ထန်ထိုင်ကျုံးတယ်က ဂိုဏ်းချုပ်များကို ဈေးနှုန်းသတ်မှတ်ခိုင်းသည့် ထန်ယွင်၏ လုပ်ရပ်ကို အလွန်ပင် သဘောကျနေတော့သည်။
အဆုံးသတ်တွင် ဂိုဏ်းချုပ်ပေါင်း ထောင်ချီက တစ်နာရီကြာ အပြန်အလှန် ဆွေးနွေးကြပြီးနောက် ထန်ယွင်ထံသို့ ဈေးနှုန်းတစ်ခု တင်ပြလာကြရာ ထိုဈေးနှုန်းက ထန်ယွင်နှင့် ထန်ထိုင်ကျုံးတယ်တို့ကိုပင် ဆွံ့အသွားစေခဲ့သည်။
၅ ဆ ။
မှန်ပါသည်။ အသစ်တက်လာသော ဤဂိုဏ်းချုပ်များသည် အစွမ်းထက်လိုသော ဆန္ဒဖြင့် ပုံမှန်ဈေးထက် ၅ဆ ပေးရန် အဆင်သင့်ဖြစ်နေကြပြီး ဟောင်ဖူနတ်ဘုရားဂိုဏ်း အနေဖြင့် ရေရှည်ထောက်ပံ့ပေးနိုင်ရန်သာ မျှော်လင့်နေကြခြင်း ဖြစ်၏။
ထန်ယွင်က ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုဂိုဏ်းချုပ်များမှာ ချမ်းသာရုံ သာမက အလွန်အမင်း ကြွယ်ဝနေကြကြောင်း သိလိုက်ရသည်။
ထန်ယွင်က ထန်ထိုင်ကျုံးတယ်ကို အကူအညီတောင်းသလို ကြည့်လိုက်၏။
ထန်ထိုင်ကျုံးတယ်၏ အဖြေမှာ စကားလုံး ၄ လုံးတည်းသာ ဖြစ်သည်။
“မင်း သဘောအတိုင်းသာ လုပ်ပါ”
ဂိုဏ်းချုပ်များက ထိုမြင်ကွင်းကို မြင်တွေ့သည့်အခါ -
“သံတမန်ထန်... တကယ်လို့ ခင်ဗျားက ဒီဈေးနှုန်းကို နည်းတယ်လို့ ထင်ရင် ကျုပ်တို့ ဈေးကွက်ပေါက်ဈေးရဲ့ ၆ ဆအထိ ပေးနိုင်ပါတယ်”
“ဟုတ်ပါတယ်... ၆ ဆဆိုတာ ပြဿနာ မရှိပါဘူး”
“...”
ဂိုဏ်းချုပ်များက ဝိုင်းဝန်း ပြောဆိုလာကြတော့သည်။
‘ဘယ်လောက်တောင် ချမ်းသာကြတာလဲ’
ထန်ယွင်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်းမသိဘဲ ခေါင်းခါလိုက်မိ၏။
သို့သော် ဂိုဏ်းချုပ်များ၏ အမြင်တွင်မူ ထန်ယွင်က ဈေးနှုန်းကို မကျေနပ်သဖြင့် ခေါင်းခါသည်ဟု ထင်မှတ်သွားကြသည်။
သူတို့ ထပ်မံ ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်၏ နောက်ထပ်စကားများက ဂိုဏ်းချုပ်အားလုံးကို အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့ပြီး ထန်ယွင်အပေါ် ကြည်ညိုလေးစားမှုများ တိုးပွားသွားစေတော့သည်။
“အားလုံးပဲ... ကျုပ် အစောက ပြောခဲ့သလိုပါပဲ... ကျုပ်တို့ဂိုဏ်းရဲ့ ရည်ရွယ်ချက်က ခင်ဗျားတို့ အားလုံးကို အကျိုးပြုဖို့ပါ... ပြီးတော့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်”
ထန်ယွင်က အနည်းငယ် မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။
“အထင်မလွဲကြပါနဲ့... ကျုပ်တို့ဂိုဏ်းက ပစ္စည်းတွေကို ရောင်းစားနေတာ မဟုတ်ပါဘူး”
“တကယ်လို့ ကျုပ်တို့က ရောင်းစားမှာဆိုရင်တော့ ခင်ဗျားတို့ ဘယ်လောက်ပဲ ပိုက်ဆံပေးပေး ကျုပ်တို့ဂိုဏ်းက ရောင်းမှာ မဟုတ်ပါဘူး”
“ကဲ... ၅ ဆတို့ ၆ ဆတို့ ပြောမနေပါနဲ့တော့... ဈေးကွက်ပေါက်ဈေးရဲ့ ၂ ဆပဲ ပေးကြပါ”
ဈေးနှုန်းက ၂ ဆပဲဟု ကြားလိုက်ရသည့်အခါ ဂိုဏ်းချုပ်များစွာမှာ ဝမ်းသာလွန်းသဖြင့် မူးလဲမတတ် ဖြစ်သွားကြရ၏။
သူတို့ စိတ်ထဲမှလည်း ‘ဟောင်ဖူနတ်ဘုရားဂိုဏ်းက ကျုပ်တို့ကို တကယ်ပဲ ငွေညှစ်ဖို့ မရည်ရွယ်ပါလား’ ဟု တွေးတောမိကြတော့သည်။
ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။ ထန်ယွင်၏ ရည်ရွယ်ချက်ကို သူ ကောင်းစွာ နားလည်လိုက်သည်။
မည်သို့ဖြစ်စေ လူတစ်ယောက်ကို တစ်လုတ်တည်းနှင့် ဝအောင် ကျွေး၍ မရနိုင်ပါလော။ အကယ်၍ ဈေးနှုန်းကို ၅ဆ သို့မဟုတ် ၆ဆဖြင့် ရောင်းချမည်ဆိုပါက အချိန်ကြာလာသည် နှင့်အမျှ ဂိုဏ်းအသီးသီးတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ဤကဲ့သို့သော အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ ရေရှည်တည်တံ့မည် မဟုတ်ပေ။
တရားမျှတသော ဈေးနှုန်း၏ ၂ဆဖြင့်သာ ရောင်းချမည်ဆိုပါက ဤအကျိုးရှိမည့် အခြေအနေမှာ အချိန်အတော်ကြာ တည်တံ့နေမည်မှာ သေချာလှ၏။
ဂိုဏ်းချုပ်များ ကျေနပ်သွားသည့်အခါ ထန်ယွင်က ထပ်မံ ပြောလိုက်သည်။
“အားလုံးပဲ... ကျုပ်တို့ဂိုဏ်းမှာ ခင်ဗျားတို့ကို ထောက်ပံ့ပေးလို့ မရနိုင်တဲ့ လက်နက်တစ်ခုပဲ ရှိပါတယ်... အဲ့ဒီလက်နက်ကတော့ ‘မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်’ ပဲ ဖြစ်ပါတယ်”
“ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်း မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်ဆိုတာ ရတနာအဆင့် ဖြစ်ပေမဲ့ လက်နက်ပညာရှင် တစ်ယောက်က ဒါကို ဖော်စပ်ဖို့ဆိုရင် ၁၀ နှစ်ကနေ နှစ်ပေါင်း ဒါဇင်နဲ့ချီပြီး အချိန်ယူရတာပါ အဲ့ဒါကြောင့် ကျုပ်တို့ဂိုဏ်းက ဒါကို မထောက်ပံ့ပေးနိုင်တာပါ”
ထိုစကားကို ကြားရသည့်အခါ ဂိုဏ်းချုပ်များက ထန်ယွင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြပြီး တစ်ယောက်က အကြံပြုလာ၏။
“ဒါဆိုရင် ကျုပ်တို့ကို ငှားလို့ရော ရမလား”
“ဟုတ်ပါတယ်... ငှားရင်လည်း ရတာပဲလေ... ကျုပ်တို့ အများကြီး မလိုချင်ပါဘူး... ဂိုဏ်းတစ်ခုကို တစ်လုံးစီလောက် ငှားပေးရင် ရပါပြီ”
ဂိုဏ်းချုပ်များမှာ မျှော်လင့်တကြီးဖြင့် အာခေါင်များပင် ခြောက်ကပ်လာကြတော့သည်။ မျှော်စင်အတွင်းရှိ ကျင့်ကြံချိန်နှင့် အပြင်ဘက်ရှိ အချိန်မှာ ကွာခြားချက် ကြီးမားလှကြောင်း သူတို့ ကောင်းစွာ သိထားကြသည် မဟုတ်ပါလော။
အကယ်၍ ဂိုဏ်းအတွက် မျှော်စင်တစ်ခု ငှားရမ်းနိုင်မည်ဆိုပါက ၎င်းမှာ ဂိုဏ်းတစ်ခုချင်းစီက အလေးပေး လေ့ကျင့်ပေးနေသော တပည့်များအတွက် အလွန်ကောင်းမွန်သော သတင်းဖြစ်ပေလိမ့်မည်။
“ဒါကတော့...”
ထန်ယွင်က အခက်တွေ့နေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
“ကျုပ်တို့ဂိုဏ်းမှာ မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်တွေ ရှိတာတော့ မှန်ပါတယ်... ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းသားတွေအတွက်တောင် အလုံအလောက် မရှိသေးပါဘူး”
“ဒီသံတမန်အနေနဲ့ ငှားရမ်းပေးဖို့ သဘောတူပါတယ်... ဒါပေမဲ့ နောက်ထပ် ၁၀ နှစ်လောက်တော့ အချိန်ယူရပါလိမ့်မယ်... အဲ့ဒီအချိန်ကျမှ ကျုပ်တို့ဂိုဏ်းချုပ်က မျှော်စင်အသစ်တချို့ ဖော်စပ်ပြီးသွားတဲ့အခါ ခင်ဗျားတို့ကို ငှားပေးပါ့မယ်”
ထိုစကားကြောင့် ဂိုဏ်းချုပ်များမှာ ဝမ်းသာသွားကြပြန်သည်။
ထန်ယွင်က အရွှန်းဖောက်လိုက်၏။
“အားလုံးပဲ... မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်ဆိုတာ ကျုပ်ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းသားတွေ ခွန်အားတွေ အလျင်အမြန် တိုးတက်စေတဲ့ အစွမ်းထက် ရတနာတစ်ခု ဖြစ်လို့ ခင်ဗျားတို့ကို ငှားတဲ့အခါကျရင်တော့ ကျုပ် ခင်ဗျားတို့ဆီကနေ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ငွေညှစ်ရမှာနော်”
“ဟားဟားဟား... သံတမန်ထန်ကတော့ ပွင့်ပွင့်လင်းလင်း ရှိလှချည်လား... ကိစ္စမရှိပါဘူး... အဲ့ဒီအချိန်ကျရင် ခင်ဗျား ငွေညှစ်ချင်သလောက်သာ ညှစ်ပါ... ကျုပ်တို့က အညှစ်ခံဖို့ အသင့်ပါပဲ”
ခန်းမကြီးတစ်ခုလုံးမှာ ဂိုဏ်းချုပ်များ၏ ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။
ဂိုဏ်းချုပ်များမှာ လက်ရှိ ဆွေးနွေးမှု ရလဒ်များအပေါ် အလွန်ပင် ကျေနပ်နေကြပြီ ဖြစ်၏။
ဂိုဏ်းချုပ်များကို ပို၍ စိတ်လှုပ်ရှားသွားစေမည့် ကိစ္စက ထပ်မံ ပေါ်ပေါက်လာပြန်သည်။
ထန်ယွင်က ဆက်ပြောလိုက်၏။
“အားလုံးပဲ... ကျုပ် အစောက ပြောခဲ့တဲ့ အဆိုပြုချက်တွေ အားလုံးဟာ ဂိုဏ်းကတပည့်တွေ အားလုံးရဲ့ အကျိုးကျေးဇူးအတွက်ပါ”
“အခုတော့ ကျုပ်မှာ ခင်ဗျားတို့အတွက် ပိုပြီး ကောင်းမွန်တဲ့ သတင်းတစ်ခု ရှိပါသေးတယ်”
“ကျုပ်တို့ဂိုဏ်းဟာ ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေရဲ့ တံခါးဝမှာ အကြီးဆုံးသော ဈေးကြီးတစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ... အဲ့ဒီဈေးရဲ့ နာမည်ကိုတော့ ‘ထျန်းဖူဈေး’ လို့ အမည်ပေးထားပါတယ်”
“ထျန်းဖူဈေးကို ၁၀ နှစ်အတွင်း အပြီးသတ် တည်ဆောက်ဖို့ ခန့်မှန်းထားပါတယ်... အဲ့ဒီအချိန်ကျရင် ဈေးအတွင်းမှာ ကျင့်ကြံခြင်း အရင်းအမြစ် အမျိုးမျိုးကို ရောင်းချတဲ့ ဆိုင်တွေ ဖွင့်လှစ်သွားမှာ ဖြစ်သလို အကြီးဆုံးသော လေလံခန်းမကြီးလည်း ရှိမှာပါ”
“လေလံတင်မယ့် ပစ္စည်းတွေထဲမှာ ဝိညာဉ်သန့်စင်ခြင်းအဆင့်နဲ့ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတွေအတွက် လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ် အမျိုးမျိုး ပါဝင်မှာ ဖြစ်ပါတယ်”
ထိုစကားများကို ကြားရသည့်အခါ ဂိုဏ်းချုပ်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြတော့သည်။
စဉ်းစားကြည့်လျှင် ဝိညာဉ်သန့်စင်ခြင်းအဆင့်ရှိသူ အနည်းငယ်မှအပ သူတို့အားလုံးမှာ ဝိညာဉ်သန္ဓေအဆင့်ရှိ အစွမ်းထက်သူများ ဖြစ်ကြသည် မဟုတ်ပါလော။
မိမိတို့၏ ကျင့်ကြံခြင်းအတွက် သင့်တော်သော အရင်းအမြစ် အမျိုးမျိုးကို ရှာဖွေရန် ဦးနှောက်ခြောက်အောင် ကြိုးစားခဲ့ကြသော်လည်း စိတ်တိုင်းကျသော အရာများကို တစ်ခါမျှ ရှာမတွေ့ခဲ့ကြပေ။
သို့သော် ယခုအခါ ဟောင်ဖူနတ်ဘုရားဂိုဏ်းက တည်ဆောက်မည့် ထျန်းဖူဈေးတွင် သူတို့၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကို လေလံတင်ပေးမည်ဆိုမှတော့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ဘယ်လိုမှ မနေနိုင်တော့ပေ။
ချက်ချင်းပင် လူတိုင်းက ထန်ယွင်ကို မေးမြန်းကြတော့သည်။ ထိုဈေးကို အခုထက် ပိုပြီး မြန်မြန် အပြီးသတ်နိုင်မလား ဟူ၍ပင်။
ထန်ယွင် သက်ပြင်းချလိုက်၏။
“ဒါက ကြီးမားတဲ့ စီမံကိန်းကြီး တစ်ခုပါ... လူအင်အားနဲ့ ပစ္စည်းအင်အား အများကြီး သုံးရမှာပါ”
ထို့ကြောင့် ဂိုဏ်းချုပ်များက သူတို့ဂိုဏ်းအသီးသီးမှ အကြီးအကဲများနှင့် တပည့်များအား ထျန်းဖူဈေး တည်ဆောက်ရေးတွင် ပါဝင်ရန်အတွက် စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ဤကြီးကျယ်ခမ်းနားသော စီမံကိန်းကြီးကို သူတို့ကိုယ်တိုင် ပါဝင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း အဆိုပြုလာကြတော့သည်။
ဤသည်မှာ ထန်ယွင် အလိုရှိနေသော အချက်ပင် ဖြစ်သဖြင့် ကိစ္စမှာ အတည်ဖြစ်သွားတော့သည်။ နောက်ထပ် ၂ လအကြာ၌ ဂိုဏ်းချုပ်များက လူအင်အားများ ခေါ်ဆောင်လာပြီး သစ်ခုတ်ကာ မြို့တည်ရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြတော့မည် ဖြစ်၏။
၎င်းနောက် ထန်ယွင်၏ အကြံပြုချက် မပါဘဲ ဂိုဏ်းချုပ်တစ်ဦးက မေးမြန်းလာပြန်သည်။ ထျန်းဖူဈေး တည်ဆောက်ပြီးသွားသည့်အခါ ဟောင်ဖူနတ်ဘုရားဂိုဏ်းကပဲ အုပ်ချုပ်ပေးနိုင်မလား ဟူ၍ပင်။
မြို့ပြစီမံကိန်းတွေကို မျှမျှတတနဲ့ အဂတိကင်းကင်း ရေးဆွဲပေးပြီး ဂိုဏ်းအသီးသီးက တပည့်တွေ ဘေးကင်းလုံခြုံစွာ ကုန်သွယ်နိုင်အောင် လုပ်ပေးနိုင်မလား။
ပြီးတော့ သူတို့ဂိုဏ်းတွေကိုလည်း ဈေးအတွင်းမှာ ဆိုင်ခန်းတွေ ငှားရမ်းခွင့် ပေးနိုင်မလား။
အစရှိသည့် မေးခွန်းပေါင်းများစွာကို ထန်ယွင်က အားလုံး သဘောတူကြောင်း ပြန်လည် ဖြေကြားလိုက်သည်။ ပြဿနာ မရှိပေ။
ဤအခိုက်အတန့်တွင် ခန်းမကြီးအတွင်း၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပုံရပေသည်။
သို့သော်လည်း ဤရယ်မောသံများ၏ နောက်ကွယ်တွင် ဂိုဏ်းချုပ်ပေါင်း ထောင်နှင့်ချီသောသူတို့အနက် အချို့မှာ အခြားသော ဂိုဏ်းချုပ်များကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။
လူရှိလျှင် တိုက်ပွဲဆိုတာ ရှိစမြဲပင်။ ကောင်းကင်ပြစ်ဒဏ် တောင်တန်းများတွင် ရှိသည့် ဂိုဏ်းပေါင်း ထောင်နှင့်ချီ ကြားမှာရော မရှိနိုင်ဘူးလား။ သူတို့ကြား၌လည်း မဟာမိတ်များ ရှိကြသလို တစ်နှစ်ပတ်လုံး တိုက်ခိုက်နေကြရသည့် ရန်သူဂိုဏ်းတွေလည်း ရှိနေကြသည် မဟုတ်ပါလော။
ထိုအချိန်တွင် အနီးနားရှိ ဂိုဏ်းတစ်ခု၏ အနိုင်ကျင့်ခြင်းကို ခံနေရသော တတိယတန်းစား ဂိုဏ်းချုပ်တစ်ဦး ထရပ်လိုက်ပြီး ထန်ယွင်ကို လက်အုပ်ချီကာ ပြောလိုက်၏။
“သံတမန်ထန်... ကျုပ်နာမည်က လျိုပိုင်ချွမ်း ပါ... ကျုပ်ရဲ့ ဝိညာဉ်ဂိုဏ်းက သေးငယ်ပေမဲ့ တပည့်ပေါင်း ထောင်နဲ့ချီ ရှိပါတယ်... ကျုပ်တို့ဂိုဏ်းအနေနဲ့ ခင်ဗျားတို့ဂိုဏ်းရဲ့ အကာအကွယ်ကို ရနိုင်မလားဟင်”
ချက်ချင်းပင် ဂိုဏ်းချုပ်အားလုံး တိတ်ဆိတ်သွားကြပြီး လူတိုင်းမှာ ကိုယ်စီ အတွေးများဖြင့် ငြိမ်သက်နေကြတော့သည်။
ဂိုဏ်းချုပ်အားလုံးက စိတ်ထဲမှ လျိုပိုင်ချွမ်းကို ဆဲဆိုနေကြ၏။ ဘာမဟုတ်တဲ့ ကိစ္စကို ဘာလို့ လာပြောနေတာလဲ။ မင်းမှာ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူးလား။ တခြားသူရဲ့ အကာအကွယ်ကို တက်ကြွစွာ တောင်းခံနေရတယ်လို့။ တခြားသူရဲ့ လက်အောက်ခံ ဂိုဏ်းဖြစ်ချင်နေတာလား။
တစ်ဆက်တည်း ဂိုဏ်းချုပ်များက ဟောင်ဖူနတ်ဘုရားဂိုဏ်းတွင် သူတို့၏ဂိုဏ်းများကို သိမ်းပိုက်လိုသော ရည်ရွယ်ချက် ရှိ၊ မရှိကိုပါ အကဲခတ်လိုကြသည်။
ထို့ကြောင့် နောက်ထပ် ဂိုဏ်းချုပ် ၃ ဦး ထရပ်လိုက်ပြီး သူတို့ဂိုဏ်းမှ ပါရမီရှင် တပည့်များကို ဟောင်ဖူနတ်ဘုရားဂိုဏ်းသို့ စေလွှတ်ကာ ပညာသင်ကြားခွင့် ပေးနိုင်မလားဟု ထန်ယွင်ကို မေးမြန်းလိုက်ကြ၏။
ထန်ထိုင်ကျုံးတယ်၏ မျက်လုံးများမှာ တောက်ပသွားပြီး ဝမ်းသာပီတိ ဖြစ်နေစဉ်မှာပင် ထန်ယွင်က ခေါင်းခါပြလိုက်ပြီး ချက်ချင်းပင် ငြင်းပယ်လိုက်တော့သည်။
“အားလုံးပဲ... ကျုပ်ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းမှာ မလုပ်ဆောင်မယ့် အချက် ၃ ချက် ရှိပါတယ်”
“၁။ တခြားဂိုဏ်းတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ပါဘူး” “၂။ တခြားဂိုဏ်းတွေဆီကနေ တပည့်တွေ စုဆောင်းတာမျိုး မလုပ်ပါဘူး” “၃။ တခြားဂိုဏ်းတွေကြားက ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ပါဘူး”
အခန်း ၄၁၃ ပြီး