ရွှေနဂါးနတ်ဘုရားခြင်္သေ့ကြီးမှာ အမိန့်ရရှိပြီးနောက် တောင်ထိပ်ပေါ်ရှိ လေမိုးနဂါးပုတ်ထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားတော့သည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့က ပါးစပ်ကြီးကို အစွမ်းကုန် ဖြန့်လိုက်ပြီး ၁၀ ပေ ကျော် ရှည်လျားသော အစွယ်ကြီးများကို ထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ၎င်း၏ ခြေ ၄ ဖက်ရှိ တံစဉ်သဏ္ဌာန် ခြေသည်းများမှာလည်း ၁၀ ပေခန့်အထိ ရှည်ထွက်လာတော့သည်။
...
ထိုအခိုက်အတန့်တွင် တောင်ထိပ်အထက်ရှိ ကောင်းကင်ယံ၌ မီတာ ထောင်နှင့်ချီသော လေဝဲဂယက်အတွင်း ယိုင်နဲ့နေသည့် ဝိညာဉ်လှေမှာ တောင်ထိပ်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းနေသည်။ တောင်ထိပ်ကို ရစ်ပတ်ထားသော လေမိုးနဂါးပုတ်က ဦးခေါင်းနှစ်လုံးကို ထောင်ကာ စောင့်ကြိုနေ၏။
ထို့ပြင် နီရဲနေသော မျက်လုံးများဖြင့် အထက် မီတာ ၁၀၀ ခန့်ရှိ ဝိညာဉ်လှေကို စိုက်ကြည့်နေသည်။ ရုတ်တရက် လေဓာတ်ရှိသော ဖြူဖွေးသည့် နဂါးဦးခေါင်းက စူးရှသောအသံကြီး ပြုလုပ်လိုက်ပြီး မီတာ ဒါဇင်နှင့်ချီ ကျယ်ဝန်းသော ပါးစပ်ကြီးကို ဖြန့်ကာ လေဝဲဂယက် နှင့်အတူ ဝိညာဉ်လှေကို ဝါးမြိုရန် ပြင်လိုက်တော့သည်။
ပေ ၉၀... ပေ ၈၀...
ဝိညာဉ်လှေနှင့် နဂါးပါးစပ်ကြား အကွာအဝေး ပေ ၆၀ သာ ကျန်တော့သည့်အချိန်တွင် လှေပေါ်ရှိ နန်းကုန်းယွိချင်နှင့် ကုန်းစွန်းရို့ရှီတို့မှာ မိုးရေများကြောင့် ရွှဲနစ်နေကြပြီ ဖြစ်၏။ ၎င်းတို့၏ ဝတ်စုံရှည်များမှာ ကိုယ်လုံးလေးများပေါ်တွင် ကပ်နေပြီး လှပသော မျက်ဝန်းအစုံ၌လည်း အလွန်အမင်း စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေတော့သည်။
အထူးသဖြင့် နန်းကုန်းယွိချင် ဖြစ်သည်။ သူမ စီးနင်းလာသော ဝိညာဉ်လှေမှာ အဆင့်မြင့်ဆုံး ရတနာတစ်မျိုး ဖြစ်သော်လည်း လေမိုးနဂါးပုတ်၏ လေဝဲဂယက်မှ မလွတ်မြောက်နိုင်ပေ။ သူမနှင့် ကုန်းစွန်းရို့ရှီတို့အတွက် လွတ်လမ်းမရှိတော့ပေ။
၎င်းတို့အနေဖြင့် ဓားပျံစီးကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်နှင့် လေဝဲဂယက်၏ စုပ်ယူမှုကြောင့် နဂါးပါးစပ်အတွင်းသို့ ချက်ချင်း ရောက်ရှိသွားမည်မှာ သေချာပေ၏။
ကုန်းစွန်းရို့ရှီမှာ သည်းထန်စွာ ရွာနေသော မိုးရေများအကြား သေဘေးနှင့် ရင်ဆိုင်နေရသဖြင့် သူမ၏ လှပသော မျက်လုံးများထဲ၌ တစ်စုံတစ်ခုကို ကျေနပ်သွားဟန် ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“အဖိုးက ငါ့ကို မွေးစားခဲ့ပေမဲ့ ငါ့ကို တကယ် မချစ်ခဲ့ဘူး...”
“ငါ့မိဘတွေကလည်း ငါ့ကို စွန့်ပစ်ခဲ့ကြတယ်... သေခြင်းတရားက ငါ့အတွက်တော့ လွတ်မြောက်မှုတစ်ခု ဖြစ်နိုင်ပါတယ်”
“ငါ့ရဲ့ တစ်ခုတည်းသော နောင်တကတော့... သူ့ကို (ထန်ယွင်ကို) ငါ ချစ်တယ်လို့ ပြောဖို့ သတ္တိမရှိခဲ့တာပဲ...”
ရုတ်တရက် နန်းကုန်းယွိချင်၏ အေးစက်သော အသံက ကုန်းစွန်းရို့ရှီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
“နင် အခု ဘာကြောင်နေတာလဲ... နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါ”
ကုန်းစွန်းရို့ရှီက နန်းကုန်းယွိချင်ကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်၏။
“နင့်လို ယုတ်မာတဲ့မိန်းမကသာ စစ်ယောင်နဲ့ ငါ့ကို လိုက်မသတ်ရင် ငါတို့ ဒီနဂါးပုတ်လက်ထဲ ဘယ်လိုလုပ် မိမလဲ”
“ယုတ်မာတဲ့မိန်းမ ဟုတ်လား”
နန်းကုန်းယွိချင်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
“ကုန်းစွန်းရို့ရှီ... နင် ဒီနဂါးပုတ်ကို ကျေးဇူးတင်သင့်တယ်၊ သူသာ ပေါ်မလာရင် နင် ငါ့လက်ချက်နဲ့ သေနေတာ ကြာလှပြီ”
“နင်သာ ငါနဲ့အတူ ဒီနဂါးပုတ်ကို ရင်ဆိုင်ဖို့ အသုံးမဝင်တော့ဘူးဆိုရင် နင့်အလောင်းကို မိစ္ဆာတွေ စားဖို့ ပစ်ထားခဲ့မှာပဲ... ဒီသူတော်စင်မက နင့်ကို အသက်ရှင်ဖို့ ရက်အနည်းငယ် ပိုပေးထားတာက နင့်အတွက် ဆုလာဘ်တစ်ခုပဲ”
ထိုစကားကြောင့် ကုန်းစွန်းရို့ရှီက ရုတ်တရက် ရယ်မောလိုက်၏။ ၎င်းမှာ သေခြင်းတရားကို လျစ်လျူရှုလိုက်သော လှောင်ပြုံးမျိုး ဖြစ်သည်။
“နန်းကုန်းယွိချင်... ငါက မိဘမဲ့ တစ်ယောက်ပဲ၊ ငါ သေသွားရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ဝမ်းနည်းမှာ မဟုတ်ဘူး”
“ဒါပေမဲ့ နင်ကတော့ မတူဘူးလေ... နင်က ဝိညာဉ်နတ်ဘုရားနန်းတော်ရဲ့ သူတော်စင်မဖြစ်သလို နန်းကုန်းအင်ပါယာရဲ့ မင်းသမီးကြီးလည်း ဖြစ်တယ်... နင် ငါနဲ့အတူ သေရမှာဆိုတော့ ငါ့မှာ ဘာနောင်တမှ မရှိတော့ဘူး”
“နင်...”
နန်းကုန်းယွိချင် စကားပြောမည်ရှိသေး ကုန်းစွန်းရို့ရှီက ကြားဖြတ်ပြောလိုက်ပြန်သည်။
“နင် လိုက်သတ်လို့ပဲဖြစ်ဖြစ်၊ နဂါးပုတ် ပေါ်လာလို့ပဲဖြစ်ဖြစ် ငါကတော့ သေရမှာပဲ”
“ဒါပေမဲ့ အခုတော့ ငါ ရက်အနည်းငယ် ပိုပြီး အသက်ရှင်ခဲ့ရတယ်... ငါ မြတ်ပါတယ်”
“နင်ကတော့ မတူဘူးလေ... နင် ငါ့ကို လိုက်သတ်နေလို့ အခု နဂါးပုတ်ရဲ့ စားတာကို ခံရတော့မှာ... ဟားဟား”
ကုန်းစွန်းရို့ရှီက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
“ငါ ပြောလိုက်မယ်... နင်က ကမ္ဘာပေါ်မှာ အယုတ်မာဆုံး လူပဲ”
“ဒီသူတော်စင်မက နင့်ကို သတ်ရမယ်”
နန်းကုန်းယွိချင်က ညာဘက်လက်တွင် ဓားကို ကိုင်ဆောင်ကာ ကုန်းစွန်းရို့ရှီကို တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဝိညာဉ်လှေမှာ ဟန်ချက်ပျက်သွားပြီး အောက်ဘက် မီတာ ၅၀ အကွာရှိ နဂါးပါးစပ်ကြီးအတွင်းသို့ ထိုးဆင်းသွားတော့သည်။
“ဝုန်း”
သေရေးရှင်ရေး အခိုက်အတန့်တွင် ပြင်းထန်သော ခြင်္သေ့ဟိန်းသံနှင့်အတူ ရွှေနဂါးနတ်ဘုရားခြင်္သေ့က အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး ၎င်း၏ ဧရာမ တံစဉ်သဏ္ဌာန် ခြေသည်းများဖြင့် လေမိုးနဂါးပုတ်၏ ခန္ဓာကိုယ်ကို ကုတ်ခြစ်လိုက်တော့သည်။
“ဖောက်... ဖောက်...”
ပုပ်စော်နံလှသော သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ ခြေသည်း ၄ ဖက်မှာ အနက်ရောင် အကြေးခွံများကို ဖောက်ထွက်ကာ နဂါးပုတ်၏ ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့သည်။
ရွှေနဂါးနတ်ဘုရားခြင်္သေ့က ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဖြန့်ကာ နဂါးပုတ်၏ လေဓာတ်ရှိသော ဦးခေါင်းအောက်ပိုင်းကို ပြင်းထန်စွာ ကိုက်ခဲလိုက်၏။
“အား...”
လေမိုးနဂါးပုတ်၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းစွာ လင်းလက်လာပြီး ကျန်ရှိသော မိုးကြိုးဓာတ်ရှိသည့် ဦးခေါင်းမှာလည်း တောက်ပသော လျှပ်စီးများဖြင့် ပြည့်နှက်သွားကာ ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ လည်ပင်းကို ပြန်လည် ကိုက်ခဲလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လေမိုးနဂါးပုတ်၏ မည်းနက်နေသော အမြီးကြီးမှာ တောင်ထိပ်မှ ကွာကျလာပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တောင်ထိပ်ပေါ်ရှိ ဝိညာဉ်လှေဆီသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်တော့သည်။
အကယ်၍သာ အမြီးနှင့် ရိုက်မိသွားလျှင် လှေပေါ်ရှိ နန်းကုန်းယွိချင်နှင့် ကုန်းစွန်းရို့ရှီတို့မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်မှာ သံသယဖြစ်စရာ မရှိပေ။
ကုန်းစွန်းရို့ရှီနှင့် နန်းကုန်းယွိချင်တို့ ထိတ်လန့်တကြား အော်ဟစ်နေကြစဉ် ထန်ယွင်က ဟုန်မန်နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ ရွှေနဂါးနတ်ဘုရားခြင်္သေ့၏ ဦးခေါင်းပေါ် မှတစ်ဆင့် တောင်ထိပ်အထက်သို့ ခုန်တက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထန်ယွင်၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင် ဝိညာဉ်စွမ်းအားများ ပန်းထွက်လာပြီး ဟုန်မန်နတ်ဘုရားဓား 'ဟော်ဝူ' ကို ထုတ်ယူကာ ဝိညာဉ်လှေပေါ်သို့ ခုန်ဆင်းလိုက်တော့သည်။
“ဖောက်”
သွေးများမှာ သက်တံတစ်ခုအလား ပန်းထွက်လာပြီး အကြေးခွံများမှာ ကွဲအက်သွားတော့သည်။ ထန်ယွင်၏ နတ်ဘုရားဓားက နဂါးမြီးကြီးကို နက်ရှိုင်းစွာ ပိုင်းဖြတ်လိုက်သော်လည်း ထိုနဂါးမြီးကြီးမှာ ထန်ယွင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်မိသွားတော့၏။
“ဂျောက်”
“ဖူး”
ထန်ယွင်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး နံရိုး ၃ ချောင်း ကျိုးသွားကာ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီးနောက် သူ့ကိုယ်လုံးမှာ နန်းကုန်းယွိချင် ရှိရာဘက်သို့ လွင့်စင်သွားတော့သည်။
“ထန်ယွင်”
ကုန်းစွန်းရို့ရှီက ရောက်ရှိလာသူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရသည့်အခါ လှေ၏ တစ်ဖက်စွန်းမှ ထန်ယွင်ရှိရာသို့ ပြေးသွားစဉ်မှာပင် နာကျင်စွာ အော်ဟစ်လိုက်မိသည်။
“နန်းကုန်းယွိချင်... မလုပ်နဲ့”
သို့သော် နန်းကုန်းယွိချင်မှာမူ သွေးများအန်ကာ သူမထံသို့ လွင့်စင်လာသော ထန်ယွင်ကို ကြည့်လျက် သူမ၏ လက်ကောက်ဝတ်ကို လှည့်ကာ ထန်ယွင်၏ ကျောဘက်သို့ ဓားဖြင့် ထိုးသွင်းလိုက်တော့သည်။
“သေစမ်း”
နန်းကုန်းယွိချင်မှာ သူမ၏ဆရာ ကျူးကော့ယွီ၏ အမိန့်အရ ထန်ယွင်ကို သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ယခုအခါ သူမက ထန်ယွင်သည် ကုန်းစွန်းရို့ရှီကို ကယ်တင်ရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု လွဲမှားစွာ ယူဆလိုက်ခြင်းပင်။
ကုန်းစွန်းရို့ရှီကို ကယ်တင်ပြီးသွားပါက ထန်ယွင်သည် သူမကို လွှတ်ပေးမည်မဟုတ်ဟုလည်း သူမ ယုံကြည်နေခဲ့သည်။ ထို့ကြောင့် သူမ ထိုသို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။
အနောက်သို့ လွင့်စင်နေစဉ်မှာပင် ထန်ယွငက သူ့ကျောဘက်မှ အေးစက်သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်းပင် သွေးစွန်းနေသော ဓားသွားမှာ သူ့ရင်ဘတ်မှ ဖောက်ထွက်လာတော့သည်။
“အင့်...”
ထန်ယွင်၏ မျက်နှာမှာ နာကျင်မှုကြောင့် ပျက်ယွင်းသွားသော်လည်း နန်းကုန်းယွိချင်က ဓားကို ကိုင်ဆောင်ကာ ထန်ယွင်၏ ကျောဘက်မှနေ၍ နှလုံးသားဆီသို့ ရောက်အောင် ထပ်မံ ထိုးသွင်းရန် ကြိုးစားနေသည်ကို မြင်လိုက်ရ၏။
“နန်းကုန်းယွိချင်... နင့်လို ယုတ်မာတဲ့ အမျိုးယုတ်မ”
ကုန်းစွန်းရို့ရှီက သူမ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ ဓားအလင်းတန်းတစ်ခုဖြင့် နန်းကုန်းယွိချင်ကို ပိုင်းချလိုက်တော့သည်။
“ရို့ရှီ... သူမကို မနာကျင်စေနဲ့”
ထန်ယွင်၏ သွေးများ ထွက်နေသော ပါးစပ်မှ ရှုပ်ထွေးလှသော ခံစားချက်များပါဝင်သည့် ဟောက်သံတစ်ခု ထွက်ပေါ်လာသဖြင့် နန်းကုန်းယွိချင်နှင့် ကုန်းစွန်းရို့ရှီတို့မှာ တစ်ပြိုင်နက်တည်း ကြောင်အသွားကြတော့သည်။
ထန်ယွင်၏ မျက်နှာမှာ ကြောက်စရာကောင်းအောင် ပျက်ယွင်းနေပြီး သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ အရှေ့သို့ တစ်ဟုန်ထိုး တိုးထွက်လိုက်သဖြင့် ကျောဘက်မှ ထိုးသွင်းထားသော ဓားရှည်မှ လွတ်မြောက်သွားတော့သည်။ ထို့နောက် ရုတ်တရက် ခေါင်းလှည့်ကာ နန်းကုန်းယွိချင်ကို စိုက်ကြည့်လျက် အလျင်အမြန် ပြောလိုက်၏။
“လေမိုးနဂါးပုတ်ရဲ့ လေစွမ်းအားတွေက ပျက်စီးသွားပြီ... မင်း အမြန်ပြေးတော့”
စကားအဆုံးတွင် ဒဏ်ရာပြင်းထန်စွာ ရထားသော ထန်ယွင်က နတ်ဘုရားဓား 'ဟော်ဝူ' ကို ကိုင်ဆောင်ကာ ဝိညာဉ်လှေပေါ်မှ ခုန်ဆင်းသွားတော့သည်။
“ထန်ယွင်... ငါ မသွားဘူး”
ကုန်းစွန်းရို့ရှီက ဓားပျံကို စီးနင်းကာ လှေပေါ်မှ ဆင်းသက်လိုက်ပြီး တောင်ထိပ်ပေါ်တွင် ထန်ယွင်ကို တွဲကူထားလိုက်၏။
ဝိညာဉ်လှေပေါ်ရှိ နန်းကုန်းယွိချင်မှာမူ သူမ၏ ဓားချက်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားသော ထန်ယွင်ကို ဇဝေဇဝါဖြင့် ကြည့်နေမိ၏။ ရုတ်တရက် သူမ၏ ရင်ထဲတွင် ရှင်းပြ၍မရသော နာကျင်မှုတစ်ခု တိုးဝင်လာတော့သည်။
နန်းကုန်းယွိချင်၏ ကိုယ်လုံးလေးမှာ ပြင်းထန်စွာ တုန်ယင်နေပြီး သူမ လဲမကျသွားအောင် ဓားရှည်ကို ထောက်ထားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ထန်ယွင်ကို သတ်မည်ဆိုသော သူမ၏ ဆုံးဖြတ်ချက်များမှာ ပျောက်ကွယ်သွားပြီး သူမ၏ ရင်ထဲ၌ အဆုံးမရှိသော ထိတ်လန့်မှုများ အစားထိုးဝင်ရောက်လာတော့၏။
သူမသည် သွေးများဖြင့် ရွှဲနစ်နေကာ ရင်ဘတ်မှာ ချိုင့်ဝင်ပြီး ပါးစပ်မှ သွေးများ အန်နေသော ထန်ယွင်ကို ကြည့်ရင်း ရုတ်တရက် ငိုချင်စိတ်များ ပေါ်ပေါက်လာတော့လေသည်။
အခန်း ၄၃၀ ပြီး
***