လေလံစင်မြင့်ထက်တွင် ရွှေချုန်း၏ မျှော်လင့်တကြီး စောင့်ကြည့်နေမှုအောက်၌ ထန်ယွင်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
“အခုကြည့်ရတာတော့ ဂိုဏ်းချုပ်ရွှေဟာ အလယ်အလတ်အဆင့် ယာဇွန်ဆေးလုံး အမျိုးမျိုးကို ဖော်စပ်နိုင်နေပြီဆိုတာ သိသာပါတယ်... ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျားရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဆေးနည်းထဲမှာ ‘နှစ်တစ်ထောင် မိစ္ဆာနှလုံးသားမြက်’ ဆိုတဲ့ ဆေးမြက်တစ်မျိုး ပါဝင်နေတယ်... ဟုတ်တယ်မလား”
“ဟုတ်ပါတယ်... ဟုတ်ပါတယ် စီနီယာ... စီနီယာက တကယ်ကို အစွမ်းထက်တာပဲ၊ ဆေးလုံးကို ကြည့်ရုံနဲ့ ကျွန်တော်မျိုးရဲ့ ဆေးနည်းကိုတောင် သိနေပြီပဲ”
ရွှေချုန်းက စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ဦးညွှတ်လိုက်ပြီး... “လမ်းညွှန်ပေးပါဦး စီနီယာ”
ထန်ယွင်က ဆက်ပြောလိုက်၏။
“မိစ္ဆာနှလုံးသားမြက်ဟာ ဓာတ်ကြီး ၅ ပါးမှာ မီးဓာတ်ဖြစ်ပြီး အဲ့ဒီမီးဟာ ယင်ဓာတ် ပါဝင်တယ်၊ အဲ့ဒီဆေးမြက်ကို အဓိကထားပြီး တခြားသော ဆေးမြက် ၆၈ မျိုးနဲ့ ပေါင်းစပ်ပြီး ထိပ်တန်းအဆင့် ‘ဖျက်ဆီးခြင်း မိစ္ဆာဆေးလုံး’ ကို ဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ခက်ခဲမှုက ၃ ဆလောက် ပိုများသွားလိမ့်မယ်”
“တကယ်လို့ ခင်ဗျားက နှစ် ၁,၀၀၀ ကြာ မိစ္ဆာနှလုံးသားမြက် နေရာမှာ နှစ် ၁,၃၀၀ ကြာ ‘မိစ္ဆာသတ်ပန်း’ ကို အစားထိုးလိုက်မယ်ဆိုရင်တော့ ခင်ဗျားရဲ့ ဆေးပညာ ကျွမ်းကျင်မှုနဲ့ဆို ထိပ်တန်းအဆင့် ဆေးလုံးကို ဖော်စပ်ဖို့ ပြဿနာ မရှိတော့ဘူးလို့ ကျုပ် ယုံကြည်တယ်”
ရွှေချုန်း၏ အိုမင်းသော ခန္ဓာကိုယ်ကြီးမှာ တုန်ယင်သွားပြီး ဦးညွှတ်ရာမှ ပြန်မထသေးဘဲ မေးလိုက်၏။
“စီနီယာ... ကျွန်တော်မျိုးမှာ နားမလည်တာလေး တစ်ခု ရှိနေလို့ပါ... လမ်းညွှန်ပေးပါဦး”
“ပြောပါ”
“စီနီယာ... မိစ္ဆာသတ်ပန်းဟာ ဓာတ်ကြီး ၅ ပါးမှာ မီးဓာတ် ဖြစ်ပေမဲ့ သူ့ရဲ့ မီးကတော့ ယန်ဓာတ် ဖြစ်နေပါတယ်... အဲ့ဒါက မိစ္ဆာနှလုံးသားမြက်ရဲ့ ယင်မီးနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာလေ... အဲ့ဒါကို အောင်မြင်အောင် ဖော်စပ်နိုင်ပါ့မလား ခင်ဗျာ” ရွှေချုန်းက ရိုသေသေ မေးမြန်းလိုက်သည်။
ထန်ယွင်က အသာအယာ ပြုံးလိုက်၏။
“ဂိုဏ်းချုပ်ရွှေ... ခင်ဗျား ပြောတာ မှန်ပါတယ်... မိစ္ဆာသတ်ပန်းဟာ တကယ်တော့ ယန်မီး ဖြစ်နေတာပါ၊ ဒါပေမဲ့ မမေ့ပါနဲ့... ခင်ဗျားရဲ့ ဆေးနည်းထဲမှာ အဆင့် ၉ ရှိတဲ့ ‘ယင်ယန်နတ်မြက်’ ပါဝင်နေတယ် မဟုတ်လား... အဲ့ဒီ ဆေးမြက်နဲ့ ဓာတ်ညှိလိုက်ရင် မိစ္ဆာသတ်ပန်းကို ဘာလို့ သုံးလို့ မရရမှာလဲ”
ရွှေချုန်းက သူ့နဖူးကို ဘုန်းခနဲ ရိုက်လိုက်ပြီးနောက် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
“စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ... ကျွန်တော်မျိုး တကယ်ကို ကျေးဇူးတင်ပါတယ်... နောင်တစ်ချိန်မှာ စီနီယာ ခိုင်းစရာရှိရင် ကျွန်တော်မျိုး အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်”
“ရပါတယ်”
ထန်ယွင်က ပြုံးလျက် ပြောလိုက်၏။
“ကဲ... တခြား မေးစရာ မရှိတော့ရင်တော့ ဂိုဏ်းချုပ်ရွှေ ပြန်ထိုင်နိုင်ပါပြီ”
“ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ရွှေချုန်းက အသံလုံအတားအဆီးကို ဖယ်ရှားလိုက်ပြီးနောက် ဂိုဏ်းချုပ်များကို လှည့်ကြည့်ကာ လက်အုပ်ချီလျက် ပြောလိုက်သည်။
“အားလုံးပဲ... သံတမန်ထန်ဟာ တကယ့်ကို ဆေးပညာရှင်ကြီး တစ်ဦးပါပဲ... ဒီနေ့ ကျုပ် ဟောင်ဖူနတ်ဘုရားဂိုဏ်းကို လာခဲ့တာဟာ အကြီးမားဆုံးသော အကျိုးကျေးဇူးတွေကို ရရှိလိုက်တာပါပဲ”
ရွှေချုန်းက ရယ်မောလျက် လေလံစင်မြင့်ပေါ်မှ ဆင်းသက်ကာ သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ ထန်ယွင်အပေါ် အကြွင်းမဲ့ လေးစားမှုများဖြင့် ပြည့်နှက်နေတော့၏။
ဤအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးရှိ ဂိုဏ်းချုပ်ပေါင်း ထောင်နှင့်ချီ၏ ထန်ယွင်ကို ကြည့်သော အကြည့်များမှာ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ရွှေချုန်းကဲ့သို့ ပုဂ္ဂိုလ်ကပင် ထန်ယွင်ကို ‘စီနီယာ’ ဟု ခေါ်ဆိုနေမှတော့ ထန်ယွင်သည် တကယ့်ကို အစွမ်းအစ ဖုံးကွယ်ထားတဲ့ ပညာရှင်ကြီး တစ်ဦးလားဟု သူတို့အားလုံး တွေးတောမိကြတော့သည်။
သူက ဝိညာဉ်သန္ဓေအဆင့် ၉ မှာပဲ ကျင့်ကြံမှုကို နှိမ်ထားတာလား။
မဟုတ်လျှင် ဝိညာဉ်သန္ဓေအဆင့် တပည့်တစ်ယောက်က ဘယ်လိုလုပ် ရွှေချုန်းထက် ပိုပြီး ဆေးပညာ ကျွမ်းကျင်နေပါမည်နည်း။
ရွှေချုန်းဆိုသည်မှာ ကောင်းကင်ပြစ်ဒဏ် တောင်တန်းများ၏ အလယ်ပိုင်းတွင် အလွန်ကျော်ကြားလှသော ယွီဟွာဆေးဝါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို အဆင့်မြင့် ဆေးပညာရှင် တစ်ဦးလည်း မဟုတ်ပါလော။
“ဝုန်း”
ထန်ထိုင်ကျုံးတယ်က အသံလုံအတားအဆီးကို အသုံးပြုပြီး မျှော်လင့်တကြီး မေးလိုက်၏။
“ထန်ယွင်... ဘယ်လို အခြေအနေလဲ၊ မင်းက သူတော်စင်အဆင့် မဟာဆေးပညာရှင်ကြီး တစ်ဦး မဟုတ်ဘူးလား”
ထန်ယွင်က လှည့်ကြည့်ကာ လေးစားစွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... အဲ့ဒီနေ့က ထာဝရနတ်ဘုရားဂိုဏ်းမှာတုန်းက တပည့် ဂိုဏ်းချုပ်ကို လိမ်ညာခဲ့မိပါတယ်... အမှန်တော့ တပည့်ဟာ ဆရာ့ဆီကနေ စစ်မှန်တဲ့ အမွေအနှစ်ကို ရရှိထားတာမို့လို့ အခု တပည့်ဟာ ထိပ်တန်းအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်နေပါပြီ”
“အဲ့ဒီနေ့က တပည့် အမှန်အတိုင်း မပြောခဲ့တာကတော့ တပည့်ရဲ့ ဆေးပညာ ကျွမ်းကျင်မှုကို ရန်သူတွေ သိသွားရင် တပည့်အတွက် အန္တရာယ် ရှိလာမှာ စိုးရိမ်လို့ပါ... ဒါကြောင့် တပည့်ဟာ သူတော်စင်အဆင့် မဟာဆေးပညာရှင်ကြီး တစ်ဦးပါလို့ပဲ ပြောခဲ့တာပါ”
ထိုစကားကို ကြားရသည့်အခါ ထန်ထိုင်ကျုံးတယ်က ရုတ်တရက် ထရပ်လိုက်ပြီး ထန်ယွင်၏ ပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် တုန်ယင်သော အသံဖြင့် မေးလိုက်၏။
“မင်း... မင်း ဘာပြောလိုက်တယ်... ထိပ်တန်းအဆင့် ဆေးပညာရှင် ဟုတ်လား”
“ဟုတ်ပါတယ်”
ထန်ယွင်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
“ဟားဟားဟား”
ထန်ထိုင်ကျုံးတယ်က ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ့ရင်ထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွား၏။
‘ထန်ယွင်... ဒီကောင်လေးက ဒီလောက် ငယ်ငယ်လေးနဲ့ ထိပ်တန်းအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်နေတာလား’
‘ငါကတော့ ရတနာတစ်ပါးကို ရှာတွေ့ခဲ့ပြီပဲ... ဟားဟားဟား... ဒီလောက် ဆေးပညာ ပါရမီ ပါတဲ့သူမျိုးကို တစ်ခုလုံးသော ကောင်းကင်ပြစ်ဒဏ် တိုက်ကြီးမှာတောင် ဒုတိယတစ်ယောက် ရှာတွေ့ဖို့ မလွယ်ဘူး’
‘ငါ့ရဲ့ အနာဂတ် သမက်လောင်းလေး... သမက်ကောင်းလေးပဲ’
ထိုသို့ တွေးမိသည်နှင့် ထန်ထိုင်ကျုံးတယ်က ထန်ယွင်၏ ပခုံးကို အဓိပ္ပာယ်ပါပါ ပုတ်လိုက်ပြီး -
“ထန်ယွင်... နောင်တစ်ချိန်မှာ မင်းအတွက် နေရာကောင်းတစ်ခု ရှိစေရမယ်၊ ကြိုးစားစမ်းပါ”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ထန်ယွင်က လေးစားစွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... တပည့်ရဲ့ ဆေးပညာ ကျွမ်းကျင်မှုအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး... တပည့် တခြားသူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှာ စိုးလို့ပါ”
“စိတ်မပူပါနဲ့... ဒီဂိုဏ်းချုပ်က ဘယ်သူ့ကိုမှ မပြောပါဘူး”
ထန်ထိုင်ကျုံးတယ်က ရယ်မောလျက် အသံလုံအတားအဆီးကို ဖယ်ရှားလိုက်ပြီးနောက် သူ့ထိုင်ခုံတွင် ပြန်ထိုင်ကာ ပြောလိုက်၏။
“ထန်ယွင်... မင်း ဆက်ပြီးတော့ ဆောင်ရွက်နိုင်ပါပြီ”
ထန်ယွင်က အမိန့်ကို ခံယူပြီးနောက် ဂိုဏ်းချုပ်များကို လှည့်ကြည့်လိုက်သည်။ ထိုစဉ် ထိုင်ခုံများပေါ်မှ ထွားကျိုင်းသော လူတစ်ဦး ထရပ်လိုက်ပြီး ထန်ယွင်ကို အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။
“စီနီယာ... ကျွန်တော်မျိုးက လုံယွန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုံအောက်ထျန်း ပါ၊ စီနီယာက ဆေးပညာမှာ ဒီလောက် တော်နေမှတော့ လက်နက်ဖော်စပ်ခြင်း ပညာမှာရော ဗဟုသုတ ရှိပါသလား ခင်ဗျာ”
“တကယ်လို့ မရှိဘူးဆိုရင်လည်း စီနီယာတို့ ဂိုဏ်းက အဆင့်မြင့် လက်နက်ပညာရှင်ကြီး တစ်ဦးလောက်ကို ခေါ်ပြီး ကျွန်တော်မျိုးကို လမ်းညွှန်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ထန်ထိုင်ကျုံးတယ်က ထိုစကားကို ကြားသည့်အခါ သူ့ဘေးရှိ ထန်ထိုင်ချန်ယွမ်ကို လက်နက်အဖွဲ့ ခေါင်းဆောင်အား ခေါ် ခိုင်းဖို့ ပြင်လိုက်စဉ်မှာပင် သူ ဆွံ့အသွားရပြန်သည်။
မြင်လိုက်ရသည်မှာ ထန်ယွင်က ခွန်းတုံ့ပြန်လိုက်ခြင်းပင်။
“လုံဂိုဏ်းချုပ်... ခင်ဗျား အရင်ဆုံး မေးခွန်းကို မေးကြည့်ပါဦး... တကယ်လို့ ဒီသံတမန်က မဖြေနိုင်ဘူးဆိုရင်လည်း ခင်ဗျားအတွက် လူတစ်ယောက် ရှာပေးဖို့ မနှောင်းသေးပါဘူး”
‘ဟင်... ထန်ယွင်က လက်နက်ဖော်စပ်ခြင်း ပညာကိုပါ သိနေတာလား’
ထန်ထိုင်ကျုံးတယ်မှာ ထပ်ခါတလဲလဲ အံ့ဩနေရတော့သည်။
“ဟုတ်ကဲ့ပါ စီနီယာ”
လုံအောက်ထျန်းက လေလံစင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီး ပါးစပ်ကို ဖွင့်လိုက်ရာ ရဲရဲနီနေသော အလင်းတန်းတစ်ခု သူ့ပါးစပ်မှ ထွက်ပေါ်လာပြီး မီးလျှံများ တောက်လောင်နေသော ‘ဖန်ထျန်းဟွာ လှံရှည်’ တစ်ခုအဖြစ် ပြောင်းလဲကာ ထန်ယွင်၏ ရှေ့တွင် ဆိုင်းငံ့နေတော့သည်။
“စီနီယာ... ကျွန်တော်မျိုးဟာ ‘ဖန်ထျန်းဟွာ လှံရှည်’ အချို့ကို တစ်ခုပြီးတစ်ခု ဖော်စပ်ခဲ့ပေမဲ့ အဲ့ဒါတွေက အမြဲတမ်း အလယ်အလတ်အဆင့် ယာဇွန်လက်နက်တွေထဲမှာ အညံ့စားတွေပဲ ဖြစ်နေလို့ပါ”
လုံအောက်ထျန်းက ဦးညွှတ်ကာ ပြောလိုက်၏။
“အဲ့ဒါကြောင့် စီနီယာအနေနဲ့ ကျွန်တော်မျိုးကို လမ်းညွှန်ပေးပါဦး ခင်ဗျာ”
ထန်ယွင်က သူ့ညာဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး လှံရှည်ကို ကိုင်ဆောင်ကာ သေချာစွာ ကြည့်လိုက်သည်။ သူက လှံကို အလေးချိန် တွက်ဆကြည့်ပြီးနောက် ပြောလိုက်၏။
“ဒီဖန်ထျန်းဟွာ လှံရှည်ဟာ အလေးချိန် ၁၈၀,၀၀၀ ကီလိုဂရမ် ရှိတယ်... ကျုပ် မမှားဘူးဆိုရင်တော့ ဒါကို ‘နှစ်တစ်သောင်းကြာ နက်နဲသော မီးလျှံသံ’ နဲ့ ဖော်စပ်ထားတာ ဖြစ်ရမယ်”
“ဟုတ်ပါတယ်... ဟုတ်ပါတယ် ခင်ဗျာ”
လုံအောက်ထျန်းက အလျင်အမြန် ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။
ထန်ယွင် ထပ်မံ ပြောလိုက်၏။
“ဒီလှံရှည်ကို ကြည့်ခြင်းအားဖြင့် ခင်ဗျားရဲ့ လက်နက်ဖော်စပ်ခြင်း နည်းပညာက ကျွမ်းကျင်မှု မရှိသေးဘူးဆိုပေမဲ့ မဆိုးဘူးလို့တော့ ပြောလို့ ရပါတယ်”
“ခင်ဗျား ခုနက ပြောသလို လှံတံ အချို့ဟာ အမြဲတမ်း အလယ်အလတ်အဆင့် လက်နက်တွေထဲမှာ အညံ့စားတွေပဲ ဖြစ်နေရတာကတော့... ပြဿနာ တစ်ခုတည်းကြောင့်ပဲ ဖြစ်လိမ့်မယ်”
“စီနီယာ... အဲ့ဒါက ဘာပြဿနာများလဲ ခင်ဗျာ”
လုံအောက်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်ရင်း မေးလိုက်သည်။
“လုံဂိုဏ်းချုပ်... ခင်ဗျားရဲ့ မွေးရာပါ အစစ်အမှန်မီးလျှံ ကို ထုတ်ပြစမ်းပါဦး”
ထန်ယွင်က တစ်စုံတစ်ခုကို တွေးတောရင်း ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
လုံအောက်ထျန်းက ပါးစပ်ကို ဖွင့်လိုက်ရာ ရဲရဲနီနေသော မီးလျှံတစ်ခု ပါးစပ်မှ ထွက်ပေါ်လာပြီး ထန်ယွင်၏ ရှေ့တွင် ဖြည်းညှင်းစွာ တောက်လောင်နေတော့သည်။
“စီနီယာ... သတိထားပါ၊ အပူရှိန်က အရမ်း မြင့်ပါတယ်”
လုံအောက်ထျန်းက ထန်ယွင်သည် လက်ညှိုးကို ဆန့်ထုတ်ကာ သူ့မီးလျှံကို ထိရန် ကြိုးစားနေသည်ကို မြင်သည့်အခါ အလျင်အမြန် သတိပေးလိုက်၏။
“ကိစ္စမရှိပါဘူး”
ထန်ယွင်၏ ညာဘက်လက်ဖဝါးတွင် ဟုန်မန်မီးလျှံ ရှိနေသဖြင့် သူသည် မည်သည့် မီးလျှံကိုမျှ ကြောက်စရာ မလိုပေ။
ဂိုဏ်းချုပ်များ၏ တုန်လှုပ်နေသော အကြည့်အောက်တွင် ထန်ယွင်က လက်ညှိုးကို မီးလျှံအတွင်းသို့ ထည့်လိုက်ပြီး ခေတ္တမျှ ခံစားကြည့်လိုက်သည်။ ၎င်းနောက် သူ့လက်ညှိုးကို ပြန်ထုတ်လိုက်ပြီး ဘယ်ဘက်လက်ထဲရှိ လှံရှည်ကို လုံအောက်ထျန်းထံသို့ လွှင့်ပစ်ပေးလိုက်၏။
“စီနီယာ... တစ်စုံတစ်ခုသော ပြဿနာကို မြင်ပါသလား ခင်ဗျာ”
လုံအောက်ထျန်းက ရိုရိုသေသေ ပြုံးလျက် မေးလိုက်သည်။
ထန်ယွင်က တည်ငြိမ်စွာပင် ပြောလိုက်၏။
“ခင်ဗျားရဲ့ မွေးရာပါ မီးလျှံထဲမှာ ခင်ဗျား ပေါင်းစပ်ထားတဲ့ မီးဓာတ်ဟာ ရေခဲဓာတ်ထက် ၃ ဆလောက် ပိုများနေတယ်”
“လုံဂိုဏ်းချုပ်... ခင်ဗျားအနေနဲ့ အဲ့ဒီလို မီးလျှံမျိုးနဲ့ အလယ်အလတ်အဆင့် လက်နက်ကို အညံ့စားအနေနဲ့ ဖော်စပ်နိုင်တာကတောင် တကယ်ကို အံ့ဩဖို့ ကောင်းနေပါပြီ”
“အာ...”
လုံအောက်ထျန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် -
“သံတမန်ထန် ပြောတာက... ကျွန်တော်မျိုးရဲ့ မွေးရာပါ မီးလျှံမှာ ပြဿနာ ရှိနေတယ်လို့ ဆိုလိုတာလား ခင်ဗျာ”
အခန်း ၄၁၅ ပြီး