ထန်ထိုင်ကျုံးရွှမ်၏ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် အုံ့မှိုင်းနေ၏။ ရူယန်ဝူကျိဆိုသည့် ထိုအဘိုးကြီးမှာ သူ့ကို တမင်သက်သက် အရှက်ခွဲနေခြင်းဖြစ်ကြောင်း ကောင်းကောင်း သိနေပေသည်။
သို့သော် တောင်တံခါးရှေ့၌ စောင့်ဆိုင်းနေရုံ မှလွဲ၍ အခြားနည်းလမ်း မရှိပေ။
တောင်ပေါ်လေများ တိုက်ခတ်နေပြီး ထန်ထိုင်ကျုံးရွှမ်၏ ဆံပင်ရှည်များကို လွင့်ခါစေ၏။ ခံပြင်းဒေါသထွက်နေသော သူ့အမူအရာမှာ တဖြည်းဖြည်း လှောင်ပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
သူက ထန်ယွင်၏ စာလုံး ၄၈ လုံးပါသော မဟာဗျူဟာကို တွေးတောမိလိုက်သည်။ ယခုအခါ ထိုဗျူဟာကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ရာ နောက်ထပ် နှစ်အနည်းငယ် အတွင်း၌ သူ၏ ဟောင်ဖူနတ်ဘုရားဂိုဏ်းမှာ ပိုမိုသန်မာလာပေလိမ့်မည်။ ထိုအချိန်ကျမှသာ ယခင်က ရန်ငြိုးများနှင့် ယနေ့ ခံစားခဲ့ရသော အရှက်ရမှုများအတွက် ထာဝရနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးကာ ပြန်လည် ကလဲ့စားချေရမည် ဖြစ်သည်။
... မကြာမီမှာ နေမွန်းတည့်ချိန်သို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ညနေစောင်းသို့ ကူးပြောင်းသွားတော့သည်။
“ဟင်း... ဟင်း... ဂိုဏ်းချုပ်ထန်ထိုင်က ဘာလို့ ထာဝရလျှို့ဝှက်နယ်မြေထဲကို မဝင်သေးတာလဲ... ဒီနန်းတော်သခင်မကို စောင့်နေတာလား... ဟားဟားဟား...”
ရုတ်တရက် ကောင်းကင်ယံမှ အမျိုးသမီးတစ်ဦး၏ လှောင်ပြောင်သံ ထွက်ပေါ်လာသည်။ ထန်ထိုင်ကျုံးရွှမ်၊ အုပ်စုခေါင်းဆောင် ၉ ဦး၊ ထန်ယွင်နှင့် အခြားတပည့်များက နောက်သို့ လှည့်ကြည့်လိုက်ကြရာ တိမ်တိုက်များထဲမှ ဆင်းသက်လာသော ဝိညာဉ်လှေတစ်စင်းကို မြင်တွေ့လိုက်ရ၏။
ဝိညာဉ်လှေ၏ အရှေ့ပိုင်းတွင် ဝိညာဉ်နတ်ဘုရားနန်းတော်၏ သခင်မဖြစ်သူ ကျူးကော့ယွီက တောင်ထိပ်ပေါ်ရှိ ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ လူများကို လှောင်ပြုံးဖြင့် ငုံ့ကြည့်နေသည်။
သူမ၏ အနောက်တွင်မူ သူတော်စင်မလေး နန်းကုန်းယွိချင်က လှပကျော့ရှင်းစွာ ရပ်နေ၏။
နန်းကုန်းယွိချင်၏ အသားအရေမှာ ဆီးနှင်းအလား ဖြူဖွေးနေပြီး မျက်နှာကျမှာလည်း အပြစ်ဆိုဖွယ်မရှိအောင် လှပလွန်းပေသည်။ သူမက မြင့်မြတ်သော ရေကန်မှ နတ်သမီးလေးတစ်ပါးအလား ထည်ဝါပြီး အေးစက်သော အငွေ့အသက်များကို ထုတ်ဖော်နေ၏။
ထို့အပြင် ကြမ်းပြင်အထိ ရှည်လျားသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုဝတ်စုံက သူမ၏ မြင့်မားသော ကိုယ်လုံးလေးကို ပိုမိုပေါ်လွင်စေကာ ဆံပင်ရှည်များမှာလည်း ပခုံးပေါ်၌ ရေတံခွန်တစ်ခုအလား ဝဲဖြန့်ကျနေတော့သည်။
သို့သော် ယခုအချိန်တွင် သူမ၏ မျက်လုံးများမှာ တောင်ထိပ်ပေါ်ရှိ ထန်ယွင်ကိုသာ စိုက်ကြည့်နေပြီး လှပသော မျက်ဝန်းအစုံမှာ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ပြီးခဲ့သည့် ပညာ ၄ မျိုး ပြိုင်ပွဲအပြီးတွင် သူမ ပြင်းထန်စွာ ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ၌ ကျူးကော့ယွီက သူမကို ဝိညာဉ်နတ်ဘုရားနန်းတော်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
ထန်ယွင် ပြောခဲ့သည့်အတိုင်း ကျူးကော့ယွီသည် နန်းကုန်းယွိချင်အား အဆင့်မြင့်ဇွန်ဆေးလုံးဖြစ်သည့် ရှင်သန်ထမြောက်ခြင်း ဆေးလုံးကို တိုက်ကျွေးခဲ့သဖြင့် သူမ ပြန်လည် အသက်ရှင်လာခဲ့ခြင်း ဖြစ်၏။
သို့သော် ကျူးကော့ယွီသည် သူမအား မည်သို့ ကယ်တင်ရမည်ကို ထန်ယွင်က လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း နန်းကုန်းယွိချင်ကို မပြောပြခဲ့ပေ။ ထို့ပြင် ပြီးခဲ့သည့် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် တပည့်များကိုလည်း နန်းကုန်းယွိချင်အား ထိုအကြောင်း မပြောရန် တားမြစ်ထားခဲ့သည်။
နန်းကုန်းယွိချင် နိုးလာသည့်အခါတွင်မူ ကျူးကော့ယွီက သူမနှင့် ထန်ယွင်တို့မှာ အဆုံးအဖြတ် တိုက်ပွဲတွင် နှစ်ဦးလုံး ဒဏ်ရာရကာ သေလုမြောပါး ဖြစ်ခဲ့ရကြောင်းသာ ပြောပြခဲ့သည်။
ထိုစကားကို ကြားရသည့်အခါ နန်းကုန်းယွိချင်မှာ အလွန် ဒေါသထွက်သွားခဲ့၏။ ထာဝရနယ်မြေသည် ထန်ယွင် သေရမည့်နေရာဟုလည်း သူမ စိတ်ထဲမှ ဆုံးဖြတ်လိုက်တော့သည်။
ပညာ ၄မျိုး ပြိုင်ပွဲတွင် ဝိညာဉ်နတ်ဘုရားနန်းတော်က ဗိုလ်စွဲခဲ့သဖြင့် ၎င်းတို့နန်းတော်မှာ ထာဝရနယ်မြေသို့ တပည့်ပေါင်း ၃,၀၀၀ စေလွှတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်၏။
ယခုအခါ နန်းကုန်းယွိချင်၏ အနောက်၌ ရပ်နေသော တပည့် ၂,၉၉၉ ဦးမှာလည်း ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ထန်ယွင်ကို စိုက်ကြည့်နေကြတော့သည်။
အကြောင်းမှာ ကျူးကော့ယွီက ဤစမ်းသပ်မှုအတွင်း ထန်ယွင်ကို မဖြစ်မနေ သတ်ပစ်ရန် အမိန့်ပေးထားသောကြောင့်ပင်။
“ဟဲဟဲ...”
ထန်ယွင်က သူ့ထံသို့ ဦးတည်လာသော သတ်ဖြတ်လိုစိတ်များကို ခံစားမိလိုက်သည်။ သူက နန်းကုန်းယွိချင်၏ အနောက်မှ တပည့်များကို မော့ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်၏။
'ထာဝရနယ်မြေက မင်းတို့ သေရမယ့်နေရာပဲ... မင်းတို့ ပုန်းမနေဘဲ ငါ့လက်ထဲ မိရင်တော့ တွေ့တဲ့လူကို အကုန် သတ်ပစ်မယ်'
နန်းကုန်းယွိချင်နှင့် ပတ်သက်၍မူ သူမက သူ့အပေါ် သတ်ဖြတ်လိုစိတ် ထားရှိနေသော်လည်း ထန်ယွင်ကမူ သူမအပေါ် မည်သည့် သတ်ဖြတ်လိုစိတ်မျှ မရှိခဲ့ပေ။
အကြောင်းမှာ လွန်ခဲ့သော လအနည်းငယ်က ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်အတွင်း၌ သူမ အသက်ပျောက်တော့မည့် အခြေအနေတွင် သူ့အနားသို့ လဲကျသွားပုံကို ထန်ယွင် မှတ်မိနေသောကြောင့် ဖြစ်၏။
ထိုအချိန်က သူမ သေလုမြောပါး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ အချစ်ရဆုံးသော သူတစ်ယောက်ကို ဆုံးရှုံးရတော့မည့်အလား သူ ရင်ကွဲမတတ် ခံစားခဲ့ရဖူးသည်။
ထိုအချိန်မှစ၍ ထန်ယွင်သည် ထိုအကြောင်းရင်းကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သူနှင့် နန်းကုန်းယွိချင်ကြားတွင် အတိတ်ဘဝကသော်လည်းကောင်း၊ ယခုဘဝတွင်သော်လည်းကောင်း ဘာတွေများ ဖြစ်ခဲ့သနည်း။
ထို့ကြောင့် ဤရှင်းပြ၍မရသော ဝမ်းနည်းမှု၏ အရင်းအမြစ်ကို မသိရမချင်း ထန်ယွင်က နန်းကုန်းယွိချင်ကို သတ်မည်မဟုတ်ပေ။
“ဝုန်း...”
ဟင်းလင်းပြင်ကြီး အနည်းငယ် တုန်ခါသွားပြီးနောက် ကျူးကော့ယွီက ဝိညာဉ်လှေကို မောင်းနှင်ကာ တောင်ထိပ်ပေါ်ရှိ ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ ဝိညာဉ်လှေဘေးသို့ ဆင်းသက်လိုက်သည်။
ထန်ထိုင်ကျုံးရွှမ်က ကျူးကော့ယွီအား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုကာ ခေါင်းလွှဲလိုက်၏။
ကျူးကော့ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထန်ယွင်ကို အကြံယုတ်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဝှစ်...”
ထိုစဉ် တောင်တံခါးရှိ ကျောက်စာတိုင်အောက်တွင် ထိုင်နေသော ထာဝရနတ်ဘုရားဂိုဏ်းမှ တပည့်နှစ်ဦးမှာ ချက်ချင်း ထရပ်လိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
“နန်းတော်သခင်မကျူးကို နှုတ်ခွန်းဆက်သပါတယ်... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော်တို့ ဂိုဏ်းချုပ် အခုပဲ ရောက်လာပါလိမ့်မယ်”
ထန်ထိုင်ကျုံးရွှမ်သည် ထိုတပည့်နှစ်ဦးက ကျူးကော့ယွီအပေါ် ဆက်ဆံပုံကို ကြည့်ကာ ယခင်က သူ့ကို လျစ်လျူရှုခဲ့ပုံကို ပြန်လည် တွေးတောမိပြီး ထိုတပည့်နှစ်ဦးအပေါ် ပထမဆုံးအကြိမ် သတ်ဖြတ်လိုစိတ် ပေါ်ပေါက်လာတော့သည်။
ထို့ကြောင့် ထန်ထိုင်ကျုံးရွှမ်က ကျယ်လောင်စွာ ဟောက်လိုက်၏။
“လွန်ခဲ့တဲ့ တစ်နာရီက မင်းတို့နှစ်ယောက် ကျုပ်ကို မထိတထိ စော်ကားခဲ့ကြတယ်... အခု ကျုပ် မင်းတို့ကို နောင်တရဖို့ အချိန်တစ်နာရီ ပေးခဲ့ပြီးပြီ... ဒါပေမဲ့ မင်းတို့က နောင်တရဖို့ စိတ်ကူးမရှိသေးဘူးပဲ”
“မင်းတို့ အမှားကို ဝန်ခံရင်တော့ ကျုပ်က ဂရုစိုက်နေမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့ကတော့ နောင်တမရနိုင်သေးပါလား”
စကားအဆုံးတွင် ထန်ထိုင်ကျုံးရွှမ်က သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ထိုတပည့်နှစ်ဦးမှာ အော်ဟစ်ချိန်ပင်မရဘဲ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပြီး အသားစများနှင့် သွေးစများမှာ တောင်ပေါ်လေနှင့်အတူ လွင့်စင်သွားတော့သည်။
ထိုအခိုက်အတန့်တွင် တောင်ထိပ်အထက်ရှိ ကောင်းကင်ယံမှာ လှုပ်ခါသွားပြီး ဟင်းလင်းပြင်မှာ တဖြည်းဖြည်း လည်ပတ်လာကာ ထာဝရလျှို့ဝှက်နယ်မြေသို့ သွားရာ အချိန်နှင့်ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ပေါ်ထွက်လာတော့သည်။
ရူယန်ဝူကျိက မျက်နှာနီမြန်းလျက် တောင်ထိပ်ပေါ်သို့ ခုန်ဆင်းလာပြီး အသံနှိမ့်ကာ မေးလိုက်၏။
“ဂိုဏ်းချုပ်ထန်ထိုင်... ခင်ဗျား ဘာလို့ ကျုပ်ရဲ့ ထာဝရနတ်ဘုရားဂိုဏ်းက တပည့်တွေကို သတ်လိုက်ရတာလဲ”
ထန်ထိုင်ကျုံးရွှမ်က ရယ်မောကာ ပြန်ပြောလိုက်၏။
“ရူယန်... ခင်ဗျား ရောက်လာတာ အတော်ပဲ... လွန်ခဲ့တဲ့ တစ်နာရီက ခင်ဗျားရဲ့ တောင်တံခါးစောင့် တပည့်တွေက ကျုပ်ကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခဲ့ကြလို့ ကျုပ်က ခင်ဗျားကိုယ်စား သူတို့ကို ဆုံးမပေးလိုက်တာပါ”
ထို့နောက် ထန်ထိုင်ကျုံးရွှမ်က ရူယန်ဝူကျိကို စိုက်ကြည့်ကာ မေးလိုက်၏။
“ဘာလဲ... ရူယန်က ကျုပ်အပေါ် မကျေနပ်လို့လား”
ရူယန်ဝူကျိက ရုတ်တရက် အားရပါးရ ရယ်မောလိုက်တော့သည်။
“ဟားဟားဟား... ဂိုဏ်းချုပ်ထန်ထိုင်ကလည်း ဘာတွေ ပြောနေတာလဲ... သူတို့က ခင်ဗျားကို မလေးမစား လုပ်တယ်ဆိုမှတော့ သတ်ပစ်သင့်တာပေါ့”
ရူယန်ဝူကျိက ဘာမှမဖြစ်သလို အမူအရာ ပြနေသော်လည်း စိတ်ထဲတွင်မူ လှောင်ပြောင်နေ၏။
'ထန်ထိုင်ကျုံးရွှမ်... စမ်းသပ်မှု စတာနဲ့ ငါ့ရဲ့ ထာဝရနတ်ဘုရားဂိုဏ်း တပည့်တွေနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော် တပည့်တွေ ပေါင်းပြီး မင်းရဲ့ တပည့် ၁,၀၀၀ လုံးကို သတ်ပစ်ကြလိမ့်မယ်... အဲ့ဒီအချိန်ကျရင်တော့ မင်း ငိုချင်ရင်တောင် မျက်ရည်ထွက်မှာ မဟုတ်တော့ဘူး'
ထိုသို့ တွေးတောရင်း ရူယန်ဝူကျိက ကျူးကော့ယွီနှင့် ထန်ထိုင်ကျုံးရွှမ်တို့ကို လက်အုပ်ချီကာ ပြုံးပြလိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်လုံး တပည့်တွေကို ခေါ်ပြီး လာကြပါဦး... ကျေးဇူးပြုပြီး ကြွကြပါ”
စကားအဆုံးတွင် ရူယန်ဝူကျိက ကောင်းကင်ယံရှိ အချိန်နှင့်ဟင်းလင်းပြင် တံခါးပေါက်အတွင်းသို့ ပျံဝင်သွားတော့သည်။
ကျူးကော့ယွီကလည်း ဝိညာဉ်လှေကို မောင်းနှင်ကာ အနောက်မှ ကပ်လျက် လိုက်ပါသွား၏။
ထန်ထိုင်ကျုံးရွှမ်မှာလည်း အေးစက်စွာ ပြုံးလျက် ဝိညာဉ်လှေကို မောင်းနှင်ကာ အချိန်နှင့်ဟင်းလင်းပြင် တံခါးပေါက် မှတစ်ဆင့် ထာဝရလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ထာဝရလျှို့ဝှက်နယ်မြေသည် မိုင်ပေါင်း သန်း ၃၀ ကျော် ကျယ်ဝန်းလှသည်။ ထိုနယ်မြေအတွင်း၌ ရေကန်များ၊ မြစ်များနှင့် နတ်ဘုရား ရေတံခွန်များစွာ ရှိနေ၏။ သိပ်သည်းလှသော ကောင်းကင်နှင့်မြေကြီး စွမ်းအားများ၊ လွင့်မျောနေသော မြူခိုးတိမ်တိုက်များ နှင့်အတူ နတ်ဘုရားနယ်မြေတစ်ခုအလား လှပလွန်းပေသည်။
သို့သော် ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ တပည့်များမှာမူ ထိုလှပသော မြင်ကွင်းကို လျစ်လျူရှုထားကြပြီး ၎င်းတို့၏ အကြည့်မှာ ရှေ့သို့သာ ရှေးရှုနေကြသည်။ ဝိညာဉ်နတ်ဘုရားနန်းတော်မှ တပည့် ၃,၀၀၀ ၏ မျက်လုံးများထဲတွင်လည်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။
ထိုနည်းတူစွာပင် ဝိညာဉ်နတ်ဘုရားနန်းတော်မှ တပည့်များကလည်း နောက်သို့ လှည့်ကြည့်ကာ ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ တပည့်များကို အံတုနေကြတော့သည်။
နန်းကုန်းယွိချင်နှင့် အခြားတပည့် ၃,၀၀၀ ၏ စိတ်ထဲတွင်မူ ၎င်းတို့နှင့် ထာဝရနတ်ဘုရားဂိုဏ်းမှ တပည့် ၂,၀၀၀ ပေါင်းလိုက်လျှင် ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ တပည့်များကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
စမ်းသပ်မှုပင် မစတင်ရသေးသော်လည်း ဂိုဏ်းနှစ်ခုနှင့် နန်းတော်တစ်ခုကြားရှိ တပည့်များမှာ အခြေအနေများ တင်းမာနေကြပြီ ဖြစ်တော့သည်။
အခန်း ၄၂၁ ပြီး
***