ထိုအမျိုးသမီးကို သတ်ပြီးနောက် ထန်ယွင်က ကိုယ်ကို ကိုင်းညွတ်ကာ အလောင်းထံမှ ဝိညာဉ်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ဝိညာဉ်လက်စွပ်အတွင်း၌ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို တွေ့ရှိရပြီးနောက် အခြားသော ကျောက်စိမ်းပြားတစ်ခုကိုလည်း တွေ့လိုက်ရ၏။
ထန်ယွင်က ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားအတွင်းသို့ ပို့လွှတ်ကြည့်လိုက်သည့်အခါ ၎င်းမှာ ကျင့်စဉ်တစ်ခုဖြစ်ကြောင်း သိလိုက်ရပြီး ထိုကျင့်စဉ်၏ အမည်မှာ "ယုဝတီ ပူးတွဲကျင့်စဉ်ကျမ်း" ဖြစ်နေသည်။
ကျင့်စဉ်အမည်၏ အောက်ဘက်တွင်မူ ချစ်တင်းနှောနေကြသော အမျိုးသားနှင့် အမျိုးသမီးများ၏ ပုံများကို တွေ့လိုက်ရသဖြင့် ထန်ယွင်၏ ရင်ထဲတွင် ပူလောင်မှုကို ခံစားလိုက်ရသောကြောင့် ထိုကျင့်စဉ်ကို ဝိညာဉ်လက်စွပ်အတွင်းသို့သာ ပေါ့ပေါ့ပါးပါး ပြန်ထည့်ထားလိုက်တော့သည်။
အလောင်းဘေးတွင် လဲကျနေသော အလတ်စား ရတနာဖြစ်သည့် အမျိုးသမီးသုံး လေးရှည်ကို သိမ်းဆည်းပြီးနောက် ထန်ယွင်က ပတ်ဝန်းကျင်ကို စတင်စူးစမ်းလိုက်၏။
သူ့မျက်စိတစ်ဆုံးတွင် မြင်တွေ့နေရသည်မှာ အချင်း ၁ ပေခန့်ရှိပြီး ပေ ၁,၀၀၀ ခန့် မြင့်မားသော ဧရာမ သစ်ပင်ကြီးများပင်။
၎င်းမှာ တောအုပ်ကြီးတစ်ခုပင်။
“ဟင်...”
ထန်ယွင် မျက်ခုံး တွန့်လိုက်မိသည်။ သူ၏ ဝိညာဉ်ကန်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ တဖြည်းဖြည်းချင်း လျော့နည်းသွားသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်၏။
ဤတောအုပ်က ထူးဆန်းနေသည်။
နောက်တစ်စက္ကန့်တွင် ထန်ယွင် ထိတ်လန့်သွားရ၏။ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားသည့် အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး ဝိညာဉ်ကန်အတွင်းရှိ စွမ်းအားများမှာ ထူးဆန်းသော အားတစ်ခု၏ ဝါးမြိုခြင်းကို ခံနေရသကဲ့သို့ ခံစားနေရသည်။
“ဂျောက်... ဂျောက်...”
“ဘုန်း... ဘုန်း...”
ထိုစဉ် သူ့ခြေထောက်အောက်မှ မြေပြင်ကြီး တုန်ခါနေသည်ကို ခံစားလိုက်ရသည်။
နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပေပေါင်း ထောင်နှင့်ချီ၍ ဝေးကွာသော နေရာရှိ ရှေးဟောင်း သစ်ပင်ကြီးများမှာ တစ်ပင်ပြီးတစ်ပင် ကျိုးကျနေသည်ကို မြင်လိုက်ရ၏။ လွင့်ပျံနေသော သစ်ရွက်များကြားမှ ပေ ရာနှင့်ချီ၍ မြင့်မားသော သွေးရောင်လွှမ်းနေသည့် ဧရာမ သတ္တဝါကြီးတစ်ကောင်မှာ သူ့ထံသို့ ပြေးဝင်လာနေတော့သည်။
ထိုသတ္တဝါကြီး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့်လည်းကောင်း၊ ကျိုးကျနေသော သစ်ပင်များနှင့် သစ်ရွက်များက ဖုံးကွယ်ထားသဖြင့်လည်းကောင်း ထန်ယွင်အနေဖြင့် ၎င်းမှာ မည်သည့် မိစ္ဆာသားရဲဖြစ်ကြောင်း ခဏတာ မခွဲခြားနိုင်ခဲ့ပေ။
“ဝုန်း”
မိုးကြိုးသံအလား ဟိန်းဟောက်သံကြီး နှင့်အတူ ထန်ယွင်၏ အရှေ့ ပေပေါင်း ဒါဇင်နှင့်ချီသော နေရာရှိ ရှေးဟောင်းသစ်ပင်ကြီးများမှာ ထိုမိစ္ဆာကြီး၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။
ထန်ယွင်၏ မျက်စိသူငယ်အိမ် ရုတ်တရက် ကျုံ့သွား၏။
“ဒါက အဆင့် ၂ ကပ်ကျော်ဖြတ်ခြင်းအဆင့်ရှိ မိစ္ဆာဘုရင် - ဝိညာဉ်ဝါးမြို သွေးဝက်ဝံ ပဲ”
ထန်ယွင်၏ မြင်ကွင်းထဲတွင် ပေ ၁၀၀ ခန့် မြင့်သော မိစ္ဆာဝက်ဝံကြီးတစ်ကောင်မှာ သူ့ရှေ့ ပေ ၃၀ ခန့် အကွာတွင် ပေါ်လာတော့သည်။
ဝိညာဉ်ဝါးမြို သွေးဝက်ဝံ နီးကပ်လာသည် နှင့်အမျှ ထန်ယွင်က သူ၏ ဝိညာဉ်ကန်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ထိန်းချုပ်မရဘဲ မျက်ခုံးကြား မှတစ်ဆင့် ထိုဝက်ဝံကြီး၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။
သွေးဝက်ဝံကြီးမှာ လက်ဝါးကြီး မြှောက်ကာ မြေပြင်အား ပြင်းထန်စွာ ရိုက်ချလိုက်ရာ ရုတ်တရက် မြေငလျင် လှုပ်သွားသကဲ့သို့ မြေပြင်ကြီး အက်ကွဲသွားတော့သည်။
၎င်း၏ ဧရာမ မျက်လုံးအစုံတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပြည့်နှက်နေပြီးနောက် ပေ၁၀၀ ခန့် မြင့်မားသော နေရာသို့ ခုန်တက်ကာ ဟင်းလင်းပြင်ကြီး တုန်ခါသွားစေလျက် ထန်ယွင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
“အကောင်ကြီး... သတ်ပစ်စမ်း”
ထန်ယွင်၏ အော်သံနှင့်အတူ “ဝုန်း” ဟု ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့နားစည်များပင် တုန်ခါသွားရ၏။
ထန်ယွင်၏ ခါးတွင် ချိတ်ထားသော မိစ္ဆာသားရဲအိတ်အတွင်းမှ ရွှေရောင် အလင်းတန်းတစ်ခု ပန်းထွက်လာပြီး ပေ ၁၀၀ ခန့် မြင့်မားသော ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းသည် ပေ ၂၀၀ ခန့် ကျယ်ဝန်းသော အတောင်ပံများကို ဖြန့်လိုက်ရာ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများမှာ ကျိုးပျက်ကုန်ကြပြီးနောက် ကောင်းကင်သို့ ပျံတက်သွား၏။ ရွှေရောင် အမွှေးအမျှင်များ ဖုံးလွှမ်းနေသော ၎င်း၏ ဘယ်ဘက် လက်ဝါးဖြင့် ဝိညာဉ်ဝါးမြို သွေးဝက်ဝံကြီး၏ ရင်ဘတ်အား လျှပ်စီးအရှိန်ဖြင့် ရိုက်ချလိုက်တော့သည်။
“ဘုန်း... ဂျောက်”
ပြင်းထန်လှသော အသံကြီးနှင့်အတူ အရိုးကျိုးသံများ ထွက်ပေါ်လာပြီး သွေးဝက်ဝံကြီး၏ ရင်ဘတ်မှာ ဆိုးရွားစွာ နိမ့်ဝင်သွားကာ ချွန်ထက်သော အရိုးများမှာ သွေးများနှင့်အတူ ရင်ဘတ်မှ ထိုးထွက်လာတော့သည်။
“အု...”
ဝိညာဉ်ဝါးမြို သွေးဝက်ဝံကြီးမှာ ကလေးငယ်တစ်ဦးကဲ့သို့ အားနည်းစွာ အော်ဟစ်လိုက်ရပြီး တောင်တစ်လုံးအလား ကြီးမားသော ၎င်း၏ ခန္ဓာကိုယ်မှာ ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီး၏ ရိုက်ချက်ကြောင့် ပေ ရာနှင့်ချီ၍ လွင့်ထွက်သွားတော့သည်။ ဧရာမ သစ်ပင်ပေါင်း ဒါဇင်နှင့်ချီ၍ တိုက်မိပြီးနောက် တောအုပ်အတွင်းသို့ ဘုန်းခနဲ ပြုတ်ကျသွားကာ နေရာမှာတင် သေဆုံးသွားတော့၏။
၎င်းမှာ အဆင့် ၂ ကပ်ကျော်ဖြတ်ခြင်းအဆင့်ရှိ မိစ္ဆာသားရဲနှင့် အဆင့် ၃ ကြီးထွားမှုအဆင့်ရှိ ရွှေနဂါးနတ်ဘုရားခြင်္သေ့နတ်ဘုရားတို့ကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။
သွေးဝက်ဝံကြီးမှာ အဆင့် ၂ မိစ္ဆာသားရဲများထဲတွင် ဘုရင်တစ်ဆူဖြစ်သော်လည်း ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ အလွန်ပင် အားနည်းပြီး သနားစရာကောင်းလှပေသည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာ ထန်ယွင်၏ ခြေရင်းတွင် ဝပ်စင်းလိုက်၏။
“ဝူး...”
“ဝုန်း...”
“ဟူး...”
ထိုအခိုက်အတန့်တွင် ၁၀ မိုင် ပတ်လည်အတွင်းရှိ တောအုပ်ထဲမှ မိစ္ဆာသားရဲအားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးရှိရာ ဘက်သို့ မျက်နှာမူကာ မြေပြင်ပေါ်တွင် ဝပ်စင်းနေကြတော့သည်။
ဤအဆင့် ၁ နှင့် အဆင့် ၂ မိစ္ဆာသားရဲများက ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီး၏ အငွေ့အသက်ကို ခံစားမိလိုက်သည့်အခါ ၎င်းတို့၏ ဝိညာဉ်နက်နဲရာမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။
“ဟုတ်ပြီ... မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”
ထန်ယွင်က ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ မှာကြားလိုက်၏။
“မင်းရဲ့ အဆင့် ၃ အငွေ့အသက်တွေကို ပြန်သိမ်းထားလိုက်ပါ... နောက်ဆိုရင် ငါ့အမိန့်မရှိဘဲ မင်းရဲ့ တကယ့် အငွေ့အသက်တွေကို ထုတ်မသုံးနဲ့... ငါ့အမိန့်မရဘဲလည်း ဘာမှမလုပ်နဲ့”
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီး၏ ဧရာမ ဦးခေါင်းကြီးက ညိတ်ပြလိုက်ပြီးနောက် ၎င်း၏ အငွေ့အသက်များကို သိမ်းဆည်းလိုက်သည့် အခိုက်အတန့်တွင် ၁၀ မိုင် ပတ်လည်အတွင်းရှိ မိစ္ဆာသားရဲများမှာ အသက်လုကာ ထွက်ပြေးကြပြီး ခဏချင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။
ဝိညာဉ်ဝါးမြို သွေးဝက်ဝံကြီး သေဆုံးသွားသည်နှင့် ထန်ယွင်၏ ဝိညာဉ်ကန်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ပြန်လည် တည်ငြိမ်သွားတော့၏။
ထန်ယွင်က သွေးဝက်ဝံကြီးထံမှ မိစ္ဆာဆေးပြားကို မယူခဲ့ပေ။ သူသည် ယခုအခါ အဆင့်နိမ့်ပစ္စည်းများကို စိတ်မဝင်စားတော့သောကြောင့် ဖြစ်၏။
အမှန်တကယ်တွင် အဆင့် ၂ ကပ်ကျော်ဖြတ်ခြင်းအဆင့်ရှိ မိစ္ဆာဘုရင်တစ်ကောင်၏ မိစ္ဆာဆေးပြားမှာ အလွန်ပင် တန်ဖိုးကြီးလှသော်လည်း ထန်ယွင်မှာ ယခုအခါ ဝိညာဉ်ကျောက်တုံးများ မရှားပါးသောကြောင့် ယူရန် ပျင်းနေခြင်းလည်း ဖြစ်ပေသည်။
အရေးကြီးဆုံး အလုပ်မှာ လက်ရှိ တည်နေရာကို အရင်ဆုံး အတည်ပြုရန်နှင့် ထို့နောက်တွင် နတ်ဘုရားမြှုပ်နှံရာ ချောက်နက် အဝင်ဝ၏ အရှေ့ဘက် မိုင် ၃ သိန်းအကွာရှိ တောအုပ်အတွင်း၌ ဆေးဝါးအုပ်စု တပည့်များနှင့် သွားရောက်တွေ့ဆုံရန်ပင် ဖြစ်သည်။
ဆရာဖြစ်သူ ရှန်စုပင်းက ဆေးဝါးအုပ်စု တပည့်များ၏ အသက်ကို သူ့လက်ထဲ အပ်နှံထားခဲ့သဖြင့် သူသည် ၎င်းတို့ကို အစွမ်းကုန် ကာကွယ်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် ထာဝရနယ်မြေထဲမှ အသက်ရှင်လျက် ပြန်လည် ခေါ်ဆောင်လာရမည် ဖြစ်သည်။
ထန်ယွင်က ဝိညာဉ်လက်စွပ်အတွင်းမှ မြေပုံကျောက်စိမ်းပြားကို ထုတ်ယူကာ ဝိညာဉ်အာရုံဖြင့် လက်ရှိ တည်နေရာကို စစ်ဆေးလိုက်၏။
ကျောက်စိမ်းပြားကို ပြန်သိမ်းပြီးနောက် အမိန့်ပေးလိုက်သည်။
“ငါ့ကောင်ကြီး... အရှေ့ဘက်ကို မိုင် ၃ သန်းလောက် ပျံပါ... အဲ့ဒီမှာ မိုင်ပေါင်း ၁ သောင်းလောက် ကျယ်တဲ့ တောအုပ်ကြီးတစ်ခု ရှိတယ်... အဲ့ဒီတောအုပ်ရဲ့ အရှေ့ဘက် အဝင်ဝက ငါတို့ သွားရမယ့်နေရာပဲ”
“ပြီးတော့ ပျံသန်းတဲ့အခါမှာ အရမ်းအမြင့်ကြီး မပျံနဲ့... တကယ်လို့ ထာဝရနတ်ဘုရားဂိုဏ်း ဒါမှမဟုတ် ဝိညာဉ်နတ်ဘုရားနန်းတော်က တပည့်တွေကို တွေ့ရင် ငါ့ကို အသိပေးဦး”
ထန်ယွင်က သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ဝိညာဉ်စွမ်းအား အလင်းတန်းလေးများက ပုံရိပ် ၄ ခုအဖြစ် ပြောင်းလဲသွားသည်။ ပုံရိပ် ၂ ခုမှာ ဝိညာဉ်နတ်ဘုရားနန်းတော်မှ အမျိုးသား၊ အမျိုးသမီး တပည့်များ၏ ဝတ်စုံများဖြစ်ပြီး ကျန် ၂ ခုမှာ ထာဝရနတ်ဘုရားဂိုဏ်းမှ အမျိုးသား၊ အမျိုးသမီး တပည့်များ၏ ဝတ်စုံများ ဖြစ်ကြသည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးက ထိုဝတ်စုံပုံစံများကို မှတ်သားထားလိုက်ပြီးနောက် ထန်ယွင်ကို သယ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
မာကျောလှသော ၎င်း၏ ရွှေရောင် အတောင်ပံများက သစ်ပင်သစ်ကိုင်းများကို အပိုင်းပိုင်း ဖြတ်တောက်သွားတော့၏။
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးက တောအုပ်ထဲမှ ထွက်လာပြီးနောက် ကောင်းကင်ယံတွင် ရပ်နားလိုက်သည်။ ၎င်း၏ ဧရာမ မျက်လုံးအစုံက မိုင်ပေါင်း ရာနှင့်ချီသော နေရာမှ မြင်ကွင်းများကို ငုံ့ကြည့်လိုက်သည့်အခါ မျက်လုံးများထဲတွင် လူသားတစ်ဦးကဲ့သို့ ဝမ်းနည်းမှုများ ဖြစ်ပေါ်လာတော့သည်။
ထန်ယွင်မှာလည်း ထိုနည်းတူပင်။
၎င်းတို့ ကြည့်လိုက်သည့် နေရာတိုင်းတွင် ယခင်က တိမ်တိုက်များအထိ မြင့်မားခဲ့သော တောင်ထိပ်များမှာ ပြင်းထန်သော ပြင်ပအားတစ်ခုကြောင့် ကျိုးပျက်နေသည်ကို တွေ့ရပြီး စစ်ပွဲ၏ အကြွင်းအကျန်များသာ ကျန်ရှိတော့၏။
သူ့မျက်စိတစ်ဆုံးတွင် မြေပြင်ပေါ်၌ မိုင်ပေါင်း များစွာသော နေရာတိုင်းတွင် ပေ ရာနှင့်ချီ၍ ကြီးမားလှသော ခြေရာကြီးများမှာ မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်နေသည်ကို တွေ့ရသည်။
ထိုခြေရာများမှာ ထူထပ်လှသော သစ်ပင်သစ်တောများဖြင့် ဖုံးလွှမ်းနေသော်လည်း ထန်ယွင်ကမူ ၎င်းမှာ ရှေးဟောင်းခေတ်က မိစ္ဆာနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့သော ကမ္ဘာဦးဖရိုဖရဲနှင့် တောရိုင်း ဘီလူးနတ်ဘုရားကြီးများ၏ ထူးခြားသော ခြေရာများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ပေသည်။
ယခုအခါ ကောင်းကင်မှနေ၍ ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဆိုလျှင် မိုင်ပေါင်း ၁၀ သန်းရှိသော စမ်းသပ်မှုနယ်မြေအတွင်းရှိ တောင်များ၊ မြစ်များ၊ တောအုပ်များနှင့် အခြားနေရာများတွင် ခြေရာ ၃ မျိုး ရှိနေသည်ကို တွေ့ရသဖြင့် အံ့အားသင့်ဖွယ်ရာပင်။
ထိုခြေရာများထဲမှ ၂ မျိုးမှာ အလွန်ပင် ကြီးမားလှပြီး ၎င်းတို့မှာ ကမ္ဘာဦးဖရိုဖရဲနှင့် တောရိုင်း ဘီလူးနတ်ဘုရားကြီးများ၏ ခြေရာများ ဖြစ်ကြသည်။
အခြားခြေရာတစ်ခုမှာမူ ပေ ၁၀၀ ခန့်သာ ရှိပြီး ၎င်းမှာ ကောင်းကင်ပြစ်ဒဏ်နယ်မြေကို ဖျက်ဆီးလိုသော မိစ္ဆာနတ်ဘုရားများ၏ ခြေရာများ ဖြစ်ကြ၏။
ဤမိုင် ၁၀ သန်းရှိ စမ်းသပ်မှုနယ်မြေအတွင်း၌ သာမက ကျယ်ပြောလှသော ထာဝရနယ်မြေတစ်ခုလုံးရှိ တောင်တန်းများမှာ ပြိုကျနေပြီး တောင်ထိပ်များ ကျိုးပျက်ကာ မြစ်များလည်း ပြတ်တောက်နေတော့သည်။
၎င်းမှာ ကမ္ဘာပျက်မတတ် ပြင်းထန်ခဲ့သော စစ်ပွဲကြီး၏ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုအလားပင်။
ထန်ယွင်သည် အတိတ်ဘဝက သူ့အပေါ် သစ္စာရှိခဲ့သော ဘီလူးနတ်ဘုရားကြီး နှစ်ဦးကို တွေးတောမိလိုက်သည်။ ၎င်းတို့မှာ မိစ္ဆာနတ်ဘုရားများ နှင့်အတူ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ သူ့မျက်စိရှေ့ရှိ ပျက်စီးနေသော ထိုမြင်ကွင်းများကို ကြည့်ရုံဖြင့် ရှေးဟောင်းခေတ်က နတ်ဘုရားစစ်ပွဲမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းခဲ့သည်ကို ထန်ယွင်အနေဖြင့် ခန့်မှန်းရမခက်ပေ။
ရွှေနဂါးသခင်ထံမှ အမွေအနှစ်များကို ဆက်ခံထားသော ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာလည်း ရွှေနဂါးသခင်၏ မှတ်ဉာဏ်များကို ရရှိထားသဖြင့် ၎င်း၏ ဧရာမ မျက်လုံးအစုံမှ မျက်ရည်တစ်စက် ကျဆင်းလာတော့သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ကမ္ဘာဦး ဘီလူးနတ်ဘုရားကြီး နှစ်ဦးနှင့် ရွှေနဂါးမျိုးနွယ်စုမှ နဂါးကြီးမှာ ညီအစ်ကိုအရင်းများကဲ့သို့ ရင်းနှီးခဲ့ကြပြီး ၎င်းတို့အားလုံးမှာ သခင်တစ်ဦးတည်းအပေါ်တွင်သာ အမှုထမ်းခဲ့ကြသောကြောင့် ဖြစ်၏။
“ငါ့အတွက် လူတွေ အများကြီး အနစ်နာခံခဲ့ကြတယ်...”
ထန်ယွင်၏ ပါးပြင်ပေါ်မှ မျက်ရည်များ ကျဆင်းလာပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်တော့သည်။
“ကလဲ့စားချေရမယ်”
“ငါ့ရဲ့ ကလဲ့စားချေမှုက သေချာပေါက် အောင်မြင်ရမယ်”
အခန်း ၄၂၄ ပြီး
***