တိတ်ဆိတ်မှုများဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပြန်ထလာကြသည်။
ရူယန်ဝူကျိက ဂိုဏ်း ၂ ခုနှင့် နန်းတော် ၁ ခုမှ စမ်းသပ်မှုတွင် ပါဝင်မည့် တပည့် ၆,၀၀၀ ကို ငုံ့ကြည့်လိုက်ပြီး သူ့အမူအရာမှာ ရုတ်တရက် တည်ကြည်လေးနက်သွား၏။
“ထာဝရနယ်မြေဆီကို သွားမယ့် အချိန်နဲ့ဟင်းလင်းပြင် လှိုဏ်ခေါင်းကို မဖွင့်ခင်မှာ ကျုပ်နောက်ထပ်ပြောမယ့် စကားတွေကို မင်းတို့ သေချာမှတ်သားထားကြရမယ်”
“ထာဝရနယ်မြေထဲမှာ ဧရာမ အစီအရင်ကြီးက ဖုံးလွှမ်းထားတဲ့ စမ်းသပ်မှုနယ်မြေဟာ မိုင်ပေါင်း ၁၀ သန်း ကျယ်ဝန်းတယ်”
“စမ်းသပ်မှုကာလက တစ်နှစ်ပဲ... တစ်နှစ်ပြည့်တဲ့အခါ အချိန်နဲ့ဟင်းလင်းပြင် လှိုဏ်ခေါင်းဟာ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ရဲ့ အဝင်ဝကနေ မြောက်ဘက် မိုင် ၁သိန်း အကွာမှာရှိတဲ့ အချိန်နဲ့ဟင်းလင်းပြင် နတ်ဘုရားတောင်ပေါ်မှာ ပေါ်လာလိမ့်မယ်”
“တံခါးဖွင့်ချိန်က တစ်နာရီပဲ ရှိမယ်... အဲ့ဒီတစ်နာရီအတွင်းမှာ မင်းတို့ဟာ အချိန်နဲ့ဟင်းလင်းပြင် လှိုဏ်ခေါင်းကနေတစ်ဆင့် ပြန်လာကြရမယ်”
“ဒါကို မလိုက်နာလို့ လှိုဏ်ခေါင်းပိတ်သွားပြီဆိုရင် စမ်းသပ်မှုနယ်မြေကို ကာကွယ်ထားတဲ့ အစီအရင်ကြီးလည်း ပျောက်ကွယ်သွားလိမ့်မယ်... အဲ့ဒီအချိန်ကျရင် အဆင့် ၃၊ အဆင့် ၄ နဲ့ အဆင့် ၅ ရှိတဲ့ မိစ္ဆာသားရဲတွေက စမ်းသပ်မှုနယ်မြေထဲမှာ သောင်းကျန်းနေကြလိမ့်မယ်”
“အဲ့ဒီအချိန်အထိ မင်းတို့ ထာဝရနယ်မြေထဲမှာ ကျန်ခဲ့မယ်ဆိုရင်တော့ ကျိန်းသေ သေရမှာပဲ... နားလည်ကြလား”
တပည့် ၆,၀၀၀လုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
“တပည့်များ နားလည်ပါပြီ ဆရာ... ဂျူနီယာများ နားလည်ပါပြီ”
“ကောင်းပြီ”
ရူယန်ဝူကျိက ကျယ်လောင်စွာ ပြောလိုက်သည်။
“ကျုပ် အခုပဲ အချိန်နဲ့ဟင်းလင်းပြင် လှိုဏ်ခေါင်းကို ဖွင့်ပေးမယ်... လှိုဏ်ခေါင်းက မင်းတို့အားလုံးကို ထာဝရနယ်မြေထဲက နေရာအသီးသီးဆီကို ကျပန်း ပို့ဆောင်ပေးလိမ့်မယ်”
“အဲ့ဒီလို ပို့ဆောင်နေတဲ့အချိန်မှာ မင်းတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လှိုဏ်ခေါင်းရဲ့ နံရံတွေကို မထိမိစေနဲ့... မဟုတ်ရင်တော့ ဟင်းလင်းပြင် ဝဲဂယက်တွေရဲ့ အပိုင်းပိုင်းဖြတ်တာကို ခံရပြီး သေသွားလိမ့်မယ်”
“နောက်ဆုံးအနေနဲ့ ကျုပ် မင်းတို့ကို အကြံပေးချင်တာက နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ထဲမှာ ရတနာတွေ ရှိနေတာ မှန်ပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သောင်း အတွင်းမှာ အဲ့ဒီထဲကို ဝင်ခဲ့တဲ့ ဂိုဏ်း ၃ ခုက တပည့်တွေ သေဆုံးမှုဟာ သန်း ၂၀ ကျော်သွားပြီဆိုတာပဲ”
“ချောက်နက်ထဲကို ရတနာရှာဖို့ ဝင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြပါ... အထဲကို အရမ်းမဝင်နိုင်ဘူးလို့ ခံစားရရင် အချိန်မီ ပြန်ထွက်လာကြ”
စကားအဆုံးတွင် ရူယန်ဝူကျိ၏ နှုတ်ခမ်းများမှာ တိုးတိုးတိတ်တိတ် ရွတ်ဆိုနေပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းအဆောက်အဦ၏ အထက် ကောင်းကင်ယံတွင် ၃ မီတာခန့် ကျယ်ဝန်းသော ဝိညာဉ်စွမ်းအား အလင်းလုံးကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ရူယန်ဝူကျိ၏ လက်ချောင်းကြားရှိ ဝိညာဉ်လက်စွပ်မှာ လျှပ်ခနဲ လင်းလက်သွားပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၆ တုံးမှာ ထိုအလင်းလုံးကြီးအတွင်းသို့ တိုးဝင်သွားကာ ငြိမ်သက်စွာ ဆိုင်းငံ့နေကြ၏။
“သွားတော့”
ရူယန်ဝူကျိက ဝတ်စုံလက်စကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ထိုဝိညာဉ်စွမ်းအား အလင်းလုံးကြီးမှာ အလင်းတန်း ၃၆ ခုအဖြစ် ကွဲထွက်သွားတော့သည်။
အလင်းတန်းတစ်ခုချင်းစီမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးစီ ပါရှိနေပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ထာဝရအချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားကွင်းပြင်ကို ဝန်းရံထားသည့် မြင့်မားသော နတ်ဘုရားတောင် ၃၆ လုံးဆီသို့ ဦးတည်သွားကြတော့သည်။
အလင်းတန်း ၃၆ ခုမှာ တောင်ထိပ် ၃၆ ခုအတွင်းသို့ ဝင်ရောက်သွားသည့်အခါ ခေတ္တမျှ ငြိမ်သက်သွား၏။
“အချိန်နှင့်ဟင်းလင်းပြင် လှိုဏ်ခေါင်း - ပွင့်စေ”
“ဝုန်း”
“ဝုန်း...”
ရူယန်ဝူကျိ ရေရွတ်လိုက်သည်နှင့် တောင် ၃၆ လုံးမှာ ပြင်းထန်သော အသံကြီးများ တုန်ခါသွားပြီး တောင်တစ်လုံးချင်းစီမှ မီတာ ၁၀၀ ခန့် ထူသော တောက်ပသည့် အလင်းတန်းကြီး တစ်ခုစီ ပန်းထွက်လာတော့သည်။
အလင်းတန်း ၃၆ ခုမှာ လှပသော အကွေးအဆန့်များအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် စက်ဝိုင်းပုံ စင်မြင့်ထက်၌ ဆုံစည်းသွားကြရာ ကောင်းကင်ယံတွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး အချင်း မီတာ ၁၀၀ ရှိသည့် အမှောင်ထုဖုံးလွှမ်းနေသော အချိန်နှင့်ဟင်းလင်းပြင် လှိုဏ်ခေါင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ချက်ချင်းပင် လှိုဏ်ခေါင်းကြီးအတွင်းမှ ဧရာမ အလင်းရောင်ခြည်တန်းကြီးမှာ စင်မြင့်ပေါ်သို့ ဖြာကျလာတော့၏။
“အချိန်နှင့်ဟင်းလင်းပြင် လှိုဏ်ခေါင်း ပွင့်သွားပြီ... ဂိုဏ်း ၂ ခုနဲ့ နန်းတော် ၁ ခုက တပည့်တွေ... စမ်းသပ်မှု စတင်ဖို့ စင်မြင့်ပေါ်ကို တက်ကြတော့”
ရူယန်ဝူကျိ၏ စကားအဆုံးတွင် ထာဝရနတ်ဘုရားဂိုဏ်းမှ အတွင်းစည်း အသန်မာဆုံး တပည့် ၂,၀၀၀မှာ စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်လိုက်ကြရာ ၎င်းတို့၏ ကိုယ်လုံးများမှာ ကောင်းကင်သို့ မြောက်တက်သွားပြီး လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
“ဝှစ်... ဝှစ်...”
ဝိညာဉ်နတ်ဘုရားနန်းတော်မှ တပည့် ၃,၀၀၀ မှာလည်း အနောက်မှ ကပ်လျက် လိုက်ပါသွားကြပြီး စင်မြင့်ပေါ် မှတစ်ဆင့် လှိုဏ်ခေါင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
“မုန့်ဂျီ၊ စစ်ယောင်၊ ဇီယန်... ဂရုစိုက်ကြဦးနော်... ဆုံရပ်မှာ ပြန်တွေ့ကြမယ်”
ထန်ယွင်က စကားတစ်ခွန်း ပြောခဲ့ပြီးနောက် အရင်ဆုံး စင်မြင့်ပေါ်သို့ တက်လိုက်ရာ ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရပြီး လှိုဏ်ခေါင်းအတွင်းသို့ ရောက်ရှိသွားတော့သည်။
၎င်းနောက် ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ ကျန်ရှိသော တပည့် ၉၉၉ ဦး လိုက်ပါသွားကြပြီး ခဏချင်းမှာပင် အားလုံးမှာ လှိုဏ်ခေါင်းအတွင်း ပျောက်ကွယ်သွားကြတော့၏။
ချက်ချင်းပင် အချိန်နှင့်ဟင်းလင်းပြင် လှိုဏ်ခေါင်းမှာ ဖြည်းညှင်းစွာ ပိတ်သွားပြီး ကောင်းကင်ယံမှ ပျောက်ကွယ်သွားတော့သည်။
“ဟင်း... ဟင်း... ဂိုဏ်းချုပ်ထန်ထိုင်... ကျုပ် တကယ်ပဲ စိုးရိမ်မိတယ်... ခင်ဗျားရဲ့ တပည့်တစ်ထောင်ထဲက တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာနိုင်မှာကိုပေါ့”
နံပါတ် ၁ ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရူယန်ဝူကျိက ထန်ထိုင်ကျုံးရွှမ်ကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“မှန်တယ်... ဒီနန်းတော်သခင်မလည်း အတော်လေး စိုးရိမ်မိပါတယ်”
နံပါတ် ၂ ကျောက်စိမ်းအဆောက်အဦပေါ်မှ ကျူးကော့ယွီကလည်း ထောက်ခံလိုက်သည်။
“ဟောင်ဖူနတ်ဘုရားဂိုဏ်းက တပည့်တွေက အရမ်းကို အားနည်းလွန်းနေတော့ ထာဝရနယ်မြေ စမ်းသပ်မှုမှာ ပါဝင်တာက အလကား အသက်လာစတေးသလို ဖြစ်နေမှာပေါ့”
ထိုစကားကို ကြားရသည့်အခါ ထန်ထိုင်ကျုံးရွှမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ခင်ဗျားတို့ နှစ်ယောက်... နောက်တစ်နှစ်မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ... ကျုပ် မျှော်လင့်တာကတော့ နောက်တစ်နှစ်မှာ ခင်ဗျားတို့ အခုလိုမျိုး ဆက်ပြီး ရယ်နိုင်ဖို့ပါပဲ”
... တစ်ချိန်တည်းမှာပင်...
ထန်ယွင်သည် မှောင်မည်းနေသော အချိန်နှင့်ဟင်းလင်းပြင် လှိုဏ်ခေါင်းအတွင်း ဖြတ်သန်းသွားနေသည်။ အရှိန်အလွန် မြန်ဆန်လှသဖြင့် သူ့ဦးနှောက်ထဲတွင် မူးဝေမှုကို ပြင်းထန်စွာ ခံစားနေရ၏။
နာရီဝက်ခန့် ကြာပြီးနောက် မူးဝေမှုများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ထန်ယွင်၏ ခြေထောက်အောက်တွင် မာကျောသော မြေပြင်ကို ခံစားလိုက်ရသည်။ ထာဝရနယ်မြေသို့ ရောက်ရှိလာခဲ့လေပြီ။
“ဝှစ်”
ထန်ယွင် ပတ်ဝန်းကျင်ကို မကြည့်ရသေးမီမှာပင် ရုတ်တရက် သူ့အနောက်မှ ချွန်ထက်သော လက်နက်တစ်ခု လေကို ဖြတ်သန်းလာသည့် အသံ ထွက်ပေါ်လာသည်။
ထန်ယွင်က ဘေးသို့ ရှောင်လိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခုက သူ့ပါးကို သီသီလေး ဖြတ်သွားပြီး ဆံပင်တစ်စကို ဖြတ်တောက်သွားကာ အရှေ့ရှိ မြင့်မားသော ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်အတွင်းသို့ တုန်ခါလျက် တိုးဝင်သွားတော့သည်။ ၎င်းမှာ အနက်ရောင် မြှားတစ်စင်းပင်။
သစ်ပင်၏ ပင်စည်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသော ထိုမြှား၏ ပတ်ဝန်းကျင်မှ သစ်ခွံစိမ်းစိမ်းများမှာ မျက်စိရှေ့တင် မည်းနက်သွားတော့သည်။
အဆိပ်။
ပြင်းထန်လှသော အဆိပ်ပင်။
ထန်ယွင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီး သူ နောက်သို့ လှည့်ကြည့်လိုက်ရာ ဝတ်စုံဖြူ ဝတ်ဆင်ထားသော ဝိညာဉ်နတ်ဘုရားနန်းတော်မှ အမျိုးသမီး တပည့်တစ်ဦးကို တွေ့လိုက်ရ၏။ သူမ၏ ဘယ်ဘက်လက်တွင် လေးကို ကိုင်ထားပြီး ညာဘက်လက်တွင်မူ ပြင်းထန်သောအဆိပ်များ သုတ်လိမ်းထားသည့် မြှား ၃ စင်းကို ကိုင်ထားကာ လေးကြိုးကို ဆွဲထားတော့သည်။
“ထန်ယွင်... မင်း အဖမ်းခံမယ်ဆိုရင်တော့ ငါ မင်းကို သက်သောင့်သက်သာ သေခွင့်ပေးမယ်”
ထိုအမျိုးသမီး တပည့်က ထန်ယွင်ကို အေးစက်စွာ စိုက်ကြည့်နေ၏။
“ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့... ပညာ ၄ မျိုးပြိုင်ပွဲမှာ ငါတို့ နန်းတော်သခင်မကို အရှက်ခွဲပြီး ဝိညာဉ်နတ်ဘုရားနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က ဘာမှပြန်မပြောဘဲ လှောင်ပြုံးတစ်ခုဖြင့် သူမထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
“သေပေတော့”
အမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မြှား ၃ စင်းကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ရာ ချက်ချင်းပင် ထန်ယွင်၏ လည်ပင်းနှင့် ရင်ဘတ် ဘယ်ညာဆီသို့ တိုးဝင်သွားတော့သည်။
“မင်းက ငါတို့ သူတော်စင်မလေးကို အနိုင်ယူခဲ့တယ်ဆိုလို့ ငါကတော့ အရမ်းသန်မာတယ် ထင်နေတာ... အခုတော့ မြှား ၃ စင်းတောင် မရှောင်နိုင်ဘဲ သေရပြီပေါ့... ဟင်း... နန်းကုန်းယွိချင်ရဲ့ ခွန်အားကလည်း သိပ်မပြောပလောက်ပါဘူး...”
ရုတ်တရက် ထိုအမျိုးသမီး၏ လှောင်ပြောင်သံမှာ ရပ်တန့်သွားရသည်။ မြှား ၃ စင်း ထိမှန်သွားသော ထန်ယွင်၏ လည်ပင်းနှင့် ရင်ဘတ်တို့မှ သွေးများ ထွက်မလာသည်ကို သူမ ထိတ်လန့်တကြား တွေ့လိုက်ရပြီးနောက် သူမ၏ မြင်ကွင်းထဲတွင် ထန်ယွင်၏ ကိုယ်လုံးမှာ ပျောက်ကွယ်သွားတော့၏။
အမျိုးသမီး အထိတ်တလန့်ဖြစ်သွားစဉ် သူမ၏ အနောက်ရှိ ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူမ ဘာမှမစဉ်းစားဘဲ ကောင်းကင်သို့ ပျံတက်ကာ ဓားပျံကို ထုတ်ယူလျက် ထွက်ပြေးရန် ကြိုးစားလိုက်၏။
“ဒီကို ဆင်းခဲ့စမ်း”
ကျယ်လောင်သော ဟောက်သံနှင့်အတူ ထိုအမျိုးသမီး ပေအနည်းငယ်မျှသာ မြောက်တက်ရသေးစဉ်မှာပင် ထန်ယွင်က သူမ၏ ခြေကျင်းဝတ်ကို လက်တစ်ဖက်ဖြင့် ဆွဲဖမ်းကာ မြေပြင်ပေါ်သို့ ဆွဲချလိုက်တော့သည်။
ထန်ယွင်၏ ကိုယ်လုံးမှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး နောက်တစ်စက္ကန့်တွင် သူ့ညာဘက်ခြေထောက်က အမျိုးသမီး၏ လည်ပင်းကို နင်းထားလိုက်ပြီ ဖြစ်သည်။
“ကျေးဇူးပြုပြီး... ကျွန်မကို မသတ်ပါနဲ့...”
အမျိုးသမီးက မျက်ရည်များဖြင့် အသနားခံလိုက်၏။
ထန်ယွင်က အေးစက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်းသာ ငါ့နေရာမှာဆိုရင် ငါ့ကို လွှတ်ပေးမှာမို့လို့လား”
“ဂျောက်”
အမျိုးသမီး ကြောင်အသွားစဉ် ထန်ယွင်က ရက်စက်စွာပင် ညာဘက်ခြေထောက်ဖြင့် သူမ၏ လည်ပင်းကို နင်းချေပစ်လိုက်တော့လေသည်။
အခန်း ၄၂၃ ပြီး
***