ခေတ္တမျှ ကြာပြီးနောက် ထန်ယွင်က ဓားပျံကို စီးနင်းကာ ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးအတွင်းမှ ဖန်လုံတောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာ၏။
မုမုန့်ဂျီ၊ ကျုံးဝူစစ်ယောင်နှင့် ရွှယ်ဇီယန်တို့သည် ထန်ယွင်၏ ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာကြပြီး ဤရက်ပိုင်းအတွင်း သူ ဘယ်သွားနေသနည်းဟု မေးမြန်းကြသည်။ ထန်ယွင်က တောင်ထိပ်တွင် စောင့်ကြည့်နေသူများပြားသဖြင့် နောက်မှ ပြောပြမည်ဟု ဆိုလိုက်၏။
မိန်းကလေး ၃ ဦးလုံးက နားလည်ကြောင်း ပြောဆိုကြပြီးနောက် လွန်ခဲ့သော နာရီဝက်ခန့်ကပင် တောင်စဉ် ၉ခု ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ထန်ယွင် သိလိုက်ရသည်။
“တိတ်ကြစမ်း”
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရှန်စုပင်းက လူတိုင်းကို တိတ်ဆိတ်ရန် အချက်ပြပြီးနောက် ထရပ်လိုက်၏။ သူမ၏ နှုတ်ခမ်းလွှာများ လှုပ်ရှားသွားကာ သာယာသော အသံ ထွက်ပေါ်လာတော့သည်။
“တောင်စဉ် ၉ခု ပြိုင်ပွဲကြီးရဲ့ စည်းမျဉ်းတွေအရ အနိုင်ရတဲ့သူဟာ ထာဝရနယ်မြေ စမ်းသပ်မှုအတွင်း ဝင်ရောက်ခွင့်ရမယ့် အခြေခံ လူဦးရေ ၅၀ အပြင် နောက်ထပ် နေရာ ၂၀၀ ကို သူ့ရဲ့ အဖွဲ့အတွက် ထပ်တိုး ရရှိမှာ ဖြစ်ပါတယ်”
“အဆင့် ၂ ရရှိတဲ့သူကတော့ သူ့အဖွဲ့အတွက် နောက်ထပ် နေရာ ၁၀၀ ထပ်တိုး ရရှိပါမယ်”
“အဆင့် ၃ ကတော့ နောက်ထပ် နေရာ ၈၀၊ အဆင့် ၄ ကတော့ နောက်ထပ် နေရာ ၆၀ အသီးသီး ရရှိကြမှာ ဖြစ်ပါတယ်”
“အဆင့် ၅ ရရှိတဲ့ အဖွဲ့ကတော့ နေရာ ၅၀၊ အဆင့် ၆ ကတော့ နေရာ ၃၀ ရရှိပါမယ်”
“အဆင့် ၇ ကတော့ နေရာ ၂၀ နဲ့ အဆင့် ၈ ကတော့ နေရာ ၁၀ အသီးသီး ခွဲဝေ ရရှိကြမှာ ဖြစ်ပါတယ်”
“ဆေးဝါးအုပ်စုက ထန်ယွင်ဟာ အဆင့် ၁ ရရှိပြီး မုမုန့်ဂျီက အဆင့် ၃ ရရှိခဲ့တဲ့အတွက် ဆေးဝါးအုပ်စုက စုစုပေါင်း ၃၃၀ နေရာ ရရှိတယ်လို့ ဒီခေါင်းဆောင် ကြေညာပါတယ်”
“ရွှယ်ဇီယန်က အဆင့် ၂ ရရှိခဲ့တဲ့အတွက် ဝိညာဉ်ငါးပါးအုပ်စုက ၁၅၀ နေရာ ရရှိပါတယ်”
“ခယ်ရှင်းယီက အဆင့် ၄ ရရှိခဲ့တဲ့အတွက် သန့်စင်သောဝိညာဉ်အုပ်စုက ၁၁၀ နေရာ ရရှိပါတယ်”
“ဟောင်ဖူထင်ဖုန်းက အဆင့် ၅ ရရှိခဲ့တဲ့အတွက် လက်နက်အစီအရင်အုပ်စုက ၁၀၀ နေရာ ရရှိပါတယ်”
“ရှောင်ချင်းရွှမ်းက အဆင့် ၆၊ ရှန်ကွန်းပင်းပင်းက အဆင့် ၇ နဲ့ ကျွင်းပုဖျင်က အဆင့် ၈ အသီးသီး ရရှိခဲ့ကြတဲ့အတွက် ရှေးဟောင်းဝိညာဉ်အုပ်စုက စုစုပေါင်း ၁၁၀ နေရာ ရရှိသွားပါပြီ”
“လေနှင့်မိုးကြိုးအုပ်စု၊ အစီအရင်အုပ်စု၊ သားရဲဝိညာဉ်အုပ်စုနဲ့ လက်နက်အုပ်စုတို့ကတော့ ထိပ်တန်း ၈ နေရာထဲ ဝင်နိုင်သူ မရှိတဲ့အတွက် အဖွဲ့တစ်ခုချင်းစီမှာ အခြေခံ နေရာ ၅၀ စီပဲ ရှိပါမယ်”
ရှန်စုပင်းက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဆက်ပြော၏။
“အခု ထာဝရနယ်မြေ စမ်းသပ်မှုမှာ ပါဝင်မယ့် အုပ်စု ၉ ခုလုံးက တပည့်တွေ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ကို တက်ခဲ့ကြပါ”
ထို့နောက် အုပ်စု ၉ ခုမှ တပည့်ပေါင်း ၁,၀၀၀ ခန့်သည် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ တစ်ဦးပြီးတစ်ဦး ခုန်တက်လိုက်ကြတော့သည်။
ချန်လုံစာရင်း၏ ထိပ်တန်း ၈ ဦးမှာ တပည့်များ၏ ရှေ့ဆုံးတွင် ရပ်နေကြ၏။
ရှန်စုပင်းက အလွတ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ချန်လုံစာရင်း၏ ထိပ်တန်း ၈ ဦးမှအပ ကျန်တပည့် ၉၉၂ ဦးကို မည်သို့သော အလယ်အလတ်အဆင့် ရတနာများနှင့် လက်နက်များကို လိုချင်သနည်းဟု တစ်ဦးချင်းစီ မေးမြန်းတော့သည်။
နာရီဝက်ခန့် စာရင်းပြုစုပြီးနောက် ရှန်စုပင်းက အချက်အလက်များကို အပြီးသတ်လိုက်၏။
တပည့် ၉၉၂ ဦးအနက် အချို့က ခုခံရေး ရတနာများ၊ အချို့က တိုက်ခိုက်ရေး ရတနာများ၊ အချို့က တိုက်စစ်နှင့် ခံစစ် နှစ်မျိုးလုံး ပါဝင်သော ရတနာများနှင့်၊ အချို့ကမူ ထွက်ပြေးလွတ်မြောက်ရေး ရတနာများကို အသီးသီး လိုချင်ကြသည်။
တပည့် အများစုအတွက်မူ သူတို့ ရွေးချယ်သော ဆုလာဘ်များမှာ ဓား၊ လှံ၊ တုတ်၊ လှံရှည် အစရှိသော သူတို့၏ ဝိညာဉ်သန္ဓေ ဓာတ်များနှင့် ကိုက်ညီသည့် ပုံမှန်လက်နက်များသာ ဖြစ်ကြသည်။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရှန်စုပင်းက ကျောက်စိမ်းပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ အထက်ရှိ ထန်ထိုင်ကျုံးရွှမ်ထံသို့ ကမ်းပေးလိုက်၏။
ထန်ထိုင်ကျုံးရွှမ်က ကျောက်စိမ်းပြားကို လက်ခံရရှိပြီးနောက် ထရပ်လိုက်ကာ ချန်လုံစာရင်း၏ ထိပ်တန်း ၈ ဦးကို ကျေနပ်စွာ ကြည့်ကာ မေးလိုက်သည်။
“ချန်လုံစာရင်းရဲ့ နံပါတ် ၁ ဖြစ်တဲ့ ထန်ယွင်ကိုတော့ ထိပ်တန်း ရတနာတစ်ခု ဆုချပါ့မယ်... ပြောစမ်း... မင်း ဘယ်လို လက်နက်မျိုး လိုချင်လဲ”
ထန်ယွင်က စင်အောက်ရှိ ကျုံးဝူစစ်ယောင်ကို တစ်ချက် ကြည့်ပြီးနောက် ဦးညွှတ်ကာ လျှောက်တင်လိုက်၏။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်အနေနဲ့ ဟင်းလင်းပြင်ဓာတ် ပါဝင်တဲ့ အမျိုးသမီးသုံး ထိပ်တန်း ရတနာ ဓားပျံတစ်လက်ကို လိုချင်ပါတယ် ခင်ဗျာ”
မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့မှာ ချက်ချင်းပင် သတိပြုမိလိုက်ကြသည်။ ထန်ယွင်က သူ ရရှိမည့် ဆုလာဘ်ကို ကျုံးဝူစစ်ယောင်အတွက် တောင်းဆိုပေးနေခြင်း မဟုတ်ပါလော။
တောင်ထိပ်ပေါ်တွင် ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ကျုံးဝူစစ်ယောင်မှာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားမိပြီး ရင်ထဲ ကြည်နူးမှုများဖြင့် ပြည့်နှက်နေတော့သည်။
‘ဒီကောင်လေးကတော့ တကယ်ကို စွဲလမ်းတတ်တာပဲ’
ထန်ထိုင်ကျုံးရွှမ်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် ထပ်မံ မေးလိုက်၏။
“ဇီယန်... မင်းကော ဘာလိုချင်လဲ”
ရွှယ်ဇီယန်က ရုတ်တရက် တွန့်ဆုတ်နေပြီး စကားပြောရန် တွေဝေနေဟန် ပြလိုက်၏။
“ဒီဂိုဏ်းချုပ်ကတော့ မင်းကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ မိန်းကလေးတစ်ယောက်လို့ပဲ မြင်ပါတယ်... ဟဲဟဲ... ဘာပြောချင်လို့လဲ၊ မင်းရဲ့ ခဲအို မျက်နှာကို ထောက်ပြီး ဂိုဏ်းချုပ် သဘောတူပေးပါ့မယ်”
ထန်ထိုင်ကျုံးရွှမ်၏ ဤစကားမှာ အနက်အဓိပ္ပာယ် များစွာ ပါဝင်နေ၏။
ထန်ယွင်ကို သတ်ချင်နေသော လူတိုင်းအား ဂိုဏ်းချုပ်ကိုယ်တိုင် ထန်ယွင်ကို အလွန်အမင်း သဘောကျနေကြောင်း သတိပေးလိုက်ခြင်းပင်။
ထို့ထက် ပို၍ နက်နဲသော အဓိပ္ပာယ်မှာ ထန်ယွင်ကို သတ်ချင်သူများအနေဖြင့် ဂိုဏ်းချုပ်ကိုပါ ထည့်သွင်း စဉ်းစားရမည်ဟု ဆိုလိုခြင်း ဖြစ်၏။
ထိုစကားကို ကြားရသည့်အခါ လူတိုင်းက ထန်ယွင်ကို မထိန်းချုပ်နိုင်ဘဲ လှည့်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများကို မြင်တွေ့နိုင်ပေသည်။ ဂိုဏ်းချုပ်က ထန်ယွင်ကို ၅ ရက်ကျော်ကြာ ခေါ်ဆောင်သွားပြီးနောက် သူတို့ကြား ဘာတွေ ဖြစ်ပျက်ခဲ့သနည်းဟု လူတိုင်း တွေးတောနေကြတော့သည်။
ထို့အပြင် ဂိုဏ်းချုပ်က တပည့်တစ်ယောက်အပေါ် ဤမျှလောက် တန်ဖိုးထားကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ခြင်းမှာလည်း ပထမဆုံးအကြိမ်ပင် ဖြစ်၏။
ရွှယ်ဇီယန်ကမူ ထိုကိစ္စများကို ဂရုမစိုက်ဘဲ ပြုံးလျက် ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်ရဲ့ ကျင့်စဉ်ကို ထုတ်ဖော်ဖို့အတွက် အဆင့်တူညီတဲ့ ဓားပျံ ၅ လက် လိုအပ်ပါတယ်ရှင့်”
“တပည့်ကို ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ်တွေ ပါဝင်တဲ့ ဓားပျံ ၅ လက်ကို ဆုချပေးနိုင်မလား ဟင်”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်ပင် အရှက်သည်းသွားရသည်။ ဒါက ခြင်္သေ့ကြီး ပါးစပ်ဟလိုက်သလိုမျိုး အများကြီး တောင်းလိုက်ခြင်း မဟုတ်ပါလော။
မုမုန့်ဂျီကလည်း ရွှယ်ဇီယန်ကို မသိသလိုမျိုး ခေါင်းလွှဲထားလိုက်တော့သည်။
တောင်ထိပ်ပေါ်ရှိ အုပ်စု၉ ခုမှ တပည့်များမှာလည်း ဆွံ့အနေကြ၏။
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ထန်ထိုင်ကျုံးတယ်မှာလည်း ရွှယ်ဇီယန်ကို ကြည့်ကာ ခေတ္တမျှ ကြောင်သွားရသည်။
“ဇီယန်... ရိုင်းစိုင်းတာတွေ မလုပ်နဲ့စမ်း”
ထန်ထိုင်ကျုံးရွှမ်၏ အမူအရာကို မြင်လိုက်သည့်အခါ ဝိညာဉ်ငါးပါးပိုင်ရှင်က အလျင်အမြန် ကြိမ်းမောင်းလိုက်၏။
ထန်ထိုင်ကျုံးရွှမ်က လက်မြှောက်၍ ဝိညာဉ်ငါးပါးပိုင်ရှင်ကို တားမြစ်လိုက်သည်။ ထို့နောက် ရွှယ်ဇီယန်ကို ငုံ့ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
“ပွင့်ပွင့်လင်းလင်း ရှိတာပဲ... ဒီဂိုဏ်းချုပ် သဘောကျတယ်... ကောင်းပြီလေ၊ မင်း တောင်းတဲ့အတိုင်းပဲ ဖြစ်စေရမယ်၊ မင်းကို ထိပ်တန်း ရတနာ ဓားပျံ ၅ လက် ဆုချမယ်”
“တကယ်လား”
ရွှယ်ဇီယန်က ပြုံးရွှင်သွားပြီး ချက်ချင်းပင် ဦးညွှတ်လိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ် သက်တော်ရာကျော် ရှည်ပါစေ”
“ကောင်းပြီ... ထတော့”
ထန်ထိုင်ကျုံးရွှမ်က ရွှယ်ဇီယန်ကို ထခိုင်းပြီးနောက် မုမုန့်ဂျီကို လှည့်ကြည့်ကာ မေးလိုက်၏။
“မင်းကရော ဘာ ဝိညာဉ်သန္ဓေမျိုးလဲ”
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်မှာ သားရဲဝိညာဉ်နဲ့ သေခြင်းတရား ဝိညာဉ်သန္ဓေ ရှိပါတယ်ရှင်”
မုမုန့်ဂျီက ဦးညွှတ်ကာ အမှန်အတိုင်း လျှောက်တင်လိုက်သည်။
“အင်း... ဂိုဏ်းချုပ်က မင်းကို သားရဲဓာတ်နဲ့ သေခြင်းတရားဓာတ် ပါဝင်တဲ့ ထိပ်တန်း ရတနာ ဓားပျံတစ်လက် ဆုချမယ်... ထပါ”
ထန်ထိုင်ကျုံးရွှမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
သို့သော် ဤသည်မှာ ထန်ယွင်၏ မျက်နှာကို ထောက်ထားခြင်း ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။
“တပည့်... ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”
မုမုန့်ဂျီ ဝမ်းသာအားရ ပြန်ထလိုက်၏။
၎င်းနောက် ထန်ထိုင်ကျုံးရွှမ်က ချန်လုံစာရင်း၏ အဆင့် ၄ မှ အဆင့် ၈ အထိ ရှိသော အစွမ်းထက်သူများကို ထိပ်တန်း ရတနာတစ်ခုစီ ရွေးချယ်စေခဲ့သည်။
ထန်ထိုင်ကျုံးရွှမ်က ထန်ယွင် အပါအဝင် တပည့်ပေါင်း ၁,၀၀၀ ကို ငုံ့ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။
“မင်းတို့ ဒီမှာ ခဏ စောင့်ကြဦး... ဒီဂိုဏ်းချုပ် လက်နက်တွေ သွားယူလိုက်ဦးမယ်”
စကားဆုံးသည်နှင့် ထန်ထိုင်ကျုံးရွှမ်က ဟင်းလင်းပြင်ထဲသို့ သူ့လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ကောင်းကင်ကြီးမှာ အတင်းအဓမ္မ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မှောင်မိုက်လှသော ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ပေါ်လာတော့သည်။
နောက်ထပ် အခိုက်အတန့်၌ ထန်ထိုင်ကျုံးရွှမ်မှာ ထိုအက်ကြောင်းအတွင်းသို့ လှမ်းဝင်သွားပြီး ပျောက်ကွယ်သွားတော့၏။
ချက်ချင်းပင် ဟင်းလင်းပြင် အက်ကြောင်း ပြန်လည် တည်ငြိမ်သွားသည်။
ခုနက မြင်ကွင်းမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ခြင်းပင်။
...
၆ နာရီခန့် ကြာပြီးနောက် ညရောက်လာလေပြီ။ ကျောက်စိမ်းအဆောက်အဦ၏ အထက် ကောင်းကင်ယံတွင် အနက်ရောင် ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။ ချက်ချင်းပင် ထန်ထိုင်ကျုံးရွှမ်မှာ အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာ၏။
“ဝှစ်... ဝှစ်... ဝှစ်...”
“မင်းတို့ရဲ့ ဆုလာဘ်တွေကို အသီးသီး လက်ခံကြစမ်း”
ထန်ထိုင်ကျုံးရွှမ်၏ ကျယ်လောင်သော အသံနှင့်အတူ သူ၏ ချန်ခွန်းလက်စွပ်မှာ အရှိန်အဟုန်ဖြင့် လျှပ်ခနဲ လျှပ်ခနဲ ဖြစ်သွား၏။ ထို့နောက် ရတနာ အမျိုးမျိုးမှာ အလင်းတန်းများအလား နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ အုပ်စု ၉ ခုမှ တပည့်ပေါင်း ၁,၀၀၀ ၏ လက်ထဲသို့ အသီးသီး ရောက်ရှိသွားတော့သည်။
တပည့်အားလုံးမှာ သူတို့၏ လက်နက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားကြပြီး စိတ်လှုပ်ရှားမှုများကို ဖော်ပြရန်ပင် စကားလုံး ရှာမရ ဖြစ်နေကြတော့၏။
တောင်ထိပ်ပေါ်ရှိ တပည့်ပေါင်း ၆၀၀,၀၀၀ ကျော်မှာ ချန်လုံစင်မြင့်ပေါ်ရှိ တပည့်များ၏ လက်ထဲမှ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်း ရတနာများကို ကြည့်ကာ အားလုံး အားကျနေကြတော့သည်။
ထန်ထိုင်ကျုံးရွှမ်က တပည့် ၁,၀၀၀ ကို ငုံ့ကြည့်ကာ ပြောလိုက်၏။
“ဒီည အနားယူကြဦး... မနက်ဖြန် မွန်းတည့်ချိန်ကျရင် ထာဝရနတ်ဘုရားဂိုဏ်းကို စတင် ထွက်ခွာပြီး ထာဝရနယ်မြေ စမ်းသပ်မှုမှာ ပါဝင်ကြရမယ်”
“တပည့်များ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ထန်ယွင်နှင့် ကျန် တပည့်ပေါင်း ၁,၀၀၀ ကျော်မှာ တစ်ပြိုင်နက် ဖြေလိုက်သဖြင့် တောင်ထိပ်တစ်ခုလုံး တုန်ခါသွားတော့လေသည်။
အခန်း ၄၁၈ ပြီး