ညဉ့်သည် မှောင်မိုက်နေပြီး လရောင်မှာ ဝေဝါးနေကာ ကြယ်တာရာများမှာမူ ကောင်းကင်ယံ၌ ထွန်းလင်းနေကြ၏။
ခေါင်းဆောင် ၉ ဦးသည် ထာဝရနယ်မြေ စမ်းသပ်မှုတွင် ပါဝင်မည့် တပည့်များကို စုစည်းကာ မှာကြားစရာရှိသည်များကို စတင် ပြောဆိုနေကြတော့သည်။
ဆေးဝါးအုပ်စုတွင် ထန်ယွင်၊ မုမုန့်ဂျီ၊ လုအိုဖန်နှင့် ဆုန့်ဟုန် တို့ ဦးဆောင်သော တပည့်စုစုပေါင်း ၃၃၀ဦးတို့သည် ရှန်စုပင်း၏ ရှေ့တွင် ရိုသေသေ ရပ်နေကြ၏။
“အခု ဒီခေါင်းဆောင်က မင်းတို့ကို တစ်ချို့အချက်တွေ ပြောပြမယ်” ရှန်စုပင်းက ဆိုလိုက်သည်။ “ပြီးရင် ထာဝရနယ်မြေရဲ့ အခြေအနေတွေကို ငါ ရှင်းပြမယ်”
ရှန်စုပင်း၏ အကြည့်များက ထန်ယွင်ထံသို့ ကျရောက်သွားပြီး ပြတ်သားစွာ ပြောလိုက်၏။
“ထာဝရနယ်မြေထဲကို ဝင်ပြီးသွားတာနဲ့ ထန်ယွင်ရဲ့ အမိန့်ဟာ ဒီခေါင်းဆောင်ရဲ့ အမိန့်ပဲ... ဘယ်သူမဆို အမိန့်ကို ဖီဆန်ရင်တော့ ကရုဏာမထားဘဲ သတ်ပစ်မယ်”
“တပည့်များ နားလည်ပါပြီ”
မုမုန့်ဂျီ၊ လုအိုဖန်၊ ဆုန့်ဟုန် နှင့် အခြားသော တပည့် ၃၂၆ ဦးလုံးက တစ်ပြိုင်နက် ပြန်လည် ဖြေကြားလိုက်ကြသည်။
သူတို့စိတ်ထဲတွင် ထန်ယွင်က ခေါင်းဆောင် ဖြစ်လာမည်မှာ ပြောနေစရာပင် မလိုတော့ပေ။
“အင်း”
ရှန်စုပင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြော၏။
“ထာဝရနယ်မြေဆိုတာ ငါတို့ဂိုဏ်းရဲ့ နတ်ဘုရားကျဆုံးခြင်း ချောက်နက်လိုပဲ ကျယ်ပြောတယ်... အထဲမှာ စမ်းသပ်ရမယ့် ဧရိယာဟာ မိုင်ပေါင်း ၁၀ သန်းလောက်အထိ ကျယ်ဝန်းတယ်”
“အဲ့ဒီ မိုင်ပေါင်း ၁၀ သန်းလောက်ရှိတဲ့ စမ်းသပ်မှု ဧရိယာရဲ့ အလယ်ဗဟိုဟာ ကျယ်ပြောလှတဲ့ ထာဝရနယ်မြေရဲ့ အဓိက အစိတ်အပိုင်းလို့ ဆိုကြတယ်”
“စမ်းသပ်မှု ဧရိယာရဲ့ အပြင်ဘက်မှာတော့ ကာကွယ်ရေး အစီအရင်ကြီး တစ်ခု ရှိတယ်... အဲ့ဒါက စမ်းသပ်မှုမှာ ပါဝင်တဲ့ တပည့်တွေကို အပြင်ဘက်က အစွမ်းထက် မိစ္ဆာသားရဲတွေရဲ့ ရန်ကနေ ကာကွယ်ပေးထားတာပဲ... အဲ့ဒီ အစီအရင်ရဲ့ အပြင်ဘက်ကို မထွက်သရွေ့တော့ မင်းတို့ ဘေးကင်းပါလိမ့်မယ်”
ထိုစကားကို ကြားရသည့်အခါ တပည့်အားလုံးက နားလည်ကြောင်း ခေါင်းညိတ်ပြကြ၏။
ရုတ်တရက် ရှန်စုပင်း၏ အမူအရာမှာ လေးနက်သွားပြီး
“နောက်ထပ် ဒီခေါင်းဆောင် ပြောမယ့် စကားလုံးတိုင်းဟာ မင်းတို့ရဲ့ အသက်နဲ့ သက်ဆိုင်တယ်... သေချာ မှတ်သားထားကြ”
“တပည့်များ အမိန့်အတိုင်းပါ ခေါင်းဆောင်၊ မိန့်ကြားတော်မူပါ”
တပည့်များက ရိုရိုသေသေ လျှောက်တင်လိုက်ကြသည်။
ရှန်စုပင်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေဟန်ဖြင့်...
“အခု ဒီခေါင်းဆောင်က ဘာကြောင့် ထာဝရနယ်မြေ စမ်းသပ်မှုဟာ ဝိညာဉ်သန္ဓေအဆင့် တပည့်တွေအတွက်ပဲ ဖြစ်နေရတာလဲဆိုတာကို ရှင်းပြမယ်”
“ပြီးတော့ ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုလည်း ငါ ပြောပြမယ်”
“ပထမအချက်... ဒီ မိုင်ပေါင်း ၁၀ သန်း ကျယ်ဝန်းတဲ့ အလယ်ဗဟို ဧရိယာထဲမှာ အလယ်ဗဟိုကို ဖြတ်ကျော် တည်ရှိနေတဲ့ ချောက်နက်ကြီး တစ်ခု ရှိတယ်”
“အဲ့ဒီ ချောက်နက်ကြီးက မိုင်ပေါင်း ဘယ်နှသောင်းလောက်အထိ ရှည်လဲ... ဘယ်လောက်အထိ နက်လဲဆိုတာ ဘယ်သူမှ မသိကြဘူး... ပြီးတော့ အဲ့ဒီ ချောက်နက်ကြီးက ဘယ်မှာ ဆုံးပြီး ဘယ်ကို ဦးတည်နေလဲဆိုတာလည်း မသိကြဘူး”
“ထာဝရနယ်မြေဆိုတာ ရှေးဟောင်းခေတ်က နတ်ဘုရားတွေရဲ့ ဒုတိယအကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်လို့ အဲ့ဒီ လျှို့ဝှက်ဆန်းပြားတဲ့ ချောက်နက်ကြီးကို - နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးလို့ အမည်ပေးထားတာပဲ”
“ဒုတိယအချက်... မိုင်ပေါင်း ၁၀ သန်း ပတ်လည်ရှိတဲ့ စမ်းသပ်မှု ဧရိယာထဲမှာတော့ ဒီ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီး ကလွဲရင် ကျန်တဲ့ နေရာတွေမှာ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲတွေဟာ ဒုတိယအဆင့် ကမ္ဘာပျက်ကာလမှာပဲ ရှိကြတယ်”
“အဲ့ဒီ ဒုတိယအဆင့်မှာရှိတဲ့ မိစ္ဆာဘုရင် အချို့ကလွဲရင် ကျန်တဲ့ မိစ္ဆာတွေက မင်းတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
“တတိယအချက်... ဒါကတော့ မင်းတို့ သေချာ မှတ်ထားရမယ့် အချက်ပဲ... အဲ့ဒါကတော့ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးဟာ မင်းတို့ စမ်းသပ်မှု လုပ်ရမယ့် နေရာဖြစ်သလို ကြီးမားတဲ့ ကံကောင်းမှုတွေကို ရရှိနိုင်တဲ့ နေရာလည်း ဖြစ်တယ်”
“နတ်ဘုရားကျဆုံးခြင်း ချောက်နက်မှာ စမ်းသပ်တုန်းကတော့ ငါတို့ဂိုဏ်းက မင်းတို့ ကျင့်ကြံဖို့အတွက် မုန်ညင်းစေ့ အချိန် ဟင်းလင်းပြင် မျှော်စင်ကို ထားပေးခဲ့ပေမဲ့ ထာဝရနယ်မြေထဲမှာတော့ ဘာဆုလာဘ်မှ မရှိဘူး”
ထန်ယွင်နှင့် အခြားသူများမှာ ထိုစကားကို ကြားရသည့်အခါ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးအတွင်း၌ ရှားပါးသော ရတနာများစွာ ရှိနေလိမ့်မည်ဖြစ်ကြောင်း စဉ်းစားနေစရာပင် မလိုဘဲ သိလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ရှန်စုပင်း နောက်ထပ် ပြောမည့်စကားမှာ အရေးကြီးဆုံး ဖြစ်လိမ့်မည်ဟုလည်း သူတို့ သိထားကြ၏။
ရှန်စုပင်း၏ အမူအရာမှာ ပို၍ပင် လေးနက်သွားပြီး မျက်လုံးများမှာလည်း ဇဝေဇဝါ ဖြစ်လာသည်။
“ထာဝရနယ်မြေ စမ်းသပ်မှုဟာ ဝိညာဉ်သန္ဓေအဆင့် တပည့်တွေအတွက်ပဲ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးအတွင်းမှာ ဖော်ပြလို့မရနိုင်တဲ့ ဖျက်ဆီးခြင်း စွမ်းအားတွေ ပြည့်နှက်နေလို့ပဲ”
“ကျင့်ကြံသူရဲ့ အဆင့် မြင့်မားလေလေ အဲ့ဒီ ဖျက်ဆီးခြင်း စွမ်းအားက ပိုပြီးတော့ ကြမ်းတမ်းလာလေလေပဲ... အဲ့ဒီ မမြင်ရတဲ့ စွမ်းအားဟာ လူတွေရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သလို၊ သူတို့ရဲ့ ခန္ဓာကိုယ်ကိုလည်း ပြာအဖြစ် ပြောင်းလဲသွားစေနိုင်တယ်”
“လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် အဆက်ဆက်နဲ့ အစွမ်းထက်လှတဲ့ ပညာရှင်ကြီးတွေ အားလုံး အထဲကို ဝင်ခဲ့ဖူးတယ်.. ဒါပေမဲ့ အဲ့ဒီ ဖျက်ဆီးခြင်း စွမ်းအားအောက်မှာပဲ အကျအဆုံးတွေ များပြားခဲ့ပြီး နောက်ဆုံးမှာတော့ မိုင်ပေါင်း ထောင်ဂဏန်းတောင် မရောက်ခင်မှာပဲ ထွက်ပြေးခဲ့ကြရတာ”
“နောက်ဆုံးမှာတော့ ထာဝရနတ်ဘုရားဂိုဏ်းဟာ ဝိညာဉ်သန္ဓေအဆင့် တပည့်တွေကို စမ်းသပ်ပြီး ဝင်ခိုင်းခဲ့တယ်... ဒါပေမဲ့ ဝိညာဉ်သန္ဓေအဆင့် တပည့်တွေဟာ အဲ့ဒီစွမ်းအားရဲ့ တိုက်စားမှုကို မခံရသလောက် ဖြစ်ပေမဲ့ သူတို့ရဲ့ ခွန်အားက အားနည်းလွန်းတော့ အထဲကို မရောက်ခင်မှာတင် မိစ္ဆာသားရဲတွေရဲ့ အစားခံလိုက်ရတာပေါ့”
“ဒါကြောင့် ထာဝရနတ်ဘုရားဂိုဏ်းဟာ ဝိညာဉ်သန့်စင်ခြင်းအဆင့် တပည့်တွေကို ထပ်ပြီး ဝင်ခိုင်းခဲ့ပြန်တယ်... ဆယ်စုနှစ်ပေါင်းများစွာ စမ်းသပ်ပြီးတဲ့နောက်မှာတော့ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၃ အထက်က တပည့်တွေဟာ အဲ့ဒီ ဖျက်ဆီးခြင်း စွမ်းအားအောက်မှာ မိုင်ပေါင်း ထောင်ဂဏန်းလောက်ပဲ ရောက်ပြီး သေဆုံးကုန်ကြတယ်ဆိုတာ သိလိုက်ရတယ်”
“နောက်ဆုံးမှာတော့ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးတဲ့အခါမှာ ဝိညာဉ်သန္ဓေအဆင့် ၈ ကနေ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၂ အထိ ရှိတဲ့ ကျင့်ကြံသူတွေဟာ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲကို ဝင်ဖို့ အသင့်တော်ဆုံးပဲလို့ သတ်မှတ်လိုက်ကြတာပေါ့”
“နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးဟာ အရမ်းကို လျှို့ဝှက်ဆန်းပြားပြီး ထာဝရနယ်မြေရဲ့ ဗဟိုချက်လည်း ဖြစ်နေမှတော့ နတ်ဘုရားတွေ ကျဆုံးသွားပြီးတဲ့နောက်မှာ အထဲမှာ ရတနာတွေ ရှိနေမှာကတော့ သေချာနေတာပဲ”
“ဒါကြောင့် ဂိုဏ်း ၂ ဂိုဏ်းနဲ့ နန်းတော် ၁ ခုက အတွင်းစည်း တပည့်တွေအတွက် စမ်းသပ်မှု ကိစ္စ ထွက်ပေါ်လာတာပဲ”
လူတိုင်း စိတ်ဝင်တစား နားထောင်နေကြ၏။ ထိုစဉ် ထန်ယွင်က မေးမြန်းလိုက်သည်။
“ခေါင်းဆောင်... အထဲမှာ ရတနာတွေ ရှိနိုင်တယ်ဆိုရင် ထာဝရနတ်ဘုရားဂိုဏ်းက ဘာလို့ ဝိညာဉ်နတ်ဘုရားနန်းတော်နဲ့ ကျုပ်တို့ဂိုဏ်းကို အဲ့ဒီ အကျိုးအမြတ်တွေကို ခွဲဝေခံစားဖို့ သဘောတူခဲ့တာလဲ ခင်ဗျာ”
ထိုစကားကို ကြားရသည့်အခါ ရှန်စုပင်းက ကောင်းကင်ယံကို ငေးကြည့်လိုက်ပြီး သူမ၏ အမူအရာမှာ အားကျမှုများဖြင့် ပြည့်နှက်သွားသည်။
“ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ ဆီကို ပြန်သွားရလိမ့်မယ်... အဲ့ဒီအချိန်က ထာဝရနတ်ဘုရားဂိုဏ်း တည်ထောင်တာ နှစ်ပေါင်း ၃၀,၀၀၀ တောင် မပြည့်သေးဘူး”
“အဲ့ဒီအချိန်မှာ ငါတို့ရဲ့ ဘိုးဘေး ပေါ်ထွက်လာခဲ့တယ်... သူက ဟောင်ဖူလျှို့ဝှက်နယ်မြေကို အရင်ဆုံး ရှာတွေ့ခဲ့ပြီးတော့ နတ်ဘုရားကျဆုံးခြင်း ချောက်နက်ရဲ့ အပေါက်ကို တွေ့ပြီးတဲ့နောက်မှာ ဝိညာဉ်နတ်ဘုရားနန်းတော်နဲ့ ထာဝရနတ်ဘုရားဂိုဏ်းဆီကို သွားခဲ့တယ်”
“သူ တစ်ယောက်တည်းကပဲ ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေး နှစ်ယောက်လုံးကို တစ်ပြိုင်နက် စိန်ခေါ်ပြီး အနိုင်ယူခဲ့တာပဲ”
“အဲ့ဒီ ဘိုးဘေး နှစ်ယောက်ဟာ ကျုပ်တို့ ဘိုးဘေးက နတ်ဘုရားစစ်မြေပြင်နဲ့ ထာဝရနယ်မြေကို တစ်ဦးတည်း သိမ်းပိုက်မှာကို အရမ်း ကြောက်သွားကြတယ်... ဒါကြောင့် သူတို့ နှစ်ယောက်က တိုင်ပင်ပြီးတော့ ဂိုဏ်း ၂ ဂိုဏ်းနဲ့ နန်းတော် ၁ ခုကြားမှာ ပညာ ၄ မျိုး ပြိုင်ပွဲကတစ်ဆင့် ထာဝရနယ်မြေထဲ ဝင်ရောက်ခွင့်ကို မျှမျှတတ ယှဉ်ပြိုင်ဖို့အတွက် အဆိုပြုခဲ့ကြတာပေါ့”
“ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ ကစပြီး ငါတို့ဂိုဏ်းက တပည့်တွေဟာ ထာဝရနယ်မြေထဲကို ဝင်ရောက်ပြီး နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲမှာ စမ်းသပ်မှုတွေ လုပ်ခဲ့ကြတာပဲ”
ထိုသို့ ပြောဆိုရင်း ရှန်စုပင်း၏ လှပသော မျက်လုံးများတွင် ဖုံးကွယ်မထားသော ဝမ်းနည်းမှုများ ပေါ်လာသည်။
“ဒါပေမဲ့ ရှေးဟောင်းဂိုဏ်းကြီး ၃ ဂိုဏ်းက တပည့်တွေဟာ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲကို ဝင်ရောက်တဲ့အခါ ငါတို့ဂိုဏ်းက တပည့်တွေရဲ့ သွေးနဲ့ အသက်ပေါင်းများစွာကို စတေးခဲ့ရပြီးပြီ”
“ဒါပေမဲ့ အဲ့ဒီလို ဖြစ်လေလေ ရှေးဟောင်းဂိုဏ်းကြီး ၃ ဂိုဏ်းဟာ ပိုပြီးတော့ မကျေမနပ် ဖြစ်လေလေပဲ... ချောက်နက်ကြီးထဲမှာ ရတနာတွေ သေချာပေါက် ရှိတယ်ဆိုတာကိုလည်း ပိုပြီးတော့ ယုံကြည်လာကြတယ်”
“အဲ့ဒီလို ယုံကြည်ရတဲ့ အကြောင်းရင်း ၂ ခု ရှိတယ်”
“ပထမတစ်ခုကတော့ ထာဝရနတ်ဘုရားဂိုဏ်းဟာ ထာဝရနယ်မြေ တစ်ခုလုံးကို ရှာဖွေခဲ့ပေမဲ့၊ နတ်ဘုရားတွေ တိုက်ခိုက်ခဲ့တဲ့ အကြွင်းအကျန်တွေကလွဲရင် နတ်ဘုရားတွေရဲ့ လက်နက်တွေကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့လို့ပဲ”
“ဒုတိယအချက်ကတော့ အရေးကြီးဆုံး အကြောင်းရင်းပဲ”
ရှန်စုပင်းက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး လှောင်ပြောင်သံဖြင့် ဆက်ပြောလိုက်၏။
“ပြီးခဲ့တဲ့တစ်ခါ ငါတို့ ထာဝရနတ်ဘုရားဂိုဏ်းမှာ ပညာ ၄ မျိုး ပြိုင်ပွဲ သွားတုန်းက ထာဝရနတ်ဘုရားဂိုဏ်းရဲ့ တံခါးဝမှာ အခိုးခံလိုက်ရတဲ့ ‘ထာဝရနတ်ဘုရားဓား’ ဆိုတာ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀,၀၀၀ က ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးက နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲမှာ ရှာတွေ့ခဲ့တဲ့ ပစ္စည်းပဲ”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်၏ နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားရသည်။ ၎င်းနောက် သူ့ရင်ထဲ၌ အလွန် စိတ်လှုပ်ရှားသွားရ၏။ ‘ဟော်ဝူ’ကို ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးက နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲမှာ ရှာတွေ့ခဲ့တာဆိုရင်... ကျန်နေတဲ့ ငါ့ရဲ့ တခြား ဟုန်မန်နတ်ဘုရားဓားတွေလည်း အဲ့ဒီ ချောက်နက်ကြီးထဲမှာ ရှိနေနိုင်တာပေါ့’
ထန်ယွင်က စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ဦးညွှတ်လျက် မေးလိုက်၏။
“ခေါင်းဆောင်... အဲ့ဒီအချိန်တုန်းက ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးက နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲမှာ တခြားသော နတ်ဘုရားဓားတွေနဲ့ တခြားသော နတ်ဘုရား ပစ္စည်းတွေကိုရော ရှာတွေ့ခဲ့သေးတယ်လို့ သိရပါသလား ခင်ဗျာ”
အခန်း ၄၁၉ ပြီး