ထိုစကားကို ကြားရသည့်အခါ လျိုပိုင်ချွမ်း၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားတော့သည်။ အခြားတစ်ဖက်တွင်မူ ဟောင်ဖူနတ်ဘုရားဂိုဏ်းက သူတို့၏ ဂိုဏ်းများကို သိမ်းပိုက်လိုသော ရည်ရွယ်ချက် ရှိ၊ မရှိ စမ်းသပ်နေကြသော ဂိုဏ်းချုပ်များမှာမူ သက်ပြင်းချနိုင်သွားကြ၏။
ဤအခိုက်အတန့်တွင် ထန်ထိုင်ကျုံးတယ်က သူ့အတွေးအခေါ်မှာ အားနည်းနေသေးကြောင်း သတိပြုမိလိုက်သည်။ အကယ်၍ သူသာ အခြားသူများ၏ အဆိုပြုချက်ကို အလွယ်တကူ လက်ခံခဲ့လျှင် အခြားသူများက ဟောင်ဖူနတ်ဘုရားဂိုဏ်းသည် သူတို့၏ ဂိုဏ်းများကို သိမ်းပိုက်ရန် ကြံစည်နေသည်ဟု သေချာပေါက် ထင်မှတ်သွားကြပေလိမ့်မည်။
ထန်ယွင်၏ ‘မလုပ်ဆောင်မည့် အချက် ၃ ချက်’ မူဝါဒမှာ ဂိုဏ်းချုပ်အားလုံးကို ထန်ထိုင်ကျုံးတယ်အပေါ် ယုံကြည်မှု တိုးပွားသွားစေခဲ့ပြီး အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူတို့ကို သိမ်းပိုက်မည့် အရိပ်အယောင် လုံးဝ မရှိကြောင်း အတည်ပြုလိုက်ကြပြီ ဖြစ်၏။
‘ငါ့ရဲ့ အနာဂတ် သမက်လောင်းလေးကတော့ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ’
ထန်ထိုင်ကျုံးတယ်က စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးနေမိသည်။
‘သူက ဒီလောက် ငယ်ငယ်လေးနဲ့ အလုပ်လုပ်ပုံက ငါ့ထက်တောင် ပိုပြီးတော့ အစစအရာရာ စဉ်းစားတွေးခေါ်နိုင်သေးတယ်’
‘တကယ်လို့ သူ့ရဲ့ နောက်ကြောင်းကို ငါသာ မသိခဲ့ရင် သူဟာ နှစ်ပေါင်း သောင်းနဲ့ချီပြီး အသက်ရှင်နေတဲ့ မိစ္ဆာအိုကြီး တစ်ယောက်လို့တောင် ထင်မိမှာပဲ’
ထန်ထိုင်ကျုံးတယ်က စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးနေမိတော့သည်။
နောက်ပိုင်းတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအတွက် အသေးစိတ် အဆင့်ဆင့်ကို ဆွေးနွေးကြ၏။ ထန်ယွင်က ဟောင်ဖူနေမင်းနန်းတော်တွင် အလွတ် ကျောက်စိမ်းပြားပေါင်း ၁,၀၀၀ ကျော်ကို ရှာဖွေလိုက်ပြီး ယနေ့ သူပြောဆိုခဲ့သမျှ အချက်အလက်များကို ဝိညာဉ်အာရုံဖြင့် စတင် မှတ်တမ်းတင်လိုက်တော့သည်။
ညဉ့်နက်လာသည်အထိ ထန်ယွင်နှင့် ဂိုဏ်းချုပ်အားလုံးမှာ အကောင်အထည်ဖော်မည့် အသေးစိတ် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုကာလအတွင်း၌ ဂိုဏ်းချုပ်များ၏ မေးခွန်းများကိုလည်းကောင်း၊ နောင်တွင် ဟောင်ဖူနတ်ဘုရားဂိုဏ်းက ကျင့်ကြံခြင်း အရင်းအမြစ်များ ထောက်ပံ့ပေးသည့်အခါ ဖြစ်ပေါ်လာနိုင်သော အမြင်ကွဲလွဲမှုများကိုလည်းကောင်း ထန်ယွင်က ချောမွေ့စွာ ပြန်လည် ဖြေကြားပေးခဲ့၏။
တစ်လျှောက်လုံးတွင် ထန်ထိုင်ကျုံးတယ်က ဤမြင်ကွင်းကို ကြည့်နေရင်း ထန်ယွင်၏ စီမံခန့်ခွဲနိုင်စွမ်းအပေါ် မည်သို့မျှ ချီးကျူး၍ မကုန်နိုင်အောင် ဖြစ်နေရသည်။
ထန်ယွင်ကဲ့သို့ ပါးနပ်ပြီး အစစအရာရာ တတ်မြောက်လှသော သားတစ်ယောက်ကို ပိုင်ဆိုင်ထားသည့် ထန်ယွင်၏ မိဘများကိုပင် မနာလို ဖြစ်မိသွားတော့သည်။
အရာအားလုံး ပြီးဆုံးသွားသည့်အခါ ယွီဟွာဆေးဂိုဏ်း၏ ဂိုဏ်းချုပ် ရွှေချုန်းက ထရပ်လိုက်ပြီး ထန်ယွင်ကို လက်အုပ်ချီကာ ပြောလိုက်၏။
“သံတမန်ထန်က ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကို စွမ်းဆောင်ရည် ရှိတာပဲ... ကျုပ် တကယ်ကို လေးစားမိပါတယ်”
“ဂိုဏ်းချုပ်ရွှေကလည်း ချီးကျူးလွန်းနေပါပြီ”
ထန်ယွင်ကလည်း လက်အုပ်ပြန်ချီကာ နှုတ်ဆက်လိုက်သည်။
“သံတမန်ထန်... အခု ကိစ္စတွေ အားလုံးကတော့ အတည်ဖြစ်သွားပြီဆိုတော့... ခင်ဗျားတို့ဂိုဏ်းရဲ့ ဆေးပညာ ကျွမ်းကျင်မှု အခြေခံလေးကို ကျုပ်ကို နည်းနည်းလောက် မြည်းစမ်းခွင့် ပေးနိုင်မလား”
ရွှေချုန်းက လက်အုပ်ချီလျက် မေးမြန်းလိုက်၏။
“သေချာတာပေါ့... ရပါတယ်”
ထန်ယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဒီသံတမန်က ဆေးပညာ ဖော်စပ်မှု ဖြစ်စဉ်တစ်ခုလုံးကို အနည်းငယ်တော့ သိထားပါတယ်... ဂိုဏ်းချုပ်ရွှေမှာ မေးစရာရှိရင် ပြောနိုင်ပါတယ်... ဒီသံတမန်အနေနဲ့ ဂိုဏ်းချုပ်ရွှေအတွက် တစ်ခုခု ကူညီပေးနိုင်မှာပါ”
ရွှေချုန်းက ပြုံးလျက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“သံတမန်ထန်ရဲ့ စီမံခန့်ခွဲနိုင်စွမ်းကိုတော့ ကျုပ် အသိအမှတ်ပြုပါတယ်... ဒါပေမဲ့ ကျုပ် မေးမယ့် ဆေးပညာဆိုင်ရာ မေးခွန်းကိုတော့ မင်း ဖြေနိုင်မှာ မဟုတ်ဘူး”
“ကိစ္စမရှိပါဘူး... တကယ်လို့ ဒီသံတမန်က ဂိုဏ်းချုပ်ရွှေရဲ့ သံသယတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ကျုပ်တို့ ဆေးဝါးအုပ်စုက အကြီးအကဲ တစ်ယောက်ယောက်ကို ဖိတ်ပေးပါ့မယ်”
ထန်ယွင်က ဆိုလိုက်၏။
ထန်ယွင်၏ တည်ငြိမ်သော အသွင်အပြင်ကို ကြည့်ပြီး ရွှေချုန်းက စိတ်ထဲမှ တွေးလိုက်မိသည်။ ထန်ယွင်မှာ သူတို့အားလုံးအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးထားသူဖြစ်ရာ လူအများရှေ့တွင် ထန်ယွင်ကို အရှက်ခွဲဖို့ရာ မသင့်တော်ပေ။
ထို့ကြောင့် ရွှေချုန်းက ကြင်နာစွာဖြင့် သတိပေးလိုက်၏။
“သံတမန်ထန်... ကျုပ်က ပထမတန်းစား ကျင့်ကြံခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်သလို ကျုပ်ရဲ့ ယွီဟွာဆေးဂိုဏ်းဟာလည်း ဆေးပညာနဲ့ ဂိုဏ်းတည်ထားတာပါ... ကျုပ်ကိုယ်တိုင်လည်း အဆင့်မြင့် ဆေးပညာရှင် တစ်ယောက် ဖြစ်တယ်... ဒါကြောင့် ကျုပ်မေးမယ့် မေးခွန်းဟာ ဆေးပညာလောကမှာ နှစ်ပေါင်းများစွာ ကြာအောင် အဖြေရှာမရဖြစ်နေတဲ့ ကိစ္စတစ်ခု ဖြစ်နေလိမ့်မယ်”
“ဒါကြောင့် သံတမန်ထန်... မင်း ဖြေနိုင်မှာ မဟုတ်ဘူး”
ရွှေချုန်းက အဆင့်မြင့် ဆေးပညာရှင် တစ်ဦး ဖြစ်သည်ကို ကြားလိုက်ရသော်လည်း ထန်ယွင် အံ့ဩခြင်း မရှိပေ။
ဤအခိုက်အတန့်တွင် သူတော်စင်အဆင့် မဟာဆေးပညာရှင်ကြီး တစ်ဦးဖြစ်သည့် ထန်ထိုင်ကျုံးတယ်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်က နွေဦးလေပြေအလား ပြုံးလျက် ဦးစွာ ပြောလိုက်တော့သည်။
“ဂိုဏ်းချုပ်ရွှေ... အရင်ဆုံး မေးခွန်းကို မေးကြည့်ပါဦး... ကျုပ် ဖြေနိုင်၊ မဖြေနိုင်ဆိုတာကတော့ အဲ့ဒီအချိန်ကျမှ သိရမှာပေါ့”
“ဟားဟား... ကောင်းပြီလေ”
ရွှေချုန်းက ညာလက်ကို လှုပ်ရှားလိုက်ရာ ခရမ်းရောင် ဆေးလုံးတစ်လုံး သူ့လက်ထဲတွင် ပေါ်လာပြီး ပြောလိုက်၏။
“သံတမန်ထန်... ဒါက အလယ်အလတ်အဆင့် ယာဇွန်ဆေးလုံးဖြစ်တဲ့ ‘ဖျက်ဆီးခြင်း မိစ္ဆာဆေးလုံး’ ပါ၊ ကျုပ်မှာ ဒါကို ဖော်စပ်ဖို့ ဆေးနည်း ရှိပေမဲ့... နှစ်ပေါင်း ၃၀၀ ကြာတဲ့အထိ ထိပ်တန်းအဆင့် ရအောင် ဖော်စပ်ဖို့ ကြိုးစားတိုင်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရတယ်”
“အင်း...”
ရွှေချုန်းက သက်ပြင်းချကာ ထန်ယွင်ကို အလေးအနက် ဦးညွှတ်လျက် ဆက်ပြောလိုက်၏။
“ဒီနေ့တော့ ကျုပ်ကပဲ နှိမ့်ချပြီးတော့ ခင်ဗျားတို့ ဂိုဏ်းရဲ့ ဆေးပညာရှင်ဆီကနေ လမ်းညွှန်မှု တောင်းခံပါရစေ... သံတမန်ထန်အနေနဲ့ ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါဦး”
ရွှေချုန်း၏ အမြင်တွင် ဝိညာဉ်သန္ဓေအဆင့်မှာသာ ရှိနေသော ထန်ယွင်သည် သူ၏ သံသယကို လုံးဝ ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။
“ဂိုဏ်းချုပ်ရွှေ... ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး”
ထန်ယွင်က လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်၏။
“ဒီဆေးလုံး ကျုပ်ကို အရင်ပေးကြည့်ပါဦး”
ထိုစကားကြောင့် ရွှေချုန်းနှင့် ဂိုဏ်းချုပ်ပေါင်း ထောင်ချီ သာမက ထန်ထိုင်ကျုံးတယ်ပါ ဆွံ့အသွားရတော့သည်။
ထန်ထိုင်ကျုံးတယ်မှာ ထန်ယွင် ထာဝရနတ်ဘုရားဂိုဏ်း၌ ရှိစဉ်က ထိပ်တန်းအဆင့် ကျူယန် ယာဇွန်ဆေးလုံးကို ဖော်စပ်ပြီးနောက် သူကိုယ်သူ သူတော်စင်အဆင့် မဟာဆေးပညာရှင်ကြီးဟု ပြောခဲ့သည်ကို ကောင်းစွာ မှတ်မိနေလေသည်။
အခု ထန်ယွင်၏ အသွင်အပြင်ကို ကြည့်ရသည်မှာ သူသည် ‘ဖျက်ဆီးခြင်း မိစ္ဆာဆေးလုံး’ ၏ ပြဿနာကို နားလည်နေသည့်အလားပင်။
ထိုသို့ တွေးမိသည့်အခါ ထန်ထိုင်ကျုံးတယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှေချုန်းမှာ အဆင့်မြင့် ဆေးပညာရှင် တစ်ဦးဖြစ်ပြီး ထန်ယွင်ထက် ဆေးပညာအဆင့် ၃ဆင့် ပို၍ မြင့်မားနေသည် မဟုတ်ပါလော။ ထန်ယွင်က ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။
ထန်ထိုင်ကျုံးတယ် သိထားသည်မှာ အကယ်၍ ထန်ယွင်က ဆေးလုံးကို ကြည့်ရုံဖြင့် ဆေးပညာဆိုင်ရာ ပြဿနာကို မြင်နိုင်သည်ဆိုပါက ထန်ယွင်၏ ဆေးပညာအဆင့်မှာ အနည်းဆုံး ရွှေချုန်းနှင့် တန်းတူ ရှိနေရမည် ဖြစ်ပြီး သူသည်လည်း အဆင့်မြင့် ဆေးပညာရှင် တစ်ဦး ဖြစ်နေပေလိမ့်မည်။
ထန်ထိုင်ကျုံးတယ်က သံသယများဖြင့် ဘာဖြစ်လာမလဲဆိုသည်ကို ဆက်လက် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။ ရွှေချုန်း၏ မျက်ခုံးဖြူကြီးများမှာ တွန့်သွားပြီး သူ့လက်ထဲမှ ဆေးလုံးကို ထန်ယွင်ထံသို့ လွှမ်းမိုးမှုစွမ်းအားဖြင့် ပစ်ပေးလိုက်သည်။
ထန်ယွင်က ဆေးလုံးကို လက်ခံလိုက်ပြီး နှာခေါင်းဖျားတွင် တင်ကာ ခေတ္တမျှ နမ်းကြည့်လိုက်၏။ ထို့နောက် ရွှေချုန်းကို ကြည့်ကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်ရွှေ... ဒီဆေးလုံး ကျုပ်ကိုပဲ ပေးလိုက်ပါတော့”
“ဒါကတော့...”
ရွှေချုန်းက မျက်မှောင်ကြုတ်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။
“သံတမန်ထန်... ကျုပ် အမှန်အတိုင်း ပြောရရင် ဒီဆေးနည်းက ကျုပ်ရဲ့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတာမို့လို့ ခင်ဗျားကို ပေးဖို့ဆိုတာကတော့ ကျုပ်အတွက် ခက်ပါတယ်... ကျုပ်မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး.. သံတမန်ထန်အနေနဲ့ အထင်မလွဲပါနဲ့”
ထန်ယွင်က ပြုံး၍ ပြောလိုက်သည်။
“နားလည်ပါပြီ... ကျုပ်ကပဲ သေချာ မစဉ်းစားမိတာ ဖြစ်မှာပါ... ဒါဆိုရင် ဒီဆေးနည်းက ခင်ဗျားတို့ ဘိုးဘေးတွေဆီက ဆိုမှတော့... ကျုပ်ပြောမယ့်အချက်အလက်တွေကို လူအများရှေ့မှာ မပြောတော့ပါဘူး”
“စင်ပေါ်ကို တက်ခဲ့ပါ... ကျုပ် ခင်ဗျားကို တစ်ယောက်တည်း သီးသန့် ပြောပြမယ်”
ရွှေချုန်းမှာ ခေတ္တမျှ ဆွံ့အသွားရ၏။ ဤသံတမန်ထန်ဟာ တကယ်ပဲ အစွမ်းအစ ဖုံးကွယ်ထားတဲ့ ဆေးပညာရှင် တစ်ယောက်လား။
ရွှေချုန်းက သံသယများဖြင့် လေလံစင်မြင့်ပေါ်သို့ တက်သွားပြီးနောက် အသံလုံအတားအဆီးကို အသုံးပြုကာ လက်အုပ်ချီလျက် ပြောလိုက်သည်။
“သံတမန်ထန်... ပြောပါဦး”
“အင်း”
ထန်ယွင်က တည်ငြိမ်စွာပင် ပြောလိုက်၏။
“ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျား ဒီဆေးလုံးကို ဖော်စပ်ဖို့အတွက် အသုံးပြုထားတဲ့ ဆေးမြက်ပေါင်း ၆၉ မျိုး ရှိတယ်... ဟုတ်တယ်မလား”
“ဘယ်လို... ခင်ဗျား ဘယ်လိုလုပ် သိတာလဲ”
ရွှေချုန်း၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး မှုန်ဝါးနေသော သူ့မျက်လုံးများထဲတွင် အလွန်အမင်း တုန်လှုပ်မှုများ ပေါ်ပေါက်လာတော့သည်။
“ဒါဆို ခင်ဗျား... ခင်ဗျားက ဆေးလုံးရဲ့ အနံ့ကို နမ်းကြည့်ပြီး အရသာနဲ့ အရောင်ကို ခွဲခြားရုံနဲ့ပဲ ဒါကို သိသွားတာလား”
“သေချာတာပေါ့”
ထန်ယွင် ထိုသို့ပြောပြီးနောက်တွင်မူ ရွှေချုန်းက ထန်ယွင်အား အလွန်ပင် ရိုသေလေးစားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။
“ကျွန်တော်မျိုး နားလည်ပါပြီ... စီနီယာက တကယ်တော့ အဆင့်မြင့် ဆေးပညာရှင် တစ်ယောက် ဖြစ်ပေမဲ့ ဝိညာဉ်သန္ဓေအဆင့် ၉ မှာပဲ ကျင့်ကြံမှုကို နှိမ်ထားတာ ဖြစ်ရမယ်... ကျွန်တော်မျိုးက ဂျူနီယာ တစ်ယောက် ဖြစ်ပါလျက်နဲ့ မျက်စိရှိပေမဲ့ ဖန်လုံတောင်ကို မမြင်မိသလို ဖြစ်သွားရပါတယ်၊ စီနီယာအနေနဲ့ ကျွန်တော်မျိုးကို အပြစ်မယူပါနဲ့ ခင်ဗျာ”
ထန်ယွင်က ရွှေချုန်းကို ကြည့်လိုက်သော်လည်း ဘာမှ ရှင်းပြမနေတော့ဘဲ ပြောလိုက်၏။
“ကျုပ် ခင်ဗျားရဲ့ ဆေးလုံး ပြဿနာကို တစ်ကြိမ်ပဲ ပြောမယ်... သေချာ မှတ်ထားလိုက်”
“ဟုတ်ကဲ့ပါ စီနီယာ... လမ်းညွှန်ပေးပါဦး ခင်ဗျာ”
ရွှေချုန်းသည် အသစ်စက်စက် တပည့်တစ်ဦးအလား ရိုသေစွာဖြင့် တောင်းဆိုလိုက်တော့သည်။
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ထန်ထိုင်ကျုံးတယ်နှင့် ထိုင်ခုံများပေါ်ရှိ ဂိုဏ်းချုပ်အားလုံးမှာမူ ထန်ယွင်နှင့် ရွှေချုန်းတို့ ဘာတွေ ပြောနေကြသည်ကို မသိကြသော်လည်း ရွှေချုန်း၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူသည် ထန်ယွင်အပေါ် အလွန်အမင်း ရိုသေလေးစားနေသည်မှာ သိသာလှပေသည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... သံတမန်ထန်က ဒီလောက် ငယ်ငယ်လေးကို သူရဲ့ ဆေးပညာ ကျွမ်းကျင်မှုက ဂိုဏ်းချုပ်ရွှေထက်တောင် ပိုပြီး မြင့်မားနေလို့လား”
“ဟုတ်တယ်... မယုံနိုင်စရာပဲ... ဟောင်ဖူနတ်ဘုရားဂိုဏ်းက တကယ်ကို နတ်ဘုရားတွေ ကိန်းဝပ်ရာ နေရာပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ တုန်းက ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေရဲ့ အကြီးဆုံး ဂိုဏ်းကြီး ၃ ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တာ မဆန်းပါဘူး... အခု ဝိညာဉ်သန္ဓေအဆင့် ၉ တပည့် တစ်ယောက်ကတောင် ဂိုဏ်းချုပ်ရွှေကို အညှို့ခံထားရသလို ဖြစ်အောင် လုပ်နိုင်နေပြီပဲ”
“...”
ထိုင်ခုံများပေါ်ရှိ ဂိုဏ်းချုပ်ပေါင်း ထောင်ချီမှာ ငြိမ်သက်ခြင်း မရှိကြတော့ဘဲ စင်ပေါ်ရှိ ထန်ယွင်နှင့် ရွှေချုန်းတို့ နှစ်ဦးကိုသာ စိုက်ကြည့်နေကြတော့သည်။
အခန်း ၄၁၄ ပြီး