"စိတ်မပူပါနဲ့ အဖေ၊ကျွန်တော် အခြေနေကို နားလည်ပါတယ်" ဟု လုရီဖျင်က ပြောလိုက်သည်။
သို့သော်လည်း လုရီဖျင်သည် ထျန်းသီကုန်သည်ကြီးများအသင်းမှ စတင်မတိုက်ခိုက်ခဲ့လျှင် သူ့ကိုယ်သူထိန်းထားနိုင်သည်ဟု ကတိပေးလိုက်ေလသည်။ ထျန်းတီကုန်သည်ကြီးများအသင်းဘက်မှ စတင် တိုက်ခိုက်ခဲ့ပါက လုရီဖျင်သည်လည်း အာမခံနိုင်မည်မဟုတ်ပေ။ လုရီဖျင်သည် တိုက်ခိုက်ရသည်ကို မနှစ်သက်သော်လည်း ပြဿနာကို ဘယ်သောအခါမှ ကြောက်ရွံ့သူမဟုတ်ပေ။
ကော့ချိုးယွဲ့က "ဒီတစ်ကြိမ်မှာ နျိုဝါမယ်ေတာ်ကြီးက လော့စုန်လင်းကို ဒိုင်လူကြီးအဖြစ် ဖိတ်ကြားထားတယ်လို့ ကြားတယ်၊ အဲဒါ တကယ်လားတော့ မသိဘူး" ဟု ပြောလိုက်သည်။ နျိုဝါ နှင့် စုန်လင်းအကြောင်းကို ပြောဆိုရာတွင် ကော့ချိုးယွဲ့၏ မျက်နှာ၌ ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့ရိုသေမှုများ အထင်အသား ပေါ်လွင်နေခဲ့သည်။
နျိုဝါ သည် နတ်ဆိုးမျိုးနွယ်စု၏ နံပါတ်တစ် အင်အားကြီးပုဂ္ဂိုလ်ဖြစ်ပြီး ဟုန်မုန့်လောက၏ အသန်မာဆုံး အမျိုးသားကြီးများနှင့် ရင်ဘောင်တန်းနိုင်သူ တစ်ဦးဖြစ်သည်။
စုန်လင်း မှာမူ လူသားမျိုးနွယ်၏ နံပါတ်တစ် အင်အားကြီးပုဂ္ဂိုလ်ဖြစ်သလို လူသားမျိုးနွယ်၏ နံပါတ်တစ် လက်နက်ပန်းပဲဆရာလည်း ဖြစ်သည်။ နျိုဝါကဲ့သို့ပင် သူမသည် ဟုန်မုန့်လောက၏ အလှပဆုံး အမျိုးသမီး ၅ ဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ထိုအမျိုးသမီးနှစ်ဦးသည် ဟုန်မုန့်လောကရှိ အမျိုးသားများ၏ အလေးစားရဆုံးအမျိုးသမီးများသာမက အမျိုးသမီးအားလုံး၏ အားကျအတုယူရသည့် စံပြအမျိုးသမီးများလည်း ဖြစ်ကြသည်။
လုရီဝမ်က "အဲ့သတင်းက အမှန်ဖြစ်ဖို့များတယ်၊ အင်အားကြီးမိသားစုတွေက လူေတွအားလံုး ဒီလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကို စာရင်းပေးထားကြတာလဲ တကယ်တော့ စုန်လင်းသခင်မကို တွေ့ချင်ရုံလို့ဖြစ်မယ်၊ စုန်လင်းသခင်မက လူမြင်ကွင်းကို ထွက်လာတာရှားတယ်၊ ပုံမှန်အခြေနေတွေမှာ တာအိုဘိုးဘေးတွေတောင် သူမကို တွေ့ခွင့်မရကြဘူး" ဟု ဆိုလိုက်သည်။
ထို့နောက် သူက ဆက်၍ "အဓိကကတော့ စုန်လင်းသခင်မက အခုထိ အိမ်ထောင်မပြုရသေးတာပဲ" ဟု ပြောလိုက်သည်။
လောကတွင် အလှပဆုံးအမျိုးသမီးဖြစ်ပြီး အင်အားလည်း အလွန်ကြီးမားသူဖြစ်သည်။
ထို့ပြင် ဟုန့်မုန်လောက၏ ထိပ်တန်း လက်နက်ပန်းပဲဆရာတစ်ဦးပင် ဖြစ်သည်။
ထို့ကြောင့် စုန်လင်းသည် ဟုန့်မုန်လောကရှိ အမျိုးသားအားလုံး၏ အိပ်မက်ထဲမှ အမျိုးသမီးပင်ဖြစ်သည်။
လုရီဝမ်သည် ထိုသို့ပြောရင်း ခေါင်းလှည့်ကာ လုရီဖျင်ကို စနောက်လိုက်သည် "ဖျင်အာ... မင်းလည်း ဒီနှစ်တွေထဲမှာ အိမ်ထောင်မပြုရသေးဘူး မဟုတ်လား"
လုရီဖျင် ခဏတာ ကြောင်အမ်းသွားပြီးနောက် ခေါင်းခါယမ်းကာ ပြုံးလိုက်သည် "ဟုတ်တယ်၊ မပြုရသေးပါဘူး…" သူသည် အောက်လောက ရှိ လော့ရွှေ ကိုပင် တစ်ချက်တေွးမိသွားခဲ့သည်။
လုရီဝမ်ကလည်း ပြုံးလျက် "ဒါဆို မင်းမှာ အခွင့်အရေးရှိသေးတာပေါ့" ဟု ဆိုလိုက်သည်။ "စုန်လင်းသခင်မက ပြောဖူးတယ်၊ ဘယ်အမျိုးသားမဆို လက်နက်သွန်းလုပ်ခြင်းအတတ်မှာ သူမကို အနိုင်ယူနိုင်ပြီး လူပျိုတစ်ဦးဖြစ်မယ်ဆိုရင် သူမက အဲ့လူနဲ့ လက်ထပ်မယ်တဲ့။ ငါမှတ်မိသလောက်ဆိုရင် မင်းက ဆေးပညာ၊ လက်နက်သွန်းလုပ်ခြင်းနဲ့ စီရင်ထုံးတွေကို လေ့လာရတာ အရမ်းဝါသနာပါတာပဲမလား၊ ဒီနှစ်တွေထဲမှာ မင်းရဲ့ လက်နက်သွန်းလုပ်ခြင်းအတတ်ကရော ဘယ်လိုအခြေအနေရှိလဲ"
ကော့ချိုးယွဲ့ကလည်း ရယ်မောကာ "စုန်လင်းသခင်မက ဟုန့်မုန်လောကရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်သူပဲ၊ ဘယ်သူက သူမကို အနိုင်မှာလဲ၊ ဖျင်အာရဲ့ အစွမ်းက မဆိုးဘူးဆိုပေမဲ့ စုန်လင်းသခင်မကိုတော့ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ" ဟု ပြောလိုက်သည်။
လုရီဝမ်ကလည်း "ကိုယ်ကလည်း အပျော်သဘောအနေနဲ့ပြောတာပါ” ဟု ပြုံး၍စေနာက်လိုက်သည်။ သူသည်လည်း လုရီဖျင်အနေဖြင့် စုန်လင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ထိုချိန် လုရီဝမ်မှ ထပ်လောင်းပြောကြားခဲ့သည်။ "စုန်လင်းသခင်မ သတ်မှတ်ထားတဲ့ စည်းကမ်းတွေက အရမ်းမြင့်မားလွန်းတယ်။ ဒီဟုန့်မုန်လောကမှာ ဘယ်သူကများ သူမထက် သာအောင် သွန်းလုပ်နိုင်မှာလဲ"
ကော့ချိုးယွဲ့က ပြုံးလျက် "သခင်မ စုန်လင်းမှာ ရွေးစရာ လူပျိုတွေ အရမ်းများလွန်းလို့များ ဟုန့်မုန်လောကက အမျိုးသားတွေ လက်လျှော့သွားအောင် ဒီစည်းကမ်းေတွကို တမင်တကာ သတ်မှတ်ထားတာများလား" ဟု ပြောလိုက်သည်။
အာကာသသင်္ဘောယာဉ်သည် ခရီးစဉ်အတိုင်း ဆက်လက်မောင်းနှင်လာခဲ့သည်။
တစ်လကြာပြီးနောက်တွင်...
နတ်ဆိုးမျိုးနွယ်စု၏ မြင့်မြတ်သောမြေကို လှမ်းမြင်နေရပြီဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စု၏ မြင့်မြတ်သောမြေနှင့် နီးကပ်လာလေ အရပ်ရပ်မှ အင်အားကြီးပုဂ္ဂိုလ်များကို ပိုမိုတွေ့ရှိလာရလေလေဖြစ်သည်။ ၎င်းတို့အားလုံးမှာ ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသူများ ဖြစ်ကြသည်။ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ၏ စည်းကမ်းချက်အရ သူတော်စင်ဧကရာဇ်ဘုရင် အဆင့်နှင့် အထက် အင်အားကြီးသူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ေပသည်။
နတ်ဆိုးမျိုးနွယ်စု၏ မြင့်မြတ်သောမြေသို့ ရောက်ရှိလာသောအခါ အာကာသသင်္ဘောများမှာ အဝင်အထွက် မပြတ်တော့ချေ။ အချို့မှာ မြင့်မြတ်သောလက်နက်အဆင့် အာကာသသင်္ဘောများဖြစ်ပြီး အချို့မှာ အဆင့် အာကာသသင်္ဘောများ ဖြစ်ကြသည်။ လုမိသားစု၏ အာကာသသင်္ဘောမှာ ချင်းမြို့တော်တွင်မူ အတော်သင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ယခုနေရာသို့ ရောက်ရှိလာသောအခါတွင်မူ အနည်းငယ် သေးငယ်ေနခဲ့ေလသည်။
"ဟိုရှေ့က အပြာရောင်သင်္ဘောေပါ်က လန်ဖုန်းကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌပဲ" ဟု ရှေ့ကသင်္ဘောကို ကြည့်ပြီး လုရီဝမ်က ပြောလိုက်သည်။
ငွေရောင်ဝတ်စုံဝတ် အဖိုးအိုတစ်ဦးနှင့် လန်ဖုန်းကုန်သည်ကြီးများအသင်းမှ အင်အားကြီးသူတစ်စုမှာ သင်္ဘောဦးတွင် ရပ်နေခဲ့ကြသည်။
လန်ဖုန်းကုန်သည်ကြီးများအသင်းနှင့် လုမိသားစုကုန်သည်အသင်းတို့မှာ အစဉ်အမြဲ ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ကြသည်။
သို့သော်လည်း လုရီဝမ်သည် သူ၏သင်္ဘောကို မောင်းနှင်သွားပြီး နှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် လန်ဖုန်းကုန်သည်ကြီးများအသင်း၏ သင်္ဘောမှာ အရှိန်မြှင့်ကာ ရှောင်ထွက်သွားလေသည်။
လုရီဝမ်မှာလည်း အံ့အားသင့်သွားရသည်။
ထို့နောက်တွင်လည်း လုရီဝမ်သည် အသိအကျွမ်းအချို့နှင့် ထပ်မံတွေ့ဆုံခဲ့သော်လည်း ခြွင်းချက်မရှိဘဲ ထိုသူများအားလုံးသည် လုရီဝမ်နှင့် တွေ့သည့်အချိန် ထိတ်လန့်တကြားဖြစ်ကာ အနားမကပ်ဘဲ ရှောင်ဖယ်သွားကြသည်။
လုရီဝမ်လည်း အခြေနေကိုရိပ်မိကာ မျက်မှောင်ကြုတ်သွားမိသည်။
"ဒါ… ထျန်းသီကုန်သည်ကြီးများအသင်း ကြောင့်လား" ဟု ကော့ချိုးယွဲ့က ခန့်မှန်းလိုက်သည်။
လုရီဝမ်က တည်ငြိမ်စွာဖြင့် "အဲဒါကြောင့်ပဲ ဖြစ်မယ်" ဟု ဆိုလိုက်သည်။
လုမိသားစုကုန်သည်အသင်းတွင် ထျန်းတီကုန်သည်ကြီးများအသင်းမှလွဲ၍ အခြားရန်သူ မရှိပေ။ လန်ဖုန်းကုန်သည်ကြီးများအသင်းနှင့် အခြားအသင်းများသည် ထျန်းသီကုန်သည်ကြီးများအသင်း၏ သတိပေးခြင်းကို ခံထားရသည်မှာ သေချာသလောက်ရှိသည်။ ထိုသို့မဟုတ်ပါက လုမိသားစုအား ကြောက်လန့်တကြား ရှောင်ဖယ်နေကြမည် မဟုတ်ပေ။
မူလက လုရီဝမ်သည် လုရီဖျင်အတွက် ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးရန် ရည်ရွယ်ခဲ့သော်လည်း သူနှင့် ကော့ချိုးယွဲ့တို့သည် ကျင့်ကြံခြင်းအတွက် တာအိုအသီးနှံကို စားသုံးခဲ့ရခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲ နီးကပ်လာခြင်းတို့ကြောင့် ထိုပွဲကို မကျင်းပဖြစ်ခဲ့ပေ။ ပြိုင်ပွဲပြီးသည့်နောက် ပြန်လုပ်ရန် စီစဉ်ထားေပသည်။
သို့သော် ယခုအခါ လုမိသားစုနှင့် ခင်မင်ခဲ့သော ကုန်သည်အသင်းများကပင် ရှောင်ဖယ်နေကြသဖြင့် ထိုဂုဏ်ပြုပွဲသို့ ဖိတိကြားရန် ခဲယဉ်းသွားပြီဖြစ်သည်။
အခြားကုန်သည်အသင်းများ ရှောင်ဖယ်နေကြသဖြင့် လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့မှာ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်သွားရသည်။
နတ်ဆိုးမျိုးနွယ်စု၏ မြင့်မြတ်သောမြို့တော်သို့ ရောက်ရှိသောအခါ ၎င်းတို့သည် သင်္ဘောကို သိမ်းဆည်းပြီး မြို့ထဲသို့ ခြေကျင်သာဝင်ရောက်ခဲ့ကြသည်။
မြို့တော်သည် ဟုန့်မုန်လောကတွင် အကြီးဆုံးနှင့် အစည်ကားဆုံး မြို့ကြီးများအနက် တစ်ခုဖြစ်သည်။ လမ်းဘေးဝဲယာရှိ အဆောက်အဦးများမှာလည်း ခန့်ညားထည်ဝါလှသည်။ မြို့တော်တစ်ခုလုံးသည် ခမ်းနားမှု၊ ထည်ဝါမှုနှင့် မြင့်မြတ်မှုတို့ လွှမ်းမိုးနေပြီး ချင်းချန်မြို့တော်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့သည်လည်း ယခုမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သဖြင့် မြို့၏ဟန်ပန်ကို မြင်ရသောအခါ အလွန်အံ့ဩသင့်သွားကြသည်။ လြရီဖျင်သည်လည်း မိဘနှစ်ပါးနှင့်အတူ လူအုပ်ထဲတွင် လိုက်လျောညီညွတ်စွာ လမ်းလျှောက်လိုက်ပါလာခဲ့သည်။
စီဖန်းစားသောက်ဆိုင် ရှေ့သို့ ရောက်သောအခါ လုရီဝမ်သည် ခြေလှမ်းရပ်လိုက်ပြီး လုရီဖျင်ကို ကြည့်ကာ "ဖျင်အာ... အဖေတို့ စီဖန်းစားသောက်ဆိုင်ထဲဝင်ပြီး ဝိုင်လေး ဘာလေး သောက်ကြမလား" ဟု မေးလိုက်သည်။
စီဖန်းစားသောက်ဆိုင်၏ ဝိုင်မှာ ဟုန့်မုန်လောကတွင် အလွန်နာမည်ကြီးပြီး ချင်းချန်မြို့တွင် ဆိုင်ခွဲမရှိသဖြင့် ယနေ့ကဲ့သို့ အခွင့်အရေးမျိုးမှာ ရှားပါးလှသည်။
"ကောင်းတာပေါ့…" ဟု လုရီဖျင်ကလည်း ပြုံးလျက် ပြန်ေဖြလိုက်သည်။
ကော့ချိုးယွဲ့ကလည်း ရယ်မောကာ "ရှင်တို့ သားအဖနှစ်ယောက်စလုံးကတော့ ဝိုင်ဆိုတာနဲ့ တစ်သံတည်းထွက်ကြတာဘဲနော်…" ဟု ဆိုလိုက်သည်။
လုရီဝမ်ကလည်း ပြုံးလိုက်ပြီး "မင်းကလည်း ... ကိုယ်တို့ကိ ခရီးပန်းလာလို့ ဆေးတစ်ခွက်သောက်တဲ့သဘောပါ " ဟု ပြန်ပြောလိုက်လေသည်။
လုရီဖျင်နှင့် လုရီဝမ်တို့ နှစ်ဦးစလုံးလည်း ပြုံးလိုက်ကြပြီး ကော့ချိုးယွဲ့၏ နောက်ကွယ်မှ အစေခံမိန်းကလေးသည်လည်း ပါးစပ်ကလေးပိတ်ကာ ရယ်မောနေေလသည်။
စီဖန်းစားသောက်ဆိုင်အတွင်း၌ လူများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေသော်လည်း နောက်ဆုံးတွင် နေရာလွတ်တစ်ခုကို ရှာတွေ့ပြီး ထိုင်လိုက်ကြသည်။ လုရီဖျင်တို့သည် စီဖန်းစားသောက်ဆိုင်၏ အကောင်းဆုံးဝိုင် နှစ်အိုးနှင့်အတူ အရသာရှိလှသည့် ဟင်းလျာများကို မှာယူလိုက်ကြသည်။
လုရီဖျင်တို့မိသားစု ပျော်ရွှင်စွာ စားသောက်နေကြစဉ်မှာပင် လန်ဖုန်း ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌနှင့် အဖွဲ့သားများ ဆိုင်ထဲသို့ ဝင်လာကြသည်ကို မြင်ေတွ့လိုက်ရသည်။
လန်ဖုန်းအဖွဲ့သားများသည်လည်း ထိုင်ခုံရှာနေကြခြင်းဖြစ်သည်။ ဥက္ကဋ္ဌ လန်ရှင်းမင် သည် ဆိုင်ထဲသို့ဝင်လာရင်း လုရီဝမ်တို့ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ခဏတာ တွေဝေနေမိသည်။ ထို့နောက် သူသည် လုရီဝမ်တို့ရှိရာသို့ လျှောက်လာခဲ့သည်။
"ညီအစ်ကို လု ...ကျွန်တော်ပြောရမှာတော့ အားနာပါတယ်… အဲ့ဒါက …." လန်ရှင်းမင် ရောက်လာသောအခါ လုရီဝမ်ကို နှုတ်ဆက်ရင်း ပြုံးပြလိုက်သော်လည်း ထိုအပြုံးမှာ အတော်လေးကို အားနာဟန်ပါနေခဲ့သည်။
"ဥက္ကဋ္ဌ ကျွန်တော့်ကို အမှန်တိုင်းပြောပေးပါ ဒါက ထျန်သီးကုန်သည်ကြီးများအသင်းကြောင့်လား" လုရီဝမ်က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
လန်ရှင်းမင်က ခေတ္တစဉ်းစားပြီးနောက် "ညီအစ်ကို လုကို အမှန်အတိုင်းပဲပြောလိုက်ပါ့မယ်၊ ထျန်းသီကုန်သည်ကြီးများအသင်းက အဓိကကုန်သည်အသင်းတွေကို သတိပေးထားတယ်။ အကယ်၍ လုမိသားစုကုန်သည်အသင်းနဲ့ ထပ်ပြီး ဆက်သွယ်နေမယ်ဆိုရင် ကျွန်တော်တို့ကို ညှာတာေနမှာမဟုတ်ဘူးလို့ ပြောထားတယ်" ဟု ဆိုလိုက်သည်။
လုရီဝမ်၏ မျက်နှာ ပျက်ယွင်းသွားရသည်။
ထို့နောက် လန်ရှင်းမင်က ဆက်၍ "ညီအစ်ကို လု... ကျွန်ေတာ်အကြံေပးတာကို နားထောင်စမ်းပါ။ ဒီလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ မပါဝင်သင့်ဘူး။ ထျန်းသီကုန်သည်ကြီးများအသင်းရဲ့ လုဖုန်းက သခင်ကြီး လုကော်လင်းရဲ့ သားဖြစ်သူ လုကျိီနဲ့ ရင်းနှီးတယ်လို့ ကျွန်တော်ကြားထားတယ်"ဟု ပြောလိုက်သည်။
"သခင်ကြီး လုကော်လင်းလား…" လုရီဝမ်နှင့် ကော့ချိုးယွဲ့တို့ နှစ်ဦးစလုံး မျက်နှာများ ဖြူဖျော့သွားကြသည်။
လုကော်လင်းသည် နျိုဝါမယ်ေတာ်ကြီ လက်အောက်မှ စစ်သူကြီးတစ်ဦးဖြစ်ပြီး၊ ထိပ်တန်း တာအိုဘိုးဘေးတစ်ဦးအဖြစ် အလွန်ကျော်ကြားသူဖြစ်သည်။ လုဖုန်းသည် လုကော်လင်း၏သားနှင့် ရင်းနှီးနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
လန်ရှင်းမင်က ဆက်၍ "လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ထျန်းသီကုန်သည်ကြီးများအသင်းက လူတွေ နတ်ဆိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့မြို့တော်ကို ရောက်နေကြပြီ။ အခု လုဖုန်းက လုကျီရဲ့ စံအိမ်မှာ နေထိုင်နေတာ" ဟု ပြောလိုက်သည်။
"ပြီးတော့၊ ကျွန်တော် ကြားထားတာက..." လန်ရှင်းမင်သည် တွေဝေသွားပြီး ဆက်မပြောဘဲ ရပ်လိုက်သည်။
***