မြူခိုးချိုင့်ဝှမ်း…။
ရှေးဟောင်းတောင်တန်းကြီး၏ လျှိုမြောင်ဝင်ပေါက်တွင် ထူထပ်လှသော မြူခိုးထုကြီးမှာ ပုလင်းထဲမှ သွန်ချလိုက်သည့် သိုးဆီများပမာ လျှံကျနေကာ လျှိုမြောင်တစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။ လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ သိပ်သည်းလှသော သစ်တောများနှင့် မြင့်မားသော တောင်ထွတ်များက နက်ရှိုင်းလှသော ယင်ချီအငွေ့အသက်များကို ဖုံးကွယ်ပေးထားလေသည်။
ဤနေရာသည် ကျန်းနန်နယ်မြေရှိ တောင်တန်းများထဲတွင် အန္တရာယ်ရှိသောနေရာတစ်ခုအဖြစ် နာမည်ကျော်ကြားပြီး အနီးနားရှိ ကျင့်ကြံသူများအားလုံး သိရှိကြသော်လည်း လျှိုမြောင်၏အဆုံးတွင် ဘာရှိသည်ကိုမူ မည်သူမျှ မသိကြချေ။
အမှောင်ဘုရင်ဂိုဏ်း၏ တောင်ပိုင်းလမ်းပြသူနှင့် အနောက်တောင်ပိုင်းလမ်းပြသူတို့ ဦးဆောင်သော ဝတ်စုံနက်ဝတ် လူအုပ်စုနှစ်စုသည် လျှိုမြောင်ဝင်ပေါက်သို့ တိတ်ဆိတ်စွာ လျှောက်လှမ်းလာကြ၏။
လူတိုင်း၏ခါးတွင် မိမိတို့၏အဆင့်အတန်းကို ဖော်ပြနေသည့် ကိန်းဂဏန်းများ ရေးထွင်းထားသော ရွှေရောင်ရင့်ရင့် တံဆိပ်ပြားတစ်ခုစီ ချိတ်ဆွဲထားကြသည်။ တစ်ဖွဲ့လုံးတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံထားသဖြင့် ပတ်ဝန်းကျင်လေထုမှာ အေးစက်တင်းမာနေလေသည်။
သို့သော် ညာဘက်အဖွဲ့၏ နောက်ဆုံးပိတ်တွင် လိုက်ပါလာသော ဝတ်စုံနက်ဝတ်လူမှာမူ တစ်ခါတစ်ရံ ခန္ဓာကိုယ်က တုန်ခါသွားတတ်ရာ ကြည့်ရသည်မှာ အတော်လေး ထူးဆန်းနေချေ၏။
ကံကောင်းထောက်မစွာဖြင့် တုန်ခါမှုမှာ မပြင်းထန်လှသည့်အပြင် ဝတ်ရုံရှည်ကြီးက ဖုံးကွယ်ထားသဖြင့် အတူလိုက်ပါလာသူများ သတိမထားမိကြချေ။
တော်လောက်ပြီ… တော်လောက်ပြီလို့…။
ထပ်ပြီး တုန်နေရင် ပြဿနာတက်တော့မယ်…။
ချူလျန်သည် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ တရားမျှတမှုကို ဖော်ဆောင်လိုသော အရှိန်အဟုန်ကို ဝိညာဉ်အာရုံဖြင့် အဆက်မပြတ် ဖိနှိပ်ထားရသဖြင့် စိတ်ပင်ပန်းနေရလေသည်။
အပြင်ဘက်မှ ကြည့်လျှင် သာမန်တုန်ခါမှုမျှသာ ဖြစ်သော်လည်း စေတီတော်ဖြူ ဟင်းလင်းပြင်ထဲတွင်မူ ကြက်သွေးရောင်ကွပ်မျက်သူဓားမှာ သောင်းကျန်းနေပြီ ဖြစ်၏။
၎င်း၏မိစ္ဆာများကို သုတ်သင်လိုသော စိတ်အားထက်သန်မှုကို နားလည်ပေးနိုင်သော်လည်း မိမိ၏ လက်ရှိအင်အားကိုလည်း ထည့်တွက်ရပေမည်။
ကြက်သွေးရောင်ကွပ်မျက်သူဓား၏ အားဖြည့်မှုသည် မိမိ၏ ကျင့်ကြံခြင်းအဆင့်အပေါ်တွင် အခြေခံလေသည်။ လွန်ခဲ့သောတစ်ခေါက်က ဆဌမအဆင့်ရှိသော ဆရာလုကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။
မိမိ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ ထိုအရာသည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချူလျန် ကောင်းစွာ ခံစားမိနေသည်။
ကောင်းကင်၊ မြေကြီးနှင့် လူသားတို့၏ အခွင့်အလမ်းများ ပေါင်းစပ်မိမှသာ ဆဌမအဆင့်ရှိသူကို သတ်ဖြတ်နိုင်ခြင်း ဖြစ်၏။
အမှောင်ဘုရင်ဂိုဏ်းကဲ့သို့သော မိစ္ဆာဂိုဏ်းကြီး၏ လက်အောက်တွင်မူ ကြိုတင်ပြင်ဆင်ထားသော ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် သတ်ဖြတ်ရန်မှာ မလွယ်ကူလှချေ။ ထို့အပြင် ယခုနေရာတွင် ဆဌမအဆင့်ရှိသော လမ်းပြသူ နှစ်ယောက်တောင် ရှိနေသည် မဟုတ်ပါလော။
‘ဒီအချိန်ကြီး ငါ့ကိုထွက်ပြီး တရားမျှတမှုအတွက် ဝင်ပါခိုင်းနေတာက ငါ့ကို သေခိုင်းနေတာနဲ့ အတူတူပဲ…’
“အထက်ကနေ ပျံသန်းသွားမယ်ဆိုရင် အိပ်မက်ချောက်နက်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး… မြူခိုးချိုင့်ဝှမ်းကို ဖြတ်ကျော်မှသာ ရောက်နိုင်လိမ့်မယ်...” တောင်ပိုင်းလမ်းပြသူက လက်မြှောက်၍ အဖွဲ့ကို ရပ်ခိုင်းလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်လေသည်။
“မြူခိုးချိုင့်ဝှမ်းထဲမှာ အဆိပ်ငွေ့တွေ၊ မြူဆိုးတွေ၊ လီကွေ့တွေ၊ ဝိညာဉ်ဆိုးတွေနဲ့ ပြည့်နှက်နေတယ်… အထဲရောက်တာနဲ့ အားလုံး အထူးဂရုစိုက်ကြ...”
ပြောပြီးသည်နှင့် သူက ဖြူလျော်နေသော အရိုးရှည်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး၊ လက်ဖြင့် ပွတ်တိုက်လိုက်ရာ 'ရှဲ' ဟူသော အသံနှင့်အတူ စိမ်းဖန့်ဖန့် မီးတောက်တစ်ခု တောက်လောင်လာတော့၏။
“လီကွေ့ရဲ့အရိုးကိုသုံးပြီး ငရဲမီးတောက် ထွန်းညှိမှသာ မြူခိုးတွေနဲ့ ဝိညာဉ်ဆိုးတွေကို မောင်းထုတ်နိုင်လိမ့်မယ်… အားလုံး ရှေ့က မီးတောက်နောက်ကိုပဲ အနီးကပ် လိုက်ခဲ့ကြ… အဖွဲ့ကနေ ကွဲမသွားစေနဲ့...”
သူက ဆက်ပြောလိုက်လေသည်။ “တကယ်လို့ လူစုကွဲသွားရင် မြူခိုးထဲက ဝိညာဉ်ဆိုးတွေရဲ့ ဖမ်းစားတာကိုခံရပြီး ဒီနေရာမှာပဲ ထာဝရ ကျန်ရစ်ခဲ့ရလိမ့်မယ်...”
“နားလည်ပါပြီ...” လက်အောက်ငယ်သားများက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
ထိုအခါမှသာ ဤလမ်းပြသူများသည် ဤမျှ ကျင့်ကြံဆင့်မြင့်ပါလျက်နှင့် အဘယ်ကြောင့် လူအင်အား အမြောက်အမြား ခေါ်ဆောင်လာရသနည်း ဆိုသည်ကို သူတို့ ရိပ်မိသွားကြလေသည်။ လူစုကွဲသွားလျှင် ဝိညာဉ်ပူးကပ်ခံရမည့်အန္တရာယ် ရှိနေသောကြောင့်ပင် ဖြစ်၏။
တောင်ပိုင်းလမ်းပြသူက မှာကြားပြီးနောက် ဦးဆောင်ကာ ထူထပ်လှသော မြူခိုးထုကြီးအတွင်းသို့ ခြေလှမ်းလှမ်းလိုက်လေသည်။ သူကိုင်ဆောင်ထားသော အရိုးမီးတောက်သည် မြူခိုးများနှင့် ထိတွေ့လိုက်သည်နှင့် “ရှုးရှုးရှဲရှဲ” ဟူသော ထူးဆန်းသည့်အသံများနှင့်အတူ တိုးညှင်းသော အော်ဟစ်သံများကိုပါ ကြားလိုက်ရသည်။
ချူလျန် အနည်းငယ် အံ့သြသွားရ၏။ ဤလီကွေ့ဆိုသည်မှာ အဘယ်သို့သောအရာနည်း။ အရိုးတစ်ခုတည်းကပင် ဤမျှ ဆန်းကြယ်နေပြီး အော်ဟစ်နိုင်စွမ်း ရှိနေသည်လော။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုအော်ဟစ်သံမှာ အရိုးဆီမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ မြူခိုးထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူ သတိပြုမိလိုက်လေသည်။
ဒီမြူခိုးတွေက အသက်ရှိနေတာလား…။
ထိုသို့ တွေးမိလိုက်သည်နှင့် ချူလျန်သည် အသက်ကို ချက်ချင်း အောင့်ထားလိုက်ပြီး မြူခိုးများကို ခန္ဓာကိုယ်ထဲသို့ မဝင်စေရန် သတိထားလိုက်ရတော့သည်။ ရှေ့မှလူများ တစ်ဦးပြီးတစ်ဦး မြူခိုးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်ကို မြင်ရသဖြင့် သူသည်လည်း အံကြိတ်ကာ လိုက်ပါသွားလေတော့သည်။
ဝူး...
မြူခိုးထဲသို့ ရောက်ရှိသွားချိန်တွင် ပင်လယ်ထဲသို့ ဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ နားထဲတွင် လေတိုးသံ၊ မိုးခြိမ်းသံများနှင့်အတူ ဝမ်းနည်းဖွယ်ရာ အော်ဟစ်သံများကို ကြားနေရလေ၏။
“လာပါ... လာခဲ့ပါ...” ဟူသော ခေါ်ဆောင်သံများကဲ့သို့ပင် ဖြစ်ချေသည်။
ထိုတိုးညှင်းသော အသံများမှာ ဖြားယောင်းမှုများ ပြည့်နှက်နေပြီး အကယ်၍ ဝိညာဉ်အသိအမြင်အဆင့်အောက်ရှိ ကျင့်ကြံသူများသာ ဆိုပါက စိတ်ဓာတ်ကြံ့ခိုင်မှုမရှိသဖြင့် ချက်ချင်းပင် ဖမ်းစားခံလိုက်ရပေလိမ့်မည်။
အမှန်တကယ်ပင် ထူးဆန်းလွန်းလှချေသည်။ ပို၍ထူးဆန်းသည်မှာ ရှေ့တည့်တည့် သုံးပေအကွာအဝေးကိုပင် မြင်တွေ့ရန် ခက်ခဲလှပြီး ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားလျှင်ပင် အရာမရောက်ချေ။ ဤမြူထုကြီးက အရာအားလုံးကို ဖြတ်တောက်ထားလေသည်။
သူ ကြောင်အအဖြစ်နေစဉ် အဝေးတစ်နေရာမှ လွင့်မျောနေသော စိမ်းဖန့်ဖန့်မီးတောက်ကို မြင်လိုက်ရမှသာ တောင်ပိုင်းလမ်းပြသူ ပြောသည့်စကားမှာ မှန်ကန်ကြောင်း သိရှိလိုက်ရသည်။
လီကွေ့၏အရိုးမှ ထွန်းညှိထားသော ငရဲမီးတောက်ကသာ မြူခိုးများကို ဖယ်ရှားပေးနိုင်လေ၏။ ချူလျန်သည် အဖွဲ့နှင့် မကွဲစေရန် အမြန်ဆုံး လိုက်ပါသွားလေတော့သည်။
အဖွဲ့သည် မြူခိုးများကြားတွင် ခက်ခက်ခဲခဲ ရှေ့တိုးနေရသည်ဖြစ်ရာ အချိန်အတော်ကြာသည့်တိုင် ဝေးဝေးသို့ မရောက်သေးချေ။ ထိုအချိန်တွင် သူ၏နောက်ကျောဘက်မှ အနက်ရောင်အရိပ်တစ်ခု လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားလေသည်။ ချူလျန်၏မျက်လုံးများ ကျုံ့သွားပြီး ချက်ချင်းပင် နောက်လှည့်ကာ သတိထားလိုက်ရသည်။
“လီကွေ့ပဲ...” လော့ယောင်က ဝိညာဉ်အာရုံဖြင့် အသံပို့လွှတ်လိုက်လေသည်။ “နင် တိုက်ဖို့ မသင့်တော်ဘူး၊ ငါပဲ အနောက်ကနေ ကာကွယ်ပေးမယ်...”
ပြောပြီးသည်နှင့် သူမက ချူလျန်ကို ရှေ့သို့ တွန်းပို့လိုက်ပြီး အဖွဲ့နှင့် မကွဲစေရန် လုပ်ဆောင်ပေးကာ၊ သူမကိုယ်တိုင်ကမူ အဖွဲ့၏နောက်ဆုံးပိတ်တွင် နေရာယူလိုက်လေသည်။
တိုက်ခိုက်ရန် မသင့်တော်ခြင်းမှာ ချူလျန်နှင့် ပုရှန်တို့၏ တန်ခိုးစွမ်းရည်များမှာ အမှောင်ဘုရင်ဂိုဏ်းနှင့် ဆင်တူခြင်းမရှိသဖြင့် အသုံးပြုလိုက်ပါက မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်သောကြောင့် ဖြစ်၏။
လော့ယောင်၏ ဝိညာဉ်ထိန်းချုပ်ခြင်းအတတ်မှာမူ အမှောင်ဘုရင်ဂိုဏ်း၏ ဝိညာဉ်ချုပ်အတတ်နှင့် ဆင်တူသဖြင့် ဤကဲ့သို့ မြင်ကွင်းမကြည်လင်သော နေရာမျိုးတွင် လှည့်စားရန် လွယ်ကူလှပေသည်။
ချူလျန်သည် ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ၊ ရှေ့မှ ပုရှန်၏ တီးတိုးပြောဆိုသံများကို ကြားလိုက်ရလေသည်။
“ဟော… ချူသူရဲကောင်းလေး ရောက်လာတာလား...” ပုရှန်သည် အနောက်မှ လူပြောင်းသွားသည်ကို သိလိုက်သဖြင့် နောက်လှည့်ကာ ဝိညာဉ်အာရုံဖြင့် ပြောလိုက်ပြန်သည်။
“စောစောက မင်းကြားလိုက်မယ်မထင်ဘူး… ငါ လော့ယောင်မိန်းကလေးကို လီကွေ့ရဲ့အကြောင်း ရှင်းပြနေတာလေ… ငါတို့ ဗုဒ္ဓဘာသာ ကျမ်းစာတွေထဲမှာ ပါရှိတာကတော့ လီကွေ့ဆိုတာ ငရဲဘုံမှာ အရိုးနုတ်တဲ့ ပြစ်ဒဏ်ခံရပြီး လူ့လောကကို ထွက်ပြေးလာတဲ့ သရဲတွေပဲ… သူတို့က မပုပ်မသိုးသေးတဲ့ လူအရိုးတွေကိုသုံးပြီး ကိုယ်ခန္ဓာကို ပြန်လည် တည်ဆောက်ကြတာလေ...”
ချူလျန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
လော့ယောင် အနောက်ဘက်ဆုံးသို့ သွားရခြင်းမှာ သူ့ကို ကာကွယ်ပေးရန်သာမက၊ ပုရှန်၏ စကားများမှုကို မခံနိုင်တော့သောကြောင့်လည်း ဖြစ်နိုင်သည်ဟု သူ သံသယ ဝင်မိလေသည်။
သူ့၏မရပ်မနားပြောဆိုနေမှုများကို နားထောင်ရင်း ချူလျန်၏စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေ၏။ အကယ်၍ လင်းပေ့နှင့် ပုရှန်တို့ကိုသာ အတူတူထားပြီး စကားပြောခိုင်းမည်ဆိုပါက ဤစကားများလွန်းသည့်လူနှစ်ယောက်အနက် မည်သူက အရင်ဆုံး မောသွားမည်နည်း။
ပုရှန်၏ စကားများကို နားထောင်နေရင်း၊ ရုတ်တရက် အနောက်ဘက်မှ ထူးဆန်းသော ဟိန်းသံတစ်ခုကို ကြားလိုက်ရလေ၏။ မြူခိုးများကြောင့် အသံမှာ တိုးညှင်းနေသော်လည်း အနီးကပ်ရှိနေသဖြင့် သတိထားမိလိုက်ခြင်း ဖြစ်သည်။
“ဂရား...”
လော့ယောင်၏ ပုံရိပ်နောက်ကွယ်တွင် ကြီးမားလှသော အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာချေပြီ။
ထိုအရိပ်မှာ လူနှင့်ဆင်တူသော်လည်း လက်နှစ်ဖက်တွင် ဓားခုတ်ကောင်တစ်ကောင်ကဲ့သို့ ကြီးမားသော တံစဉ်သွားနှစ်ခု ရှိနေပြီး၊ သေချာစွာ ကြည့်လိုက်မှသာ အရိုးစုများဖြင့် ဖွဲ့စည်းထားသော ကိုယ်ခန္ဓာကြီးဖြစ်ကြောင်း တွေ့လိုက်ရလေ၏။ အရိုးစုကိုယ်ထည်မှာ သာမန်လူထက် များစွာ ကြီးမားပြီး၊ အပေါ်ပိုင်းတွင်မူ ယင်ချီများဖြင့် ဖုံးလွှမ်းထားသော ဝိညာဉ်ပုံရိပ်တစ်ခု ရှိနေသည်။
ဒါက လီကွေ့လား…။
ကိုယ်ထည်ရှိတဲ့ ဝိညာဉ်တစ်မျိုးပဲကိုး…။
ချူလျန် အနှစ်သက်ဆုံးဖြစ်သော လူမျက်နှာရှောင်သည်လည်း ကိုယ်ထည်ရှိသော ဝိညာဉ်ဖြစ်ပြီး၊ ယင်းမှာ အလွန် ရှားပါးလှပေ၏။ ယခုတွေ့ရသော လီကွေ့မှာလည်း ထိုအမျိုးအစားထဲတွင် ပါဝင်ပုံရလေသည်။
လော့ယောင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်လေသည်။ လီကွေ့ပေါ်လာသည်နှင့် သူမက လက်ဟန်ပြုလိုက်ရာ၊ သူမ၏ကျောနောက်မှ မည်းနက်သော သရဲလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး လီကွေ့၏ အရိုးကိုယ်ထည်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ အင်အားသုံး ချေမှုန်းပစ်လိုက်လေတော့သည်။
ဂျွတ်… ဂျလွတ်…
အရိုးများ ကျိုးပဲ့သံနှင့်အတူ ထိုလီကွေ့မှာ လက်ဝါးတစ်ချက်တည်းဖြင့် ကြေမွသွားရတော့၏။ ချူလျန် မျက်ခုံးပင့်သွားမိလေသည်။ ထိုလီကွေ့၏အဆင့်မှာ တတိယအဆင့် ကျင့်ကြံသူနှင့် ညီမျှပုံရသည်။ အဓိကအားဖြင့် အမြန်နှုန်း၊ တိုက်ခိုက်ရေးစွမ်းအားနှင့် မာကျောသော ကိုယ်ထည်တို့ကို အားပြုထားခြင်း ဖြစ်လေ၏။
သို့သော် လော့ယောင်၏ရှေ့တွင်မူ ထိုအားသာချက်များမှာ အရာမရောက်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရချေပြီ။ ဤသည်မှာ လီကွေ့က အားနည်းခြင်းကြောင့်မဟုတ်ဘဲ လော့ယောင်က အလွန် စွမ်းအားကြီးလွန်းသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ မိမိကိုယ်တိုင် တိုက်ခိုက်ရမည်ဆိုပါက သေချာပေါက် အားစိုက်ထုတ်ရပေလိမ့်မည်။
"ဟင်..." အရှေ့ဆုံးမှ တောင်ပိုင်းလမ်းပြသူက ခြေလှမ်းရပ်တန့်လိုက်ရာ တစ်ဖွဲ့လုံးမှာလည်း လိုက်၍ ရပ်သွားကြ၏။ တိုက်ပွဲမှာ ခဏချင်းသာ ဖြစ်ပွားခဲ့သော်လည်း လမ်းပြသူ၏ အာရုံစိုက်မှုကို ခံလိုက်ရပြီ ဖြစ်သည်။ သူက နောက်သို့ လှည့်ကြည့်လိုက်၏။ ချူလျန်တို့ သုံးယောက်လုံးမှာ တစ်စုံတစ်ခုကို ရိပ်မိသွားမည်စိုးသဖြင့် စိတ်လှုပ်ရှားသွားကြလေသည်။
ထို့နောက် တောင်ပိုင်းလမ်းပြသူက နောက်သို့ လှည့်လာပြီး အရိုးဖြူမီးတိုင်ကို ကိုင်ကာ အဖွဲ့၏ နောက်ဆုံးသို့ လျှောက်လာ၏။ ထို့နောက် မြေပြင်ပေါ်ရှိ လီကွေ့၏ ကျန်ရှိနေသော အရိုးများကို ကြည့်ကာ လော့ယောင်ကို ချီးကျူးစကား ဆိုလိုက်သည်။
"ကောင်းတယ်…"
ထို့နောက် ထပ်မံညွှန်ကြားလိုက်သည်။ "ဒီလီကွေ့ရဲ့ အရိုးတွေကို သိမ်းထားလိုက်၊ ခဏနေရင် သူတို့ကို အားကိုးပြီး ခရီးဆက်ရမယ်… အကယ်၍ ငရဲမီးတောက်တွေ ကုန်တော့မယ်ဆိုရင် တောင်ပိုင်းက မြေကမ္ဘာတမန်တော်တွေက သူတို့ရဲ့ လက်အောက်ခံ ဝိညာဉ်ချုပ်သူတွေကို ခေါ်ပြီး လီကွေ့တွေကို အလှည့်ကျ သွားအမဲလိုက်ကြ…"
ဤခရီးတစ်လျှောက်တွင် မြူခိုးများကြား၌ လီကွေ့၏အရိုးများမှာ ထင်းများကဲ့သို့ပင် အလွန်အရေးကြီးကြောင်းကို လူတိုင်း နားလည်သွားကြပြီ ဖြစ်၏။
ထို့ပြင် မြူခိုးများထဲသို့ ဝင်ရောက်ကာ လီကွေ့များကို အမဲလိုက်ခြင်းမှာ အလွန်အန္တရာယ်များသော ကိစ္စတစ်ခု ဖြစ်ပေသည်။ သူက မိမိလက်အောက်ခံ မြေကမ္ဘာတမန်တော်များကို အရင်သွားခိုင်းခြင်းမှာ အနောက်တောင်ပိုင်း လမ်းပြသူအား သူ၏စေတနာကို ပြသနေခြင်းပင် ဖြစ်လေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ပုရှန်မှာ အတော်လေး မကျေမနပ်ဖြစ်နေချေသည်။ "စေတနာကို ပြချင်တယ်ဆိုရင်လည်း မင်းကိုယ်တိုင် သွားပါလား၊ လက်အောက်ငယ်သားတွေကို အန္တရာယ်ထဲ သွားခိုင်းတာက ဘယ်အဓိပ္ပာယ်လဲ…"
ချူလျန်က ပြုံးလျက် အသံပို့လွှတ်လိုက်သည်။ "ငါတို့ အဖွဲ့ကနေ ခွဲထွက်ပြီး အလုပ်လုပ်တာလည်း ကောင်းတာပါပဲ… လက်စသတ်ဖို့ အဆင်ပြေသွားတာပေါ့…"
"ငါသိပါတယ်၊ သူ့ကို ဒီတိုင်း စိတ်ထဲကနေ ဆဲချင်လို့…" ပုရှန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
'...'
သကောင့်သားအား စကားပြန်ပြောမိတာကိုက ငါ့အမှား…။
နောက်ထပ် နာရီဝက်ခန့် လျှောက်လာပြီးနောက် မည်မျှဝေးဝေး ရောက်လာပြီမှန်း မသိချိန်တွင် တောင်ပိုင်းလမ်းပြသူက လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ အဖွဲ့ကြီးမှာ ပြန်လည်ရပ်တန့်သွားပြန်သည်။
သူက လူတိုင်းကို စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့ရန် ညွှန်ကြားလိုက်ပြီး အားလုံးမှာ အရိုးဖြူမီးတိုင်၏ အလင်းရောင်အောက်တွင် ဖုံးလွှမ်းသွားကြလေသည်။
ထို့နောက် သူက ဆက်ပြောသည်။ "တောင်ပိုင်းက မြေကမ္ဘာတမန်တော်တွေ၊ ကိုယ့်လက်အောက်ငယ်သားတွေကို ခေါ်ပြီး လီကွေ့တွေကို သွားရောက်အမဲလိုက်ကြ၊ အဖွဲ့သုံးဖွဲ့က အရိုးနှစ်ချောင်းစီကို ယူသွားကြ… ပထမဆုံး အရိုးတစ်ချောင်း လောင်ကျွမ်းပြီးသွားတာနဲ့ ရလဒ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဖွဲ့ဆီ မဖြစ်မနေ ပြန်လာရမယ်…"
လတ်တလောတွင် ကျန်ရစ်သော လီကွေ့၏အရိုးများမှာ များများစားစား မရှိတော့ဘဲ သူ၏လက်ထဲရှိ အနည်းငယ်နှင့် ယခုလေးတင် အဖွဲ့ကြီးကို လာရောက်တိုက်ခိုက်သွားသည့် ဟာများသာ ရှိတော့၏။ ဤမြူခိုးချိုင့်ဝှမ်းထဲတွင် မည်မျှကြာအောင် လျှောက်ရဦးမည်ကို မသိနိုင်သဖြင့် အရိုးဖြူမီးတိုင်များ လောင်ကျွမ်း၍ ကုန်သွားသည့်တိုင်အောင် စောင့်ဆိုင်းပြီးမှ အမဲလိုက်ရန် မဖြစ်နိုင်ပေ။
"ဟုတ်ကဲ့ပါ…"
တောင်ပိုင်းရှိ မြေကမ္ဘာတမန်တော်သုံးဦးသည် အသီးသီး အမိန့်ကို နာခံလိုက်ကြပြီး လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ အဖွဲ့ခွဲ၍ ထွက်ခွာသွားကြလေသည်။ ချူလျန်တို့၏ အဖွဲ့မှာလည်း သဘာဝကျစွာပင် ထိုအထဲတွင် ပါဝင်နေလေသည်။
မြေကမ္ဘာတမန်တော်သည် အရိုးဖြူမီးတိုင်တစ်ချောင်းကို ကိုင်ဆောင်ကာ အရှေ့ဆုံးမှ ဦးဆောင်လမ်းလျှောက်နေပြီး၊ သူ၏နောက်တွင်မူ ထိုသုံးယောက်သားက လိုက်ပါလာကြကာ ဤနေရာမှ အဖွဲ့ကြီးနှင့် အကွာအဝေး၊ မည်သည့်အချိန်တွင် လှုပ်ရှားရမည်ကို တွက်ချက်နေကြချေသည်။
ဤမြေကမ္ဘာတမန်တော်သည် သူတို့ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး ဖယ်ရှားရမည့် ပစ်မှတ်ပင် ဖြစ်၏။ ယခုအချိန်တွင် လှုပ်ရှားခြင်းမှာ အချိန်အခါ၊ နေရာဒေသနှင့် လူအင်အား အရာအားလုံး ကိုက်ညီနေခြင်းပင် ဖြစ်ပေသည်။
သူတို့သုံးဦး အခွင့်အရေးကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေချိန်တွင် အရှေ့ဘက်ရှိ မြေကမ္ဘာတမန်တော်က ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ ကျောပြင်မှာ မှုန်မှိုင်းစွာ ရပ်တန့်သွားလေသည်။
"ဘာဖြစ်လို့လဲ" ပုရှန်က အသံထွက်ကာ မေးလိုက်၏။
အချိန်မှာ အလျင်လိုနေပြီး လီကွေ့များကို အမြန်ဆုံး ရှာဖွေရမည်ဖြစ်ရာ သူ၏ ရုတ်တရက် ရပ်တန့်မှုမှာ အနည်းငယ် ထူးဆန်းနေပေသည်။
မြေကမ္ဘာတမန်တော်က နောက်သို့လှည့်လာသည်ကို တွေ့လိုက်ရပြီး အနက်ရောင်ဝတ်ရုံအောက်ရှိ အကြည့်များက သူတို့သုံးဦး၏ မျက်နှာပေါ်သို့ အေးစက်စွာ ဝေ့ဝဲသွားပုံရလေသည်။ ထို့နောက်မှ သူသည် ခြောက်ခြားဖွယ်လေသံဖြင့် ပြောလိုက်၏။ "ငါတို့အထဲမှာ သူလျှိုတစ်ယောက် ရှိနေတယ်…"
'ဟင်…'
ဤစကားကို ကြားလိုက်ရသောအခါ ချူလျန်မှာ အနည်းငယ် အံ့အားသင့်သွားရချေသည်။
'တစ်ယောက်တည်းလား…'
***