“ဖောက်”
ထန်ယွင်၏ အာရုံခံစားမှုထဲတွင် ဝိညာဉ်လက်စွပ်အတွင်းမှ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။
ထန်ယွင်၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုများ အစားထိုးဝင်ရောက်လာ၏။
အဘယ်ကြောင့်ဆိုသော် ဤအသံမှာ အမှတ်အသား ကျောက်စိမ်းပြား ကွဲအက်သွားသည့် အသံဖြစ်သောကြောင့်ပင်။
ဟောင်ဖူနတ်ဘုရားဂိုဏ်းမှ ထာဝရနတ်ဘုရားဂိုဏ်းသို့ လာသည့် လမ်းခရီး နှစ်လတာအတွင်း ထန်ယွင်သည် ကျုံးဝူစစ်ယောင်၊ ရွှယ်ဇီယန်နှင့် မုမုန့်ဂျီ အပါအဝင် ဆေးဝါးအုပ်စု တပည့် ၃၂၉ ဦး၏ အမှတ်အသား ကျောက်စိမ်းပြားများကို ဝိညာဉ်လက်စွပ်အတွင်း ထည့်သွင်းထားခဲ့သည်။
ထိုသို့ လုပ်ဆောင်ခဲ့ရခြင်းမှာ ၎င်းတို့၏ အသက်ရှင်သန်မှုနှင့် သေဆုံးမှုကို သိရှိနိုင်ရန်အတွက် ဖြစ်၏။
ယခုအခါ အမှတ်အသား ကျောက်စိမ်းပြားတစ်ခု ကွဲအက်သွားပြီဖြစ်ရာ ၎င်းတို့ထဲမှ တစ်ယောက် သေဆုံးသွားပြီဟု ဆိုလိုခြင်းပင်။
မုမုန့်ဂျီ၊ ကျုံးဝူစစ်ယောင်နှင့် ရွှယ်ဇီယန်တို့အတွက် အထူးစိုးရိမ်နေသော ထန်ယွင်က ဝိညာဉ်အာရုံကို ဝိညာဉ်လက်စွပ်အတွင်းသို့ ချက်ချင်း စေလွှတ်လိုက်ရာ “ယန်ဖေး” ဟု ကမ္ပည်းထိုးထားသော ကျောက်စိမ်းပြားမှာ ကွဲအက်နေသည်ကို တွေ့လိုက်ရ၏။
၎င်းမှာ ဆေးဝါးအုပ်စုမှ တပည့် ယန်ဖေးသည် ယခုအခိုက်အတန့်တွင် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
သူ သေဆုံးနိုင်သည့် အကြောင်းရင်း ၃ ခု ရှိသည်။ ပထမတစ်ချက်မှာ မိစ္ဆာသားရဲတစ်ကောင်၏ သတ်ဖြတ်မှုကို ခံရခြင်း။ ဒုတိယအချက်မှာ ဟောင်ဖူနတ်ဘုရားဂိုဏ်းရှိ အခြားအုပ်စု ၈ ခုမှ တပည့်တစ်ဦးဦး၏ လက်ချက်ဖြင့် သေဆုံးခြင်း။ တတိယမှာ ထာဝရနတ်ဘုရားဂိုဏ်း သို့မဟုတ် ဝိညာဉ်နတ်ဘုရားနန်းတော်မှ တပည့်များ၏ သတ်ဖြတ်မှုကို ခံရခြင်းပင်။
“ငါ့ကောင်ကြီး... အခုက ဝမ်းနည်းနေရမယ့်အချိန် မဟုတ်ဘူး... ငါတို့ ဂိုဏ်းသားတွေနဲ့ ကမ္ဘာဦးဘီလူးနတ်ဘုရားတွေအတွက် အနှေးနဲ့အမြန် ငါတို့ ကလဲ့စားချေရမယ်”
“အခု ငါပြောထားတဲ့ ဆုံရပ်ကို အမြန်သွားတော့”
ထန်ယွင်၏ အမိန့်အောက်တွင် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးက ထန်ယွင်ကို တင်ဆောင်ကာ ဧရာမ ရွှေရောင်လျှပ်စီးတစ်ခုအလား ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာ အဆင့် ၃ ကြီးထွားမှုအဆင့်တွင် ရှိနေပြီး ရွှေနဂါးနတ်ဘုရားသခင်၏ အမွေအနှစ်ကြောင့် ၎င်း၏ ပျံသန်းနှုန်းမှာ တစ်ရက်လျှင် မိုင်ပေါင်း ၅ သိန်းအထိ ရှိနေ၏။
ဤအရှိန်ဖြင့်ဆိုလျှင် ခြောက်ရက်အကြာတွင် မိုင်ပေါင်း ၃ သန်းအကွာရှိ တောအုပ်အတွင်းသို့ ရောက်ရှိမည်ဖြစ်ပြီး ဆေးဝါးအုပ်စု တပည့်များနှင့် ပူးပေါင်းနိုင်မည် ဖြစ်သည်။
၅ ရက်အကြာတွင်...
ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာ ရုတ်တရက် ရပ်တန့်သွားပြီး ချောက်ကမ္ဘာတစ်ခု၏ အထက်တွင် ဝဲပျံနေတော့သည်။
ထန်ယွင်က ထိုကောင်ကြီး ဝိညာဉ်နတ်ဘုရားနန်းတော် သို့မဟုတ် ထာဝရနတ်ဘုရားဂိုဏ်းမှ တပည့်များ၏ အစအနကို တွေ့ရှိသွားပြီဟု ယူဆလိုက်၏။ ထို့ကြောင့် ခြင်္သေ့ကြီး၏ ဦးခေါင်းပေါ်တွင် ရပ်လျက် ဆံပင်များ လွင့်ခါနေစဉ် ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အဆင့် ၃ နှင့် ညီမျှသော ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ အောက်ဘက်ရှိ ချောက်ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။
ထိုစဉ် အမျိုးသမီးတစ်ဦး၏ စူးရှသော အော်ဟစ်သံနှင့် အမျိုးသားတစ်ဦး၏ ကာမရာဂဇောဖြင့် ရယ်မောသံတို့မှာ ထန်ယွင်၏ နားထဲသို့ တိုးဝင်လာတော့သည်။
“နင်တို့လို သေထိုက်တဲ့ တိရစ္ဆာန်အုပ်... ငါ သေပြီး သရဲဖြစ်သွားရင်တောင် နင်တို့ကို လွှတ်ပေးမှာ မဟုတ်ဘူး”
“နင်တို့ အသေဆိုးနဲ့ သေရမှာ... နင်တို့ အသေဆိုးနဲ့ သေရမှာ...”
“ဟားဟားဟား... အလှလေး... အခုတော့ မင်း ငါတို့လက်ထဲမှာ ပျက်စီးသွားပြီပဲ... မင်းသာ ငါ့ကို ကတိပေးပြီး ငါ့အလိုကို လိုက်မယ်ဆိုရင် ငါတို့ရဲ့ စီနီယာအစ်ကိုတွေကို မင်းကို မသတ်ဖို့ ပြောပေးလို့ရတယ်လေ... ဘယ်လိုလဲ”
“ဟုတ်တယ်... စီနီယာအစ်ကိုဝမ် ပြောတာ မှန်တယ်... ဟဲဟဲ... မင်းက ငါတို့ကို အခုပဲ ပျော်ရွှင်အောင် လုပ်ပေးခဲ့တာဆိုတော့ မင်းကို သတ်ဖို့ မလိုပါဘူး... ဟဲဟဲဟဲဟဲ”
“နင်တို့လို တိရစ္ဆာန်တွေ... ငါ သေသွားရင်တောင် နင်တို့ ငါ့ကို ထပ်ပြီး စော်ကားခွင့်မပေးတော့ဘူး...”
ထန်ယွင်က ချောက်ကမ္ဘာအတွင်းသို့ ငုံ့ကြည့်လိုက်ရာ ထိုအသံရှင်ကို တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ကျန်းချင်းချင်း... မလုပ်နဲ့”
ထန်ယွင်၏ ဝိညာဉ်အာရုံအောက်တွင် ပုံရိပ်တစ်ခု စိတ်ထဲ၌ ပေါ်လာ၏။
ထိုပုံရိပ်ထဲ၌ ဟောင်ဖူနတ်ဘုရားဂိုဏ်း ဆေးဝါးအုပ်စုမှ တပည့် ကျန်းချင်းချင်းမှာ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေကာ ထာဝရနတ်ဘုရားဂိုဏ်းမှ အမျိုးသားတပည့် နှစ်ဦး၏ ရှေ့တွင် ရပ်နေပြီး သူမ၏ လည်ပင်း၌ ဓားတစ်စင်း တေ့ထားသည်ကို တွေ့လိုက်ရ၏။
သို့သော် ထန်ယွင်က တားဆီးရန် တစ်လှမ်းနောက်ကျသွားသည်လား၊ သို့မဟုတ် သူမသည် စော်ကားဖျက်ဆီးခံရပြီး ဖြူစင်မှု ပျောက်ဆုံးသွားသဖြင့် ဆက်လက် အသက်မရှင်လိုတော့သည်လား မသိပေ။ သူမက ဓားကို ဝှေ့ယမ်းကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်လိုက်တော့သည်။
ဖြူဖွေးသော လည်ပင်းကို အေးစက်သော ဓားချက်က ဖြတ်သန်းသွားသည်နှင့် သွေးများ ပန်းထွက်လာတော့၏။
သူမ တွေဝေမနေဘဲ ထာဝရနတ်ဘုရားဂိုဏ်းမှ ထိုအမျိုးသားတပည့် နှစ်ဦးအပေါ် ဒေါသတကြီးဖြင့်သာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“ဝုန်း”
ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာ ချောက်ကမ္ဘာအတွင်းသို့ ထိုးဆင်းသွားတော့သည်။
“ဝှစ်”
ထန်ယွင်က ခြင်္သေ့ကြီး၏ ကျောပေါ်မှ ခုန်ဆင်းကာ ကျန်းချင်းချင်းကို စိုးရိမ်တကြီး ထိန်းပွေ့လိုက်ပြီး သွေးများ ပန်းထွက်နေသော လည်ပင်းကို ညာဘက်လက်ဖြင့် ပိတ်ထားရင်း တိုးတိုးလေး ပြောလိုက်၏။
“မင်း ဘာလို့ ဒီလောက်တောင် မိုက်ရဲရတာလဲ... မင်းမှာ သူတို့အပေါ် နာကျည်းချက်ရှိရင် အသက်ရှင်နေပြီး ကလဲ့စားချေရမှာပေါ့”
“ထန်... စီနီယာအစ်ကိုထန်...”
ကျန်းချင်းချင်းမှာ ခဲယဉ်းစွာ ခေါင်းမော့လိုက်ရာ သူမ၏ လှပသော မျက်နှာပေါ်၌ မျက်ရည်များ စီးကျလာသည်။ သူမက ထန်ယွင်ကို စိုက်ကြည့်ကာ အားနည်းစွာ ပြောလိုက်၏။
“ကျွန်မရဲ့ စိတ်ထဲမှာ... ကျွန်မအတွက်... ဖြူစင်မှုက ပျောက်ဆုံးသွားပြီ... အသက်ရှင်ဖို့က...”
“စီနီယာအစ်ကိုထန်... ကျွန်မကို ကတိတစ်ခု ပေးနိုင်မလား”
ထန်ယွင်က အနည်းငယ် နှာခေါင်းရှုံ့သွားပြီး ရင်ထဲ မကောင်းဖြစ်သွားရသည်။
“ပြောပါ... ငါ မင်းကို ကတိပေးတယ်”
“စီနီယာအစ်ကိုထန်... ကျွန်မအတွက် ကလဲ့စားချေပေးပါ...”
ကျန်းချင်းချင်း၏ ပြတ်တောင်းပြတ်တောင်း အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းမှာ ထန်ယွင်၏ ရင်ဘတ်ပေါ်သို့ အားနည်းစွာ ကျဆင်းသွားတော့သည်။
သူမ လည်ပင်းမှ ဒဏ်ရာကို ပိတ်ထားသော ထန်ယွင်၏ လက်ဝါးကြားမှ ပူနွေးသော သွေးများမှာ ဆက်လက် ပန်းထွက်နေဆဲပင်။
ရှင်သန်နေသော အသက်တစ်ချောင်းမှာ အခြားသူများ၏ ဖျက်ဆီးမှုကို ခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်သွားခဲ့ပြီ ဖြစ်သည်။
ဒေါသ။
ဒေါသများမှာ ထန်ယွင်၏ ရင်ဘတ်အတွင်း ပြည့်နှက်သွားပြီး ရုတ်တရက် ခေါင်းလှည့်ကာ သူ့ကို လှောင်ပြုံးဖြင့် ကြည့်နေသော ထာဝရနတ်ဘုရားဂိုဏ်းမှ တပည့်များကို စိုက်ကြည့်လိုက်ပြီးနောက် ကျန်းချင်းချင်း၏ အလောင်းကို မြက်ခင်းပေါ်တွင် ဖြည်းညှင်းစွာ ချထားလိုက်၏။
“ဟားဟားဟား... ထန်ယွင်... ငါတို့က မင်းကို လိုက်ရှာနေတာ... မင်းကိုယ်တိုင် အရောက်လာလိမ့်မယ်လို့ မထင်ထားဘူး”
ဝမ်ရွှီဟု အမည်ရသော အမျိုးသားတပည့် တစ်ဦးက ရယ်မောကာ နှုတ်ခမ်းကို လျှာဖြင့် သပ်လျက် ပြောလိုက်သည်။
“ဟင်း... သူ့နာမည်က ကျန်းချင်းချင်း တဲ့လား”
“ဟဲဟဲ... အဲ့ဒီ အသားအိအိလေးတွေကတော့ တကယ့်ကို မယုံနိုင်စရာပဲ... သူမ တစ်ယောက်တည်းလား၊ ဒါမှမဟုတ် ဟောင်ဖူနတ်ဘုရားဂိုဏ်းက တခြား အမျိုးသမီးတပည့်တွေလည်း အဲ့ဒီလိုပဲ အသားအိကြတာလားဆိုတာ ငါ ထပ်ပြီး အတည်ပြုရဦးမယ်”
“စီနီယာအစ်ကိုဝမ် ပြောတာ တကယ်မှန်တယ်”
နောက်ထပ် အမျိုးသားတပည့် တစ်ဦးဖြစ်သော ကော်ခဲ့ကလည်း ယုတ်မာစွာ ပြုံးလိုက်၏။
“စီနီယာအစ်ကိုဝမ်... ငါတို့ ထန်ယွင်ကို အရင်သတ်... သူ့ခေါင်းကို ယူပြီး ဂိုဏ်းသားတော်ဆီမှာ ဆုလာဘ်သွားတောင်းရအောင်... အဲ့ဒီနောက်မှ ဟောင်ဖူနတ်ဘုရားဂိုဏ်းက အမျိုးသမီးတပည့်တွေကို ဖြည်းဖြည်းချင်း လိုက်ရှာကြတာပေါ့... ဘယ်လိုလဲ”
“ရတာပေါ့... ပြဿနာမရှိဘူး”
ဝမ်ရွှီနှင့် ကော်ခဲ့တို့က တစ်ယောက်တစ်ပေါက် ရယ်မောနေကြပြီး ထန်ယွင်နှင့် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို အရေးပင် မလုပ်ကြပေ။
ဝမ်ရွှီနှင့် ကော်ခဲ့တို့မှာ ထာဝရနတ်ဘုရားဂိုဏ်း အတွင်းစည်း တပည့်များထဲ၌ ၁၁ ယောက်မြောက်နှင့် ၁၂ ယောက်မြောက် အသန်မာဆုံးသူများ ဖြစ်ကြသည်။ လွန်ခဲ့သော ခြောက်လကျော်က ထန်ယွင်သည် အဆင့် ၁၀ ရှိသော ဂိုဏ်းသားတော် ရူယန်ချန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သည်ကို သိထားသော်လည်း ၎င်းတို့မှာ ထန်ယွင်ကို အကြောက်အလန့် မရှိကြပေ။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ရူယန်ချန်က ၎င်းတို့၏ ပြိုင်ဘက် မဟုတ်ကြောင်းနှင့် သူ အဆင့် ၁၀ အတွင်း ရောက်ရှိခဲ့ခြင်းမှာလည်း ၎င်းတို့ နှစ်ဦးက အလျှော့ပေးခဲ့သောကြောင့်ဖြစ်ကြောင်း ၎င်းတို့ နှစ်ဦးသာ သိထားကြသောကြောင့် ဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် ထန်ယွင်ကို တွေ့လိုက်ရသော်လည်း ၎င်းတို့မှာ ကြောက်ရွံ့ခြင်း မရှိကြခြင်းပင်။
ထို့ပြင် ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာလည်း ၎င်း၏ အငွေ့အသက်များကို ဖုံးကွယ်ထားသဖြင့် သူတို့၏အမြင်တွင်မူ ကြီးမားသော ခန္ဓာကိုယ်ရှိပြီး ခွန်အား သာမန်သာရှိသော ဝိညာဉ်သားရဲတစ်ကောင်အဖြစ်သာ မြင်နေကြခြင်း ဖြစ်သည်။
ထန်ယွင်ကဲ့သို့ အဆင့်နိမ့် နယ်ပယ်မှာ ရှိနေသော တပည့်တစ်ဦး၏ စီးတော်ယာဉ်မှာ မည်မျှ သန်မာနိုင်မည်နည်းဟု မထီမဲ့မြင် ပြုနေကြခြင်းပင်။
ထန်ယွင်မှာမူ ထိုနှစ်ဦး၏ လှောင်ပြောင်သံများကို လျစ်လျူရှုထား၏။ မြက်ခင်းပြင်၌ ဆောင့်ကြောင့်ထိုင်ကာ ကျန်းချင်းချင်း၏ ဖရိုဖရဲ ဖြစ်နေသော ဝတ်စုံကို ဖြည်းညှင်းစွာ ပြန်လည် ပြင်ဆင်ပေးလိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ အော်ဟစ်လိုက်တော့သည်။
“ငါ့ကောင်ကြီး... သူတို့ကို ငါ့အတွက် ဖိနှိပ်ပေးစမ်း”
ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ ဟိန်းဟောက်သံမှာ ကောင်းကင်ယံကို တုန်ခါသွားစေပြီး ချက်ချင်းပင် အဆင့် ၃ ကြီးထွားမှုအဆင့်ရှိ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာကာ ဝမ်ရွှီနှင့် ကော်ခဲ့တို့ကို အရှိန်အဟုန်ဖြင့် ဖုံးလွှမ်းသွားတော့သည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာ အဆင့် ၃ ကြီးထွားမှုအဆင့်မှာသာ ရှိသေးသော်လည်း ၎င်း၏ အငွေ့အသက်မှာ အဆင့် ၃ အရွယ်ရောက်ပြီးသူ အဆင့်နှင့် ညီမျှနေပြီး အဆင့် ၃ ဘေးဒုက္ခနယ်ပယ် အဆင့်ကဲ့သို့ပင် အစွမ်းထက်လှပေသည်။
ထိုအငွေ့အသက်များ၏ ဖိအားအောက်၌ ကောင်းကင်အနိမ့်ပိုင်းမှာ ချက်ချင်းပင် ဟင်းလင်းပြင် အက်ကြောင်းများဖြင့် ပြည့်နှက်သွားပြီး ဧရာမ အနက်ရောင် ပင့်ကူအိမ်ကြီးတစ်ခုအလား ထိုနှစ်ဦးကို ဖုံးလွှမ်းသွားတော့သည်။
“အား...”
“ဂျောက်... ဂျောက်...”
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ ထိုနှစ်ဦးမှာ တောင်တစ်လုံးကို ထမ်းထားရသကဲ့သို့ ခံစားလိုက်ရပြီး ကျောရိုးများ ကွေးညွတ်သွားကာ ခြေထောက်များမှာလည်း သွေးများ စီးကျလျက် အရိုးများ အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားတော့လေသည်။
အခန်း ၄၂၅ ပြီး
***