ရှန်စုပင်းက မျက်မှောင်ကြုတ်ကာ မရေမရာ ပြောလိုက်၏။
“မဖြစ်နိုင်လောက်ဘူး... ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးဟာ ထာဝရနတ်ဘုရားဓားကို ရပြီးတဲ့နောက်မှာ အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့ ဆိုကြလို့ပဲ”
“သူ ဂိုဏ်းကို ပြန်ရောက်တဲ့အခါမှာ ဒဏ်ရာတွေ ပျောက်ကင်းဖို့အတွက် နှစ်ပေါင်း ရာနဲ့ချီပြီး အချိန်ယူခဲ့ရတယ်... ပုံမှန်ဆိုရင်တော့ သူ အထဲကို ထပ်ပြီး စွန့်စားဝင်မှာ မဟုတ်တော့ဘူး... ဘာပဲဖြစ်ဖြစ် နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲမှာ ကျင့်ကြံမှု အဆင့်မြင့်လေလေ၊ သူ ရင်ဆိုင်ရတဲ့ ဖျက်ဆီးခြင်း စွမ်းအား တိုက်ခိုက်မှုတွေက ပိုပြီးတော့ ပြင်းထန်လေလေပဲ မဟုတ်လား”
စကားပြောပြီးနောက် ရှန်စုပင်း၏ လက်ချောင်းကြားရှိ ချန်ခွန်းလက်စွပ်မှာ ခဏခဏ လင်းလက်သွားပြီးနောက် ကျောက်စိမ်းပြား ၃၃၀ ထွက်ပေါ်လာကာ တပည့် ၃၃၀ ၏ လက်ထဲသို့ အသီးသီး ရောက်ရှိသွားတော့သည်။ သူမက မှာကြားလိုက်၏။
“အဲ့ဒီထဲမှာ မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းတဲ့ စမ်းသပ်မှု နယ်မြေရဲ့ တည်နေရာ ကိုဩဒိနိတ်တွေကို ရေးဆွဲထားတယ်၊ သေချာ ကြည့်ထားကြစမ်း”
“စမ်းသပ်မှု စတင်ပြီးတဲ့နောက် မင်းတို့ ဘယ်လို လှုပ်ရှားကြမလဲဆိုတာကိုတော့ ထန်ယွင်ကပဲ အားလုံးကို စီစဉ်ပေးလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် ရှန်စုပင်းက လှည့်ထွက်သွားပြီး အချိန်ကို ထန်ယွင်ထံသို့ လွှဲပြောင်းပေးလိုက်တော့သည်။
“အားလုံးပဲ... အခု မြေပုံကျောက်စိမ်းပြားထဲကို ငါနဲ့အတူ ဝင်ပြီးတော့ မြေပုံ တည်နေရာတွေကို သေချာ မှတ်သားထားကြစမ်း”
ထန်ယွင်၏ အမိန့်ပေးသံအောက်တွင် တပည့်အားလုံးက သူတို့၏ ဝိညာဉ်အာရုံများကို ထုတ်လွှတ်လိုက်ပြီး မြေပုံကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
ချက်ချင်းပင် စမ်းသပ်မှု နယ်မြေ၏ မြေပုံအသေးစားတစ်ခု သူတို့ စိတ်ထဲ၌ ပေါ်လာ၏။ ထိုမြေပုံပေါ်တွင် သစ်တောများ၊ တောနက်များ၊ လွင်ပြင်များ၊ ရွှံ့နွံများ၊ တောင်ကုန်းများနှင့် လျှိုမြောင်များ စသည်တို့ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
မြေပုံ၏ အလယ်ဗဟိုတွင်မူ မြေပုံတစ်ခုလုံးကို ဖြတ်သန်းသွားသော အနက်ရောင် မျဉ်းကြောင်းတစ်ခု ရှိနေပြီး ၎င်းမှာ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီး ဖြစ်သည်။
ခေတ္တမျှ ကြာပြီးနောက် လူတိုင်းက အဓိက တည်နေရာများကို မှတ်သားပြီးသည့်အခါ ဝိညာဉ်အာရုံများမှာ ကျောက်စိမ်းပြားအတွင်းမှ ပြန်လည် ထွက်ခွာလာပြီး ထန်ယွင်ကို ကြည့်လိုက်ကြ၏။
ထန်ယွင်က ခေတ္တမျှ စဉ်းစားပြီးနောက် -
“ထာဝရနယ်မြေထဲကို ဝင်ပြီးသွားတာနဲ့... နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီး အဝင်ဝရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀၀,၀၀၀ အကွာမှာရှိတဲ့ တောနက်ဆီကို အမြန်ဆုံး အရှိန်နဲ့ သွားကြဖို့ မှတ်ထားကြ... အဲ့ဒီအချိန်ကျရင် ဝိညာဉ်နတ်ဘုရားနန်းတော်နဲ့ ထာဝရနတ်ဘုရားဂိုဏ်းက ရန်သူတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါတို့ နည်းလမ်းရှာကြမယ်... ရန်သူတွေကို အမြစ်ပြတ် သုတ်သင်ပြီးတော့မှ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီးထဲကို အတူတူ ဝင်ကြမယ်... အားလုံး နားလည်လား”
“နားလည်ပါပြီ”
တပည့်များက တစ်ပြိုင်နက် ပြန်လည် ဖြေကြားလိုက်ကြသည်။ သေချာသည်မှာ သူတို့သည် အသံလုံ အတားအဆီးအောက်တွင် ရှိနေကြသဖြင့် အခြားသော အုပ်စု ၈ ခုမှ တပည့်များမှာ သူတို့ မည်သည့်နေရာတွင် စုကြမည်ကို မကြားနိုင်ကြပေ။
...
တစ်ချိန်တည်းမှာပင် အခြားသော ခေါင်းဆောင် ၈ ဦးမှာလည်း ထာဝရနယ်မြေ စမ်းသပ်မှုတွင် ပါဝင်မည့် သူတို့၏ တပည့်များကို မှာကြားစရာ ရှိသည်များကို မှာကြားနေကြတော့သည်။
နောက်တစ်နေ့ နံနက်တွင် လရောင်မှာ တစ်ဖြည်းဖြည်း တောက်ပလာခဲ့ပြီ ဖြစ်၏။
ကျုံးဝူစစ်ယောင်နှင့် ရွှယ်ဇီယန်တို့မှာ ဘေးချင်းယှဉ် လမ်းလျှောက်လာကြပြီး ထန်ယွင်တို့ထံသို့ ရောက်ရှိလာကြသည်။ ထန်ယွင်က သူတို့ မည်သည့်နေရာတွင် ဆုံကြမည်ကို ပြောပြပြီးနောက် ထိုအကြောင်းကို အခြားသူများအား မပြောရန် မှာကြားလိုက်၏။
ကျုံးဝူစစ်ယောင်က တိုးညှင်းသော အသံလေးဖြင့် -
“ထန်ယွင်... စီနီယာမမ ကုန်းစွန်းက ငါ့အပေါ်မှာ အမြဲတမ်း ကောင်းခဲ့တာပါ... သူမကိုလည်း ငါတို့နဲ့အတူ ခေါ်လို့ ရမလားဟင်... သူမက ငါတို့နဲ့ မရှိရင် တစ်ခုခု အန္တရာယ်ဖြစ်မှာကို ငါ စိုးရိမ်လို့ပါ”
ထန်ယွင် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“မင်း နောက်မှ သူမကို သီးသန့် ပြောလိုက်ပါ... အခု သူမကို ဒီကို ခေါ်ဖို့က မသင့်တော်သေးဘူး... မူရုန်ဆရာမလို လူမျိုးက သိသွားရင် အများကြီး တွေးနေပါဦးမယ်”
ကုန်းစွန်းရို့ရှီက တောင်ထိပ်ရှိ ကမ်းပါးယံ အစွန်းတွင် တစ်ဦးတည်း ရပ်နေပြီး လရောင်အောက်တွင် အလွန်ပင် အထီးကျန်နေပုံရသည်။ သူမသည် ထန်ယွင်နှင့်အတူ ရယ်ရယ်မောမော စကားပြောနေသော ကျုံးဝူစစ်ယောင်ကို မကြာခဏ လှည့်ကြည့်နေပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် အားကျမှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်နေတော့၏။
နာရီဝက်ခန့် ကြာပြီးနောက်...
တောက်ပသော လရောင်မှာ ကျုံးဝူစစ်ယောင်၏ နူးညံ့လှသော ကိုယ်လုံးလေးပေါ်သို့ ကျရောက်နေပြီး သူမသည် ကုန်းစွန်းရို့ရှီ၏ ဘေးသို့ တဖြည်းဖြည်း လမ်းလျှောက်သွားကာ ပြောလိုက်သည်။
“စီနီယာမမ ကုန်းစွန်း... ငါတို့နဲ့အတူ ထာဝရနယ်မြေ စမ်းသပ်မှုမှာ ပါဝင်ဖို့ စိတ်ကူး ရှိရဲ့လားဟင်”
ကုန်းစွန်းရို့ရှီ၏ ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ယင်သွားပြီး သူမက ချက်ချင်းပင် လှည့်ကြည့်လိုက်ကာ တစ်စုံတစ်ခုကို တွေးတောရင်း တွေဝေနေမိသည်။
“စီနီယာမမ...”
ကျုံးဝူစစ်ယောင်က ကုန်းစွန်းရို့ရှီ၏ လက်ကလေးများကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။
“မမက ဒီလောက်တောင် လှနေတာဆိုတော့... တကယ်လို့ ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်က လူတွေရဲ့ လက်ထဲကို ရောက်သွားရင် ဘယ်လိုလုပ်မလဲ... အဲ့ဒါကို မမ မစဉ်းစားမိဘူးလား”
“တွေဝေမနေပါနဲ့တော့... ငါတို့နဲ့အတူ သွားကြရအောင်နော်”
ကျုံးဝူစစ်ယောင်က ထပ်မံ တိုက်တွန်းလိုက်သည့်အခါမှ ကုန်းစွန်းရို့ရှီက အလေးအနက် ခေါင်းညိတ်ပြလိုက်တော့သည်။
၎င်းနောက် ကျုံးဝူစစ်ယောင်က ထာဝရနယ်မြေအတွင်း မည်သည့်နေရာတွင် စုစည်းကြမည်ကို ကုန်းစွန်းရို့ရှီအား ပြောပြလိုက်ပြီး ဘယ်သူ့ကိုမှ မပြောရန်လည်း မှာကြားလိုက်၏။
ကုန်းစွန်းရို့ရှီက ကျေကျေနပ်နပ်ပင် သဘောတူလိုက်တော့သည်။
ဤည၌ အုပ်စု ၉ ခုလုံးမှ တပည့်များ၏ ရင်ထဲတွင် လေးလံသော ခံစားချက်များ ရှိနေကြသည်မှာ သေချာလှပေ၏။
အဘယ်ကြောင့်ဆိုသော် ယခင်က ထာဝရနယ်မြေ စမ်းသပ်မှုများတွင် ပါဝင်စဉ်က ကမ္ဘာဦး ရတနာများအတွက် ဝိညာဉ်နတ်ဘုရားနန်းတော်နှင့် ထာဝရနတ်ဘုရားဂိုဏ်းမှ တပည့်များနှင့် မကြာခဏ ပဋိပက္ခ ဖြစ်ပွားခဲ့ကြသော်လည်း ၎င်းမှာ ကြီးကြီးမားမား မဟုတ်ခဲ့သောကြောင့်ပင်။
သို့သော် ယနေ့မှာတော့ ယခင်နှင့် မတူတော့ပေ။ ဤတစ်ကြိမ် ထာဝရနယ်မြေ စမ်းသပ်မှုသည် အုပ်စု ၉ခုလုံးမှ ခေါင်းဆောင်များ ပြောကြားခဲ့သည့်အတိုင်း တစ်ဖက်နှင့်တစ်ဖက် အသေအကျေ တိုက်ခိုက်ကြရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ အကျအဆုံးများ ရှိလာမည်မှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ထို့ကြောင့် အုပ်စု ၉ ခုမှ တပည့်များသည် စမ်းသပ်မှုတွင် ပါဝင်ကြမည့် သူတို့၏ မိတ်ဆွေများကို လိုက်လံ ပို့ဆောင်ပေးကြပြီး ဘေးကင်းစွာနှင့် အောင်ပွဲခံ၍ ပြန်လာနိုင်ကြပါစေဟု ဆုတောင်းပေးနေကြတော့သည်။ သူတို့က ကီလိုမီတာ ၈၀၀ ခန့်ရှိသော ဈေးရှိ စားသောက်ဆိုင်များသို့ ညတွင်းချင်း သွားရောက်ကာ ဝိညာဉ်ဝိုင်နှင့် မြိန်ဖွယ်ရာများကို ဝယ်ယူလျက် ဖန်လုံတောင်ထိပ်သို့ သယ်ဆောင်လာခဲ့ကြပြီး မူးမေ့သွားသည်အထိ သောက်စားလျက် အနားယူနေကြတော့လေသည်။
မွန်းတည့်ချိန်တွင် နေမင်းကြီးမှာ တောက်ပစွာ ထွန်းလင်းနေပြီ ဖြစ်၏။
စမ်းသပ်မှုတွင် ပါဝင်မည့် တပည့် ၁,၀၀၀ မှာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် အစီအစဉ်တကျ ရပ်နေကြပြီး ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ထန်ထိုင်ကျုံးရွှမ်ကို မော့ကြည့်နေကြသည်။
ထန်ထိုင်ကျုံးရွှမ်က လူတိုင်းကို ငုံ့ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်ဟာ ကတိပျက်ရုံတင်မကဘဲ... ထာဝရနယ်မြေထဲမှာ မင်းတို့ကို သတ်ဖို့ပါ ကြိုးစားကြလိမ့်မယ်”
“ဒီဂိုဏ်းချုပ်ကို ပြန်ဖြေစမ်း... မင်းတို့ ဘာလုပ်ကြမလဲ”
တပည့်များက တစ်ပြိုင်နက် ဟစ်ကြွေးလိုက်ကြသည်။
“တိုက်ခိုက်မယ်... တိုက်ခိုက်မယ်... တိုက်ခိုက်မယ်”
ထန်ထိုင်ကျုံးရွှမ်က ကျယ်လောင်စွာ ပြောလိုက်ပြန်၏။
“ဒီတစ်ခါ မင်းတို့ သွားကြတဲ့အခါမှာ မင်းတို့ထဲက အများစုဟာ သွေးမြေကျပြီး ထာဝရနယ်မြေထဲမှာ သေဆုံးသွားနိုင်ခြေ ရှိတယ်... ဒီဂိုဏ်းချုပ်ကို ပြောစမ်း... မင်းတို့ ကြောက်ကြသလား”
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်များ မကြောက်ပါဘူး ခင်ဗျာ”
တပည့် ၁,၀၀၀ ထံမှ ဟစ်ကြွေးသံများမှာ ကျားနှင့် ဝံပုလွေများ ဟိန်းဟောက်သကဲ့သို့ ကောင်းကင်ယံတစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
“ကောင်းတယ်”
ထန်ထိုင်ကျုံးရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လေးနက်သော အမူအရာဖြင့် -
“ငါတို့ ဘိုးဘေးရဲ့ နောက်ဆုံး စကားတွေကို ကျယ်လောင်စွာ ရွတ်ဆိုကြစမ်း”
တပည့် ၁,၀၀၀ သည် ၃ ကြိမ်ဆက်တိုက် ဟစ်ကြွေးလိုက်ကြတော့သည်။
“ငါတို့ မြင့်မြတ်တဲ့ဂိုဏ်းကို စော်ကားတဲ့သူကို... အမြစ်ပြတ် သုတ်သင်ရမယ်”
“...အမြစ်ပြတ် သုတ်သင်ရမယ်”
အချိန်တွေက မြှားတစ်စင်းအလား ကုန်ဆုံးသွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၂ လ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ဧရာမ ဝိညာဉ်လှေကြီးတစ်စင်းသည် ဟောင်ဖူနတ်ဘုရားဂိုဏ်း အတွင်းစည်းမှ ခေါင်းဆောင် ၉ ဦးနှင့် အုပ်စု၉ ခုမှ တပည့် ၁,၀၀၀အား တင်ဆောင်လျက် ကောင်းကင်ပြစ်ဒဏ် တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည် ပျံသန်းနေတော့သည်။
ဝိညာဉ်လှေမှာ တိမ်လွှာပေါင်း ဒါဇင်နှင့်ချီသော နေရာမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီးနောက် တိမ်များအတွင်းသို့ တိုးဝင်နေသော တောင်ထိပ်တစ်ခုပေါ်သို့ ဆိုက်ရောက်လာခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်က ထာဝရနတ်ဘုရားဂိုဏ်းတွင် ကျင်းပခဲ့သော ပညာ ၄ မျိုး ပြိုင်ပွဲသို့ လာရောက်ခဲ့ကြသည့် ထန်ယွင်နှင့် ကျုံးဝူစစ်ယောင် တို့ကဲ့သို့သော တပည့်များအတွက်မူ ဤတောင်ထိပ်မှာ မစိမ်းလှပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ထာဝရနတ်ဘုရားဂိုဏ်း၏ တံခါးဝ အစစ်အမှန် ဖြစ်သောကြောင့်ပင်။
တောင်တံခါးမှာ ပြောင်းလဲခြင်း မရှိပေ။ ပြောင်းလဲသွားသည့် တစ်ခုတည်းသော အချက်မှာ တောင်တံခါး၏ ရှေ့တွင် မီတာ သောင်းနှင့်ချီ မြင့်မားစွာ တည်ရှိနေခဲ့သော ‘ထာဝရနတ်ဘုရားဓား’ မရှိတော့ခြင်းပင်။ ၎င်းကို ထန်ယွင် ယူသွားခဲ့သည်မှာ ကြာလှပြီ မဟုတ်ပါလော။
ကျောက်တုံးတိုင်ကြီးပေါ်တွင် ဧရာမ စာလုံး ၈ လုံးကို ထွင်းထုထား၏။
“ထာဝရနတ်ဘုရားဂိုဏ်း... ကျူးကျော်သူ သေရမည်”
“ဟဲဟဲဟဲ”
ထန်ယွင်က ကျောက်တိုင်ကို ကြည့်ကာ စိတ်ထဲမှ အလွန်ပင် ဝမ်းသာနေတော့သည်။ ထာဝရနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ရူယန်ဝူကျိ အဘိုးကြီးအနေဖြင့် လွန်ခဲ့သော ၃ လကျော်ကတည်းက ထာဝရနတ်ဘုရားဓား ပျောက်ဆုံးသွားသည်ကို သိသွားခဲ့လျှင် ဒေါသထွက်လွန်းသဖြင့် သွေးအန်နေလောက်ပြီဟု သူ ခန့်မှန်းလိုက်၏။
ထိုစဉ် တောင်တံခါးကို စောင့်ကြပ်နေသော တပည့် ၂ ဦးမှာ ဝိညာဉ်လှေ၏ အစွန်းတွင် ရပ်နေသော ထန်ထိုင်ကျုံးရွှမ်ကို လာရောက် နှုတ်ဆက်ကြပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော်မျိုးတို့ ထန်ထိုင်ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ခင်ဗျာ... ကျွန်တော်တို့ ဂိုဏ်းချုပ်က မှာကြားထားတာကတော့... ဝိညာဉ်နတ်ဘုရားနန်းတော်က လူတွေဟာ နေဝင်ချိန်ကျမှ ရောက်ရှိလာမှာ ဖြစ်လို့ အဲ့ဒီအချိန်ကျမှ ထာဝရလျှို့ဝှက်နယ်မြေကို ဖွင့်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ”
ချက်ချင်းပင် ထန်ထိုင်ကျုံးရွှမ် ဒေါသထွက်သွားရ၏။
“မင်း ဘာပြောလိုက်တယ်... အခုက မွန်းတည့်ချိန်ပဲ ရှိသေးတာကို ရူယန်ဝူကျိ အဘိုးကြီးက ငါ့ကို ဒီမှာ နေဝင်တဲ့အထိ စောင့်ခိုင်းနေတာလား... ဒါက တကယ့်ကို မတရားတာပဲ”
“ထန်ထိုင်ဂိုဏ်းချုပ်... ဒေါသဖြေပါဦး”
တပည့် ၂ ဦးက ထိုသို့ ပြန်လည် ဖြေကြားပြီးနောက် ထန်ထိုင်ကျုံးရွှမ်ကို လျစ်လျူရှုလိုက်ကြကာ ကျောက်တိုင်အောက်တွင် တရားထိုင်လျက် မျက်စိမှိတ်နေကြတော့လေသည်။
အခန်း ၄၂၀ ပြီး