ပထမထပ် ခန်းမကြီး၏ အပြင်ဘက်၌ ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ကြည့်ကာ ပြောလိုက်၏။
"မင်းလည်း အထဲက အသံတွေကို ကြားတယ်မလား... ဂိုဏ်းချုပ်တွေမှာ စိုးရိမ်မှုတွေ အများကြီး ရှိနေကြတာ... အဲ့ဒါကို ဖြေရှင်းပေးနိုင်ဖို့ မင်းမှာ ယုံကြည်ချက် ရှိရဲ့လား"
"ဂိုဏ်းချုပ် စိတ်မပူပါနဲ့... တပည့် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်"
ထန်ယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းပြီ"
ထန်ထိုင်ကျုံးတယ်က ဘယ်လက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်ပြီး ထန်ယွင်ကို ဆွဲကာ ဂိုဏ်းချုပ်များ၏ ခေါင်းပေါ်မှ အရှိန်အဟုန်ဖြင့် ပျံသန်းသွားပြီးနောက် လေလံစင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ဂိုဏ်းချုပ်များသည် သူတို့၏ ခေါင်းပေါ်မှ လူရိပ် ၂ခု အလွန်လျင်မြန်သော အရှိန်ဖြင့် ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရ၏။ အရှိန်မှာ မြန်လွန်းလှသဖြင့် ထိုသူတို့၏ မျက်နှာကိုပင် မမြင်ရချေ။ ရောက်ရှိလာသူများ၏ ခွန်အားမှာ သူတို့ထက် များစွာ သာလွန်နေသည်မှာ ထင်ရှားလှပေသည်။
ဂိုဏ်းချုပ်အားလုံး၏ အကြည့်များက စင်မြင့်ထက်ရှိ ထန်ယွင်နှင့် ထန်ထိုင်ကျုံးတယ်တို့ထံသို့ ရောက်ရှိသွားသည်။ ထန်ယွင်မှာ ဝိညာဉ်သန္ဓေအဆင့် ၉ မှာသာ ရှိနေသည်ကို မြင်ရသော်လည်း ထန်ထိုင်ကျုံးတယ်၏ ကျင့်ကြံမှုအဆင့်ကိုမူ သူတို့ လုံးဝ မမြင်နိုင်ကြပေ။
စဉ်းစားနေစရာပင် မလိုတော့ဘဲ ထန်ယွင်ကို ခေါ်ဆောင်ကာ သူတို့ခေါင်းပေါ်မှ ပျံသန်းလာသူမှာ ထန်ထိုင်ကျုံးတယ် ဖြစ်ကြောင်း သိလိုက်ကြသည်။
ဂိုဏ်းချုပ်များက ထန်ထိုင်ကျုံးတယ်ကို စိုက်ကြည့်နေကြပြီး အချို့က တအံ့တသြ ရေရွတ်နေကြ၏။
"ဘယ်လောက်တောင် မြန်တဲ့ အရှိန်လဲ... ကျင့်ကြံမှုကလည်း ခန့်မှန်းလို့မရဘူးပဲ... ဒီလူက ဘယ်သူလဲ"
"ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား၊ ဒါမှမဟုတ် ဘယ်အကြီးအကဲလဲ"
"..."
ဂိုဏ်းချုပ်များ၏ ဇဝေဇဝါ ဖြစ်နေသော အသံများကြား၌ ထန်ထိုင်ကျုံးတယ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဂိုဏ်းချုပ်များကို ကြည့်ကာ လက်အုပ်ချီလျက် ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထန်ထိုင်ကျုံးတယ်က ခင်ဗျားတို့အားလုံးကို ကြိုဆိုပါတယ်"
ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ရောက်ရှိလာပြီဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ထိုင်ခုံများပေါ်ရှိ ဂိုဏ်းချုပ်များမှာ ချက်ချင်း ထရပ်လိုက်ကြပြီး လက်အုပ်ချီကာ ပြန်လည် နှုတ်ဆက်ကြတော့သည်။ "ဂိုဏ်းချုပ်ထန်ထိုင်က ယဉ်ကျေးလှချည်လား... ဒီနေ့ ဂိုဏ်းချုပ်ထန်ထိုင်ရဲ့ မြင့်မြတ်တဲ့ အသွင်အပြင်ကို မြင်တွေ့ရတာ ကျုပ်တို့အတွက်တော့ ကံကောင်းခြင်းပါပဲ"
ထိုစဉ် ဂိုဏ်းချုပ် အများစုမှာ ထိုသို့ ယဉ်ကျေးစွာ ပြောဆိုနေကြသော်လည်း စိတ်ထဲမှမူ လှောင်ပြောင်နေကြ၏။ သို့သော်လည်း ဘာမှ မတတ်နိုင်ပေ။ ဟောင်ဖူနတ်ဘုရားဂိုဏ်းက အင်အားကျဆင်းနေသည်ဆိုစေဦးတော့ ‘ဆင်ပိန် ကျွဲလောက် ရှိသည်’ မဟုတ်ပါလော။
ဂိုဏ်းချုပ်များသည် အကယ်၍ ဟောင်ဖူနတ်ဘုရားဂိုဏ်းက သူတို့ကို သိမ်းပိုက်ဖို့ ကြိုးစားလျှင် သို့မဟုတ် သူတို့ကို ခေါင်းငုံ့ခိုင်းပြီး လက်အောက်ခံ ဖြစ်စေရန် ကြိုးစားလျှင် လုံးဝ လက်ခံမည်မဟုတ်ဟု ဆုံးဖြတ်ထားကြသည်။
"အားလုံးပဲ ယဉ်ကျေးလှချည်လား"
ထန်ထိုင်ကျုံးတယ်က လက်အုပ်ချီလျက် ဆက်ပြောလိုက်၏။
"ခင်ဗျားတို့အားလုံးဟာ ကြယ်လရောင်ကို ဖြတ်ကျော်ပြီး ဒီအထိ ခက်ခက်ခဲခဲ လာခဲ့ကြရတာဆိုတော့ ပင်ပန်းနေကြလောက်ပြီ... ကျေးဇူးပြုပြီး ထိုင်ကြပါဦး၊ အသေးစိတ် ဆွေးနွေးကြတာပေါ့"
ထိုသို့ ပြောပြီးနောက် ထန်ထိုင်ကျုံးတယ်က ဦးစွာ ထိုင်လိုက်သည်။ ထန်ယွင်က သူ့ဘေးတွင် ရိုရိုသေသေ ရပ်နေ၏။
ဂိုဏ်းချုပ်များလည်း ထိုင်လိုက်ကြပြီးနောက် ထန်ယွင်က ခန်းမ၏ ရှေ့ဆုံး ၃ တန်းတွင် ထိုင်နေသော ဂိုဏ်းချုပ် ၁၂၈ဦးကို ကြည့်လိုက်သည်။ သူတို့က ရှေ့ဆုံးတွင် ထိုင်နိုင်သည်ဆိုမှတော့ ပထမတန်းစား ကျင့်ကြံခြင်း ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ ဖြစ်ကြသည်မှာ သေချာလှပေသည်။
ထိုဂိုဏ်းချုပ်များ၏ ကျင့်ကြံမှုအဆင့်အား ထန်ယွင် မမြင်နိုင်သော်လည်း သူတို့၏ ခွန်အားမှာ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၉ အထက်တွင် ရှိနေလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
ထန်ယွင် ထင်သည့်အတိုင်းပင် ပထမဆုံး ၃တန်းမှ လူများမှာ ပထမတန်းစား ကျင့်ကြံသူများ ဖြစ်ကြပြီး ဂိုဏ်းတစ်ခုချင်းစီ၏ တပည့်ဦးရေမှာ သောင်းနှင့်ချီ၍လည်းကောင်း၊ သိန်းနှင့်ချီ၍လည်းကောင်း ရှိကြသည်။
စတုတ္ထတန်းမှ ၁၅တန်းအထိ ထိုင်နေကြသော လူ ၅၁၁ ဦးမှာမူ ဒုတိယတန်းစား ဂိုဏ်းချုပ်များ ဖြစ်ကြသည်။ ဂိုဏ်းတစ်ခုစီတွင် တပည့်ဦးရေ ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရှိကြ၏။
၁၅ တန်း နောက်မှ လူ ၆၂၄ ဦးမှာမူ တတိယတန်းစား ကျင့်ကြံခြင်း ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။ ဤတတိယတန်းစား ဂိုဏ်းများတွင် တပည့်ပေါင်း သောင်းနှင့်ချီ၍ ရှိသလို အချို့မှာမူ ရာဂဏန်း သို့မဟုတ် ၁၈၀ ခန့်သာ ရှိသော ဂိုဏ်းငယ်လေးများလည်း ပါဝင်ကြ၏။
သို့သော်လည်း ဤတတိယတန်းစားမှသည် ပထမတန်းစားအထိ ရှိသော ဂိုဏ်းပေါင်း ၁,၂၆၃ ဂိုဏ်း၏ စုစုပေါင်း တပည့်ဦးရေမှာ သန်းပေါင်း ငါးဆယ်ကျော် ရှိနေသည် မဟုတ်ပါလော။
သာမန်တပည့်များ၏ ခွန်အားမှာ မပြောပလောက်သော်လည်း ပါရမီရှင်များမှာမူ ရှားပါးလှသည် မဟုတ်ပါလား။
ထန်ယွင်က တိတ်တဆိတ် လေ့လာလိုက်ရာ အနောက်တန်းရှိ ဂိုဏ်းချုပ် အနည်းငယ်သာ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၇ သို့မဟုတ် ၈ မှာ ရှိနေကြပြီး အခြားသူများ၏ ကျင့်ကြံမှုကိုမူ သူ လုံးဝ မမြင်နိုင်ပေ။
ထိုအချိန်တွင် ရှေ့ဆုံးတန်းမှ နတ်ဘုရားဆန်သော အသွင်အပြင်ရှိသည့် အဘိုးအိုတစ်ဦး ထရပ်လိုက်ပြီး ထန်ထိုင်ကျုံးတယ်ကို လက်အုပ်ချီကာ ပြောလိုက်၏။
"ယွီဟွာဆေးဝါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ရွှေချုန်းက မေးပါရစေ... ဂိုဏ်းချုပ်ထန်ထိုင်အနေနဲ့ ကျုပ်တို့ကို အချိန်ပေးပြီး တွေ့ဆုံရတဲ့ အကြောင်းရင်းက ဘာများပါလဲ"
ရွှေချုန်း၏ စကားပြောဟန်မှာ အထူးအဆန်း မဟုတ်သော်လည်း တည်ငြိမ်သော လေသံထဲတွင်မူ သတိထားမှု အရိပ်အယောင်များ ပါဝင်နေ၏။
ရှေးဟောင်းဂိုဏ်းကြီး၏ ဂိုဏ်းချုပ် ဖြစ်သော်လည်း ထန်ထိုင်ကျုံးတယ်က ထိုင်ရာမှ မထဘဲ အသာအယာ ပြုံးလျက် ပြန်ပြောလိုက်၏။
"ဂိုဏ်းချုပ်ရွှေ... ဒီဂိုဏ်းချုပ်က ခင်ဗျားတို့ကို ဒီလောက် ဝေးဝေးလံလံကနေ ဖိတ်ခေါ်ရတာကတော့ အားလုံးအတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုအတွက်ပါ"
"အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှု ဟုတ်လား"
ရွှေချုန်း ဇဝေဇဝါ ဖြစ်သွားရသည်။
"ပွင့်ပွင့်လင်းလင်း ပြောရတာကို ခွင့်လွှတ်ပါ ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ထန်ထိုင်အနေနဲ့ ကျုပ်တို့လို ဂိုဏ်းငယ်လေးတွေကို သိမ်းပိုက်ဖို့ အစီအစဉ် ရှိနေလို့ ကျုပ်တို့ကို ဖိတ်တာလားဆိုတာ သိပါရစေ"
ရွှေချုန်း၏ စကားဆုံးသည်နှင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားပြီး ဂိုဏ်းချုပ်အားလုံးက ထန်ထိုင်ကျုံးတယ်၏ အဖြေကို စောင့်ဆိုင်းရင်း စိုက်ကြည့်နေကြတော့သည်။
"ခင်ဗျားတို့ အဲ့ဒီလို စိုးရိမ်နေစရာ မလိုပါဘူး... တကယ်လို့ ဒီဂိုဏ်းချုပ်က ခင်ဗျားတို့ကို သိမ်းပိုက်ချင်တာဆိုရင် အစောကြီးကတည်းက လုပ်ဆောင်ပြီးသား ဖြစ်မှာပေါ့... အခုလို ခင်ဗျားတို့ကို ဖိတ်ပြီး စကားပြောနေပါဦးမလား"
ထန်ထိုင်ကျုံးတယ်က အေးအေးဆေးဆေး ပြောလိုက်၏။
ထိုစကားကို ကြားမှ ဂိုဏ်းချုပ်များ သက်ပြင်းချနိုင်သွားကြသည်။
"ကျုပ်တို့ကပဲ သူတော်ကောင်းကို လူယုတ်မာစိတ်နဲ့ တိုင်းတာမိသလို ဖြစ်သွားပုံရပါတယ်"
ရွှေချုန်းက လက်အုပ်ချီ ဦးညွှတ်လျက် မေးလိုက်ပြန်သည်။
"ဂိုဏ်းချုပ်ထန်ထိုင်... အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုဆိုတာက ဘာကို ဆိုလိုတာပါလဲ"
"ဂိုဏ်းချုပ်ရွှေ... အရင် ထိုင်ပါဦး... အသေးစိတ် ကိစ္စတွေကိုတော့ ငါ့ဂိုဏ်းရဲ့ သံတမန်ကပဲ ခင်ဗျားတို့နဲ့ ဆွေးနွေးပါလိမ့်မယ်"
ထန်ထိုင်ကျုံးတယ်က ပြောပြီးနောက် သူ့ဘေးရှိ ထန်ယွင်ကို ကြည့်ကာ အမိန့်ပေးလိုက်၏။
"စလိုက်တော့"
"တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"
ထန်ယွင်က အမိန့်ကို ခံယူပြီးနောက် စင်မြင့်အစွန်းသို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ဂိုဏ်းချုပ်များက ထန်ယွင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြ၏။ ဝိညာဉ်သန္ဓေအဆင့်မှာသာ ရှိသေးသော ကလေးတစ်ယောက်ကို သူတို့နှင့် ဆွေးနွေးခိုင်းခြင်းမှာ သူတို့ကို အထင်သေးရာ ရောက်သည် မဟုတ်ပါလော။
ထန်ထိုင်ကျုံးတယ်က လူတိုင်း၏ အမူအရာကို ကြည့်ကာ စိတ်ချစေရန် ပြောလိုက်၏။
"ဧည့်သည်တော်တို့... အခုကစပြီး ထန်ယွင် ပြောသမျှ စကားတိုင်းဟာ ဒီဂိုဏ်းချုပ်ရဲ့ ဆိုလိုရင်းပဲ ဖြစ်တယ်... သူ ကိုယ်စားပြုတာကတော့ ငါ ထန်ထိုင်ကျုံးတယ်နဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းပဲ"
ထိုစကားကို ကြားရသည့်အခါ ဂိုဏ်းချုပ်များက ထန်ယွင် မည်သူမည်ဝါဖြစ်ကြောင်းကို ဦးစွာ စပ်စုချင်သွားကြသည်။ သူတို့အမြင်တွင် ထန်ထိုင်ကျုံးတယ်၏ မျိုးရိုးအမည်မှာ 'ထန်ထိုင်' ဖြစ်သဖြင့် ထန်ယွင်က သူ့သား မဖြစ်နိုင်သည်မှာ သိသာလှပေသည်။ ထိုသို့ဆိုလျှင် ထန်ယွင်၏ နောက်ကြောင်းက ဘာလဲ။ သူက ဘယ်လိုလုပ်ပြီး ထန်ထိုင်ကျုံးတယ်ကို ကိုယ်စားပြုနိုင်ရတာလဲ။
ဂိုဏ်းချုပ်အားလုံး သံသယဖြစ်နေကြစဉ် ထန်ယွင်က လက်ကို ရင်ဘတ်တွင် အလေးအနက် ထားလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်တော့သည်။
"အားလုံးပဲ... ကျုပ်တို့ရဲ့ ဘိုးဘေးဟာ ကြင်နာတတ်တဲ့ စိတ်ရှိခဲ့ပါတယ်... ဟောင်ဖူနတ်ဘုရားဂိုဏ်းကို စတင် တည်ထောင်ခဲ့ကတည်းက သူဟာ သူရဲကောင်းအားလုံးကို အောင်နိုင်ခဲ့ပြီး ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေကို ငြိမ်းချမ်းအောင် လုပ်ဆောင်ခဲ့လို့ ကျုပ်တို့ဂိုဏ်းဟာ ဒီတောင်တန်းတွေမှာ ရှိတဲ့ ဂိုဏ်းပေါင်းစုံရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ"
"သေချာတာကတော့ လောကကြီးမှာ အရာအားလုံးဟာ အတက်အကျ ဆိုတာ ရှိမြဲပါပဲ... နောက်ဆုံးမှာတော့ ကျုပ်တို့ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းဟာလည်း ကြီးပွားခြင်းနဲ့ ဆုတ်ယုတ်ခြင်းဆိုတဲ့ ကံကြမ္မာ စက်ဝိုင်းကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး"
"ဒါပေမဲ့ အခု ကျုပ်တို့ ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ဟာ သာမန်လူသားတွေအပေါ်မှာ ကြင်နာစိတ်ရှိပြီး ကောင်းကင်အောက်မှာ ငြိမ်းချမ်းစေချင်ပါတယ်... ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေမှာရှိတဲ့ ဂိုဏ်းတွေဟာ တခြားနေရာတွေကနေ ကျူးကျော်လာတာကို ကာကွယ်နိုင်ဖို့အတွက်ပါပဲ... ဒါကြောင့် ကျုပ်တို့ ဂိုဏ်းချုပ်ဟာ ဘာအကျိုးအမြတ်မှ ပြန်မယူဘဲ အဖွဲ့အစည်း အသီးသီးကို အကျိုးပြုချင်ပြီး ဂိုဏ်းတစ်ခုချင်းစီရဲ့ အင်အားကို အလျင်အမြန် မြင့်တက်လာအောင် ကူညီပေးချင်ပါတယ်"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ထန်ထိုင်ကျုံးတယ်မှာ ထန်ယွင်ကို ချီးကျူးမဆုံး ဖြစ်သွားရပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
'ထန်ယွင်... ဒီကောင်လေးကတော့ တကယ်ကို ပါးနပ်လှချည်လား'
အခြားတစ်ဖက်တွင်မူ ဂိုဏ်းချုပ်အားလုံးမှာ ဆွံ့အသွားကြရပြီး စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေတော့သည်။
စိုးရိမ်ရသည့် အချက်မှာ ဟောင်ဖူနတ်ဘုရားဂိုဏ်းက တစ်စုံတစ်ရာသော သတင်းကို ရရှိထားလို့လား။ ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေရဲ့ အပြင်ဘက်က အင်အားစုတွေက ဒီတောင်တန်းတွေကို လာပြီး တိုက်ခိုက်တော့မှာလား။
စိတ်လှုပ်ရှားရသည့် အချက်မှာမူ ဟောင်ဖူနတ်ဘုရားဂိုဏ်းက ဘာအကျိုးအမြတ်မှ ပြန်မယူဘဲ သူတို့ဂိုဏ်းတွေရဲ့ အင်အားကို မြှင့်တင်ဖို့ ကူညီပေးမယ်ဟူ၍ပင်။
ထိုအချိန်တွင် ရွှေချုန်း ထရပ်လိုက်ပြီး လက်အုပ်ချီကာ မေးလိုက်သည်။
"သံတမန်ထန်... မင်းတို့ဂိုဏ်းက တစ်ယောက်ယောက်က ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေကို လာတိုက်တော့မယ်ဆိုတဲ့ သတင်းကို ရထားလို့လား"
ထန်ယွင်၏ အမူအရာမှာ အလွန်ပင် လေးနက်သွား၏။
"ဂိုဏ်းချုပ်ရွှေ... ဒီကိစ္စကိုတော့ ကျုပ်တို့ဂိုဏ်းက စုံစမ်းနေတုန်းပါပဲ... ဒါပေမဲ့ ကျုပ်တို့ ပြောသလိုသာ လုပ်မယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲ"
"အဆိုးဆုံး အခြေအနေကိုပဲ စဉ်းစားကြည့်ဦးတော့... ကျုပ်တို့ဂိုဏ်းရဲ့ အကူအညီနဲ့ ခင်ဗျားတို့ ဂိုဏ်းတွေရဲ့ အင်အားတွေ မြင့်တက်လာမယ်ဆိုရင် တကယ်လို့ ပြင်ပရန်သူတွေ ကျူးကျော်လာခဲ့ရင်တောင် ခင်ဗျားတို့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းအား ရှိသွားမှာ မဟုတ်ဘူးလား"
ထိုစကားကို ကြားရသည့်အခါ ရွှေချုန်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
"သံတမန်ထန် ပြောတာ မှန်ပါတယ်... ဒါပေမဲ့ သံတမန်ထန် ပြောသလို ကျုပ်တို့ဆီက ဘာမှ ပြန်မယူဘဲနဲ့ ကျုပ်တို့ကို ကူညီမယ်ဆိုတာကိုတော့ ကျုပ် နားမလည်ဘူး"
"ကျုပ် စဉ်းစားမရတာက ခင်ဗျားတို့ဂိုဏ်းက ဘယ်လိုများ ကူညီမှာလဲ... ပြီးတော့ ဘာကြောင့် ကူညီချင်ရတာလဲ"
ရွှေချုန်းမှာ မြေခွေးအိုကြီး တစ်ဦးကဲ့သို့ ပါးနပ်သူဖြစ်ရာ အခြားသော ဂိုဏ်းချုပ်များမှာလည်း လူအ များ မဟုတ်ကြပေ။ သူတို့သည် ကောင်းကင်မှ ပေါက်စီများ ကျလာလိမ့်မည်ဟု လုံးဝ မယုံကြည်ကြခြင်းပင်။
အခန်း ၄၁၁ ပြီး