“ဝုန်း”
ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးက တောအုပ်အတွင်းမှ ထိုးထွက်လာပြီး ထန်ယွင်၏ အောက်ဘက်တွင် ဝဲပျံနေသည်။ ထန်ယွင်က ဓားပျံပေါ်မှ ခုန်ဆင်းကာ ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးအား စီးနင်းလျက် မိုင်ပေါင်း ၃ သိန်းအကွာရှိ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်အဝင်ဝဆီသို့ ပျံသန်းသွားတော့သည်။
ကုန်းစွန်းရို့ရှီနှင့် နန်းကုန်းယွိချင်တို့မှာ ချောက်နက်အတွင်းမှ ထွက်ပေါ်လာသော ဦးခေါင်းနှစ်လုံးပါ နဂါးပုတ်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသဖြင့် ထန်ယွင်သည် ထိုနဂါးပုတ် စတင်ပေါ်ပေါက်ရာ နေရာသို့သွားကာ ၎င်းချန်ထားခဲ့သော အစအနများကို လိုက်လံရှာဖွေရမည် ဖြစ်၏။
“ဝှစ်... ဝှစ်...”
ထိုအချိန်တွင် မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့သည် တောအုပ်အထက်၌ ဓားပျံစီးလျက် ထိတ်လန့်တုန်ယင်နေသော ကျုံးဝူစစ်ယောင်ထံသို့ ပျံသန်းလာကြပြီး ဘာဖြစ်ခဲ့သလဲဟု မေးမြန်းကြသည်။
ကျုံးဝူစစ်ယောင်က ဖြစ်သမျှအကြောင်းစုံကို ပြောပြပြီးနောက်တွင်မူ ရွှယ်ဇီယန်က မဆိုင်းမတွပင် ပြောလိုက်၏။
“စစ်ယောင်... နင်ကတော့ တကယ်ပဲ၊ ကုန်းစွန်းရို့ရှီရဲ့ အသက်က ငါ့ခဲအိုရဲ့ အသက်ထက် ပိုအရေးကြီးလို့လား”
“နင်က ကုန်းစွန်းရို့ရှီအတွက်နဲ့ ငါ့ခဲအိုကို အန္တရာယ်ထဲ အရောက်ခိုင်းနိုင်တယ်ပေါ့... နင် တကယ် လုပ်နိုင်တယ်ပေါ့”
ထိုစကားကို ကြားရသည့်အခါ ကျုံးဝူစစ်ယောင်၏ မျက်ရည်များမှာ စီးကျလာတော့သည်။
“ငါ... ငါ အဲ့ဒီလောက်အထိ မတွေးမိလိုက်ဘူး၊ ငါ...”
ကျုံးဝူစစ်ယောင်၏ စကားမဆုံးမီမှာပင် မုမုန့်ဂျီက သူမ၏ လက်ကို ဆွဲကိုင်ကာ နှစ်သိမ့်ပေးလိုက်၏။
“ရပါတယ်... ဇီယန် လျှောက်ပြောနေတာတွေကို နားမယောင်နဲ့... ထန်ယွင်ဘေးမှာ ဟိုကောင်ကြီး ရှိနေတာပဲ၊ နဂါးပုတ်ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီကောင်ကြီးရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ပါဘူး”
မုမုန့်ဂျီက နောက်သို့ လှည့်ကြည့်ကာ ရွှယ်ဇီယန်ကို မျက်စောင်းထိုးလိုက်သည်။
“နင် စကားကို ဆင်ခြင်ပြောစမ်းပါ... စစ်ယောင် စိတ်မကောင်းဖြစ်နေတာကို နင်က ထပ်ပြီး ပြောနေသေးတယ်”
“ဟွန်း... ငါ ပြောတာ အမှန်တရားပဲလေ... ငါ့ခဲအို ဘာမှမဖြစ်ရင်တော့ အကြောင်းမဟုတ်ဘူး... တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်တော့ စစ်ယောင်... နင့်ကို ငါ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး”
ရွှယ်ဇီယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဓားပျံကို စီးနင်းကာ တောအုပ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။
“စစ်ယောင်... ဇီယန်က နှုတ်သီးသန်သလောက် စိတ်ရင်းကောင်းတဲ့သူပါ... သူမ ပြောတာတွေကို စိတ်ထဲမထားပါနဲ့... စိတ်မပူနဲ့နော်... ထန်ယွင် ဘာမှမဖြစ်စေရဘူး... ငါ သူ့ကို ယုံကြည်တယ်”
မုမုန့်ဂျီက တိတ်ဆိတ်နေသော ကျုံးဝူစစ်ယောင်ကို ဦးဆောင်ကာ အရာအားလုံး မူလသို့ပြန်ခြင်း အစီအရင်အတွင်းသို့ ပျံဝင်သွားကြသည်။
“အားလုံး နားထောင်ကြ”
မုမုန့်ဂျီက ဆေးဝါးအုပ်စု တပည့်များကို ကြည့်ကာ ပြောလိုက်၏။
“မရီး... မိန့်ကြားပါ”
တပည့်အားလုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
မုမုန့်ဂျီက ပြတ်သားစွာပင် ပြောလိုက်၏။
“ငါတို့ ပုန်းအောင်းနေတဲ့နေရာကို ရန်သူတွေ မသိစေဖို့အတွက် အခုကစပြီး ဘယ်သူမှ ငါ့ခွင့်ပြုချက်မရှိဘဲ အစီအရင်ပြင်ပကို မထွက်ရဘူး”
“ဟုတ်ကဲ့ပါ မရီး”
...
မိုင်ပေါင်း ၃သိန်း အကွာရှိ နတ်ဘုရားမြှုပ်နှံရာ ချောက်နက်သို့သွားရာ လမ်းခရီးမှာ ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ သာမန်အရှိန်ဖြင့်ဆိုလျှင် ၇ နာရီကျော် ကြာမြင့်မည် ဖြစ်သည်။
သို့သော် ထန်ယွင်က နန်းကုန်းယွိချင်၏ ဘေးကင်းမှုကို အလွန်ပင် စိုးရိမ်နေသဖြင့် ရွှေနဂါးနတ်ဘုရားခြင်္သေ့ကို အရှိန်မြှင့်ရန် အကြိမ်ကြိမ် တိုက်တွန်းနေခဲ့သည်။ ထို့ကြောင့် ရွှေနဂါးနတ်ဘုရားခြင်္သေ့က ၎င်း၏ ရွှေရောင် မိစ္ဆာစွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ၆ နာရီခန့်အကြာ နောက်တစ်နေ့ မနက်ပိုင်းတွင် နတ်ဘုရားမြှုပ်နှံရာ ချောက်နက်အဝင်ဝသို့ ရောက်ရှိသွားတော့သည်။
ထန်ယွင်သည် သူ၏ စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ကာ အသက်ပြင်းပြင်းရှူလျက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
မြင်တွေ့လိုက်ရသည်မှာ မြင့်မားလှသော ရှေးဟောင်း တောင်ထိပ်ကြီးများ ဖြစ်ကြသည်။
ထိုတောင်ထိပ်များ၏ အလယ်တွင် မိုင်ပေါင်း ဒါဇင်နှင့်ချီ၍ ကျယ်ဝန်းပြီး အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော ချောက်နက်ကြီးတစ်ခု ရှိနေသည်။ ထိုမြူခိုးများက အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့် ချောက်နက်အတွင်းရှိ အခြေအနေများကို မမြင်ရပေ။
ချောက်နက်အဝင်ဝတွင် လေများမှာ တဝူးဝူး တဝုန်းဝုန်းနှင့် တိုက်ခိုက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ကိန်းအောင်းနေသကဲ့သို့ပင်။
“ငါ့ကောင်ကြီး... ငါ သေသေချာချာ မမြင်ရဘူး၊ အနိမ့်ကို ဆင်းပေးစမ်း”
ထန်ယွင်၏ အမိန့်အရ ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာ အောက်သို့ ထိုးဆင်းသွားပြီး အနိမ့်ပိုင်းသို့ ရောက်သည့်အခါ ၎င်း၏ ဧရာမ မျက်လုံးကြီးများဖြင့် အောက်ဘက်သို့ စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်၏။
ထန်ယွင်က ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ချောက်နက်အပြင်ဘက်ရှိ စိုစွတ်နေသော မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီးတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းမှာ ကြီးမားသော မိစ္ဆာသားရဲတစ်ကောင် တွားသွားထားသည့် အစအနနှင့် တူနေသည်။
ထန်ယွင်၏ အမူအရာမှာ လေးနက်သွားပြီး ထိုကျင်းကြီးကို အသေအချာ စစ်ဆေးကာ မျက်မှောင်ကြုတ်လျက် ခန့်မှန်းလိုက်၏။
“ဒီအစအနက ၃ ပေလောက် ကျယ်ပြီး ၁၀ ပေလောက် နက်တယ်... ဒါကို ကြည့်ရင် နဂါးပုတ်ဟာ အနည်းဆုံး ၈ ပေလောက် ထူပြီး ပေ ၂၀၀ လောက် ရှည်လိမ့်မယ်... ဒီလောက်ကြီးမားတဲ့ နဂါးပုတ်က ဘယ်လိုအမျိုးအစားများ ဖြစ်မလဲ”
“ငါ့ကောင်ကြီး... သူ ချန်ထားခဲ့တဲ့ အနံ့ကို သုံးပြီး နန်းကုန်းယွိချင်နဲ့ ကုန်းစွန်းရို့ရှီတို့ နောက်ကို သူလိုက်နေတဲ့နေရာကို ရှာနိုင်မလား”
ရွှေနဂါးနတ်ဘုရားခြင်္သေ့က ခေါင်းငြိတ်ပြလိုက်သည်။
“ကောင်းပြီ... မြန်မြန်သွားရအောင်”
ထန်ယွင် အမိန့်ပေးလိုက်သည်နှင့် ရွှေနဂါးနတ်ဘုရားခြင်္သေ့သည် နဂါးပုတ်၏ အနံ့ကို လိုက်လံရှူရှိုက်ရင်း အနိမ့်ပိုင်းမှနေ၍ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
နောက်ထပ် ၃ ရက်အတွင်းမှာပင် ရွှေနဂါးနတ်ဘုရားခြင်္သေ့က ထန်ယွင်ကို တင်ဆောင်ကာ မိုင်ပေါင်း သန်းနှင့်ချီ၍ ခရီးနှင်ခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် နဂါးပုတ်ကြောင့် ပျက်စီးသွားသော တောင်တန်းများကို ထန်ယွင် အထင်အရှား မြင်တွေ့နေရ၏။
“ဝုန်း... ဝုန်း...”
မည်းမှောင်နေသော တိမ်တိုက်များမှာ စမ်းသပ်မှုနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မိုးကြိုးမုန်တိုင်းများ နှင့်အတူ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက လေထုကို အသက်ရှူရခက်အောင် မွန်းကျပ်စေသည်။
ထန်ယွင်တို့မှာ တောင်ထိပ်များကြားတွင် ဆက်လက် ဖြတ်သန်းနေဆဲပင်။
ရုတ်တရက် ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ အရှိန်မှာ နှေးသွားပြီးနောက် ၎င်း၏ တစ်ကိုယ်လုံးရှိ ရွှေရောင် အမွေးအမျှင်များမှာ ထောင်ထွက်လာတော့သည်။ ၎င်းမှာ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ပြုလုပ်လေ့ရှိသော တိုက်ခိုက်ရေး ပုံစံပင်။
“ဝှစ်”
ထန်ယွင်၏ ကိုယ်လုံးမှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး ခြင်္သေ့ ကျောပေါ်မှ ပျောက်ကွယ်သွား၏။ နောက်တစ်စက္ကန့်၌ ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ ဦးခေါင်းပေါ်ရှိ အမွေးများကြားတွင် ပုန်းကွယ်ကာ အသက်ရှူသံကို ထိန်းထားရင်း မှောင်မည်းနေသော ကောင်းကင်နှင့် သည်းထန်သော မိုးများကြားမှနေ၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထန်ယွင်သည် ထိုကောင်ကြီးအနေဖြင့် အစွမ်းထက်သော ရန်သူနှင့် တွေ့သည့်အခါမှသာ ဤကဲ့သို့သော တိုက်ခိုက်ရေး ပုံစံကို ပြောင်းလဲတတ်ကြောင်း သိထား၏။
ရွှေနဂါးနတ်ဘုရားခြင်္သေ့သည်လည်း အသက်ရှူသံကို ထိန်းထားပြီး ပေ ၂၀၀ ခန့် ကျယ်သော ရွှေရောင် အတောင်ပံကြီးများကို မခတ်တော့ဘဲ အနိမ့်ပိုင်းတွင် တိတ်ဆိတ်စွာ ဝဲပျံနေတော့သည်။
မိုင်ပေါင်း ၃၀၀ ခန့်အကွာရှိ တောင်တန်းများကြားသို့ ရောက်သည့်အခါ ပြင်းထန်သော ရေစီးသံများ ထွက်ပေါ်လာသည်။ ထန်ယွင် လှမ်းကြည့်လိုက်ရာ ရှေ့တွင် ကမ်းပါးယံမှ စီးကျနေသော ပြင်းထန်သည့် ရေတံခွန်ကြီးတစ်ခုကို မြင်လိုက်ရ၏။
ရေတံခွန်မှာ မိုင်ပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းပြီး အောက်ခြေတွင် မိုင်ပေါင်း သန်းနှင့်ချီ၍ နက်သော ချောက်နက်ကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ရေတံခွန်၏ ဘယ်ဘက် မိုင် ၁၀၀ ခန့်အကွာ၌ ပေ ၁ သောင်းခန့် မြင့်သော တောင်ထိပ်တစ်ခု ရှိနေပြီး ရွှေနဂါးနတ်ဘုရားခြင်္သေ့မှာ ထိုတောင်ထိပ်ကို စိုက်ကြည့်ကာ တိတ်ဆိတ်စွာ ပျံသန်းသွားတော့သည်။
အမွှေးများကြားတွင် ပုန်းနေသော ထန်ယွင်မှာ ရုတ်တရက် မျက်လုံးများ ပြူးသွားပြီး ထိတ်လန့်တကြား ဖြစ်သွား၏။
မိုးရေစက်များကြားမှ ဝေဝေဝါးဝါး မြင်နေရသည်မှာ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းထားသော ခန္ဓာကိုယ်ကြီးက ထိုတောင်ထိပ်ကြီးကို ရစ်ပတ်ထားခြင်းပင် ဖြစ်သည်။
ထန်ယွင်သည် ဝိညာဉ်အာရုံကို မထုတ်လွှတ်ရဲပေ။ အကြောင်းမှာ ထုတ်လွှတ်လိုက်သည်နှင့် နဂါးပုတ်က သူ့ကို သိရှိသွားမည်ဖြစ်သောကြောင့်ပင်။
နဂါးပုတ်၏ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားပြီးနောက် ထန်ယွင်၏ မြင်ကွင်းထဲသို့ နဂါးဦးခေါင်း နှစ်လုံး ပေါ်ထွက်လာသည်။ ဦးခေါင်းတစ်ခုမှာ ခန္ဓာကိုယ်ကဲ့သို့ပင် မည်းနက်နေပြီး ကျန်ဦးခေါင်းတစ်ခုမှာမူ ဆီးနှင်းအလား ဖြူဖွေးနေတော့သည်။
“အဆင့် ၃ ဘေးဒုက္ခနယ်ပယ်က လေမိုးနဂါးပုတ် ပါလား”
ထန်ယွင် ရင်ထဲ တုန်လှုပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။
“ငါ့ကောင်ကြီး... မင်း သူ့ကို သတ်နိုင်မယ်လို့ သေချာလား”
ရွှေနဂါးနတ်ဘုရားခြင်္သေ့က ဧရာမ ဦးခေါင်းကြီးကို အလေးအနက် ငြိတ်ပြလိုက်သည်။ ယခုအခါ ၎င်းမှာ လေမိုးနဂါးပုတ်နှင့် မိုင် ၃၀ ခန့်သာ ဝေးတော့သည်။
ရုတ်တရက် ထန်ယွင်၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်သွားသည်။ မှောင်မည်းနေသော ကောင်းကင်နှင့် သည်းထန်သော မိုးများအောက်တွင် ပေ ၃၀ ခန့်ရှိသော ဝိညာဉ်လှေတစ်စင်းမှာ ထိုတောင်ထိပ်အထက်တွင် ဆိုင်းငံ့နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
ဝိညာဉ်လှေပေါ်တွင် ယိုင်နဲ့နေသော ပုံရိပ်နှစ်ခုကို ဝေဝေဝါးဝါး မြင်နေရသည်။ ၎င်းတို့စီးနင်းလာသောလှေမှာ မီတာ ထောင်နှင့်ချီ၍ မြင့်သော ဧရာမ လေဝဲဂယက်ကြီးတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံနေရ၏။
ထိုလေဝဲဂယက်၏ ဝါးမြိုမှုအောက်တွင် ဝိညာဉ်လှေမှာ ပျံသန်းနိုင်ခြင်း မရှိတော့ဘဲ တောင်ထိပ်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းနေတော့သည်။
ထိုဧရာမ လေဝဲဂယက်မှာ လေမိုးနဂါးပုတ်၏ ဖြူဖွေးနေသော ဦးခေါင်းမှ ထုတ်လွှတ်နေခြင်း ဖြစ်၏။
“ကုန်းစွန်းရို့ရှီ... သူ တက်လာတော့မယ်... မြန်မြန် တိုက်ခိုက်စမ်းပါ၊ သူ တက်လာရင်တော့ ငါတို့ အကုန် သေကုန်လိမ့်မယ်”
“နန်းကုန်းယွိချင်... အလကားပါပဲ... ဒီနေ့တော့ ငါတို့ လမ်းဆုံးပြီ”
“...”
သည်းထန်စွာ ရွာနေသော မိုးသံများကြားမှ ထိတ်လန့်တုန်ယင်နေသော အမျိုးသမီး အသံနှစ်သံမှာ ထန်ယွင်၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည်။
“သူတို့ပဲ”
ထန်ယွင်၏ အမူအရာမှာ လေးနက်သွားပြီး တိုးတိုးလေး မှာကြားလိုက်၏။
“ငါ့ကောင်ကြီး... ငါ့အမိန့်ကို စောင့်၊ မင်း နဂါးပုတ်ကို တိုက်ခိုက်... ငါ သူတို့ကို သွားကယ်မယ်”
အခန်း ၄၂၉ ပြီး
***