“မဟုတ်ရင် ခင်ဗျားက ဘာထင်လို့လဲ”
ထန်ယွင်က ဘာပြောရမှန်းမသိဘဲ ဆိုလိုက်၏။
“စီနီယာ... ကျွန်တော်မျိုးကို လမ်းညွှန်ပေးပါဦး ခင်ဗျာ”
လုံအောက်ထျန်းက အလျင်အမြန် ဦးညွှတ်လိုက်သည်။
ထန်ယွင်က ပြောလိုက်၏။
“မှတ်ထားပါ... လက်နက်ဖော်စပ်တဲ့ မီးလျှံထဲမှာ မီးဓာတ်နဲ့ ရေခဲဓာတ်ရဲ့ အကောင်းဆုံး အချိုးအစားဟာ ၂ အချိုး ၃ ပဲ ဖြစ်ရမယ်... သေချာတာကတော့ ဒီအချိုးအစားဟာ အဆင့်တူညီတဲ့ မီးဓာတ်နဲ့ ရေခဲဓာတ်ကိုပဲ ဆိုလိုတာပါ”
“တခြား ဘာပြောစရာ ရှိသေးလဲ”
လုံအောက်ထျန်းမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။
“ဆိုလိုတာက... ကျွန်တော်မျိုးရဲ့ မွေးရာပါ မီးလျှံထဲမှာ ခင်ဗျားပြောတဲ့ အချိုးအစားအတိုင်း မီးဓာတ်နဲ့ ရေခဲဓာတ်ကို ပေါင်းစပ်လိုက်မယ်ဆိုရင် ကျန်တဲ့ နည်းပညာတွေနဲ့ဆို အဆင့်မီတဲ့ အလယ်အလတ်အဆင့် ယာဇွန်လက်နက်ကို ဖော်စပ်နိုင်မှာလား ခင်ဗျာ”
“ခင်ဗျား ယုံရင်တော့ ကျုပ်ပြောသလို လုပ်ပါ... မယုံရင်တော့ အေးအေးဆေးဆေးပဲ ဆက်ပြီး လေ့လာနေလိုက်ပေါ့”
ထန်ယွင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“ဒါပါပဲ”
“စီနီယာ... ဒေါသဖြေပါဦး... ကျွန်တော်မျိုးက စီနီယာကို သံသယဖြစ်တာ မဟုတ်ပါဘူး... ကျွန်တော်မျိုးက...”
လုံအောက်ထျန်း၏ စကားမဆုံးမီမှာပင် ထန်ယွင်က နှုတ်ခမ်းဆူကာ မေးလိုက်သည်။
“ဒါဆိုရင် ကျုပ် မေးပါရစေ... ခင်ဗျား တခြား အလယ်အလတ်အဆင့် ယာဇွန်လက်နက်တွေကိုရော ဖော်စပ်ဖူးလား”
“ဖော်စပ်ဖူးပါတယ်”
လုံအောက်ထျန်းက ဆိုလိုက်၏။
“တခြား ဖော်စပ်ထားတဲ့ အလယ်အလတ်အဆင့် လက်နက်တွေကတော့ အဆင့်မီပါတယ် ခင်ဗျာ”
“ခင်ဗျား သေချာလား”
ထန်ယွင် ရယ်ချင်သွားသည်။
“ကျွန်တော်မျိုး သေချာပါတယ်”
လုံအောက်ထျန်းက ချက်ချင်းပင် ချန်ခွန်းလက်စွပ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူကာ ထန်ယွင်ထံ ကမ်းပေးလိုက်၏။
“စီနီယာ... ကြည့်ပေးပါဦး ခင်ဗျာ”
ထန်ယွင်က ဓားကို လှမ်းမယူဘဲ ဓားပျံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ပြောလိုက်၏။
“ထားလိုက်ပါတော့... ကျုပ်လည်း ခင်ဗျားကို အများကြီး ပြောမနေချင်တော့ပါဘူး”
“ကျုပ် ခင်ဗျားကို မေးမယ်... ခင်ဗျား အလယ်အလတ်အဆင့် လက်နက်ပညာရှင်အဖြစ် တက်လှမ်းခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၅၀ ထက် မပိုသေးဘူး မဟုတ်လား”
လုံအောက်ထျန်း၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ တုန်ယင်သွားပြီး အော်ဟစ်လိုက်တော့သည်။
“စီနီယာ... စီနီယာက တကယ်ကို နတ်ဘုရားတစ်ပါးလိုပဲ... ဒါကိုတောင် မြင်နိုင်တာလား”
ထန်ယွင်မှာ ပို၍ပင် ဘာပြောရမှန်း မသိဖြစ်သွားရသည်။
“လုံဂိုဏ်းချုပ်... ခင်ဗျားဖော်စပ်ထားတဲ့ ဒီဓားဟာ အဆင့်မီတာ မဟုတ်ဘူး... ဒါဟာလည်း အညံ့စားပဲ”
“ခင်ဗျားရဲ့ ဆုံးဖြတ်ချက် မှားနေတာပဲ... ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ခင်ဗျားရဲ့ မွေးရာပါ မီးလျှံကို အရင် ပြုပြင်လိုက်ဦး... မဟုတ်ရင်တော့ ခင်ဗျား သေတဲ့အထိ အဆင့်မီတဲ့ အလယ်အလတ်အဆင့် လက်နက်တစ်ခုကိုတောင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားရသည့်အခါ လုံအောက်ထျန်းမှာ စိတ်မဆိုးသည့်အပြင် ထန်ယွင်ကို အလေးအနက် ဦးညွှတ်လိုက်တော့သည်။
“စီနီယာရဲ့ စကားတစ်ခွန်းဟာ ကျမ်းစာအုပ်ပေါင်း သောင်းချီဖတ်ရတာထက် ပိုပြီး တန်ဖိုးရှိပါတယ်... ကျွန်တော်မျိုး အလွန်ပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ... စီနီယာအနေနဲ့ အားလပ်တဲ့ အချိန်ကျရင် ကျုပ်ရဲ့ လုံယွန်းဂိုဏ်းကိုလည်း လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်”
“အင်း... အချိန်ရရင် ကျုပ် လာခဲ့ပါ့မယ်၊ အခုတော့ ပြန်ထိုင်ပါဦး”
ထန်ယွင်က ပြုံး၍ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ စီနီယာ”
လုံအောက်ထျန်းက သူ့လှံရှည်ကို သိမ်းဆည်းလိုက်ပြီးနောက် လေလံစင်မြင့်ပေါ်မှ ဆင်းသက်ကာ နေရာတွင် ပြန်ထိုင်လိုက်သည်။ သူ အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် ထိုင်ခုံပေါ်တွင်ပင် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ဖြစ်နေ၏။ လုံယွန်းဂိုဏ်းသို့ အမြန်ဆုံး ပြန်သွားပြီး သူ့မွေးရာပါ မီးလျှံကို ပြုပြင်ရန်သာ စိတ်အားထက်သန်နေတော့သည်။
“ထန်ယွင်... ဒီကို လာခဲ့ဦး”
ထန်ထိုင်ကျုံးတယ်၏ မျက်လုံးများမှာ တောက်ပနေပြီး အသံမှာလည်း တုန်ယင်နေ၏။
“ဒီဂိုဏ်းချုပ်မှာ မင်းကို မေးစရာ ရှိလို့”
ထန်ယွင် လမ်းလျှောက်သွားလိုက်သည်။ ထန်ထိုင်ကျုံးတယ် ဘာမေးမည်ကို သူ ခန့်မှန်းနိုင်သော်လည်း သူကိုယ်တိုင် အရင်ဦးအောင် မပြောပေ။ လူတစ်ယောက်သည် ပါးနပ်လွန်းလျှင် တခြားသူ၏ အကဲခတ်ခြင်းကို လွယ်လွယ်ကူကူ မခံရနိုင်ကြောင်း သူ သိထားသည် မဟုတ်ပါလော။
ထန်ထိုင်ကျုံးတယ်က အသံလုံအတားအဆီးကို ထပ်မံ အသုံးပြုလိုက်ပြီး တုန်လှုပ်နေသော အမူအရာဖြင့် မေးလိုက်၏။
“မင်းက လက်နက်ဖော်စပ်ခြင်း ပညာမှာလည်း ဆရာတစ်ယောက် ဖြစ်နေတာလား... ပြောစမ်းပါဦး... မင်းရဲ့ လက်နက်ဖော်စပ်မှုက ဘယ်အဆင့်အထိ ရောက်နေပြီလဲ”
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်ဟာ သန့်စင်အဆင့် လက်နက်ပညာရှင် တစ်ဦး ဖြစ်ပါတယ်”
ထန်ယွင်က လေးစားစွာ ပြောလိုက်၏။
“ဘာ”
သူ ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း။
ထန်ယွင်၏ အသက်ကို မေးဖူးရာ ၂၂ နှစ်သာ ရှိသေးကြောင်း ပြောခဲ့သည် မဟုတ်ပါလော။
ထန်ယွင်က ဦးညွှတ်လိုက်ပြီးနောက် ထန်ထိုင်ကျုံးတယ်အား သူ့ထိုင်ခုံမှ လွင့်ထွက်သွားစေမည့် စကားတစ်ခွန်းကို ထပ်မံ ပြောလိုက်ပြန်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်ဟာ ထိပ်တန်းအဆင့် ဆေးပညာရှင်၊ သန့်စင်အဆင့် လက်နက်ပညာရှင် ဖြစ်ရုံတင်မကဘဲ... သခင်အဆင့် လက်နက်အစီအရင်ပညာရှင်နဲ့ သခင်အဆင့် အစီအရင် ပညာရှင်လည်း ဖြစ်ပါတယ် ခင်ဗျာ”
ထန်ယွင်၏ စကားများမှာ ဧရာမ ဗုံးကြီးများအလား ထန်ထိုင်ကျုံးတယ်၏ ဦးနှောက်တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
ပညာ ၄ မျိုးလုံးမှာ ထိပ်တန်းအဆင့် ဟုတ်လား၊ ဒါက ဘာကို ဆိုလိုတာလဲ။
ပညာ ၄ မျိုးလုံးတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေခြင်းမှာ နတ်ဘုရားဂိုဏ်းရှိ လက်နက်၊ ဆေးဝါး၊ အစီအရင်နှင့် လက်နက်အစီအရင် အုပ်စုကြီး ၄ ခု၏ ခေါင်းဆောင်များနှင့်ပင် ယှဉ်နိုင်သည့် အခြေအနေ မဟုတ်ပါလော။
ထို့အပြင် ထန်ယွင်က ဒါတွေ အားလုံးကို တပြိုင်နက် တတ်မြောက်နေခြင်းပင်။
ထန်ထိုင်ကျုံးတယ်မှာ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင်ဘဲ ရှိနေသည်။
ထိုင်ခုံများပေါ်ရှိ ဂိုဏ်းချုပ်ပေါင်း ထောင်ချီမှာလည်း ဆွံ့အနေကြ၏။
ထန်ယွင်နှင့် ထန်ထိုင်ကျုံးတယ်တို့ ဘာတွေ ပြောနေကြသည်ကို သူတို့ မကြားရသော်လည်း ထန်ထိုင်ကျုံးတယ်၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဂုဏ်သရေရှိလှသော ရှေးဟောင်းဂိုဏ်းကြီး၏ ဂိုဏ်းချုပ်မှာ သူ့လူယုံတစ်ဦးကြောင့် အကြီးအကျယ် တုန်လှုပ်နေရကြောင်း သူတို့ မြင်တွေ့နေရသည်။
ဂိုဏ်းချုပ်များ ကိုယ်စီ တွေးတောနေကြစဉ်မှာပင် ထန်ယွင်၏ အသံက ထန်ထိုင်ကျုံးတယ်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
“ဂိုဏ်းချုပ်... အစောပိုင်းက ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ပညာ ၄ မျိုး ပြိုင်ပွဲမှာ တပည့်အနေနဲ့ တခြားသော အုပ်စုတွေကို ကိုယ်စားပြုပြီး မတိုက်ခိုက်ဘဲ ဖုံးကွယ်ထားခဲ့မိတဲ့အတွက် တပည့်ကို ခွင့်လွှတ်ပါ”
“ဘာလို့လဲဆိုတော့ တပည့်ရဲ့ ဆရာက လူ့စိတ်ဆိုတာ ကြောက်စရာကောင်းတယ်... တကယ်ပဲ ယုံကြည်ရတဲ့သူနဲ့ မဆုံမချင်း ဒါတွေကို လျှို့ဝှက်ထားရမယ်လို့ မှာကြားထားခဲ့လို့ပါ”
“ပြီးတော့ တပည့် အခုလို အောင်မြင်မှုတွေ ရခဲ့တာကတော့... တပည့်ရဲ့ ဆရာဟာ တပည့်အတွက် အချိန်နဲ့ ဟင်းလင်းပြင်ကို ပြောင်းပြန်လှန်ပေးပြီး အဲ့ဒီ အချိန်နဲ့ ဟင်းလင်းပြင်အတွင်းမှာ ပညာ ၄မျိုးလုံးကို သင်ကြားပေးခဲ့လို့ပါ ခင်ဗျာ”
ထန်ယွင်၏ စကားထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေ၏။ ၎င်းမှာ ထန်ထိုင်ကျုံးတယ်ကို ‘ကျုပ် ခင်ဗျားကို အတော်လေး ယုံကြည်ပါတယ်’ ဟု ပြောနေခြင်းဖြစ်သလို၊ ‘ကျုပ်ရဲ့ အနောက်မှာ အစွမ်းထက်တဲ့ ဆရာတစ်ယောက် ရှိနေတယ်’ ဟု သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ထန်ထိုင်ကျုံးတယ်က သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ခေါင်းညိတ်လိုက်၏။
“ဒီဂိုဏ်းချုပ် နားလည်ပါပြီ... မင်း အများကြီး ရှင်းပြမနေပါနဲ့တော့”
“ကောင်းပြီ... သိပ်ကောင်းတာပဲ... ငါ့ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းမှာ မင်းလိုလူ ရှိနေတာဟာ တကယ့်ကို ကံကောင်းခြင်းပါပဲ”
ဤအခိုက်အတန့်တွင် ထန်ထိုင်ကျုံးတယ်မှာ အများကြီး တွေးတောနေမိသည်။
သူသည် နောင်တစ်ချိန်တွင် ထန်ယွင်သာ ဤပညာ ၄ မျိုးလုံး၌ ပိုမို ကျွမ်းကျင်လာပြီး နတ်ဘုရားဂိုဏ်းမှ ဆေးဝါး၊ လက်နက်၊ လက်နက်အစီအရင်နှင့် အစီအရင် အုပ်စု၄ ခု၏ ခေါင်းဆောင်များကိုပင် ကျော်လွန်သွားနိုင်ခဲ့လျှင် ထန်ယွင်သည် သူ၏ အားအကိုးရဆုံးသော လျှို့ဝှက်လက်နက် ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထိုလျှို့ဝှက်လက်နက်သည်ပင် ဤအုပ်စု ၄ ခုလုံးကို ပေါင်းစည်းပေးနိုင်မည့် ထက်မြက်သော ဓားတစ်လက် ဖြစ်လာပေလိမ့်မည်။
ထန်ထိုင်ကျုံးတယ် ဆုံးဖြတ်ချက် ချပြီးနောက် ပြုံး၍ ပြောလိုက်၏။
“စိတ်မပူပါနဲ့... မင်းရဲ့ ကိစ္စတွေကို ဒီဂိုဏ်းချုပ်က ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး”
“ဟုတ်ကဲ့ပါ”
ထန်ယွင်က လေးစားစွာ ပြောလိုက်သည်။
“ကဲ... မင်း ဆက်ပြီးတော့ ဆောင်ရွက်နိုင်ပါပြီ”
ထန်ထိုင်ကျုံးတယ်က ပြုံးလျက် ပြန်ထိုင်လိုက်၏။ သူသည် ထန်ယွင်၏ ကျောပြင်ကို ကြည့်ကာ လှိုက်လှိုက်လှဲလှဲ ပြုံးနေမိတော့သည်။ ထန်ယွင်ကို ကြည့်နေရင်း ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အနာဂတ်ကို မြင်တွေ့နေရသကဲ့သို့ပင်။
ညဉ့်နက်လာပြီး လရောင်မှာလည်း မှိန်ဖျော့လာခဲ့ပြီ ဖြစ်၏။
နောက်ထပ် ၅ရက်အတွင်း ထန်ယွင်က ဂိုဏ်းချုပ်ပေါင်း ထောင်နှင့်ချီသောသူတို့၏ မေးခွန်း အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပြီး မည်သည့် မေးခွန်းကိုမဆို အဆင်ပြေစွာ ဖြေကြားပေးခဲ့သည်။
ထန်ယွင်သည် အရာအားလုံးကို သိမြင်နေပြီး အစစအရာရာ တတ်မြောက်နေသည့်အလား ရှိနေသဖြင့် ဂိုဏ်းချုပ်အားလုံးကို အထင်ကြီးသွားစေခဲ့သည်မှာ အသေအချာပင်။
နေမင်းကြီး ထွက်ပေါ်လာသည့်အခါ...
ဂိုဏ်းချုပ်ပေါင်း ထောင်နှင့်ချီက နှုတ်ဆက်ကာ ထွက်ခွာသွားကြပြီ ဖြစ်၏။ ထန်ထိုင်ကျုံးတယ်သည် ဝိညာဉ်လှေကို စီးနင်းလျက် ထန်ယွင်၊ ထန်ထိုင်ချန်ယွမ်နှင့် ဂိုဏ်းချုပ်များကို တင်ဆောင်ကာ ဟောင်ဖူလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်သို့ ပျံသန်း ထွက်ခွာလာခဲ့သည်။
ဂိုဏ်းချုပ်များ မထွက်ခွာမီမှာပင် သူတို့သည် ထန်ထိုင်ကျုံးတယ်နှင့် ထပ်မံ ကတိပြုခဲ့ကြ၏။ နောက်ထပ် ၂လအကြာတွင် သူတို့သည် လူအင်အားများ ခေါ်ဆောင်လာပြီး ထန်ထိုင်ကျုံးတယ်ကို ကူညီကြမည် ဖြစ်ကြောင်း၊ ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ တောင်ခြေတောင်တန်းများတွင် ကျောက်တုံးများခွဲ၊ သစ်ခုတ်ကာ အုတ်မြစ်များ ချလျက် ကောင်းကင်ပြစ်ဒဏ် တောင်တန်းများတွင် အကြီးဆုံးဖြစ်လာမည့် ‘ထျန်းဖူဈေး’ ကို အတူတကွ တည်ဆောက်ကြမည်ဖြစ်ကြောင်းပင်။
ထန်ထိုင်ကျုံးတယ်က ထျန်းဖူဈေး တည်ဆောက်ရေးကို ထန်ထိုင်ချန်ယွမ်က အပြည့်အဝ တာဝန်ယူမည်ဖြစ်ကြောင်း ဂိုဏ်းချုပ်များကို ပြောပြခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ရာသော အကြံပြုချက်များ ရှိခဲ့လျှင် ထန်ထိုင်ချန်ယွမ်နှင့် ဆွေးနွေးနိုင်ကြောင်းလည်း မှာကြားခဲ့၏။
ဂိုဏ်းချုပ်များက ထန်ထိုင်ချန်ယွမ်ကို လေးစားကြောက်ရွံ့ကြသည်။ ထန်ထိုင်ချန်ယွမ်သည် ထန်ထိုင်ကျုံးတယ်၏ ရှေ့တွင် မိမိကိုယ်ကိုယ် အစေခံအိုကြီးဟု ခေါ်ဆိုသော်လည်း ဂိုဏ်းချုပ်များထဲမှ မည်သူမျှ သူ၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ကြပေ။
သိသာသည်မှာ အစေခံအိုကြီးဆိုသည့် အသွင်အပြင်၏ အောက်တွင် သူသည် အမှန်တကယ် အစွမ်းထက်သူတစ်ဦး ဖြစ်နေခြင်းပင်။
တောင်တံခါး၏ ရှေ့တွင် ထန်ထိုင်ကျုံးတယ်က ဂိုဏ်းချုပ်များ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ထန်ယွင်ကို ပြုံးလျက် လှည့်ကြည့်ကာ ပြောလိုက်၏။
“မင်း တကယ်ကို ကောင်းမွန်တဲ့ အကျိုးဆောင်မှုကို လုပ်ပေးခဲ့တာပဲ... ပြောစမ်းပါဦး... မင်း ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲ၊ မင်း လိုချင်တာ မှန်သမျှကို ဒီဂိုဏ်းချုပ်က ပေးဖို့ သဘောတူတယ်”
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်အနေနဲ့ ဂိုဏ်းအပေါ် သစ္စာရှိရှိ အမှုထမ်းရတာဟာ တပည့်အတွက်တော့ ကံကောင်းခြင်း တစ်ခုပါ... တပည့် ဘာဆုလာဘ်မှ မတောင်းဆိုရဲပါဘူး ခင်ဗျာ”
ထန်ယွင်က ဦးညွှတ်လိုက်သည်။
“ဟားဟားဟား”
ထန်ထိုင်ကျုံးတယ်က ပြုံး၍ ပြောလိုက်၏။
“နောက်ဆိုရင် ဒီဂိုဏ်းချုပ်ရဲ့ ရှေ့မှာ အဲ့ဒီလောက်အထိ ရိုသေပြနေစရာ မလိုပါဘူး... ဒီဂိုဏ်းချုပ်ရဲ့ ရင်ထဲမှာတော့ မင်းဟာ နတ်ဘုရားဂိုဏ်းက တခြား ခေါင်းဆောင်တွေထက်တောင် ပိုပြီး အသုံးဝင်နေပြီပဲ... ပြောစမ်းပါ... မင်း ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲ၊ လိုချင်တာရှိရင် ပြောသာပြောစမ်းပါ”
အခန်း ၄၁၆ ပြီး