လုအိုဖန်နှင့် ဆုန့်ဟုန် အပါအဝင် လူ ၁၅ ဦးမှာ ၎င်းတို့ရှေ့ရှိ ပေ ၁၀၀ ခန့် မြင့်မားသော ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်နေကြပြီး လုံးဝ မလှုပ်ရဲကြပေ။
“စီနီယာအစ်ကိုလု၊ စီနီယာအစ်ကိုဆုန့်... မင်းတို့ တော်တော်လေး လန့်သွားကြတာလား”
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ ရင်းနှီးသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း မော့ကြည့်လိုက်သည့်အခါ ခြင်္သေ့ကြီး၏ ဦးခေါင်းပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ထန်ယွင်ကို မြင်လိုက်ကြရ၏။
“ညီလေးထန်... မင်း ပါလား”
လုအိုဖန်နှင့် ဆုန့်ဟုန်တို့မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြ၏။
“အရမ်းကောင်းတာပဲ... ညီလေးထန် ဒီကို ရောက်နေပြီဟေ့”
“ငါတို့ရဲ့ စီနီယာအစ်ကိုထန် ပြန်ရောက်လာပြီဗျို့”
အခြား ဆေးဝါးအုပ်စု တပည့်များမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ကခုန်နေကြတော့သည်။
ချက်ချင်းပင် ထန်ယွင်က ခြင်္သေ့ဦးခေါင်းပေါ်မှ ခုန်ဆင်းကာ လူတိုင်း၏ ရှေ့တွင် ပေါ်လာ၏။
“ဒါ... ဒါက...”
လူတိုင်း အံ့အားသင့်စွာ ဟစ်အော်လိုက်ကြသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာ ရုတ်တရက် ကျုံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း လက်သီးဆုပ်ခန့်သာ ရှိတော့သည့် ရွှေရောင်ကြောင်လေးတစ်ကောင်အလား ဖြစ်သွားကာ ထန်ယွင်၏ ရင်ဘတ်အတွင်းသို့ တိုးဝင်သွားတော့သည်။ ခြင်္သေ့ဦးခေါင်းလေးသာ အပြင်သို့ ပြူထွက်နေပြီး လူတိုင်းကို လှောင်ပြုံးဖြင့် ကြည့်နေ၏။
“စီနီယာအစ်ကိုထန်... ဒါက... ဒါက ဘာလဲဟင်”
လုအိုဖန်က ချွေးအေးများ ထွက်နေသော လက်ဖြင့် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို ကြည့်ကာ စကားများပင် ထစ်နေတော့သည်။
အခြားသူများမှာလည်း ကြောင်အကာ ကြည့်နေကြ၏။
ထန်ယွင်က လူတိုင်းကို လက်အုပ်ချီကာ ပြောလိုက်သည်။
“အားလုံး မကြောက်ကြပါနဲ့... သူက ငါ့ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ပါ”
“ဝိညာဉ်အိမ်မွေးတိရစ္ဆာန်”
လူတိုင်း မျက်လုံးအပြူးသား ဖြစ်သွားကြသည်။
“ညီလေးထန်... သူက သူ့ရဲ့ အငွေ့အသက် ဖိအားတစ်ခုတည်းနဲ့တင် ဝိညာဉ်သန္ဓေအထွတ်အထိပ်အဆင့်က ရန်သူ ၁၀ ယောက်ကို သတ်နိုင်တာဆိုတော့... သူက အဆင့် ၃ မိစ္ဆာသားရဲလားဟင်”
ဆုန့်ဟုန်က တံတွေးကို ခဲယဉ်းစွာ မျိုချရင်း မေးလိုက်သည်။
ထန်ယွင်က အသာအယာ ပြုံးလိုက်၏။
“အင်း... သူက အဆင့် ၃ ကြီးထွားမှုအဆင့်မှာရှိတဲ့ ဝိညာဉ်သားရဲ တစ်ကောင်ပါ”
ထိုစကားကို ကြားရသည့်အခါ လူတိုင်း အသက်ရှူမှားသွားကြသည်။ အဆင့် ၃ ကြီးထွားမှုအဆင့်ဆိုသည်မှာ ဘာကို ဆိုလိုသနည်းဆိုသည်ကို ၎င်းတို့ ကောင်းစွာ သိထားကြ၏။ ၎င်းမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းမှ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အဆင့် ၆ ရှိသော တပည့်တစ်ဦး၏ ခွန်အားနှင့် ညီမျှနေခြင်းပင်။
ထန်ယွင်က အပြုံးကို ရုပ်သိမ်းကာ မျက်မှောင်ကြုတ်လိုက်၏။
“စမ်းသပ်မှု စတင်ခဲ့တာ ၆ ရက် ရှိပြီ... မင်းတို့ ၁၅ ယောက်ပဲ ဒီကို ရောက်နေကြတာလား”
“ဟုတ်တယ်”
လုအိုဖန်က လေးနက်စွာ ပြောလိုက်သည်။
“ညီလေးထန်... အမှတ်အသား ကျောက်စိမ်းပြားတွေ အကုန်လုံး မင်းဆီမှာ ရှိတာဆိုတော့... ငါတို့ ဆေးဝါးအုပ်စု တပည့်တွေထဲက တချို့ မတော်တဆ အဖမ်းခံရတာမျိုး ရှိမရှိ မင်း သိနိုင်မှာပါ”
ထန်ယွင်က သက်ပြင်းချကာ ပြောလိုက်၏။
“ယန်ဖေး၊ ကျန်းချင်းချင်း၊ ကျောက်ရှန့်၊ မယန်နဲ့ ဟွမ်ရှင်းတို့ကတော့ ငါတို့ကို ထာဝရ စွန့်ခွာသွားကြပြီ”
၆ ရက်အတွင်းမှာတင် လူ ၅ ယောက် သေဆုံးသွားပြီဖြစ်ကြောင်း ကြားလိုက်ရသဖြင့် လူတိုင်း၏ မျက်နှာပေါ်၌ ဝမ်းနည်းမှုများ ဖုံးလွှမ်းသွားတော့သည်။
ထန်ယွင်က သက်ပြင်းချလိုက်ပြန်သည်။
“သေသွားတဲ့သူတွေက သေသွားကြပြီ... အသက်ရှင်နေတဲ့ ငါတို့တွေက ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်ဆီကနေ အဲ့ဒီသွေးကြွေးတွေကို ပြန်တောင်းရမယ်”
“ညီလေးထန် ပြောတာ မှန်တယ်”
လုအိုဖန်က မကျေမနပ်ဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ ညီလေးထန်ကလွဲရင် ငါတို့ ဆေးဝါးအုပ်စု တပည့်အားလုံးက အရမ်းကို အားနည်းလွန်းနေတယ်”
အခြားသူများမှာလည်း ခေါင်းငုံ့သွားကြတော့သည်။
“စိတ်ဓာတ်မကျကြပါနဲ့ဦး”
ထန်ယွင်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ ဝိညာဉ်သားရဲကို အသုံးမပြုဘဲနဲ့တောင် ငါတို့ ရန်သူတွေကို ဖျက်ဆီးပစ်နိုင်ပါသေးတယ်”
လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ် ထန်ယွင်က တစ်စုံတစ်ခုကို တွေးတောရင်း မေးလိုက်၏။
“မင်းတို့ထဲမှာ ဘယ်သူတွေက ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ လေနဲ့ မိုးကြိုးဓာတ် ဝိညာဉ်တွေလဲ”
ထို ၁၅ ဦးထဲတွင် ၃ ဦးမှာ လေဓာတ်၊ ၂ ဦးမှာ မိုးကြိုးဓာတ်၊ ၃ ဦးမှာ မီးဓာတ်နှင့် ၁ ဦးမှာ သစ်သားဓာတ် ဝိညာဉ်များ ဖြစ်ကြသည်။
“အခု ရွှေ၊ ရေနဲ့ မြေကြီး ဓာတ် ၃ ခု လိုနေသေးတယ်ပေါ့”
ထန်ယွင်က ရေရွတ်လိုက်ပြီး လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ ဒီမှာ အေးအေးဆေးဆေး ကျင့်စဉ်ကျင့်ရင်း ကျန်တဲ့ တပည့်တွေ ရောက်လာမှာကို စောင့်ကြတာပေါ့... အဲ့ဒီအချိန်ကျရင် ငါ မင်းတို့ကို ပူးပေါင်းတိုက်ခိုက်တဲ့ အစီအရင်တစ်ခု သင်ပေးမယ်”
ထိုစကားကို ကြားရသည့်အခါ လူတိုင်း၏ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာကြသည်။
ထန်ယွင်က ဝိညာဉ်လက်စွပ်အတွင်းမှ အစီအရင်တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ "အရာအားလုံး မူလသို့ပြန်ခြင်း အစီအရင်" ဖြစ်သည်။
ဤအစီအရင်တွင် ၁ ပေခန့် ထူပြီး ပေ ၁၀ ခန့် မြင့်သော အစီအရင်အခြေပြုတိုင် ၄၉ တိုင် ပါဝင်သည်။ ၎င်းတို့မှာ မည်းနက်သော အရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် လိမ်ယှက်နေသော ပုံစံများ ရှိနေ၏။
“ဝှစ်... ဝှစ်...”
“ဘုန်း... ဘုန်း...”
ထန်ယွင်က သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ခန္ဓာကိုယ်အတွင်းမှ ရွှေဝါရောင် ဝိညာဉ်စွမ်းအား ၄၉ခု ထွက်ပေါ်လာပြီး ရွှေနဂါးများအလား အစီအရင်တိုင် တစ်တိုင်ချင်းစီကို ရစ်ပတ်ကာ ကောင်းကင်သို့ မြောက်တက်သွားစေပြီး ဆန်းကြယ်သော လမ်းကြောင်းများအတိုင်း တောအုပ်အတွင်းရှိ ဟင်းလင်းပြင်နယ်မြေ၏ အနားသတ်များ၌ ၁၀ ပေခန့် နက်အောင် စိုက်ဝင်သွားတော့သည်။
“စတင်စေ”
ထန်ယွင်က လက်ချောင်းများကို ခါလိုက်ရာ ဟင်းလင်းပြင်ထဲမှ ဝိညာဉ်စွမ်းအားများ ပန်းထွက်လာပြီး အစီအရင်တိုင်များ စိုက်ထားသည့် နေရာတစ်ခုချင်းစီ အတွင်းသို့ တိုးဝင်သွားတော့သည်။ ထိုတိုင် ၄၉တိုင် အတွင်းသို့ စွမ်းအားများ ရောက်ရှိသွားသည် နှင့်တစ်ပြိုင်နက် တိုင်များမှ အလင်းတန်းများ ပန်းထွက်လာပြီး နူးညံ့သော အလင်းကုလားကာ ၄၉ ခု ပေါ်ထွက်လာတော့သည်။
ထိုအလင်းကုလားကာများမှာ ကောင်းကင်သို့ မြောက်တက်သွားပြီး ဟင်းလင်းပြင်ထဲ၌ ဆုံစည်းကာ တောအုပ်အတွင်းရှိ ဟင်းလင်းပြင်ကို ဧရာမ ပန်းကန်လုံးကြီးတစ်ခု မှောက်ထားသကဲ့သို့ ဖုံးလွှမ်းသွားတော့သည်။ ထန်ယွင်၊ လုအိုဖန်၊ ဆုန့်ဟုန်နှင့် အခြားတပည့်များမှာ ထိုအစီအရင်အတွင်း၌ ရောက်ရှိသွားကြပြီ ဖြစ်၏။
ချက်ချင်းပင် ၃ မိုင်ပတ်လည်အတွင်းရှိ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီးနောက် ပြန်လည် ငြိမ်သက်သွားတော့သည်။
ယခုအခါ လူတိုင်း၏ မျက်စိရှေ့တွင် ဟင်းလင်းပြင်မှာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိသော်လည်း တောအုပ်ပြင်ပမှ ငုံ့ကြည့်မည်ဆိုပါက ထိုဟင်းလင်းပြင်မှာ ပျောက်ကွယ်သွားပြီး နဂိုအတိုင်း သစ်ပင်များ ထူထပ်နေသည့် တောအုပ်ကြီးအဖြစ်သာ မြင်တွေ့ရမည် ဖြစ်သည်။
“ညီလေးထန်... ဒါက ဘာအစီအရင်လဲဟင်”
လုအိုဖန်က မေးလိုက်သည်။
“ဒါက ဟောင်ဖူဈေးကနေ ကျွန်တော်ဝယ်ခဲ့တဲ့ ‘အရာအားလုံး မူလသို့ပြန်ခြင်း အစီအရင်’ ပဲ”
ထန်ယွင်က ပြုံး၍ ပြောလိုက်၏။
“အပြင်ဘက်ကနေ ကြည့်ရင် ငါတို့ကို မမြင်ရဘူး... ရန်သူက တောအုပ်ကြီးကိုပဲ မြင်ရလိမ့်မယ်”
ထန်ယွင်၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ပေါ်လာသည်။
“ဒါ့အပြင် သူတို့က ဒီအစီအရင်ထဲကို ဝင်လာရင်တောင် ငါတို့ကို တွေ့မှာ မဟုတ်ဘူး... အဲ့ဒီတော့ ငါတို့က ရန်သူကို မမျှော်လင့်ဘဲ တိုက်ခိုက်ပြီး သတ်ပစ်နိုင်တာပေါ့”
“ဒါပေမဲ့ ဒီအစီအရင်ကိုပဲ အားမကိုးကြနဲ့ဦး... ထာဝရနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်နတ်ဘုရားနန်းတော်မှာလည်း အစီအရင်အကြောင်း သိတဲ့သူတွေ ရှိနေနိုင်သေးတယ်”
လူတိုင်း ချက်ချင်းပင် နားလည်သွားကြတော့သည်။
အစောပိုင်းက ထန်ယွင်သည် ဆေးဝါးအုပ်စု၌ သေချင်ယောင်ဆောင်ပြီးနောက် လိပ်အသက်ရှူ ရေခဲပဝါကို ဝတ်ဆင်ကာ ဟောင်ဖူဈေးသို့ သွားခဲ့ဖူးသည်။ အဆင့်မြင့် အစီအရင် ပညာရှင်တစ်ဦး တည်ထောင်ထားသော “ထောင်ချောက်အစီအရင် ဆိုင်” မှ အစီအရင် ၂ မျိုး ဝယ်ယူခဲ့ခြင်း ဖြစ်၏။
ပထမတစ်ခုမှာ အရာအားလုံး မူလသို့ပြန်ခြင်း အစီအရင် ဖြစ်သည်။
ဒုတိယတစ်ခုမှာ အဆင့်မြင့် မုန့်ညင်းစေ့ အချိန်နှင့်ဟင်းလင်းပြင် ရတနာအစီအရင် ဖြစ်ပြီး ထိုအစီအရင်အတွင်း၌ တစ်ရက် ကျင့်စဉ်ကျင့်ခြင်းမှာ အပြင်လောက၏ တစ်ရက်ခွဲနှင့် ညီမျှသည်။
ထန်ယွင်က အရာအားလုံး မူလသို့ပြန်ခြင်း အစီအရင်ကို ချမှတ်ပြီးနောက် ဝိညာဉ်လက်စွပ်အတွင်းမှ မုန့်ညင်းစေ့ အချိန်နှင့်ဟင်းလင်းပြင် ရတနာအစီအရင်ကို ထုတ်ယူလိုက်ပြန်သည်။
အစီအရင် အမျိုးအစား ၂ မျိုး ရှိသည်။ ပထမတစ်မျိုးမှာ အစီအရင် အခြေပြုတိုင်ကို အသုံးပြုခြင်းဖြစ်ပြီး ဒုတိယမှာမူ ထန်ယွင် အသုံးပြုသည့် ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်ကဲ့သို့ အခြေပြုတိုင် မလိုအပ်သော အမျိုးအစား ဖြစ်၏။
အစီအရင် အခြေပြုတိုင်များမှာ အစီအရင် ပညာရှင်များအတွက် ပြုလုပ်ရန် အခက်ခဲဆုံး အရာများ ဖြစ်ကြသည်။ တိုင်တစ်တိုင်ချင်းစီပေါ်တွင် သောင်းနှင့်ချီသော သို့မဟုတ် သန်းနှင့်ချီသော အစီအရင် ပုံစံများကို ထွင်းထုရသောကြောင့် ဖြစ်၏။ ပုံစံတစ်ခုခု မှားယွင်းသွားခဲ့လျှင် ထိုတိုင်မှာ အသုံးမရတော့ပေ။
ဤအဆင့်မြင့် မုန့်ညင်းစေ့ အချိန်နှင့်ဟင်းလင်းပြင် ရတနာအစီအရင်တွင် အခြေပြုတိုင် ၃၆ တိုင် ပါဝင်သည်။
ထိုတိုင်များမှာ ၃ လက်မခန့် ထူပြီး ၁ ပေခန့် မြင့်ကာ သွေးရောင် လွှမ်းနေ၏။ အချိန်နှင့်ဟင်းလင်းပြင် ကြယ်တံခွန် ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အပေါ်တွင် သောင်းနှင့်ချီသော အစီအရင် ပုံစံများကို ထွင်းထုထားသည်။
“သွားတော့”
ထန်ယွင်၏ စိတ်အမိန့်ဖြင့် အခြေပြုတိုင် ၃၆ တိုင်မှာ ကောင်းကင်သို့ မြောက်တက်သွားပြီး ၃မိုင်ပတ်လည် ဟင်းလင်းပြင်၏ နေရာအသီးသီး၌ ပြန့်ကျဲသွားတော့သည်။
ထန်ယွင်၏ လက်များမှ ဝိညာဉ်စွမ်းအား ၃၆ ခုမှာ အခြေပြုတိုင် တစ်တိုင်ချင်းစီအတွင်းသို့ တိုးဝင်သွားသည်။ ချက်ချင်းပင် ထိုဟင်းလင်းပြင်အတွင်းရှိ အချိန်များမှာ ဖရိုဖရဲ ဖြစ်သွားပြီး ဟင်းလင်းပြင်မှာလည်း လိမ်ယှက်သွားတော့သည်။ နောက်ဆုံး၌ အချိန်နှင့် ဟင်းလင်းပြင်တို့ ပေါင်းစပ်ကာ ထူးခြားသော နယ်မြေတစ်ခု ဖြစ်ပေါ်လာတော့၏။
အချိန်နှင့် ဟင်းလင်းပြင် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသဖြင့် လူတိုင်းမှာ ထန်ယွင်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။
“ငါ အခုပဲ အဆင့်မြင့် မုန့်ညင်းစေ့ အချိန်နှင့်ဟင်းလင်းပြင် ရတနာအစီအရင်ကို ချမှတ်လိုက်တာပဲ... အခု ဒီမှာ တစ်လ ကျင့်စဉ်ကျင့်ရင် အပြင်လောကရဲ့ တစ်လခွဲနဲ့ ညီမျှလိမ့်မယ်”
ထန်ယွင် ရှင်းပြလိုက်သည့်အခါ လူတိုင်း စိတ်လှုပ်ရှားသွားကြတော့သည်။
“စီနီယာအစ်ကိုလု၊ စီနီယာအစ်ကိုဆုန့်...”
ထန်ယွင်က လုအိုဖန်နှင့် ဆုန့်ဟုန်ကို လက်အုပ်ချီကာ မေးလိုက်သည်။
“မင်းတို့ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အဆင့် ၁ ကို ချဉ်းကပ်မိပြီလား”
လုအိုဖန်က မချဉ်းကပ်ရသေးကြောင်း ခေါင်းခါပြလိုက်သည်။
“ညီလေးထန်... ငါကတော့ အဲ့ဒီအဆင့်ကို ချဉ်းကပ်မိနေပြီ”
ဆုန့်ဟုန်က လက်သီးဆုပ်ကာ ပြောလိုက်၏။
ထန်ယွင်က ချက်ချင်းပင်... “စီနီယာအစ်ကိုလု... ကျွန်တော် ခဏ ကျင့်စဉ်ကျင့်ဖို့ အနားယူရမယ်... အစ်ကိူ တောအုပ်အဝင်ဝမှာ မုမုန့်ဂျီ၊ ကျုံးဝူစစ်ယောင်၊ ရွှယ်ဇီယန်၊ ကုန်းစွန့်ရို့ရှီနဲ့ ငါတို့ ဆေးဝါးအုပ်စု တပည့်တွေကို စောင့်ပေးပါဦး”
“သူတို့ ရောက်လာပြီဆိုရင် အစီအရင်ထဲကို ခေါ်လာခဲ့ပါ... စီနီယာအစ်ကိုဆုန့်ကတော့ ဒီမှာပဲ ကျင့်စဉ်ကျင့်ပြီး အဆင့်တက်အောင် ကြိုးစားပါ၊ အမြန်ဆုံး အဆင့်တက်ပြီး ရန်သူတွေကို သတ်ရအောင်”
အခန်း ၄၂၇ ပြီး
***