ထန်ယွင်သည် ထန်ထိုင်ကျုံးတယ်၏ အပြောအဆိုနှင့် အမူအရာကို ကြည့်ခြင်းအားဖြင့် မိမိအား တကယ်ပင် ဆုလာဘ်ပေးလိုခြင်းဖြစ်ကြောင်း၊ မိမိ၏ မာန်မာနကို စမ်းသပ်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသဖြင့် အားနာမနေတော့ပေ။
“ဂိုဏ်းချုပ်... တပည့်အနေနဲ့ မီးဓာတ်နဲ့ ရေခဲဓာတ်ပါတဲ့ မီးလျှံတွေကို လိုချင်ပါတယ်... များများရလေ ပိုကောင်းလေပါပဲ ခင်ဗျာ”
ထန်ယွင်က လေးစားစွာ ပြောလိုက်၏။
“မင်းက မီးလျှံတွေကိုပဲ ထပ်လိုချင်တာလား”
ထန်ထိုင်ကျုံးတယ်သည် လွန်ခဲ့သောတစ်ခါက ထန်ယွင် ထာဝရနယ်မြေသို့ မသွားမီတွင်လည်း မီးလျှံများကို တောင်းဆိုခဲ့သည်ကို သတိရသွားသည်။
ထန်ထိုင်ကျုံးတယ်က ပြုံးလျက်... “ထန်ယွင်... မင်း ကျင့်စဉ်တွေ ဒါမှမဟုတ် ရတနာတွေ ဘာမှ မလိုဘူးလား... မီးလျှံပဲ လိုတာ သေချာရဲ့လား”
“တပည့် သေချာပါတယ် ခင်ဗျာ”
ထန်ယွင် ခေါင်းညိတ်ပြလိုက်သည်။
“သေချာတာကတော့ မီးလျှံရဲ့ အဆင့် မြင့်လေလေ ပိုကောင်းလေပါပဲ”
“အင်း...”
ထန်ထိုင်ကျုံးတယ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ကောင်းပြီ... ခဏနေရင် မင်း ဂိုဏ်းချုပ်ရဲ့ အမိန့်ကို ယူသွားလိုက် ဟောင်ဖူဈေးကတစ်ဆင့် နတ်ဘုရားဂိုဏ်းမှာရှိတဲ့ ဟောင်ဖူရုံးချုပ်ကို သွားပါ... အဲ့ဒီက တာဝန်ခံ ထန်ထိုင်ကျုံးတယ်ကို ရှာပြီးတော့ မင်း စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ ရှိသမျှ မီးလျှံတွေ အကုန်ထုတ်ခိုင်းလိုက်မယ်”
(ဘာသာပြန်သူ၏ အမှာစာ- မူရင်းစာအုပ်အရှေ့ပိုင်းတွင် ဟောင်ဖူနတ်ဘုရားဂိုဏ်း ဂိုဏ်းချုပ်နှင့် ဟောင်ဖူလေလံရုံ၏ ခေါင်းဆောင်လေလံမှူးတို့ အမည်တူညီနေသဖြင့် တစ်ယောက်ထဲထင်နေမည်စိုး၍ နောက်ပိုင်းအခန်းများ၌ ဂိုဏ်းချုပ်၏ အမည်ကို ထန်ထိုင်ကျုံးရွှမ်ဟု အနည်းငယ်လွှဲ၍ သုံးသွားပါမည်။)
ထန်ယွင်က ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ထန်ထိုင်ကျုံးရွှမ်က ပါရမီရှင် ထန်ယွင်ကို ကြည့်ကာ သူ၏ ချစ်လှစွာသော သမီးကို သတိရမိပြီး ပြောလိုက်၏။
“မီးလျှံလေးတွေ ပေးတာကတော့ သေးငယ်တဲ့ ဆုလာဘ်တစ်ခုပါပဲ... မင်း ထာဝရနယ်မြေက စမ်းသပ်မှု ပြီးလို့ ပြန်လာတဲ့အခါကျရင်တော့ ဒီဂိုဏ်းချုပ်မှာ မင်းအတွက် အကြီးမားဆုံးသော ဆုလာဘ်တစ်ခု ရှိပါသေးတယ်”
“အကြီးမားဆုံးသော ဆုလာဘ် ဟုတ်လား”
ထန်ယွင်မှာ များစွာ စိတ်လှုပ်ရှားသွားရသည်။
“ဂိုဏ်းချုပ်ရဲ့ ကရုဏာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”
၎င်းနောက် ထန်ထိုင်ကျုံးရွှမ်က ဝိညာဉ်လှေကို စီးနင်းကာ ဟောင်ဖူလျှို့ဝှက်နယ်မြေ၏ တံခါးကို ဖွင့်လိုက်သည်။ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် သူသည် ထန်ယွင်နှင့် ထန်ထိုင်ချန်ယွမ်တို့ကို ဟောင်ဖူနေမင်းနန်းတော်သို့ ခေါ်ဆောင်သွားခဲ့၏။
ထန်ထိုင်ကျုံးရွှမ်က ထျန်းဖူဈေး တည်ဆောက်ရေးနှင့် ပတ်သက်၍ ထန်ထိုင်ချန်ယွမ်အား မှာကြားစရာများ ရှိနေသဖြင့် ထန်ယွင်ကိုမူ ဟောင်ဖူရုံးချုပ်သို့ သွားရောက်ကာ မီးလျှံများ ယူရန်နှင့် ဖန်လုံတောင်ထိပ်သို့ အမြန်ဆုံး ပြန်လာရန် ပြောလိုက်သည်။
ထို့ကြောင့် ထန်ယွင်သည် တယ်လီပို့အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်၏။ သူက အစီအရင်ကို ချက်ချင်း မလှုံ့ဆော်သေးဘဲ လိပ်အသက်ရှူ ရေခဲပဝါကို အလျင်အမြန် ဝတ်ဆင်လိုက်ပြီးမှ အစီအရင်ကို စတင်လိုက်တော့သည်။
ထန်ယွင်သည် မူလက ထာဝရနယ်မြေသို့ မသွားမီ ထန်ထိုင်ကျုံးတယ်ထံ သွားရောက်ကာ သူ၏မီးလျှံကိစ္စကို မေးမြန်းရန် ပြင်ဆင်ထားခြင်း ဖြစ်၏။ အခုတော့ သူသည် ရှန်စုပင်း၏ ဆရာအမည်ခံဖြင့် မီးလျှံကို အရင်ယူပြီးမှ သူ၏ အစစ်အမှန် ကိုယ်ပိုင်အဆင့်အတန်းဖြင့် မီးလျှံထပ်တောင်းရန် ထန်ထိုင်ကျုံးတယ်ထံ သွားရမည် ဖြစ်သည်...။
နတ်ဘုရားဂိုဏ်းဈေးသည် မြင့်မားသော တောင်တန်းများကြားတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး အတွင်းစည်း ဈေးထက် ၃ ဆခန့် ပိုမို ကြီးမားလှပေသည်။
ဟောင်ဖူရုံးချုပ်၏ လေလံခန်းမကြီးမှာ ပေ တစ်ထောင်ခန့် မြင့်မားပြီး အထပ်ပေါင်း ၁၈ထပ် ရှိရာ အလွန်ပင် ခမ်းနားထည်ဝါလှ၏။
ပြီးခဲ့သည့်တစ်ခါက ထန်ယွင်သည် ရှန်စုပင်းကို ကယ်တင်ရန်အတွက် သူမ၏ ဆရာအမည်ခံဖြင့် နတ်ဘုရားဂိုဏ်းဆေးဝါးအုပ်စုသို့ သွားရောက်ရန် ဟောင်ဖူရုံးချုပ်၏ တယ်လီပို့အစီအရင်ကို အသုံးပြုခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ဟောင်ဖူရုံးချုပ်၏ တည်ဆောက်ပုံကို ကောင်းစွာ သိရှိနေခြင်းပင်။
ယခုအခါ ဟောင်ဖူရုံးချုပ် ပထမထပ် ခန်းမကြီး၏ ဘယ်ဘက်ခြမ်းရှိ တယ်လီပို့အစီအရင် ခန်းမအတွင်းမှ ထန်ယွင် လမ်းလျှောက်ထွက်လာသည့်အခါ လုပ်ငန်းခွင်အပြုံးကို ဆင်မြန်းထားသော ချောမောလှပသည့် အမျိုးသမီး တပည့်တစ်ဦးက လာရောက် ကြိုဆိုလိုက်သည်။
“မင်္ဂလာပါ ဧည့်သည်တော်... လေလံပွဲကိုတော့ လကုန်မှ ကျင်းပမှာပါ...”
အမျိုးသမီး၏ စကားမဆုံးမီမှာပင် ထန်ယွင်၏ ပါးစပ်မှ အဘိုးအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“ငါက အဘိုးကြီး ကျုံးတယ်ကို လာရှာတာ သူ ရှိလား”
ထိုအမျိုးသမီးသည် ထန်ယွင်က ထန်ထိုင်ကျုံးတယ်ကို လာရှာခြင်းဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ထန်ယွင်ကို ပို၍ ရိုရိုသေသေ ဆက်ဆံလိုက်၏။
“ဟုတ်ကဲ့... ဧည့်သည်တော်ရဲ့ အမည်ကို သိပါရစေရှင့်... ပြီးတော့ အကြီးအကဲကျုံးနဲ့ ချိန်းထားတာ ရှိပါသလား”
“ငါက ကျုံးတယ်နဲ့ ရင်းနှီးပြီးသားပါ.. ချိန်းနေစရာ မလိုဘူး”
ထန်ယွင်က အဘိုးအိုတစ်ဦးအလား ခန့်ညားစွာ ပြောလိုက်၏။
“မင်း လမ်းပဲ ပြလိုက်စမ်းပါ”
“ဟုတ်ကဲ့ပါ... ကျွန်မ နောက်ကို လိုက်ခဲ့ပါ”
အမျိုးသမီး၏ လမ်းပြမှုဖြင့် ထန်ယွင်သည် ၁၈ထပ်မြောက်ရှိ လက်ရာမြောက်လှသော အခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဒေါက်... ဒေါက်... ဒေါက်”
အမျိုးသမီးတပည့်က တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်၏။
“အကြီးအကဲကျုံး... စီနီယာတစ်ယောက်က အကြီးအကဲကို တွေ့ချင်လို့ ရောက်နေပါတယ်”
“ဝှစ်”
ထန်ထိုင်ကျုံးတယ်က တံခါးကို ဖွင့်လိုက်ပြီးနောက် ခေတ္တမျှ ဆွံ့အသွားရသော်လည်း မကြာမီပင် ထန်ယွင်ကို ဦးညွှတ်ကာ ပြုံး၍ ပြောလိုက်သည်။
“စီနီယာ... ကြွပါ ခင်ဗျာ”
ထန်ထိုင်ကျုံးတယ်က ထန်ယွင်အား အခန်းအတွင်းသို့ ဖိတ်ခေါ်ကာ နေရာပေးလိုက်သည်။ သူက ထန်ယွင်ကို ဝိညာဉ်ဝိုင်တစ်ခွက် ငှဲ့ပေးရင်း ပြုံးလျက် ပြောလိုက်၏။
“စီနီယာ... ကျုပ်တို့ လမ်းခွဲခဲ့တာ အခုဆိုရင် ၁ နှစ်ကျော်သွားပြီနော်... စီနီယာကတော့ တကယ့်ကို အလုပ်များတဲ့သူပဲ”
“ဟားဟားဟား”
ထန်ယွင်က ရယ်မောလျက် ပြောလိုက်သည်။
“မဟုတ်ပါဘူး... ကျုပ် တပည့်ဆီကနေ ခင်ဗျား ဒီကို ရာထူးတက်သွားတယ်ဆိုတာ ကြားလို့ လာရှာတာပါ”
“အော်... ပြီးတော့ ပြီးခဲ့တဲ့တစ်ခါက ရှန်စုပင်းကို ကျုပ်ဆီ ပေးခိုင်းလိုက်တဲ့ အအေးဓာတ်ပါတဲ့ အဆင့်လွန် မီးလျှံ ၃မျိုးဖြစ်တဲ့ ‘ဝူပင်းထဲ့ယန်’ ကိုလည်း ကျုပ် လက်ခံရရှိပြီးပါပြီ”
ထိုစကားကို ကြားရသည့်အခါ ထန်ထိုင်ကျုံးတယ်က သူ့လက်ချောင်းကြားရှိ ချန်ခွန်းလက်စွပ်ကို လှုံ့ဆော်လိုက်ရာ ၁ပေခန့် မြင့်မားသော လိမ္မော်နီရောင် မီးလျှံတစ်ခု ထန်ယွင်၏ ရှေ့တွင် ပေါ်လာတော့သည်။ ထိုမီးလျှံကို အပူရှိန် အပြင်သို့ မထွက်နိုင်စေရန် တားမြစ်ချက်တစ်ခုဖြင့် ဖုံးအုပ်ထား၏။
ချက်ချင်းပင် နောက်ထပ် ၂ပေခန့် မြင့်မားသော အပြာနုရောင် မီးလျှံတစ်ခု ချန်ခွန်းလက်စွပ်ထဲမှ ထွက်ပေါ်လာပြီး ထန်ယွင်၏ ရှေ့တွင် ကခုန်နေတော့သည်။
ထန်ယွင်က လိမ္မော်နီရောင် မီးလျှံကို ကြည့်ကာ အလွန်ပင် ဝမ်းသာသွားရ၏။
“ရေခဲဓာတ်ပါတဲ့ အဆင့်နိမ့် ယာဇွန်အဆင့် မီးလျှံဖြစ်တဲ့ ‘အစွန်းရောက် ယင်နက်မီး’ပဲ... မဆိုးဘူး”
၎င်းနောက် ထန်ယွင်က အပြာနုရောင် မီးလျှံကို ကြည့်ကာ ပို၍ပင် ပျော်ရွှင်သွားရသည်။
“မီးဓာတ်ပါတဲ့ အဆင့်လတ် ယာဇွန်အဆင့် မီးလျှံမျိုးစေ့ ဖြစ်တဲ့ ‘ချင်းလင် အစစ်အမှန်မီးလျှံ’ပါလား”
“ခင်ဗျားကတော့ တကယ်ကို စွမ်းဆောင်နိုင်တာပဲ... ချင်းလင်အစစ်အမှန်မီးလျှံဆိုတာ ရှားပါးတဲ့ ကမ္ဘာဦး အရာတစ်ခုပဲလေ... ခင်ဗျား ဒါကို ရအောင် ယူနိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး”
ထန်ထိုင်ကျုံးတယ်က ပြုံး၍ ပြောလိုက်၏။
“စီနီယာ ခိုင်းတဲ့ကိစ္စဆိုရင်တော့ ကျွန်တော်မျိုးက အစွမ်းကုန် ဆောင်ရွက်ပေးရမှာပေါ့ ခင်ဗျာ”
၎င်းနောက် ထန်ယွင်နှင့် ထန်ထိုင်ကျုံးတယ်တို့ ရယ်ရယ်မောမော စကားပြောဆိုကြပြီး နာရီဝက်ခန့်အကြာတွင် ထန်ယွင် ပြန်ရန် ပြင်လိုက်သည်။
မထွက်ခွာမီ ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို တစ်ခု ပြောပြလိုက်၏။ ဟောင်ဖူရုံးချုပ်မှ လူများသည် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ အဆင့်မြင့် ရေခဲဓာတ်ပါသော ယာဇွန်အဆင့် မီးလျှံတစ်ခု ဖြစ်သည့် ‘နိဗ္ဗာန် မြင့်မြတ်သော မီးလျှံ’ ကို တွေ့ရှိထားကြောင်းပင်။
သို့သော် ထိုအဆင့်မြင့် ယာဇွန်အဆင့် မီးလျှံမျိုးစေ့မှာ အသိဉာဏ် ရှိနေသဖြင့် ဖမ်းဆီးရန် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။ ထို့ကြောင့် ထန်ထိုင်ကျုံးတယ်က ထိုမီးလျှံကို ဖမ်းမိသည့်အခါ ရှန်စုပင်းထံသို့ ကိုယ်တိုင် လာပို့ပေးမည်ဖြစ်ကြောင်း၊ ထိုအခါကျမှ ထန်ယွင်အနေဖြင့် သွားရောက် ယူဆောင်ရန် ပြောလိုက်၏။
ထန်ယွင်နှင့် ထန်ထိုင်ကျုံးတယ်တို့ အရောင်းအဝယ် လုပ်စဉ်က ထန်ထိုင်ကျုံးတယ် မည်မျှပင် အဆင့်မြင့်သော မီးလျှံများ ထုတ်ပေးစေကာမူ ထန်ယွင်ကလည်း တန်ဖိုးတူညီသော ဆေးနည်းများဖြင့် ပြန်လည် လဲလှယ်ပေးမည်ဟု ပြောထားခဲ့သည်။ ထို့ကြောင့် ထန်ယွင်က ‘နိဗ္ဗာန်မြင့်မြတ်သောမီးလျှံ’ ကို ရရှိသည့်အခါတွင် ဆေးနည်းကို သေချာပေါက် ပေးပို့မည်ဟု ကတိပေးလိုက်၏။
နောက်ပိုင်း၌ ထန်ယွင်က ချစ်လှစွာသော တပည့် ရှန်စုပင်းထံသို့ သွားရောက် လည်ပတ်ဦးမည်ဟု ပြောလိုက်သည်။ ထန်ထိုင်ကျုံးတယ်က ထန်ယွင်အား အတွင်းစည်း ဟောင်ဖူဈေးသို့ သွားနိုင်သော တယ်လီပို့အစီအရင် ရှိရာ ပထမထပ်သို့ လိုက်ပို့ပေးခဲ့၏။
ထန်ယွင်က ထန်ထိုင်ကျုံးတယ် အပေါ်ထပ်သို့ ပြန်တက်သွားသည်အထိ အစီအရင်ခန်းအတွင်း၌ စောင့်နေလိုက်ပြီး ခေတ္တမျှ ကြာသည့်အခါ လိပ်အသက်ရှူ ရေခဲပဝါကို အလျင်အမြန် ချွတ်လိုက်ပြီးနောက် အစီအရင်အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။
ထန်ယွင်ကို လာရောက် ကြိုဆိုသူမှာ အစောက အမျိုးသမီး တပည့်ပင် ဖြစ်၏။ ထန်ယွင်က သူမကို သူသည် ဂိုဏ်းချုပ်၏ အမိန့်အရ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောလိုက်ပြီး ထန်ထိုင်ကျုံးတယ်ကို ရှာဖွေခိုင်းသည့်အခါ ထိုအမျိုးသမီးက ထန်ယွင်အား ၁၈ထပ်မြောက်ရှိ အခန်းသို့ ပြန်လည် ခေါ်ဆောင်သွားတော့သည်။
ထန်ယွင်က သူ လာရခြင်း အကြောင်းရင်းကို ရှင်းပြလိုက်သည့်အခါ ထန်ထိုင်ကျုံးတယ်မှာ ထန်ယွင်ကို ချီးကျူးမဆုံး ဖြစ်နေတော့သည်။ ဂိုဏ်းချုပ်က သူ့ရှေ့တွင် ထန်ယွင်၏ ကောင်းသတင်းများကို မကြာခဏ ပြောလေ့ရှိကြောင်းလည်း ဆို၏။
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်မှာလည်း အနည်းငယ် ဝမ်းသာပီတိ ဖြစ်သွားရသည်။
၎င်းနောက် ထန်ထိုင်ကျုံးတယ်က ဦးစွာပထမ မီးဓာတ်ပါသော ထိပ်တန်း ရတနာအဆင့် မီးလျှံတစ်ခု ဖြစ်သည့် ‘ကျီယန် နတ်မီးလျှံ’နှင့်၊ ရေခဲဓာတ်ပါသော ထိပ်တန်း ရတနာအဆင့် မီးလျှံတစ်ခု ဖြစ်သည့် ‘နတ်ရေခဲ အစစ်အမှန်မီးလျှံ’ တို့ကို ထုတ်ယူကာ ထန်ယွင်ကို ပေးလိုက်၏။
ထိုမီးလျှံ ၂မျိုးမှာ ထန်ယွင် ထာဝရနတ်ဘုရားဂိုဏ်းတွင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့သဖြင့် ဂိုဏ်းချုပ်က ဆုချခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ထန်ထိုင်ကျုံးတယ်က သူ့လက်ထဲ၌ ကျန်ရှိနေသော မီးလျှံများမှာ သာမန် နတ်ဘုရားအဆင့်မီးလျှံ များသာ ဖြစ်နေသဖြင့် အားနာကြောင်း ထန်ယွင်ကို ပြောလိုက်၏။
သူက ထန်ယွင်ကို ရွေးချယ်မှု ၂ခု ပေးလိုက်သည်။ ဆုလာဘ်ကို နောက်မှ ယူမလား သို့မဟုတ် လက်ရှိ ရှိနေသော နတ်ဘုရားအဆင့်မီးလျှံအချို့ကိုပဲ ယူမလား ဟူ၍ပင်။
ထန်ယွင်က လက်ရှိ သူ၏ ဟုန်မန်မီးလျှံနှင့် ဟုန်မန်ရေခဲမီးလျှံတို့ အဆင့်တက်ဖို့ရာဆိုလျှင် နတ်ဘုရားအဆင့်မီးလျှံများမှာ အသုံးမဝင်တော့ကြောင်း တွေးမိလိုက်သည်။ ထို့ကြောင့် သူက နောင်တွင် မီးလျှံအဆင့်မြင့်မြင့်များ ရရှိမှသာ ဆုလာဘ်ကို ယူမည်ဖြစ်ကြောင်း ပြောလိုက်၏။
ထန်ယွင်က သူ ရရှိခဲ့သော မီးလျှံ ၂မျိုးကို ယူဆောင်လျက် ကျေနပ်စွာဖြင့် ထွက်ခွာလာခဲ့သည်။ တယ်လီပို့အစီအရင် မှတစ်ဆင့် အတွင်းစည်း ဟောင်ဖူဈေးသို့ ပြန်လာခဲ့ပြီးနောက် ဓားပျံကို စီးနင်းကာ ပေ ၈၀၀ ကွာဝေးသော ဖန်လုံတောင်ထိပ်ဆီသို့ ပျံသန်း ထွက်ခွာလာခဲ့တော့လေသည်။
အခန်း ၄၁၇ ပြီး