ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး -
“ဂိုဏ်းချုပ်ရွှေ... ကျုပ် ဒီမေးခွန်း ၂ ခုကို မဖြေခင် ခင်ဗျားနဲ့ တခြား ဂိုဏ်းချုပ်တွေက ကျုပ်ရဲ့ မေးခွန်းတစ်ခုကို အရင် ဖြေပေးနိုင်မလား”
“ပြောပါ... သံတမန်ထန်မှာ ပြောစရာရှိရင် ပြောနိုင်ပါတယ်”
ရွှေချုန်းက ဆိုလိုက်၏။
ထန်ယွင်က အေးအေးဆေးဆေးပင် ဆက်ပြောသည်။
“ဒါဆိုရင် ကျုပ် မေးပါရစေ... ခင်ဗျားတို့ရဲ့ ဂိုဏ်းတွေဟာ ဘာကြောင့် အခုထိ ပထမတန်းစား၊ ဒုတိယတန်းစား ဒါမှမဟုတ် တတိယတန်းစား အဆင့်မှာပဲ ရှိနေသေးလဲဆိုတာကို ခင်ဗျားတို့ တစ်ခါလောက် တွေးဖူးကြရဲ့လား”
“ကျုပ်ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းက နှစ်ပေါင်း သောင်းနဲ့ချီပြီး ဆုတ်ယုတ်နေခဲ့တာတောင်မှ ဘာကြောင့် အခုထိ ရှေးဟောင်းဂိုဏ်းကြီး တစ်ခုအဖြစ် ရပ်တည်နေနိုင်သေးတာလဲ”
ထန်ယွင်၏ စကားများသည် ငွေအပ်များအလား ဂိုဏ်းချုပ်များ၏ နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်လိုက်၏။
ထန်ထိုင်ကျုံးတယ်မှာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီး ထန်ယွင်၏ စကားများက အနည်းငယ် လွန်သွားသည်ဟု ယူဆနေသည်။ ဤစကားများမှာ တစ်ဖက်လူကို လှောင်ပြောင်ပြီး မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။
သေချာသည်မှာ ထိုင်ခုံများပေါ်ရှိ ဂိုဏ်းချုပ်များ၏ မျက်နှာမှာ ပျက်ယွင်းသွားကြပြီ ဖြစ်၏။
ရွှေချုန်းက မျက်လုံးများကို မှေးလိုက်ပြီး ထန်ယွင်ကို စိုက်ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
“သံတမန်ထန်... ကျုပ်တို့ ဂိုဏ်းတွေကို ဒီလောက်အထိ နှိမ်ပြောတာက မသင့်တော်ဘူးလို့ မထင်ဘူးလား”
ထန်ထိုင်ကျုံးတယ်မှာ ထန်ယွင်အတွက် ကြားဝင်ပြောပေးချင်သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ဘာမှမပြောဘဲ နေလိုက်တော့သည်။
သံသယရှိသူကို အသုံးမပြုပါနှင့်၊ အသုံးပြုပါက သံသယမရှိပါနှင့်။ ဤသည်မှာ ထန်ထိုင်ကျုံးတယ်၏ ဂိုဏ်းအုပ်ချုပ်မှု မူဝါဒပင် ဖြစ်သည်။ ထန်ယွင်ကို သူ ယုံကြည်ထားပြီးသား ဖြစ်သဖြင့် ထန်ယွင် ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ ယူဆထား၏။
ထန်ယွင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကျုပ် သိပါတယ်... ကျုပ် ခင်ဗျားတို့ရဲ့ အနာပေါ် ဆားပက်လိုက်မိပြီဆိုတာကိုပေါ့”
“ဘာလို့လဲဆိုတော့ ခင်ဗျားတို့ဆီမှာ အစွမ်းထက်တဲ့ ကျင့်စဉ်တွေ မရှိဘူး... ဆေးပညာ၊ လက်နက်၊ လက်နက်အစီအရင်နဲ့ အစီအရင် ပညာရပ်တွေမှာလည်း မြင့်မားတဲ့ ကျွမ်းကျင်မှုတွေ မရှိကြဘူး”
“ခင်ဗျားတို့ဆီမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အလုံအလောက် မရှိဘူး... ခင်ဗျားတို့ရဲ့ တပည့်တွေမှာ ပါရမီနဲ့ အရည်အချင်း ရှိရင်တောင်မှ သူတို့ရဲ့ ခွန်အားကို မြှင့်တင်ပြီး ဂိုဏ်းရဲ့ အင်အားကို မတိုးတက်အောင် မလုပ်နိုင်ကြဘူး”
“ကျုပ်ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းကတော့ ဆိတ်ငြိမ်နေခဲ့ပေမဲ့ ကျုပ်တို့မှာ အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ရှိသလို နက်နဲတဲ့ ဆေးပညာ၊ လက်နက်၊ လက်နက်အစီအရင်နဲ့ အစီအရင် စွမ်းအားတွေ ရှိနေသေးတယ်”
“ဒါကြောင့် ကျုပ်တို့ဂိုဏ်းဟာ အခုထိ ရှေးဟောင်းဂိုဏ်းကြီးအဖြစ် ရှိနေတာပဲ... ခင်ဗျားတို့ ဘယ်လောက်ပဲ ရုန်းကန်ပါစေ ကျုပ်ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ အင်အားကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူး”
“ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ခင်ဗျားတို့ ဂိုဏ်းအများစုဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားပြီး နောက်ဆုံးမှာတော့ သမိုင်းရဲ့ မြစ်ရေပြင်ထဲမှာ ပျောက်ကွယ်သွားကြမှာပဲ”
ထိုစကားများကို ကြားရသည့်အခါ ဂိုဏ်းချုပ်အားလုံးနီးပါးမှာ ဒေါသမီးများ တောက်လောင်လာကြတော့သည်။ ဤသံတမန်သည် သူတို့ကို နှိမ်ပြောနေရုံ သာမက ပြောင်ပြောင်တင်းတင်း စော်ကားနေခြင်း မဟုတ်ပါလော။
ထန်ထိုင်ကျုံးတယ်၏ ရင်ထဲတွင် တုန်လှုပ်သွားရသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
'ဒီကောင်လေးကတော့ လှည့်ကွက်တွေ သုံးတာ တကယ်ကို တော်တာပဲ'
ဂိုဏ်းချုပ်များ၏ ဒေါသများ ပေါက်ကွဲတော့မည့် အခိုက်အတန့်မှာပင် ထန်ယွင်က ထပ်မံ ပြောဆိုလိုက်ပြန်သည်။
နောက်ထပ် စကားတစ်ခွန်းက ဂိုဏ်းချုပ်များ၏ ရင်ထဲမှ ဒေါသများကို ချက်ချင်း ငြှိမ်းသတ်ပေးလိုက်ပြီး မျှော်လင့်ချက်၊ တမ်းတမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးသွားစေတော့၏။
“ကျုပ်ကို အထင်မလွဲပါနဲ့... ကျုပ်က ခင်ဗျားတို့ရဲ့ ဒဏ်ရာကို ဆားနဲ့ ပက်နေတာ မဟုတ်ပါဘူး... ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးပြီး ခင်ဗျားတို့ ဂိုဏ်းတွေကို ပိုပြီး သန်မာလာအောင် လုပ်ပေးဖို့ပါ”
“ခင်ဗျားတို့ ဆေးလုံးတွေ လိုအပ်နေတာလား... ကောင်းပြီ... ကျုပ်ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းက ထောက်ပံ့ပေးမယ်”
“ခင်ဗျားတို့ဆီမှာ ရတနာတွေ၊ အစီအရင်တွေနဲ့ လက်နက်အစီအရင်တွေ လိုနေတာလား... ပြဿနာ မရှိပါဘူး... ကျုပ်တို့ အကုန်ပေးမယ်”
“ခင်ဗျားတို့ဆီမှာ ကမ္ဘာဦး ရတနာတွေလည်း လိုနေသေးတယ် မဟုတ်လား... ကျုပ်တို့ဆီမှာ နတ်ဘုရားကျဆုံးခြင်း ချောက်နက်ရှိတယ်... အဲ့ဒီ ရတနာသိုက်ကြီးထဲမှာ ရှားပါးတဲ့ ရတနာတွေ အစုံရှိတယ်... ခင်ဗျားတို့ လိုအပ်သမျှ အကုန်ပေးနိုင်တယ်”
ထိုစကားများကို ကြားရသည့်အခါ ဂိုဏ်းချုပ်အားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြတော့သည်။
အကယ်၍ ထိုအရာအားလုံးသာ အမှန်ဖြစ်ခဲ့လျှင် သူတို့ဂိုဏ်းသားများ၏ ခွန်အားမှာ အဆမတန် မြင့်တက်လာမှာ သေချာပေသည်။
အချိန်ကြာလာသည် နှင့်အမျှ သူတို့တပည့်များ၏ ခွန်အားမှာ ၂ ဆမက မြင့်တက်လာမည်ဖြစ်ပြီး တတိယတန်းစား ဂိုဏ်းများသည်လည်း ဒုတိယတန်းစားမှ ပထမတန်းစားအထိ တက်လှမ်းလာနိုင်ဖို့ဆိုခြင်းမှာ အချိန်တစ်ခုသာ လိုပေမည်။
ဒုတိယတန်းစားနှင့် ပထမတန်းစား ဂိုဏ်းများမှာလည်း တစ်နေ့၌ ရှေးဟောင်းဂိုဏ်းကြီးများနှင့် ရင်ဘောင်တန်းနိုင်မည့် အခြေအနေကို ရောက်ရှိသွားဖို့ရာ မဖြစ်နိုင်သည့်အရာ မဟုတ်တော့ပေ။
“သံတမန်ထန်”
ရွှေချုန်း၏ တွန့်ရှုံ့နေသော မျက်နှာပေါ်တွင် ပြုံးပန်းများ ဝေဆာသွားကာ မေးလိုက်၏။
“ကျင့်စဉ်တွေကိုရော ထောက်ပံ့ပေးနိုင်မလား”
“ဟားဟားဟား”
ထန်ယွင်က အရွှန်းဖောက်လိုက်သည်။
“ဂိုဏ်းချုပ်ရွှေ... ခင်ဗျား အများကြီး မျှော်လင့်နေပြီပဲ... အခုချက်ချင်းတော့ ကျင့်စဉ်တွေကို မပေးနိုင်သေးဘူး... ဒါပေမဲ့ နောက်ပိုင်းမှာ ကျုပ်တို့ဂိုဏ်းနဲ့ ခင်ဗျားတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ကောင်းလာမယ်ဆိုရင်တော့ အဲ့ဒါတွေက ဆွေးနွေးလို့ ရတာပေါ့”
“ဟုတ်တာပေါ့... ကျုပ်ကပဲ နည်းနည်း လောသွားပုံရပါတယ်”
ရွှေချုန်းက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်ရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“အော်... ဟုတ်သားပဲ... သံတမန်ထန်... ခင်ဗျားတို့ ဂိုဏ်းက ဘာကြောင့် ကျုပ်တို့ ဂိုဏ်းတွေကို ဒီလောက်အထိ ကူညီချင်ရတာလဲ”
ထန်ယွင်က အလေးအနက်ထားသော မျက်နှာဖြင့် -
“အားလုံးပဲ စိတ်မပူကြပါနဲ့... ပထမဆုံးအနေနဲ့ ကျုပ်တို့ဂိုဏ်းက ခင်ဗျားတို့ကို သိမ်းပိုက်မှာ မဟုတ်ပါဘူး... အဲ့ဒီလို ရည်ရွယ်ချက်လည်း လုံးဝ မရှိပါဘူး”
“ကျုပ် အစောက ပြောခဲ့သလိုပဲ ကျုပ်တို့ ဂိုဏ်းချုပ်ဟာ ဖြောင့်မတ်တဲ့ စိတ်ရှိသလို ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေမှာ ရှိတဲ့ သာမန်လူသားတွေရဲ့ အကျိုးကိုလည်း ရှေးရှုပါတယ်... ပြင်ပရန်သူတွေ ကျူးကျော်လာတဲ့အခါ ခင်ဗျားတို့ ဂိုဏ်းတွေ အသိမ်းပိုက်ခံရပြီး ပျက်စီးသွားမှာကို ကာကွယ်ဖို့အတွက် ကျုပ်တို့ ဂိုဏ်းချုပ်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ”
“သေချာတာကတော့ အဆုံးသတ်မှာ ကျုပ်တို့ ဂိုဏ်းချုပ်ဟာ ခင်ဗျားတို့နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ချင်တာပါ... မဟုတ်ရင်တော့ ကျုပ်တို့ဂိုဏ်းရဲ့ ပစ္စည်းတွေကို ခင်ဗျားတို့ဆီ အလကားနီးပါး ပေးနေမှာ မဟုတ်ဘူးလေ”
ထိုစကားကို ကြားရသည့်အခါ ဂိုဏ်းချုပ်အားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး ထန်ထိုင်ကျုံးတယ်ကို အလေးအနက် ဦးညွှတ်လိုက်ကြတော့သည်။
“ဂိုဏ်းချုပ်ထန်ထိုင်ရဲ့ အခုလို လုပ်ရပ်ဟာ ကျုပ်တို့အတွက်တော့ ဆီးနှင်းထဲမှာ မီးသွေး လာပေးသလိုပါပဲ... ကျုပ်တို့ အလွန်ပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ”
“ခင်ဗျားတို့ ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး”
ထန်ထိုင်ကျုံးတယ်က ဂိုဏ်းချုပ်များကို ပြန်ထိုင်ရန် အချက်ပြပြီး ပြောလိုက်၏။
“ထန်ယွင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီပဲ... နောက်ထပ်တော့ ခင်ဗျားတို့ ဂိုဏ်းတွေ ကြီးပွားလာအောင် ဘယ်လို ကူညီမလဲဆိုတာကို သူ ဆက်ပြောပါလိမ့်မယ်”
ထိုစဉ် ဂိုဏ်းချုပ်အားလုံးက ထန်ယွင်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြတော့သည်။
ထန်ယွင်က လက်အုပ်ချီလျက် -
“ကျုပ် ခုနက အဆိုပြုခဲ့တဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့ဂိုဏ်းက ရရှိမှာကတော့ ခင်ဗျားတို့နဲ့ မိတ်ဆွေကောင်း ဖြစ်ခွင့်ရတာပါပဲ... ခင်ဗျားတို့ ရရှိမှာကတော့ အကြီးမားဆုံးသော အကျိုးကျေးဇူးတွေပေါ့... အဲ့ဒါကို အားလုံး သဘောတူကြရဲ့လား”
“သဘောတူပါတယ်... သံတမန်ထန် ပြောတာ မှန်ပါတယ်”
ဂိုဏ်းချုပ်အားလုံး ရယ်မောလိုက်ကြ၏။
“အားလုံး သဘောတူမှတော့... ခင်ဗျားတို့ ဂိုဏ်းတွေကို ဘယ်လို ကူညီမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးကြတာပေါ့”
ထန်ယွင်က ပြောပြီးနောက် ထပ်မံ ဖြည့်စွက်လိုက်သည်။
“ကျုပ်မှာ အဆိုပြုချက် တစ်ခု ရှိပါတယ်... တကယ်လို့ ခင်ဗျားတို့မှာ မေးခွန်းတွေ ဒါမှမဟုတ် သံသယတွေ ရှိရင်တော့ လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်... ကျုပ် အကုန် ဖြေပေးပါ့မယ်”
“သံတမန်ထန်... ပြောပါဦး”
ဂိုဏ်းချုပ်အားလုံးက တစ်ပြိုင်နက် ပြောလိုက်ကြ၏။
“အင်း”
ထန်ယွင်က ခေါင်းညိတ်လိုက်ပြီး -
“ပထမအချက်အနေနဲ့ ခင်ဗျားတို့က ပထမတန်းစား၊ ဒုတိယတန်းစားလို့ ကွဲပြားနေပေမဲ့ ကျုပ်တို့ ဂိုဏ်းကတော့ အားလုံးကို တန်းတူ ဆက်ဆံမှာပါ... နှစ်စဉ် ဂိုဏ်းတစ်ခုချင်းစီကို အဆင့်လတ် ဝိညာဉ်လက်နက် ၂,၀၀၀ ၊ အဆင့်မြင့် ဝိညာဉ်လက်နက် ၁,၀၀၀ နဲ့ ထိပ်တန်း ဝိညာဉ်လက်နက် ၅၀၀ စီ ထောက်ပံ့ပေးသွားမှာပါ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းချုပ်အားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြတော့သည်။
သို့သော်လည်း စိတ်လှုပ်ရှားစရာများမှာ ဤမျှ မကသေးပေ။
ထန်ယွင်က ဆက်ပြောလိုက်၏။
“ရတနာတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်... ဒါပေမဲ့ ဂိုဏ်းပေါင်း ထောင်နဲ့ချီကို ထောက်ပံ့ပေးရမှာဆိုတော့... ခင်ဗျားတို့ အနေနဲ့ ဒါတွေအတွက် ကုန်ကျစရိတ်ကိုတော့ ပေးရမှာပေါ့”
ဂိုဏ်းချုပ်အားလုံးမှာ ရတနာများပင် ထောက်ပံ့ပေးမည်ဆိုသည်ကို ကြားလိုက်ရသောအခါ ချက်ချင်းပင် သဘောတူလိုက်ကြတော့သည်။ ကုန်ကျစရိတ် ပေးရမည်မှာ ပြဿနာ မဟုတ်ပေ။ ၎င်းမှာ ပေးသင့်ပေးထိုက်သည့် အရာပင်။
ထန်ယွင်က ပြုံး၍ ပြောလိုက်၏။
“လက်နက်တွေအပြင် ကျုပ်တို့ဂိုဏ်းက ဝိညာဉ်သန္ဓေအဆင့်နဲ့ ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သင့်တော်တဲ့ ဆေးလုံးတွေ အများကြီးနဲ့ အစီအရင်တွေ၊ ကမ္ဘာဦး ရတနာတွေကိုလည်း ထောက်ပံ့ပေးသွားမှာပါ”
“ဒါပေမဲ့ ဒါတွေကို ထောက်ပံ့ပေးဖို့အတွက် ကျုပ်တို့ဂိုဏ်းက ဆေးပညာ၊ လက်နက်၊ လက်နက်အစီအရင်နဲ့ အစီအရင် တပည့်တွေဟာ ကျင့်ကြံခြင်း အချိန်တွေ အများကြီး ပေးဆပ်ရမှာပါ”
“ဒါကြောင့် ဒီလို ထောက်ပံ့ပေးတဲ့အတွက် ပုံမှန်ဈေးထက် ဘယ်လောက်အထိ ပိုပေးနိုင်မလဲဆိုတာကိုတော့ ကျုပ် မဆုံးဖြတ်ပါဘူး... ခင်ဗျားတို့ရဲ့ သဘောထားကိုပဲ သိချင်ပါတယ်”
“ဂိုဏ်းချုပ်တို့... ဘာမှ အားနာနေစရာ မလိုဘဲ ပြောနိုင်ပါတယ်”
ထိုစကားကို ကြားရသည့်အခါ ဂိုဏ်းချုပ်များမှာ ငွေကြေးချမ်းသာကြသူများ ဖြစ်ကြသော်လည်း ပိုက်ဆံ ပိုမပေးချင်ကြသည်မှာ ဓမ္မတာပင် မဟုတ်ပါလော။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့တွင် ဝိညာဉ်ကျောက်စိမ်းတွင်းများနှင့် ချမ်းသာကြွယ်ဝမှုများ ရှိနေကြသော်လည်း ထိပ်တန်း ရတနာများ၊ ဆေးလုံးများနှင့် အစီအရင်များကို ဖော်စပ်နိုင်စွမ်း မရှိကြသဖြင့် သူတို့၏ ပိုက်ဆံများကို သုံးစရာ နေရာ မရှိဘဲ ဖြစ်နေခြင်းပင်။
အခန်း ၄၁၂ ပြီး