"ဇွေ့ဖုန်းတောင်တန်း..."
"လူသားမျိုးနွယ်ရဲ့ မြင့်မြတ်သောမြို့တော်လား..."
လုရီဖျင် ရေရွတ်လိုက်သည်။
စုန်လင်းက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ လူသားမျိုးနွယ် မြင့်မြတ်သောမြို့တော်အနားက ဇွေ့ဖုန်းတောင်တန်းမှာပဲ" ဟု ပြောလိုက်သည်။ ခေတ္တမျှ ရပ်နားပြီးနောက် သူမက ဆက်ပြောခဲ့ေလသည်။ "ဟုန့်မုန်ပုလဲ ပေါ်ခဲ့တဲ့နေရာက လူသားမြို့တော်နဲ့ နီးနေတာကြောင့်... လူသားမျိုးနွယ်ရဲ့ အရှင်သခင် ဖြစ်လာတဲ့သူပဲ ဟုန့်မုန်ပုလဲကို ရှာတွေ့နိုင်မယ်ဆိုတဲ့ဆိုရိုးစကားမျိုး ရှိခဲ့ဖူးတယ်"
"လူသားမျိုးနွယ်ရဲ့ အရှင်သခင် ဟုတ်လား…" လုရိီဖျင်က မေးလိုက်သည်။ "အဲဒီ အရှင်သခင် ဖြစ်လာဖို့ ဘာလုပ်ရမှာလဲ"
နျိုဝါက "တချို့ကတော့ ဟုန့်မုန်လောကထဲက လူသားမျိုးနွယ်စုအားလုံးကို စည်းလုံးညီညွတ်အောင် လုပ်နိုင်တဲ့သူက အရှင်သခင် ဖြစ်လာမယ်လို့ ပြောကြတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် ဘယ်သူမှ လူသားမျိုးနွယ်စုအားလုံးကို စည်းလုံးအောင် မလုပ်နိုင်ခဲ့ကြဘူး" ဟု ပြောရင်း ခေါင်းခါယမ်းလိုက်ေလသည်။
စုန်လင်းက ပြုံးကာ "ကျွန်မကတော့ ဒီပြောစကားကို သိပ်မယုံဘူး။ ဟုန့်မုန်ပုလဲကို ရှာတွေ့ဖို့ဆိုတာ ကိုယ့်ရဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်" ဟု ဆိုလိုက်သည်။
နောက်တစ်နေ့တွင်…
လုရိီဖျင်သည် မင်ရီစံအိမ်မှ ထွက်ခွာပြီး ဇွေ့ဖုန်းတောင်တန်းဆီသို့ ဦးတည်ခဲ့သည်။ မကြာမီမှာပင် သူသည် မိစ္ဆာနယ်မြေမှ ထွက်ခွာကာ လူသားနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
လူသားနယ်မြေသို့ ရောက်ရှိလာသောအခါ ထိုနေရာသည် မိစ္ဆာနယ်မြေထက် ပို၍ ခြောက်ကပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
မိစ္ဆာနယ်မြေတွင် မြို့ပြများမှာ စည်ကားစိုပြေလှသော်လည်း လူသားနယ်မြေတွင်မူ မြို့ပြများမှာ ကျဲပါးလှပြီး အဆောက်အဦးများ၏ ခံ့ညားမှုနှင့် မြို့အတိုင်းအတာမှာလည်း မိစ္ဆာနယ်မြေကို မယှဉ်နိုင်ပေ။
လုရိီဖျင်သည် ဆက်တိုက်ပျံသန်းလာခဲ့ရာ နာရီဝက်ခန့်အကြာတွင် လူသားမျိုးနွယ်၏ မြင့်မြတ်သောမြို့တော်အား လှမ်းမြင်လိုက်ရသည်။ ထိုမြို့တော်နှင့် မလှမ်းမကမ်းတွင် ဇွေ့ဖုန်းတောင်တန်း တည်ရှိေပသည်။
မြို့ထဲသို့မဝင်မီ မြို့တံခါးဝသို့ ရောက်သောအခါ လူသားမြို့တော်သည် မိစ္ဆာမြို့တော်ကဲ့သို့ မကြီးမားသော်လည်း တည်ငြိမ်ခံ့ညားသည့် အသွင်ရှိသည်။ မြို့အမည်ကို လူသားမျိုးနွယ်၏ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သူ စုန်လင်းသခင် ကိုယ်တိုင် ရေးထိုးထားခြင်း ဖြစ်သည်။
စာလုံးများတွင် အဆင့်မြင့် တာအိုနိယာမများ ပါဝင်နေသော်လည်း လက်ရေးဟန်မှာ အမျိုးသမီးတစ်ဦး၏ နုနယ်သော အလှတရားကို ဖော်ပြနေခဲ့သည်။ လုရီဖျင်၏ စိတ်ထဲတွင် စုန်လင်း၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးပင် ပေါ်လာမိသည်။
ခေတ္တမျှ ရပ်ကြည့်ပြီးနောက် လုရီဖျင်သည် မြို့ထဲသို့ လှမ်းဝင်ခဲ့သည်။ ယခုအချိန်မှာ နေဝင်ရီတရော အချိန်ဖြစ်ပြီး မြို့တော်ကြီးမှာ နေဝင်ဆည်းဆာရောင်အောက်တွင် ငြိမ်သက်အေးချမ်းကာ လှပနေခဲ့သည်။
လုရိီဖျင်၏ ကိုယ်ပေါ်သို့ နေရောင်ဖျော့ဖျော့လေး ဖြာကျနေခဲ့ပြီး တစ်ကိုယ်လံုးအား ရွှေမှုန်လေးများ ဖုံးလွှမ်းနေသကဲ့သို့ တောက်ပနေခဲ့သည်။ နွေးထွေးသော နေရောင်အောက်တွင် သူ၏ ချောမောလှပသော မျက်နှာမှာ ပို၍ ဆွဲဆောင်မှုရှိနေခဲ့သည်။ ထိုသို့ဖြင့် မြို့ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
လူသားမြို့တော်သည် မိစ္ဆာမြို့တော်ကဲ့သို့ စည်းကမ်းမတင်းကျပ်သဖြင့် လမ်းမများပေါ်တွင် ရံဖန်ရံခါ ခိုက်ရန်ဖြစ်ပွားမှုများ ရှိတတ်သည်။ သို့သော်လည်း မြို့တော်အတွင်း လူသတ်မှု မပြုရ ဟူသော စုန်လင်း၏ အမိန့်ရှိထားသဖြင့် လူများမှာ အသက်ဆုံးရှုံးသည့်ထိ ပြင်ထန်းသော ရန်ပွဲမျိုးမရှိခဲ့ပေ။
စုန်လင်းသည် တာအိုဘိုးဘေး ၁၉ ဘီလီယံ အင်အားအဆင့်သို့ မရောက်သေးသော်လည်း ၁၈ ဘီလီယံ အင်အား၏ အထွတ်အထိပ်တွင် ရှိနေသူဖြစ်ရာ သူမ၏ စကားကို မလိုက်နာဝံ့သူ မရှိပေ။
လုရီဖျင် ရှေ့သို့ ဆက်လျှောက်နေစဉ် ရုတ်တရက် လူတစ်ယောက်မှာ အလန့်တကြား ပြေးလာခဲ့ပြီး နောက်ရှိ လူအုပ်ကြီးမှာလည်း ထိုလူအား လိုက်လံဖမ်းဆီးနေသည်။ ထိုသို့ ထွက်ပြေးနေသူမှာ လုရီဖျင် ဟုန့်မုန်လောကသို့ စတင်ရောက်ရှိစဉ်က တွေ့ခဲ့ဖူးသော မူးနေသည့် ကျိုးပုယီပင် ဖြစ်သည်။
ယခင် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲအပြီးတွင် လုရိီဖျင် နှင့် ကျိုးပုယီတို့ လမ်းခွဲကာ ထွက်ခွွါလာကြသည်။
ယခုအခါတွင်မူ ကျိုးပုယီသည် ထိတ်လန့်တကြား အမူအရာဖြင့် ထွက်ပြေးလာခြင်းဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးစွန်းနေပြီး ဒဏ်ရာအပြင်းအထန် ရထားပုံေပါ်သည်။ အသည်းအသန် ထွက်ပြေးနေသော ကျိုးပုယီသည် ရှေ့တွင် အပြာရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသော်လည်း ထိုသူမှာ လုရိီဖျင်ဖြစ်ကြောင်း သိလိုက်ရသောအခါ မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်သွားခဲ့ပြီး လုရိီဖျင်ထံသို့ အပြေးလာခဲ့ေလသည်။
သူသည် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ပြီး "သခင်ကြီးလု…" ဟု အော်ဟစ်လိုက်သည်။
ဝမ်ပေါင်လေလံပွဲအပြီးတွင် သူနှင့် လုရီဖျင် လမ်းခွဲခဲ့ကြသော်လည်း လုရီဖျင်သည် မိစ္ဆာမျိုးနွယ်စု စစ်သူကြီး လျိုချွမ်းအား လက်သီးဖြင့် ထိုးနှက်ခဲ့ပုံနှင့် ဝူဘိုေဘးအား တိုက်ခိုက်ခဲ့သည့် သတင်းများကို သူကြားသိထားပြီးဖြစ်သည်။
"ကယ်ပါဦး သခင်ကြီးလု... ကျွန်တော့်အသက်ကို ကယ်ပါဦး" ကျိုးပုယီသည် အဝေးမှပင် အလောတကြီး အော်ဟစ်အကူအညီတောင်းလိုက်သည်။
ကျိုးပုယီ၏ စကားပင် မဆုံးသေးမီ နောက်မှ လိုက်လံဖမ်းဆီးနေသူတစ်ဦးက ဓားဖြင့် လွှဲခုတ်ကာ ကျိုးပုယီကို တိုက်ခိုက်လိုက်ေလသည်။ ဓားအလင်းတန်းသည် ကျိုးပုယီ၏ ကျောပြင်သို့ ထိမှန်တော့မည့်အချိန်၌ လုရီဖျင်သည် ဝိညာဉ်အင်အားစုစည်းမှုဖြင့်တုန်ပြန်လိုက်ကာ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ဓားအလင်းတန်းမှာလည်း လွင့်စင်ပျောက်ကွယ်သွားခဲ့ေတာ့သည်။
ကျိုးပုယီသည် လုရိီဖျင်ရှိရာသို့ ထွက်ပြေးကာ လုရီဖျင်နောက်တွင် ပုန်းနေလိုက်သည်။
"သခင်ကြီးလု…" ကျိုးပုယီသည် လုရိီဖျင်ရှေ့သို့ ရောက်သည်နှင့် အရိုအသေပေးကာ "သခင်ကြီးလု... ကျွန်တော့်ကို ကယ်တင်ပေးပါဦး" ဟု အပူတပြင်း ပြောလိုက်သည်။
ထိုအချိန်တွင် နောက်မှလိုက်လာသူများမှာ လူပေါင်း ၃၀၊ ၄၀ ခန့်ရှိသည်။ အစောပိုင်း ဓားဖြင့် ခုတ်ခဲ့သူသည် လုရိီဖျင်ကိုကို ကြည့်ကာ အေးစက်စွာ ပြောလိုက်ေလသည်။ "မင်းကြောင့် ငါ့ရဲ့ ဓားစွမ်းအင်တွေ ပျက်သွားတာလားကွ၊ ဟေ့ကောင်... မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး၊ ရာဇဝတ်ဂိုဏ်းရဲ့ ကိစ္စထဲမှာ ဝင်မပါတာ မင်းအတွက် အကောင်းဆုံးပဲ”
ရာဇဝတ်ဂိုဏ်းဆိုသည်မှာ လူသားမျိုးနွယ်စု၏ အဓိက အင်အားကြီးအဖွဲ့အစည်း ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ၎င်းတို့မှာ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံသည့် အောက်လမ်းအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ထိုစကားကို ကြားသောအခါ လုရိီဖျင်က ပြုံးလျက် "ငါက ဝင်ပါမယ်ဆိုရင်ရော..." ဟု မေးလိုက်သည်။
တစ်ဖက်လူက ရယ်မောလိုက်ပြီး မျက်လုံးများ အေးစက်သွားကာ "ဝင်ပါမယ်ဆိုရင်လား ... အဲ့လိုဆို မင်းလည်းသေပေတော့…" ဟု ဆိုကာ လက်ထဲမှ ရှည်လျားသော ဓားဖြင့် လုရိီဖျင်ကို ထိုးစိုက်လိုက်ေလသည်။ သောင်းနှင့်ချီသော ဓားစွမ်းအင်များတွင် အဆင့်မြင့်ဓားနိယာမများ ပါဝင်နေခဲ့သည်။
ထိုသူမှာ တာအိုဘိုးဘေးအဆင့် မဟုတ်သေးသော်လည်း ကျိုးပုယီကဲ့သို့ပင် သူတော်စင်ဘုရင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူဖြစ်ပြီး အချိန်မရွေး တာအိုဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်သူဖြစ်သည်။
သို့သော် တက်ဖက်လူမှ လုရီဖျင်အား တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ လက်ထဲမှ ဓားရှည်မှာ သဲပွင့်များကဲ့သို့ ကြေမွသွားခဲ့ပြီး ထိုလူကိုယ်တိုင်ပင် သဲများ လွင့်စင်သွားသကဲ့သို့ ပျက်စီးသွားကာ အလင်းမှုန်များအဖြစ် လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
ရာဇဝတ်ဂိုဏ်းမှ လူများမှာ ထိုအခြေနေကြောင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။
"မငိးတို့ တခြား လုပ်စရာ ရှိသေးလား" လုရီဖျင်သည် ရာဇဝတ်ဂိုဏ်းမှ လူများကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
တစ်ခြားရာဇဝတ်ဂိုဏ်းမှ လူများမှာ နောက်သို့ ဆုတ်သွားကြသည်။
"သွားကြစို့…" အခြားသော သူတော်စင်ဘုရင် တစ်ဦးက အမိန့်ပေးကာ ရာဇဝတ်ဂိုဏ်းသားများကို ခေါ်ဆောင်၍ ဆုတ်ခွာရန် ပြင်လိုက်ေလသည်။
သူတို့ ဆုတ်ခွာတော့မည့် အချိန်တွင် လုရီဖျင်မှ "နေဦး…" ဟု ပြောလိုက်ရာ ရာဇဝတ်ဂိုဏ်းသားများ ရပ်တန့်သွားကြသည်။
"ပြန်သွားပြီး လူအင်အား ထပ်ခေါ်ဖို့ မစဉ်းစားနဲ့" ဟု လုရိီဖျင်က တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်သည်။ "အဲဒီလိုသာ လုပ်မယ်ဆိုရင်... ငါ ကိုယ်တိုင် မင်းတို့ရဲ့ ရာဇဝတ်ဂိုဏ်း ဌာနချုပ်ကို သွားပြီး တစ်ဂိုဏ်းလုံးကို မြေလှန်ပစ်ရလိမ့်မယ်"
လုရီဖျင်မှ တည်ငြိမ်စွာ ပြောလိုက်သော်လည်း ရာဇဝတ်ဂိုဏ်းမှ ဆရာသခင်မှာမူ ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဘာမျှထပ်မပြောရဲတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားလေသည်။
ရာဇဝတ်ဂိုဏ်းသားများ ထွက်သွားပြီးနောက် လုရီဖျင်သည် ကျိုးပုယီဘက်သို့လှည့်ကာ မေးလိုက်သည် "မင်း အဆင်ပြေရဲ့လား"
ကျိုးပုယီမှာ အနည်းငယ် ကြောက်ရွံ့ရိုသေစွာဖြင့် ဦးညွှတ်ရင်း "ကျေးဇူးတင်ပါတယ် သခင်ကြီးလု" ဟု ပြန်ပြောလိုက်သည်။
လုရီဖျင်သည် တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်ရာ ဒဏ်ရာမှာ တော်တော်လေး ပြင်းထန်နေသည်ကို တွေ့ရပေသည်။ သူသည် လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ သက်စောင့်တာအိုစွမ်းအင်များမှာ ကျိုးပုယီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ကျိုးပုယီ၏ ဒဏ်ရာများမှာ မျက်စိရှေ့တင်ပင် သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
"ဝိုင်သောက်ဖို့ နေရာတစ်ခုလောက် ရှာကြမလား" လုရီဖျင်ကလည်း ရယ်မောကာ မေးလိုက်သည်။
ကျိုးပုယီမှာ ခဏမျှ မှင်တက်သွားပြီးနောက် အလွန်ဝမ်းသာအားရ ဖြစ်သွားကာ အတူလိုက်လာခဲ့သည်။
သူတို့နှစ်ဦးသည် စီဖန်းစားသောက်ဆိုင်သို့ ရောက်လာကြပြီး ထိုင်ခုံတစ်ခုရွေးကာ ဝင်ထိုင်လိုက်ကြသည်။ ထို့နောက် အရက်နှင့် အစားအစာများကို မှာယူလိုက်ကြသည်။
အတန်ကြာ အရက်သောက်ပြီးနောက် ကျိုးပုယီက ဂရုတစိုက် မေးမြန်းခဲ့သည်။ "သခင်ကြီးက လူသားမျိုးနွယ်ရဲ့ မြင့်မြတ်သောမြို့တော်ကို ကိစ္စရှိလို့ ရောက်လာတာလား"
လုရီဖျင်မှ “အင်း…” ဟု အသံပြုကာ "နျိုဝါက ပြောတယ်၊ ရေလွှမ်းမိုးတဲ့ကာလတုန်းက ဟုန့်မုန်ပုလဲ ဇွေ့ဖုန်းတောင်တန်းမှာ တစ်ခါ ပေါ်ခဲ့ဖူးတယ်တဲ့။ အဲဒါကြောင့် ငါလည်း လာကြည့်ရင်း ကံစမ်းကြည့်မလို့" ဟု ဆိုလိုက်သည်။
ကျိုးပုယီမှာ အံ့အားသင့်သွားပြီး ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ပြောပြခဲ့သည်။ "သခင်ကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရာဇဝတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဂိုဏ်းသားအမြောက်အမြားကို ခေါ်ပြီး ဇွေ့ဖုန်းတောင်တန်းထဲကို ဝင်သွားကြတယ်။ တစ်ခုခုကို လိုက်ရှာနေတဲ့ပုံပဲ၊ ဒါပေမယ့် သူတို့ရှာနေတာ ဟုန့်မုန်ပုလဲများဖြစ်နေမလား"
"ဟုတ်လား..." လုရိီဖျင် စိတ်ဝင်စားသွားခဲ့သည် "ရာဇဝတ်ဂိုဏ်းက လူအမြောက်အမြား ဇွေ့ဖုန်းတောင်တန်းထဲကို ဝင်သွားတယ်ပေါ့"
"ဟုတ်ပါတယ်" ဟု ကျိုးပုယီက အတည်ပြုလိုက်သည်။
တစ်နာရီခန့်အကြာတွင် လုရိီဖျင်နှင့် ကျိုးပုယီတို့ လမ်းခွဲခဲ့ကြသည်။ လုရိီဖျင်သည် မြို့ထဲမှ ထွက်ခွာကာ ဇွေ့ဖုန်းတောင်တန်းသို့ ဦးတည်လိုက်သည်။ လုရိီဖျင်သည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုမှာ ဇွေ့ဖုန်းတောင်တန်းကို လွှမ်းခြုံထားပြီး သူ၏ ဝိညာဉ်အာရုံကို ပြန်လည်တွန်းကန် တားဆီးထားခဲ့သည်။
"နျိုဝါနဲ့ စုန်လင်း ပြောသလို တကယ်ပဲ ဖြစ်နေတာကိုး…" ဟု လုရီဖျင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
***