမ်းသာပီတိ ဖြစ်နေရခြင်းဖြစ်သည်။
ကော့ချိုးယွဲ့၏ မျက်နှာတွင်လည်း ကြည်နူးမှုနှင့် စိတ်လှုပ်ရှားဖွယ် အပြုံးများဖြင့် ပြည့်နှက်နေေလသည်။
လုရီဝမ်သည် လုရီဖျင်ကို ဝမ်းသာအားရ ပြောလိုက်သည်။ "ဖျင်အာ... မင်း တာအိုဘိုးဘေးအဆင့်ကို ရောက်သွားတာက တကယ့်ကို မင်္ဂလာရှိတဲ့ သတင်းကောင်းပဲ။ အဲ့ဒါကြောင့် အဖေတို့တွေ ဂုဏ်ပြုပွဲတစ်ခု ကျင်းပကြမယ်။ ချင်းချန်မြို့နဲ့ ပတ်ဝန်းကျင်မြို့တွေက ပညာရှင်တွေကို ဖိတ်ကြားပြီး ပျော်ပျော်ပါးပါး ဆင်နွှဲကြတာပေါ့၊ မင်းဘယ်လိုသေဘာရလဲ.."
လုရီဖျင်က ပြုံးလျက် "အဖေ့ သဘောအတိုင်းပါပဲ" ဟု ဆိုလိုက်သည်။
လုရီဖျင်သည် ပွဲလမ်းသဘင် ကျင်းပခြင်းကို သဘောမျက်ေသော်လည်း သူ၏ မိဘနှစ်ပါး ပျော်ရွှင်နေသည့်အတွက် ကြည်ကြည်ဖြူဖြူပင် သဘောတူလိုက်ေလသည်။
လုရီဝမ်က ရယ်မောရင်း "ကောင်းပြီ... ငါ အခုပဲ မင်းအမေနဲ့အတူ ဖိတ်ကြားမယ့်သူတွေရဲ့ စာရင်းရေးလိုက်မယ်၊ မနက်ဖြန်ကျရင် ချောင်ဖုန်း ကို လွှတ်ပြီး ဖိတ်စာတွေ လိုက်ဝေခိုင်းရမယ်၊ ဂုဏ်ပြုပွဲရက်ကိုတော့ နောက်ထပ် နှစ်လအကြာမှာ သတ်မှတ်ကြတာပေါ့"
နှစ်လဆိုသည့် အချိန်မှာ ပွဲအတွက် ပြင်ဆင်ရန် လုံလောက်သော အချိန်ပင် ဖြစ်သည်။
"ကောင်းပါပြီ" လုရီဖျင်က ပြုံး၍ ပြန်ဖြေလိုက်သည်။
ချက်ချင်းပင် လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် ဖိတ်ကြားမည့်သူများ အကြောင်းကို စတင်ဆွေးနွေးကြတော့သည်။ လုမိသားစုကုန်သွယ်ရေးအသင်း တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ရှိနေပြီဖြစ်ရာ ပုံမှန်စီးပွားဖက်များအဖြစ် လူအတော်များများကို သူတို့ သိကျွမ်းထားကြပြီဖြစ်သည်။
သူ၏ မိဘနှစ်ပါး စာရင်းပြုစုရင်း ပျော်ရွှင်နေကြသည်ကို ကြည့်ကာ လုရီဖျင်သည် ဘာမျှမပြောဘဲ ဘေးတွင်ထိုင်၍ ၎င်းတို့နှစ်ဦးကို အဖော်ပြုပေးနေခဲ့သည်။ နာရီအတော်ကြာ ညှိနှိုင်းပြီးနောက် အခြေခံစာရင်းတစ်ခုကို ပြုစုနိုင်ခဲ့ကြသည်။ ထိုစာရင်းမှာ အတော်ပင် ရှည်လျားပြီး စုစုပေါင်း မိသားစုပေါင်း ၄၀၀ ကျော်ကို ဖိတ်ကြားရန် သတ်မှတ်ခဲ့ကြသည်။ ချင်းချန်မြို့နှင့် ပတ်ဝန်းကျင်မြို့များရှိ လုမိသားစုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသမျှ လူအားလုံးကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လုရီဝမ်၏ အဆိုအရ ယခုပွဲသည် အလွန်ကြီးကျယ်သော ကောင်းချီးမင်္ဂလာပွဲဖြစ်၍ စည်စည်ကားကား ကျင်းပသင့်သည်ဟု ပြောခဲ့သည်။ လုရီဖျင်သည်လည်း မိဘများနှင့်အတူ ခဏမျှ ဆက်ထိုင်နေခဲ့သည်။
ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းထိန်လာခဲ့ေလသည်။ နေရောင်ခြည်သည်လည်း ကမ္ဘာမြေပေါ်သို့ ဖြာကျလာတော့သည်။ လုရီဖျင်သည် ခြံဝင်းအတွင်းမှတစ်ဆင့် ထွက်ပေါ်လာသော နေလံုးကြီးကို ကြည့်ရင်း ဝူ မျိုးနွယ်စုအကြောင်းကို တွေးတောနေမိသည်။
ယခင် ဝမ်ပေါင်မြို့ တိုက်ပွဲတွင် သူသည် ဝူမျိုးနွယ်စု၏ တာအိုဘိုးဘေး ခြောက်ဦးနှင့် သူတော်စင်ဧကရာဇ်ဘုရင် ရှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဝူမျိုးနွယ်စုသည်လည်း သူ့သတင်းကို အသည်းအသန် လိုက်ရှာနေကြပေလိမ့်မည်။ ယခု သူ ချင်းချန်မြို့တွင် ပေါ်လာပြီဖြစ်ရာ ဝူမျိုးနွယ်စုသည်လည်း မကြာမီ ရှာတွေ့သွားကြမည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော် သူ၏ တာအိုစွမ်းအားမှာ ယခုအခါ ၁၇ ဘီလီယံအထိ ရှိနေပြီဖြစ်သည်။ သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဝူမျိုးနွယ်စု သို့မဟုတ် ဝူဘိုးဘေးကိုပင် သူ ကြောက်ရွံေနစစရာ မလိုတော့ပေ။
"ဝူမျိုးနွယ်စု..." လုရီဖျင်၏ မျက်နှာမှာ တည်ငြိမ်အေးစက်နေခဲ့သည်။
"ဖျင်အာ... သွားကြရအောင်။ အဖတို့အသင်းမှာရှိတဲ့ အရာရှိတွေနဲ့ တပည့်တွေကို မင်းနဲ့ မိတ်ဆက်ပေးမယ်" ဟု လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့က အခန်းထဲမှ ထွက်လာရင်း ပြောလိုက်သည်။
လုရီဖျင် ရောက်လာပြီဖြစ်ရာ လုရီဝမ်အနေဖြင့် လုမိသားစုကုန်သွယ်ရေးအသင်းမှ လူအားလုံးကို လုရီဖျင်၏ အထောက်အထားကို မိတ်ဆက်ပေးရန် လိုအပ်ပေသည်။ လုရိီဝမ်နှင့် ကော့ချိုးယွဲ့တို့သည် လုရီဖျင်ကို ခေါ်ဆောင်ကာ အတွင်းခန်းမမှတစ်ဆင့် အရှေ့ဘက်ခန်းမဆောင်ဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
လုရီဝမ်သည် ချောင်ဖုန်းကို အကြောင်းကြားပြီး လူအားလုံးကို စုခိုင်းထားပြီးဖြစ်ရာ ၎င်းတို့သုံးဦး ရှေ့ခန်းမသို့ ရောက်ရှိလာချိန်တွင် ကုန်သွယ်ရေးအသင်းသားအားလုံး စုရုံးရောက်ရှိနေကြပြီဖြစ်သည်။
လုရီဝမ်သည် ခန်းမအတွင်းရှိ လူရာပေါင်းများစွာကို ပြုံးရွှင်စွာ ဝေ့ကြည့်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။ "အားလုံးကို မိတ်ဆက်ပေးပါရစေ၊ ဒါက ငါ့ရဲ့သား လုရီဖျင်ပဲ"
ထိုအသံကြောင့် ကုန်သွယ်ရေးအသင်းသားများကြား တီးတိုးပြောဆိုမှု အနည်းငယ် ဖြစ်သွားခဲ့သည်။ ချောင်ဖုန်းနှင့် အခြားသူများသည် လုရီဖျင်ကို အကဲခတ်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လုရီဖျင်သည် ထိုအကဲခတ်သည့် အကြည့်များ၏ အဓိပ္ပာယ်ကို နားလည်ေပသည်။ ချောင်ဖုန်းနှင့် အခြားသူများသည် ရုတ်တရက် ပေါ်လာသော သခင်လေး၏ အင်အားနှင့် နယ်ပယ်ကို ခန့်မှန်းနေကြခြင်းသာ ဖြစ်သည်။
လုရီဝမ်သည် လုရီဖျင်ကို ချောင်ဖုန်းရှိရာသို့ ခေါ်ဆောင်သွားပြီး မိတ်ဆက်ပေးခဲ့သည်။ "ရီဖျင်... ဒါက ဒုဥက္ကဋ္ဌ ချောင်ဖုန်းပဲ။ ဒုဥက္ကဋ္ဌ ချောင်ဖုန်းရဲ့ အင်အားကလည်း မသေးလှဘူး၊ သူက သူတော်စင်ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ။ အချိန်မရွေး သူတော်စင်ဧကရာဇ်ဘုရင် နယ်ပယ်ကို ချိုးဖျက်နိုင်တဲ့သူပဲ"
လုရီဖျင်သည် ခေါင်းတစ်ချက် ညိတ်ပြရုံမျှဖြင့် နှုတ်ဆက်လိုက်သည်။
ချောင်ဖုန်းသည် လုရီဖျင်ကဲ့သို့သော မျိုးဆက်သစ် လူငယ်တစ်ဦးမှ သူ့ကို နာမည်ပင် မခေါ်ဘဲ ခေါင်းတစ်ချက် ညိတ်ပြရုံဖြင့် နှုတ်ဆက်သည်ကို မြင်သောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။ သို့သော် လုရီဝမ်၏ မျက်နှာကြောင့် ဘာမျှမပြောခဲ့ပေ။
ထို့နောက် လုရီဝမ်သည် လုရီဖျင်ကို ကုန်သွယ်ရေးအသင်း၏ အခြားသော ခန်းမအကြီးအကဲများနှင့် မိတ်ဆက်ပေးခဲ့ေလသည်။
မိတ်ဆက်ပြီးနောက် လုရီဝမ်က ဂုဏ်ပြုပွဲအကြောင်းကို အားလုံးကို ပြောပြရန် ပြင်ဆင်နေစဉ်မှာ အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရပြီး လုမိသားစုကုန်သွယ်ရေးအသင်းမှ အစောင့်တစ်ဦး ထိတ်လန့်တုန်လှုပ်စွာ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဥက္ကဋ္ဌကြီး... ထျန်းသီ ကုန်သွယ်ရေးအသင်းက လူတွေ ပြဿနာလာရှာနေကြပြန်ပြီ"
ထိုစဉ်လုရီဝမ်၏ မျက်နှာမှာ ဒေါသရိပ်များဖြင့် မှောင်ကျသွားခဲ့သည်။
"ထျန်းသီအသင်းက လူတွေ မနေ့ကတင် လာနှောင့်ယှက်သွားတာမလား၊ ဒီနေ့ ထပ်ရောက်လာပြန်ပြီေပါ့၊ ဒါက တို့ လုမိသားစုကုန်သွယ်ရေးအသင်းကို ပျက်စီးအောင် လုပ်ဖို့ ကြံစည်နေကြတာပဲ” ဟု လုမိသားစု စာကြည့်တိုက်ခန်းမ အကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။
"ဥက္ကဋ္ဌကြီး... ကျွန်တော်တို့တွေ ထပ်ပြီး သည်းမခံသင့်တော့ဘူး။ ဒီထက်ပိုပြီး သည်းခံနေရင် ထျန်းသီအသင်းက လူတွေရဲ့ မောက်မာမှုကို ပိုပြီး အားပေးသလို ဖြစ်နေလိမ့်မယ်"
"အပြင်ထွက်ပြီး သူတို့နဲ့ တိုက်ကြတာပေါ့" လုမိသားစုကုန်သွယ်ရေးအသင်းမှ အရာရှိကြီးများနှင့် တပည့်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ပုံမှန်အားဖြင့် လုရီဝမ်သည် အောက်ခြေတပည့်များနှင့် အရာရှိများအပေါ် ကြင်နာတတ်သူ ဖြစ်သည့်အတွင် ထျန်းသီအသင်းရှိ လူများ တဖြည်းဖြည်း လွန်လာသည်ကို မြင်သောအခါ အားလုံးက ဒေါသထွက်နေကြခြင်း ဖြစ်သည်။
လုရီဖျင်သည် အသေးစိတ် အကြောင်းအရာများကို မသိသော်လည်း လူတိုင်း၏ စကားကို နားထောင်ခြင်းဖြင့် အခြေအနေအရပ်ရပ်ကို ရိပ်မိလိုက်သည်။
"အဖေ... ကျွန်တော် အပြင်ထွက်ပြီး ကြည့်လိုက်ပါ့မယ်" ဟု လုရီဖျင်က လုရီဝမ်ကို ပြောလိုက်သည်။
လုရီဝမ်သည် သူ၏သား စရိုက်ကို သိထားသဖြင့် "ဖျင်အာ... စိတ်မမြန်ပါနဲ့၊ ဒီထျန်းသီကုန်သွယ်ရေးအသင်း ဘဏ်ခွဲရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေက သူတော်စင်ဧကရာဇ်ဘုရင် အဆင့်ဦးပိုင်းမှာပဲ ရှိတယ်ဆိုပေမဲ့၊ သူတို့ရဲ့ ဌာနချုပ်မှာတော့ အင်အားကြီးတဲ့ တာအိုဘိုးဘေး သုံးယောက်တောင် ရှိတယ်" ဟု သတိပေးလိုက်သည်။
"ပြီးတော့ ထျန်းသီကုန်သွယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌကြီးကိုယ်တိုင်က တာအိုဘိုးဘေးစွမ်းအား သန်း ၂၀၀ ရှိတဲ့ ပညာရှင်ကြီး တစ်ယောက်ပဲ"
လုရီဖျင်သည် ထိုစကားကို ကြားသောအခါ ဘာမှမှတ်ချက်မပေးဘဲ ပြုံးလျက်ပင် "ဟုတ်ကဲ့ပါ၊ ၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်" ဟု ဆိုလိုက်သည်။
လုရီဝမ်မှာ စိုးရိမ်နေဆဲ ဖြစ်သဖြင့် "ငါလည်း မင်းနဲ့အတူ လိုက်ကြည့်မယ်" ဟု ဆိုကာ ကော့ချိုးယွဲ့နှင့်အတူ အရှေ့မှ ဦးဆောင်ထွက်ခဲ့သည်။ ချောင်ဖုန်းနှင့် အခြားအရာရှိကြီးများလည်း လိုက်ပါလာကြသည်။
ကုန်သွယ်ရေးအသင်း၏ တံခါးဝသို့ ရောက်သောအခါ လမ်းပေါ်တွင် ထျန်းသီအသင်းသားများ အင်အားပြ လက်ရည်စမ်းနေကြသည်ကို တွေ့ရသည်။
ယင်းကျိုလွန် ကပင် ဦးဆောင်လာခြင်း ဖြစ်သည်။ ယခုတစ်ခေါက်တွင် လူအင်အား ပိုများလာပြီး မနေ့က ၃၀၊ ၄၀ ခန့်သာ ရှိသော်လည်း ယနေ့တွင် ၇၀၊ ၈၀ ခန့်အထိ နှစ်ဆတိုး၍ ရောက်ရှိလာကြသည်။
လမ်းသွားလမ်းလာများမှာလည်း ထျန်းသီအသင်းသားများကို မြင်သည်နှင့် အဝေးမှ ပတ်ရှောင်သွားကြပြီး မည်သူမျှ အနားမကပ်ရဲကြပေ။
ယင်းကျိုလွန်သည် လုရိီဝမ်နှင့် ကော့ချိုးယွဲ့တို့ ထွက်လာသည်ကို မြင်သောအခါ မိတ်ဆွေဟောင်းတစ်ဦးကဲ့သို့ ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ "ဥက္ကဋ္ဌလု... ထွက်လာတာ စောလှချည်လား"
လုရီဝမ်၏ မျက်နှာမှာ မှိုင်ညှို့သွားေလသည်။ လုရီဖျင်သည် ယင်းကျိုလွန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်ေလသည်။
"မင်းတို့ကိုယ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေအကုန် ချန်ထားခဲ့ပြီး အခုချက်ချင်း ထွက်သွားကြ။ အဲ့လိုဆိုရင် မင်းတို့ကို အေးဆေးပြန်လွတ်ပေးလိုက်မယ်"
လုရီဝမ်သည် ထိုစကားကို ကြားလိုက်ရုံဖြင့် တစ်ခုခုတော့ ဖြစ်တော့မည်ကို သိလိုက်ရသည်။
အမှန်ပင်... ယင်းကျိုလွန်၏ မျက်လုံးများမှာ အေးခဲသွားပြီး လုရီဖျင်အား လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။ "ဘယ်က ကောင်လဲကွ... ထွကမသွားစမ်း"
ထိုလက်ဝါးရိုက်ချက်တွင် ယင်းကျိုလွန်သည် သူတော်စင်ဧကရာဇ်ဘုရင် စွမ်းအားကို ထည့်သွင်းထားခဲ့သည်။ ယင်းကျိုလွန်၏ သန်း ၁၀၀ ရှိသော စွမ်းအားမှာ ဟိန်းဟောက်၍ ထွက်ပေါ်လာရာ ချောင်ဖုန်းနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
ယခုနေရာသို့ မလာမီကပင် ၎င်းတို့၏ ဥက္ကဋ္ဌသည် လူအချို့ကို သတ်ပစ်ရန် ယင်းကျိုလွန်ကို အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ပထမဆုံးသော လှုပ်ရှားမှုမှာပင် လျှပ်စီးကဲ့သို့ ပြင်းထန်လှသည်။
ယင်းကျိုလွန်သည် လုရီဖျင်အား ရက်စက်သော အကြည့်ဖြင့် ကြည့်လိုက်ေလသည်။ အပြာရောင်ဝတ်စုံနှင့် လူငယ်လေးမှာ လက်ဝါးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားလိမ့်မည်ဟု သူ ထင်မှတ်ထားစဉ်မှာပင် ရုတ်တရက် သူ၏လက်ဝါးချက်မှာ လေထဲ၌ ရပ်တန့်သွားရသည်။
ရှေ့တွင် မည်သည့်အတားအဆီးမျှ မရှိသော်လည်း ယင်းကျိုလွန်၏ လက်ဝါးမှာ ရှေ့သို့ တိုးမရတော့ပေ။
လုရီဖျင်သည် ယင်းကျိုလွန်ကို တစ်ချက်ကြည့်လိုက်ေလသည်။ ထိုအကြည့်အောက်တွင် ယင်းကျိုလွန်သည် ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသယောင် ခံစားလိုက်ရပြီး ထိုလူငယ်လေးမှာ သူ၏ရှေ့တွင် အဆမတန် ကြီးမားလာသကဲ့သို့ မြင်ယောင်နေမိသည်။
ယင်းကျိုလွန်၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး ပါးစပ်မှလည်း သွေးများစွာ အန်ထွက်လာတော့သည်။
***