...
၃ နာရီခန့် ကြာပြီးနောက် အချိန်များ ကုန်ဆုံးကာ ညသန်းခေါင်ယံ အချိန်သို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။
ညဥ့်ကား နက်ရှိုင်းလှပေသည်။ ကြယ်ရောင်မရှိသော ညတစ်ညဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှင်ကဲ့သို့ပင် မည်းမှောင်နေတော့သည်။
သို့သော် ထိုအမှောင်ထုက ထန်ယွင်နှင့် အခြားသူများ၏ အမြင်အာရုံကိုမူ မနှောင့်ယှက်နိုင်ပေ။
ရူယန်ဝူကျိက ကျူးကော့ယွီနှင့် အခြားအကြီးအကဲများ၊ တပည့်များကို ကိုယ်တိုင် ဇိမ်ခံဧည့်ခန်းမသို့ လိုက်ပါပို့ဆောင်ပေးပြီး ခမ်းနားစွာ ဧည့်ခံကျွေးမွေးနေသည်။ ၎င်းမှာ ထာဝရနတ်ဘုရားဂိုဏ်း၏ အမြင့်ဆုံးသော ဧည့်ဝတ်ပြုမှုပင်။
သို့သော် ဝိညာဉ်နတ်ဘုရားနန်းတော်မှ လူများနှင့် နှိုင်းယှဉ်လျှင် ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ လူများမှာမူ အတော်ပင် သနားစရာကောင်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် ရူယန်ဝူကျိ၏ အမိန့်ဖြင့် အကြီးအကဲတစ်ဦးက ထန်ထိုင်ကျုံးရွှမ်၊ အုပ်စုခေါင်းဆောင် ၉ ဦးနှင့် တပည့်အားလုံးကို လွန်ခဲ့သော လအနည်းငယ်က ပညာ ၄ မျိုး ပြိုင်ပွဲတွင် ထန်ယွင်တို့ နေထိုင်ခဲ့သော နတ်ဘုရားတောင်သို့သာ သွားရောက် တည်းခိုစေခိုင်းခဲ့သောကြောင့် ဖြစ်၏။
ထိုနတ်ဘုရားတောင်မှာ လွန်ခဲ့သော လအနည်းငယ်ကအတိုင်းပင် ပေါင်းပင်များ ထူထပ်နေပြီး ကောင်းကင်နှင့်မြေကြီး စွမ်းအားများလည်း အလွန်ပင် နည်းပါးလှပေသည်။
အစားအသောက်နှင့် ဝိုင်တို့မှာလည်း မရှိသလောက်ပင်။
“မနက်ဖြန် ၃ နာရီကျရင် ထာဝရအချိန်နှင့် ဟင်းလင်းပြင် နတ်ဘုရားကွင်းပြင်ကို လာခဲ့ကြ”
ထာဝရနတ်ဘုရားဂိုဏ်းမှ အကြီးအကဲက မောက်မာစွာ ပြောဆိုပြီး ထွက်ခွာသွားတော့သည်။
ထန်ထိုင်ကျုံးရွှမ်က မလှမ်းမကမ်းရှိ စုတ်ပြတ်နေသော အိမ်များကို ကြည့်ကာ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲမှ လေးနက်စွာ တွေးတောနေ၏။
'နောင်တစ်ချိန် ကျုပ်က ထာဝရနတ်ဘုရားဂိုဏ်းကို သွေးချောင်းစီးစေတဲ့အခါကျရင် ရူယန်ဝူကျိဆိုတဲ့ အဘိုးကြီးကို ဒီမှာပဲ ချုပ်နှောင်ထားပြီး တဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ပစ်မယ်'
ထိုသို့ ဆုံးဖြတ်ပြီးနောက် ထန်ထိုင်ကျုံးရွှမ်က အုပ်စုခေါင်းဆောင် ၉ ဦးနှင့် တပည့် ၁၀၀၀ အား တစ်ညတာ အနားယူရန် ပြောကြားလိုက်သည်။
၎င်းနောက် ထန်ထိုင်ကျုံးရွှမ်က အုပ်စုခေါင်းဆောင် ၉ ဦးကို ခေါ်ယူကာ တစ်စုံတစ်ခုကို ဆွေးနွေးနေတော့၏။
အုပ်စု ၉ ခုမှ တပည့်များမှာလည်း စုဝေးကာ စမ်းသပ်မှုအတွင်း ထာဝရနတ်ဘုရားဂိုဏ်းနှင့် ဝိညာဉ်နတ်ဘုရားနန်းတော်မှ တပည့်များကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည့် ဗျူဟာများကို စတင်ဆွေးနွေးနေကြပြီ ဖြစ်သည်။
... နာရီဝက်ခန့် ကြာပြီးနောက် ကောင်းကင်ယံမှ အေးစက်သော အသံတစ်သံ ကျဆင်းလာသည်။
“ထန်ယွင်... ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့”
မကြာမီပင် လူငယ် ၇ ဦးနှင့် ပန်းအလား လှပချောမောသော အမျိုးသမီး ၃ ဦးတို့က ဆေးဝါးအုပ်စုမှ တပည့်များ၏ ရှေ့သို့ လျှောက်လှမ်းလာကြသည်။
ခေါင်းဆောင်လာသူမှာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ပတ္တမြားသဖွယ် အလွန်ပင် ချောမောလှပပေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ထာဝရနတ်ဘုရားဂိုဏ်း၏ တပည့် ရူယန်ချန်ပင်။
ယခုအခါ ရူယန်ချန်က ဆာလောင်နေသော ဝံပုလွေတစ်ကောင်အလား ရက်စက်သော အကြည့်များဖြင့် ထန်ယွင်၏ ရှေ့ ပေ ၃၀ ခန့် အကွာတွင် ရပ်နေတော့သည်။
သူ၏ ဒဏ်ရာများကို ကုသနေစဉ် လွန်ခဲ့သော လအနည်းငယ်အတွင်း ထန်ယွင်နှင့် အဆုံးအဖြတ် တိုက်ပွဲတွင် သူ ရှုံးနိမ့်ပြီးနောက် ထန်ယွင်၏ ရက်စက်စွာ ဆက်ဆံခဲ့ပုံများကို တွေးတောမိတိုင်း ထန်ယွင်ကို သတ်ပစ်ရန် အိမ်မက် မက်နေခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က ထန်ယွင်သည် ရူယန်ချန်၏ ဘယ်ဘက်လက်မောင်း တစ်ခုလုံးကို ဆွဲဖြုတ်ပစ်ခဲ့ရုံ သာမက လက်တစ်ဖက်ဖြင့် ရူယန်ချန်၏ လည်ပင်းကို ညှစ်ကာ ကျန်လက်တစ်ဖက်ဖြင့် နံရိုးများကို ချိုးလျက် နှလုံးကို ဆုပ်ကိုင်ထားကာ ရူယန်ဝူကျိကို ခြိမ်းခြောက်ခဲ့ဖူးသည်။
နောက်ဆုံးတွင် ရူယန်ဝူကျိက ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ အတွင်းစည်းတပည့်များအား ပညာ ၄ မျိုးပြိုင်ပွဲ မှတစ်ဆင့် ထာဝရနယ်မြေသို့ ဝင်ရောက်ခွင့်ပေးမည်ဟု ကတိပေးခဲ့ရလေသည်။
ရူယန်ချန်အတွက်မူ ၎င်းမှာ ကြီးမားသော အရှက်ရမှုတစ်ခုပင်။
သူ့ကို ပို၍ ဒေါသထွက်စေသည်မှာ သူ မြတ်နိုးရသော အမျိုးသမီး နန်းကုန်းယွိချင်မှာ ထန်ယွင်၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရခြင်းပင် ဖြစ်သည်။
ယခုအခါ ရူယန်ချန်၏ အနောက်၌ ရပ်နေသော အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦးတို့မှာ ထာဝရနတ်ဘုရားဂိုဏ်း အတွင်းစည်း တပည့်များထဲမှ အသန်မာဆုံး ၉ ဦး ဖြစ်ကြသည်။
“ဟင်း... ဟင်း...”
ထန်ယွင်က နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရူယန်ချန်ကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်လိုက်၏။
“တပည့် ရူယန် ပါလား”
“ဟဲဟဲ... ထာဝရနတ်ဘုရားဂိုဏ်းမှာ တကယ်ပဲ ထူးချွန်တဲ့ ဆေးဆရာတွေ ရှိတာပဲ... ပြီးခဲ့တဲ့ တစ်ခါက ငါ မင်းကို ခွေးရူးတစ်ကောင်လို ရိုက်သတ်ခဲ့တာတောင် အခု ခြောက်လလောက်အတွင်းမှာ ပြန်ပြီး အသက်ရှင်လာတာပဲ”
“ငါ နားလည်ပါတယ်... တပည့် ရူယန်က... ငါ မင်းကို လည်ပင်းညှစ်ပြီး မသတ်ခဲ့လို့ လာပြီး ကျေးဇူးတင်တာ မဟုတ်လား”
ထိုစကားကို ကြားရသည့်အခါ ရူယန်ချန်က လက်သီးကို တင်းတင်းဆုပ်လိုက်ရာ အရိုးချင်း ရိုက်သံများပင် ထွက်ပေါ်လာပြီး အံကြိတ်ကာ ပြောလိုက်၏။
“ထန်ယွင်... မင်းရဲ့ ပုပ်ပွနေတဲ့ ပါးစပ်ကတော့ မပြောင်းလဲသေးဘူးပဲ... ငါ မင်းကို ပြောမယ်”
“ထာဝရနယ်မြေထဲမှာ မင်း ဘယ်မှာပဲ ပုန်းနေပါစေ... ငါ မင်းကို မိအောင် ဖမ်းမယ်”
“အဲ့ဒီအချိန်ကျရင် မင်းရဲ့ လျှာကို လှီးဖြတ်မယ်... မျက်လုံးတွေကို ဖောက်ထုတ်မယ်... ပြီးတော့ မင်းကို တဖြည်းဖြည်းချင်း နှိပ်စက်မယ်”
“ပြီးတော့ နန်းကုန်းယွိချင်ကလည်း အနှေးနဲ့အမြန် ငါ့မိန်းမ ဖြစ်လာမှာပဲ... အဲ့ဒီတုန်းက မင်း သူမကို သတ်ဖို့ ကြိုးစားခဲ့တယ်လေ... အဲ့ဒီအတွက်ကြောင့် မင်းကို ငါ အလွယ်တကူ အသေမခံဘူး”
ထန်ယွင်၏ ရင်ထဲတွင် တစ်ချက် တုန်လှုပ်သွားရသည်။ နန်းကုန်းယွိချင်က သူ့ကို သဘောတူလိုက်ပြီလား။
ထန်ယွင် စိတ်ရှုပ်ထွေးနေစဉ်မှာပင် ရူယန်ချန် လှည့်ထွက်သွားတော့သည်။
သူနှင့်အတူ ပါလာသော အတွင်းစည်းရှိ အသန်မာဆုံး ၉ ဦးထဲမှ လူငယ် ၆ ဦးကလည်း ထန်ယွင်ကို လက်ညှိုးထိုးပြကာ လှောင်ပြုံးဖြင့် ကြည့်ပြီး ထွက်ခွာသွားကြ၏။
အမျိုးသမီး ၃ ဦးကလည်း ထန်ယွင်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။
ထန်ယွင်က သူ၏ သံသယများကို ဘေးဖယ်ထားကာ ရေရွတ်လိုက်၏။
“ငါ့လျှာကို လှီးဖြတ်ပြီး မျက်လုံးတွေကို ဖောက်ထုတ်မလို့လား... ဟဲဟဲ...”
နောက်တစ်နေ့ မနက် ၃ နာရီ၊ အရုဏ်တက်ချိန်။
ထာဝရအချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားကွင်းပြင်သည် ထာဝရနတ်ဘုရားဂိုဏ်း အတွင်းစည်း၏ အလယ်ဗဟို အနောက်ဘက် မိုင် ၅၀၀ ခန့် အကွာရှိ မြင့်မားသော တောင်တန်းများကြားတွင် တည်ရှိသည်။
ထိုကွင်းပြင်မှာ ပေပေါင်း ထောင်နှင့်ချီ၍ ကျယ်ဝန်းပြီး သွေးရောင်လွှမ်းနေသော ဟင်းလင်းပြင် ကြယ်တံခွန် ကျောက်တုံးများစွာ ရှိနေ၏။ ကွင်းပြင်၏ အလယ်ဗဟိုတွင် ပေ ၁၀၀ ခန့် ကျယ်ဝန်းသော စက်ဝိုင်းပုံစံ မြင့်မားသည့် စင်မြင့်တစ်ခု ရှိသည်။
ထို့ပြင် နတ်ဘုရားကွင်းပြင်၏ အရှေ့ဘက်တွင် ပေ ၁၀၀ ခန့် မြင့်သော ကျောက်စိမ်းအဆောက်အဦ ၃ ခု တည်ရှိ၏။
နံပါတ် ၁ ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရူယန်ဝူကျိနှင့် ထာဝရနတ်ဘုရားဂိုဏ်းမှ အတွင်းစည်းနှင့် အတွင်းစည်းလွန် အကြီးအကဲ ရာပေါင်းများစွာ ထိုင်နေကြသည်။
နံပါတ် ၂ ကျောက်စိမ်းအဆောက်အဦပေါ်တွင် ကျူးကော့ယွီနှင့် ဝိညာဉ်နတ်ဘုရားနန်းတော်မှ အတွင်းစည်း အကြီးအကဲ ၉ ဦး နေရာယူထားကြ၏။
နံပါတ် ၃ ကျောက်စိမ်းအဆောက်အဦပေါ်တွင်မူ ထန်ထိုင်ကျုံးရွှမ်က တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည်။ သူ့ဘေးတွင် ရှန်စုပင်းနှင့် မူရုန်ရှီရှီ အပါအဝင် အုပ်စုခေါင်းဆောင် ၉ ဦး ထိုင်နေကြသည်။
ယခုအခါ ထာဝရအချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားကွင်းပြင်ရှိ စင်မြင့်အောက်တွင် နန်းကုန်းယွိချင် ခေါင်းဆောင်သော ဝိညာဉ်နတ်ဘုရားနန်းတော်မှ တပည့် ၃,၀၀၀ တို့ တိတ်ဆိတ်စွာ ရပ်နေကြသည်။ ဝိညာဉ်နတ်ဘုရားနန်းတော်မှာ စုံတွဲကျင့်စဉ်ကို အသုံးပြု၍ ဂိုဏ်းကို ထိန်းချုပ်ထားခြင်း ဖြစ်ရာ ထာဝရနယ်မြေ စမ်းသပ်မှုတွင် ပါဝင်မည့် တပည့် ၃,၀၀၀ ထဲ၌ ကျင့်ကြံဖော် စုံတွဲပေါင်း ၁,၀၀၀ ခန့်အထိ ပါဝင်နေတော့သည်။
ဝိညာဉ်နတ်ဘုရားနန်းတော် တပည့် ၃,၀၀၀၏ ညာဘက်၌ စမ်းသပ်မှုတွင် ပါဝင်မည့် ထာဝရနတ်ဘုရားဂိုဏ်းမှ အမျိုးသား၊ အမျိုးသမီး တပည့် ၂,၀၀၀ ရှိနေသည်။
ထာဝရနတ်ဘုရားဂိုဏ်း တပည့်များ၏ ညာဘက်တွင်မူ ထန်ယွင် အပါအဝင် ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ တပည့် ၁,၀၀၀ ရပ်နေကြ၏။
နောက်ဆုံးတွင် ရှေးဟောင်းဂိုဏ်းကြီး ၃ ခုမှ တပည့်များအပြင် ထာဝရနတ်ဘုရားဂိုဏ်းမှ အတွင်းစည်းတပည့် ၂ သန်းကျော်တို့ပါ ရောက်ရှိလာကြသည်။
ထိုစဉ် ရူယန်ဝူကျိက နေရာမှ ထရပ်လိုက်ကာ အသံအိုကြီးဖြင့် တစ်ကွင်းလုံးကြားအောင် အော်ပြောလိုက်တော့သည်။
“ဒီနေ့ ပြန်လည် ရောက်ရှိလာခဲ့ပြီ... ၃ နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ ထာဝရနယ်မြေ စမ်းသပ်ပွဲနေ့မှာ ကျုပ်အနေနဲ့ ဂိုဏ်း ၂ ခုနဲ့ နန်းတော် ၁ ခုက တပည့်တွေရဲ့ စမ်းသပ်မှုကို အားရဝမ်းသာ မျှော်လင့်နေမိပါတယ်”
“အားလုံး သိကြတဲ့အတိုင်း ထာဝရနယ်မြေထဲက နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ဟာ ကျုပ်တို့ ထာဝရနတ်ဘုရားဂိုဏ်းရဲ့ ရတနာတိုက်ပဲ... အဲ့ဒီထဲမှာ မရေမတွက်နိုင်တဲ့ ကမ္ဘာဦး ရတနာတွေ ရှိနေပါတယ်”
“ထာဝရနယ်မြေဟာ ရှေးဟောင်းခေတ် နတ်ဘုရားစစ်ပွဲ ဒုတိယအကြိမ် ဖြစ်ပွားခဲ့တဲ့ စစ်တလင်းဖြစ်သလို တရားမျှတမှု နတ်ဘုရားနဲ့ မိစ္ဆာနတ်ဘုရားတို့ နှစ်ဦးလုံး သေဆုံးသွားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်”
“ထာဝရနယ်မြေဟာ မြင့်မြတ်ပြီး ခန့်ညားလှပါတယ်... ကျုပ်တို့ ကောင်းကင်ပြစ်ဒဏ်နယ်မြေက လူသားတွေ ဒီနေ့လို သာယာဝပြောမှုကို ခံစားနေရတာဟာ တရားမျှတမှု နတ်ဘုရားက သူ့ရဲ့ အသက်နဲ့ရင်းပြီး လဲလှယ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်”
“အခု ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း လူတိုင်း အသက် ၃ ကြိမ်ရှိုက်စာလောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်ပြီး နတ်ဘုရားတွေကို အမြင့်ဆုံးသော လေးစားမှု ပြသကြရအောင်”
စကားအဆုံးတွင် ရူယန်ဝူကျိက အရင်ဆုံး ဒူးထောက်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ချက်ချင်းပင် ထာဝရနတ်ဘုရားဂိုဏ်းမှ အကြီးအကဲများ၊ ထန်ထိုင်ကျုံးရွှမ်၊ ရှန်စုပင်း အပါအဝင် အုပ်စုခေါင်းဆောင် ၉ ဦး၊ ကျူးကော့ယွီနှင့် ဝိညာဉ်နတ်ဘုရားနန်းတော်မှ အကြီးအကဲများအားလုံးလည်း ထရပ်ကာ ဒူးထောက်လိုက်ကြပြီး ငြိမ်သက်စွာ မျက်လုံးမှိတ်ထားကြ၏။
ကျောက်စိမ်းအဆောက်အဦ အောက်ဘက်ရှိ ထာဝရနတ်ဘုရားဂိုဏ်းမှ တပည့် ၂ သန်းကျော်နှင့် စင်မြင့်အောက်ရှိ ဂိုဏ်း ၃ ခုမှ စမ်းသပ်မှုဝင်မည့် တပည့် ၆,၀၀၀ စလုံးလည်း တိတ်ဆိတ်စွာ ဒူးထောက်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာပေါ်၌ ကြည်ညိုလေးစားမှုများ ထင်ဟပ်နေတော့သည်။
သို့သော် ထန်ယွင်ကမူ ရင်ကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရ၏။
အကြောင်းမှာ ထာဝရနယ်မြေတွင် သေဆုံးသွားခဲ့သော ထိုတရားမျှတမှု နတ်ဘုရားဆိုသည်မှာ အတိတ်ဘဝက ထန်ယွင်၏ လက်အောက်ငယ်သားများဖြစ်သည့် ကမ္ဘာဦးဘီလူးကြီးများ ဖြစ်နေသောကြောင့်ပင်။
အခန်း ၄၂၂ ပြီး
***