“တော်တော်လေး ခက်ခဲတယ်နော်...”
ချူလျန် ဤသို့ပြောလိုက်သည်ကို ကြားသောအခါ လော့ယောင်နှင့်ပုရှန်တို့၏ ခေါင်းပေါ်တွင် အမည်းရောင်မေးခွန်းသင်္ကေတများ ထွက်ပေါ်လာသကဲ့သို့ နားမလည်နိုင်ဖြစ်သွားကြသည်။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ထိုစကားမှာ အမှားအယွင်းမရှိပေ။ ပဉ္စမအဆင့် မြေကမ္ဘာမိစ္ဆာတမန်တော်မှာ ကျင့်ကြံခြင်းစွမ်းရည်မြင့်မားပြီး နည်းစနစ်မျိုးစုံရှိလေရာ သူတို့သည်လည်း ယခုလေးတင် တိုတောင်းပြီး အန္တရာယ်များသော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရသည် မဟုတ်ပါလော။
သို့သော် ဤစကားသည် ချူလျန်၏ပါးစပ်မှ ထွက်လာသောအခါ အနည်းငယ် မသင့်လျော်သလို ခံစားရစေသည်။ အထူးသဖြင့် သူက မြေကမ္ဘာမိစ္ဆာတမန်တော်ကို ဓားတစ်ချက်တည်းဖြင့် ချက်ချင်း သတ်ဖြတ်လိုက်ပြီးနောက်တွင် ဖြစ်၏။
ပထမဆုံး စတင်သိကျွမ်းခဲ့သည့်အချိန်မှစ၍ လော့ယောင်နှင့် ပုရှန်တို့သည် ချူလျန်အား သူတို့နှင့် အဆင့်အတန်းတူသူအဖြစ် တကယ်တမ်း မသတ်မှတ်ခဲ့ကြ။ လူအများနှင့်ဆက်ဆံရာတွင် မည်မျှပင် ယဉ်ကျေးပျူငှာစေကာမူ ဤကဲ့သို့သော ထူးချွန်သည့်ပါရမီရှင်များ၏ ရင်ထဲတွင် မာနတရားများ ကိန်းအောင်းနေမည်မှာ အသေအချာပင် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ ချူလျန်သည် တတိယအဆင့်၌သာ ရှိသေး၏။ ဤအသက်အရွယ်တွင် ထူးချွန်သည်ဟု ဆိုနိုင်သော်လည်း သူတို့နှင့် မည်သို့မျှ နှိုင်းယှဉ်၍မရနိုင်ပေ။
ထို့ကြောင့် တိုက်ပွဲစတင်ချိန်တွင် သူတို့နှစ်ဦးလုံးသည် ချူလျန်၏ တည်ရှိနေမှုကို မသိစိတ်မှ လျစ်လျူရှုထားခဲ့ကြပြီး၊ ဤရှုတောင်ဂိုဏ်းသားထံမှ အကူအညီကြီးကြီးမားမား ရနိုင်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
သူတို့နှစ်ဦးလုံး အစွမ်းကုန်ကြိုးစားခဲ့သော်လည်း မြေကမ္ဘာမိစ္ဆာတမန်တော် လွတ်မြောက်သွားချိန်တွင် ဤစစ်ဆင်ရေးကျရှုံးတော့မည်ဟု တစ်ခဏမျှ ထင်မှတ်ခဲ့ကြ၏။ ချူလျန်၏ အကူအညီမပေးနိုင်မှုအပေါ် သူတို့ အနည်းငယ်မျှ အပြစ်မတင်ခဲ့ကြ။
အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်အသိအမြင်အဆင့်မျှသာ ဖြစ်ကြောင်း အစကတည်းက သိထားသည်ဖြစ်ရာ သူ့ထံမှ မည်သည့်အရာကို မျှော်လင့်နိုင်ပါမည်နည်း။
ဤသို့သော လျစ်လျူရှုထားမှုက မည်မျှသဘာဝကျလေသနည်းဆိုလျှင် ချူလျန် လက်စွမ်းပြလိုက်ပြီးနောက် သူတို့ခံစားရသော တုန်လှုပ်မှုကလည်း ထိုမျှပင် ပြင်းထန်လွန်းလှပေသည်။
ယခင်က ယွမ်ချောင်ရှန်းနှင့်မူ မတူညီပေ။ ယွမ်ချောင်ရှန်းသည် ချူလျန်က ဓားတစ်သောင်းတံဆိပ်ဖြင့် ကျားဘုရင်ကို ချက်ချင်းသတ်ဖြတ်လိုက်သည်အား မြင်တွေ့ရချိန်၌ သူသည် ချူလျန်ကို ယခင်က မဆုံဖူးခဲ့သဖြင့် ရုတ်တရက်ထွက်ပေါ်လာသော အစွမ်းထက် ပညာရှင်တစ်ဦးအဖြစ်သာ မှတ်ယူခဲ့၏။
သို့သော် ယခုအချိန်တွင်မူ သူတို့၏ရင်ထဲ၌ ချူလျန်မှာ အားနည်းသူတစ်ဦးဟူသော အထင်အမြင်ရှိနေခဲ့ပြီး၊ ထိုအထင်အမြင်ကြီးအား ပြင်းထန်စွာ ရိုက်ချိုးခံလိုက်ရသောအခါ ရိုက်ခတ်မှုက နှစ်ဆပို၍ ကြီးမားသွားလေသည်။
ရလဒ်အနေဖြင့် ကမ္ဘာမြေကိုတုန်လှုပ်စေနိုင်သော ဓားသိုင်းတစ်ခုဖြင့် မြေကမ္ဘာမိစ္ဆာတမန်တော်ကို ချက်ချင်းသတ်ဖြတ်လိုက်ပြီးနောက်တွင် သူက “တော်တော်လေး ခက်ခဲတယ်နော်” ဟူ၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သေး၏။
ဤသည်ကား...
အကယ်၍ မခက်ခဲဘူးဆိုလျှင် မည်သို့နေမည်နည်း…။
နှာချေရုံမျှဖြင့် သူ့ကို လန့်သေသွားစေမည်လော…။
ချူလျန်၏လက်စွမ်းပြမှုနှင့်အတူ ဤပေါ့ပေါ့ပါးပါး ညည်းညူသံလေးကြောင့် စကားအများဆုံးဖြစ်သော ပုရှန်ပင်လျှင် အချိန်အတော်ကြာအထိ စကားတစ်ခွန်းမျှ မဟနိုင်အောင် အံ့ဩသွားခဲ့ရသည်။
သို့သော် ချူလျန်၏ ဤစကားမှာ ရင်တွင်းမှ အမှန်တကယ် ထွက်ပေါ်လာခြင်းဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏မူလအစီအစဉ်တွင် သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန် များစွာ မလိုလားခဲ့သောကြောင့် ဖြစ်၏။ ကြက်သွေးရောင်ကွပ်မျက်သူဓားမှာ တုန်ခါကာ တက်ကြွနေပြီဖြစ်သော်လည်း လူသတ်ခြင်းအတွက် ဆုလာဘ်မရရှိပေ။
မြေကမ္ဘာမိစ္ဆာတမန်တော်သာ သေဆုံးသွားနိုင်သရွေ့ သူသည် လော့ယောင်နှင့် ပုရှန်တို့ကို အကျိုးဆောင်ခွင့် ပေးလိုက်ရန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းစွမ်းရည်နှင့် တန်ခိုးစွမ်းအားများအပြင် သတိမထားမိချိန် အလစ်ဝင်တိုက်သည့် နည်းဗျူဟာများပါ ပေါင်းစပ်လိုက်လျှင် ပဉ္စမအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် အမှန်တကယ် လုံလောက်ပေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤမြေကမ္ဘာမိစ္ဆာတမန်တော်တွင် နည်းစနစ်များစွာရှိနေပြီး လွတ်မြောက်သွားခဲ့ရာ ချူလျန်မှာ မလွှဲမရှောင်သာ ဝင်ရောက်တိုက်ခိုက်ခဲ့ရသည်။
ထို့ကြောင့်သာ သူက တော်တော်လေးခက်ခဲသည်ဟု ထင်မြင်ခဲ့ခြင်း ဖြစ်၏။
သူ ဝင်ရောက်တိုက်ခိုက်ရန် မလိုလားရသည့်အကြောင်းရင်းမှာ ယခင်က အခြားနှစ်ဦးသည် သူ၏ကျင့်ကြံခြင်းအဆင့်ကို အတိအကျ သိရှိထားပြီး ဖြစ်သောကြောင့်ပင်။
ယခုကဲ့သို့ အစွမ်းထက်သောခွန်အားများ ပေါက်ကွဲထွက်လာခြင်းက သူသည် ယခင်က ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခဲ့ခြင်း သို့မဟုတ် အဖိုးတန်ရတနာတစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း သက်သေပြနေလေသည်။
လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့သည် သူတစ်ပါး၏ ရတနာများကို လိုချင်တပ်မက်မည့် သူများနှင့်မတူသော်လည်း အခြားသူများက ရည်ရွယ်ချက်မရှိလျှင်ပင် ချူလျန်အနေဖြင့် သတိမထားဘဲ မနေနိုင်ပေ။
လောကကြီးက အပြောင်းအလဲမြန်လှသည်ဖြစ်ရာ သတင်းအနည်းငယ် ပြန့်နှံ့သွားလျှင်ပင် သူ့အတွက် မလိုအပ်သောအန္တရာယ်များ ယူဆောင်လာနိုင်ပေသည်။
သို့သော် ယခုအခါ မည်သို့ပင်ဖြစ်စေ သူ လက်စွမ်းပြခဲ့ပြီးဖြစ်ရာ ထပ်တွေးနေ၍လည်း အဓိပ္ပာယ်မရှိတော့။ အလောင်းကိုရှာဖွေရန်ကသာ ပို၍အရေးကြီးလေသည်။
သူသည် အရိုးဖြူမီးတိုင်တစ်ခုကို ထွန်းညှိလိုက်ပြီး မြေကမ္ဘာမိစ္ဆာတမန်တော် သေဆုံးသွားသော အရပ်ဆီသို့ ပျံသန်းသွားကာ ဝေဝါးသော မှတ်ဉာဏ်အချို့အပေါ် အခြေခံ၍ ရှာဖွေလိုက်၏။ ဝမ်းနည်းစရာကောင်းသည်မှာ မြူခိုးများထူထပ်နေပြီး မြေကမ္ဘာမိစ္ဆာတမန်တော်မှာလည်း လုံးဝပေါက်ကွဲသွားခဲ့ရာ ပစ္စည်းများ မပျက်စီးဘဲ ကျန်ရစ်ခဲ့လျှင်ပင် မည်သည့်နေရာသို့ လွင့်စဉ်သွားမှန်း မသိနိုင်ပေ။
သူသည် နေရာ၌ပင် လက်မလျှော့ဘဲ အကြိမ်ပေါင်းများစွာ လှည့်ပတ်ရှာဖွေခဲ့သော်လည်း အမည်းရောင် ကျောက်စိမ်းမှတ်တမ်းပြားတစ်ခုကိုသာ ရှာတွေ့ခဲ့ပြီး ၎င်းမှာ အမွေအနှစ်အချို့ကို မှတ်တမ်းတင်ထားပုံရလေသည်။
“ဟူး…”
ချူလျန်က တစ်ဖန် စိတ်ရင်းအမှန်ဖြင့် သက်ပြင်းချလိုက်သည်။
အမှောင်ဘုရင်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့သော ပဉ္စမအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးသည် ရွေ့လျားနိုင်သော ရတနာသိုက်ငယ်လေးတစ်ခု ဖြစ်သည်မှာ သေချာလှ၏။ ပစ္စည်းများ ဤသို့ပျောက်ဆုံးသွားရသည်မှာ အလွန်နှမြောစရာ ကောင်းလှပေသည်။
သူ ထပ်မံရှာဖွေချင်သေးသည့် အချိန်တွင်ပင် သူ၏နောက်ကျောဘက်မှ လေတိုးသံတစ်ခုကို ကြားလိုက်ရ၏။
“သတိထား…”
ပုရှန်၏ သတိပေးသံ ထွက်ပေါ်လာသည်။
ချူလျန်သည်လည်း ဓားကိုကိုင်ကာ လှည့်ကြည့်လိုက်ပြီး ဖြစ်သော်လည်း ယခုတစ်ကြိမ် သူမြှောက်ကိုင်လိုက်သည်မှာ ကြက်သွေးရောင်ကွပ်မျက်သူဓားမဟုတ်ဘဲ ဝူချန်ဓား ဖြစ်နေလေသည်။
သူ၏အနောက်ဘက်တွင် လီကွေ့တစ်ကောင်ရှိနေပြီး ချူလျန်တစ်ယောက် ပြန့်ကျဲနေသောပစ္စည်းများကို ရှာဖွေနေချိန်၌ ရုတ်တရက် ခုန်ထွက်လာကာ ရှက်ဖွယ်ကောင်းသော ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုမျိုး ပြုလုပ်လိုနေခြင်းပင်။
ဝူချန်ဓားကို ဆုပ်ကိုင်ထားလျက် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုလီကွေ့၏ အရိုးဖြူခန္ဓာကိုယ်ကို နောက်သို့လွင့်စဉ်သွားစေပြီး 'ချွင်'ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။
“ဂရား…”
လီကွေ့၏ ခန္ဓာကိုယ်တစ်ဝက်တွင် နက်ရှိုင်းသောဓားရာတစ်ချက် ထင်ဟပ်သွားပြီး အဝေးသို့ခုန်ထွက်သွားကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ချူလျန်သည်လည်း ဤလီကွေ့က ဝူချန်ဓားဖြင့်ပင် ခုတ်ဖြတ်၍ မရနိုင်လောက်အောင် မာကျောနေသည့်အပေါ် အံ့အားသင့်သွားမိ၏။ သေချာသည်မှာ ၎င်းသည် ဝူချန်ဓား၏ ပြဿနာချည်းသက်သက်တော့ မဖြစ်နိုင်ပေ။
သူ၏လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ ချက်ချင်းပင် ရေခဲနှင့်မီးတောက် အဆောင်နှစ်မျိုးပါဓားသိုင်း ထွက်ပေါ်လာပြီး ဘယ်လက်က မန္တန်လက်ကွက်ကို ဖော်ဆောင်ကာ ညာလက်ဖြင့် တွန်းထုတ်လိုက်သည်။ ဝူချန်ဓားသည် လေထဲသို့ ပျံသန်းသွားပြီး ဝုန်းခနဲ မြည်ဟည်းသွား၏။
နောက်ဆုံးတွင် ဓားတစ်ချက်က ထိုလီကွေ့ကို အစအနမကျန် ရိုက်ချိုးပစ်လိုက်တော့သည်။
အရိုးများ တစ်ကိုယ်လုံးမှ ပြုတ်ထွက်ကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေသည်။ ဤဓားချက်၏စွမ်းအားမှာ ထိုမျှလောက် မကြီးမားသောကြောင့်သာ တော်သေး၏။ ဤအရိုးများကို ကောက်ယူရန် အလွန်လွယ်ကူနေဆဲ ဖြစ်သည်။
ဤဖြစ်ရပ်အား နောက်ကွယ်မှ လူနှစ်ဦး မြင်တွေ့လိုက်ရသောအခါ အလွန်ထူးဆန်းသည်ဟု ထပ်မံခံစားလိုက်ရပြန်၏။
အဘယ်ကြောင့်ဆိုသော် ဤဝူချန်ဓား၏ တစ်ချက်တည်းသော တိုက်ခိုက်မှုက အစွမ်းထက်သည်မှာ မှန်သော်လည်း ယခုလေးတင် မြေကမ္ဘာမိစ္ဆာတမန်တော်ကို ချက်ချင်းသတ်ဖြတ်လိုက်သည့် တိုက်ခိုက်မှုနှင့်နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် များစွာအားနည်းနေသောကြောင့် ဖြစ်ပေသည်။
လော့ယောင်က အေးစက်စက်အမူအရာကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သော်လည်း၊ ပုရှန်မှာမူ မအောင့်အည်းနိုင်တော့ဘဲ စပ်စုချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“သူရဲကောင်းလေးချူ... မင်းရဲ့ ဒီဓားချီစွမ်းအားက ဘာလို့ တစ်ခါတလေ မြင့်လိုက်၊ တစ်ခါတလေ နိမ့်လိုက် ဖြစ်နေရတာလဲ...”
“အဟဲ…”
ချူလျန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
“ကျုပ်က မကောင်းမှုကို ရန်သူလိုမုန်းတီးတတ်တဲ့သူပါ… လူဆိုးတွေကို မြင်ရင် ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားကလည်း နည်းနည်းပိုကြီးသွားတာ...”
“ဒီလိုကိုး…”
ပုရှန်က ပြုံးကာ ခေါင်းညိတ်လိုက်၏။
“ကျုပ် နားလည်ပါပြီ...”
သူနားလည်သွားသည်မှာ အမှန်တကယ်တမ်း ချူလျန်၏ ဓားချီစွမ်းအား ပြောင်းလဲသွားရသည့် အကြောင်းရင်းကို မဟုတ်ချေ။
တစ်စုံတစ်ယောက်က သင့်အား သိသာထင်ရှားလှသော လိမ်ဆင်တစ်ခုဖြင့် အကြောင်းပြ ရှောင်လွှဲလာသည့်အခါ ထပ်မံ၍ အသေးစိတ် မမေးမြန်းသင့်တော့ကြောင်းကို နားလည်သွားခြင်းသာ ဖြစ်သည်။
……
မူလနေရာ၌ စောင့်ဆိုင်းနေကြသော အုပ်စုထဲတွင်မူ…။
တောင်ပိုင်းလမ်းပြသူက ၎င်း၏လက်ထဲမှ အရိုးဖြူမီးတိုင်ကို ကြည့်လိုက်၏။ ဒုတိယမြောက်မီးတိုင်မှာ တစ်ဝက်ခန့် လောင်ကျွမ်းနေပြီဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် အမဲလိုက်ထွက်သွားကြသော အဖွဲ့သုံးဖွဲ့လုံး ပြန်ရောက်နေသင့်ချေပြီ။
သို့သော် ယခုအချိန်အထိ နှစ်ဖွဲ့သာ ပြန်ရောက်လာသေး၏။
ထိုသို့ တွေးတောနေစဉ် မြူခိုးများထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ခါးတွင် '၅၈' ဟု ရေးထွင်းထားသော တံဆိပ်ပြားချိတ်ဆွဲထားသည့် ဝိညာဉ်ချုပ်သူတစ်ဦးမှာ ချီစွမ်းအားများ ကုန်ဆုံးနေသည့်အလား ဒယိမ်းဒယိုင်ဖြင့် ပြေးဝင်လာ၏။
"ဘာဖြစ်လာတာလဲ...” တောင်ပိုင်းလမ်းပြသူက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။
"လမ်းပြသူတမန်တော်...” နံပါတ်၅၈က ခေါင်းငုံ့ကာ ပြောလိုက်၏။ "မြေကမ္ဘာမိစ္ဆာတမန်တော်... မြေကမ္ဘာမိစ္ဆာတမန်တော် အသတ်ခံလိုက်ရပါပြီ...”
"ဘာပြောလိုက်တယ်...” တောင်ပိုင်းလမ်းပြသူ မျက်မှောင်ကြုတ်သွားသည်။
"ကျွန်တော်တို့ လီကွေ့တွေကို အမဲလိုက်နေတုန်း မြူခိုးတွေထဲကနေ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ရုတ်တရက် ထွက်လာပါတယ်… အဲဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်မားပြီးတော့ ဓားမန္တန်တစ်ချက်တည်းနဲ့ မြေကမ္ဘာမိစ္ဆာတမန်တော်ကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့တာပါ…
ကျွန်တော်တို့လည်း ထွက်ပြေးရင်းနဲ့ လူစုကွဲသွားခဲ့တယ်… လက်အောက်ငယ်သား ကျွန်တော်က အချိန်အတော်ကြာအောင် လမ်းရှာပြီးမှသာ အခုလို ပြန်လာနိုင်ခဲ့တာပါပဲ...” နံပါတ်၅၈က အသံကျယ်ကျယ်ဖြင့် ရှင်းပြလေသည်။
"မင်းတစ်ယောက်တည်း ပြန်လာခဲ့တာလား...” တောင်ပိုင်းလမ်းပြသူက အသံဩဩဖြင့် မေးလိုက်၏။
"ဟုတ်ပါတယ်...” နံပါတ်၅၈က ပြန်ဖြေသည်။
"မင်း လိမ်နေတာပဲ...” တောင်ပိုင်းလမ်းပြသူက ရုတ်တရက် အော်ဟစ်လိုက်၏။ "ဒီမြူခိုးတွေထဲမှာ ကလဲ့စားဝိညာဉ်တွေ ပြည့်နှက်နေတာ… မင်းတစ်ယောက်တည်း အဖော်ကွဲသွားရင် အရိုးဖြူမီးတိုင် ရှိနေရင်တောင် အနှောင့်အယှက် ခံရမှာပဲ… မင်းတစ်ယောက်တည်း ဘယ်လိုလုပ် ပြန်လာနိုင်မှာလဲ...”
"လက်အောက်ငယ်သားက မလိမ်ရဲပါဘူး...” နံပါတ်၅၈မှာ ကြောက်ကြောက်လန့်လန့်ဖြင့် တုန်ယင်နေကာ ချက်ချင်းပင် ချေပလိုက်သည်။ "မြူခိုးတွေထဲမှာ ကလဲ့စားဝိညာဉ်တွေ အရမ်းများတာ အမှန်ပါပဲ… ဒါပေမဲ့ ကျွန်တော်က ဂိုဏ်းအတွက် အလုပ်အကျွေးပြုချင်တဲ့ စိတ်အားထက်သန်မှုနဲ့ ခိုင်မာတဲ့ဆန္ဒကို အပြည့်အဝ အသုံးချပြီးတော့… ဝိညာဉ်တွေရဲ့ သွေးဆောင်ဖြားယောင်းမှု အားလုံးကို တွန်းလှန်ပြီး အတင်းအကျပ် ဆက်လျှောက်လာခဲ့တာပါ...”
တောင်ပိုင်းလမ်းပြသူမှာ အတွေးနက်သွားလေတော့၏။
အမှန်တကယ်တော့ သူသည် နံပါတ်၅၈ လိမ်ညာနေသည်ဟု တထစ်ချ သတ်မှတ်လိုက်ခြင်း မဟုတ်ဘဲ လှည့်စား စမ်းသပ်ကြည့်လိုက်ခြင်းသာ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ တစ်ဖွဲ့လုံးသေဆုံးသွားပြီး သူတစ်ယောက်တည်း အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာ အလွန်ပင် မသင်္ကာစရာကောင်းနေသည်။ အကယ်၍ သူသာ အပြစ်တစ်ခုခု လုပ်ထားခဲ့မည်ဆိုလျှင် ယခုလို ခြောက်လှန့်လိုက်ခြင်းက သဲလွန်စတစ်ခုခုကို ပေါ်ထွက်လာစေနိုင်မည် မဟုတ်ပါလော။
သို့သော် နံပါတ်၅၈က အသံကျယ်ကျယ်ဖြင့် ချက်ချင်း ပြန်လည်ခြေပလိုက်ခြင်းကြောင့် တောင်ပိုင်းလမ်းပြသူ၏ သံသယကို အနည်းငယ် လျော့ကျသွားစေခဲ့၏။
အမှန်စင်စစ် ဤနေရာမှာ မြူခိုးချိုင့်ဝှမ်း၏ အစပိုင်းသာဖြစ်သောကြောင့် ကလဲ့စားဝိညာဉ်များ၏ စွမ်းအားမှာ သိပ်မကြီးမားလှဘဲ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အသက်ရှင်လျက် ပြန်လာနိုင်ချေရှိသည်ကို ၎င်း၏စိတ်ထဲတွင် သိထားပြီးသား ဖြစ်သည်။
သူ စဉ်းစားခန်းဝင်နေစဉ်မှာပင် မြူခိုးများထဲမှ အခြားလူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ဤတစ်ကြိမ်တွင် ပြန်ရောက်လာသူမှာ နံပါတ်၆၀ ဖြစ်လေသည်။
"လမ်းပြသူတမန်တော်ကြီး...” နံပါတ်၆၀က နံပါတ်၅၈ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလေ၏။ "မြူခိုးတွေထဲမှာ လူတစ်ယောက်က မြေကမ္ဘာမိစ္ဆာတမန်တော်ကို ချုံခိုတိုက်ခိုက်ခဲ့ပါတယ်… ကျွန်တော်လည်း အဖွဲ့သားတွေနဲ့ လူစုကွဲသွားပြီး အခုမှပဲ မနည်းလမ်းရှာပြီး ပြန်ရောက်လာတာပါ...”
"ဟင်...” တောင်ပိုင်းလမ်းပြသူက နံပါတ်၆၀အား စိုက်ကြည့်လိုက်၏။ "မင်းက မြေကမ္ဘာမိစ္ဆာတမန်တော် သေဆုံးသွားတာကို မြင်ခဲ့တာလား...”
"ဟုတ်ပါတယ်... ကျွန်တော်က ပြေးတာ နှေးသွားတော့ နောက်ဆုံးမှာ မြေကမ္ဘာမိစ္ဆာတမန်တော် ဓားမန္တန်တစ်ချက်အောက်မှာ သေဆုံးသွားတာကို မြင်လိုက်ရပြီးမှ လှည့်ပြေးခဲ့ရတာပါ...” နံပါတ်၆၀က ပြန်ဖြေသည်။
တောင်ပိုင်းလမ်းပြသူ၏ အကြည့်များက '၅၈' နှင့် '၆၀' တို့ကြားတွင် ကူးချည်သန်းချည် ဖြစ်နေ၏။ ဤလူနှစ်ယောက်၏ စကားများမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သက်သေပြနေသကဲ့သို့ ရှိပေသည်။
သို့တိုင် ကြိုတင်တိုင်ပင်ထားခြင်း ဖြစ်နိုင်သည်ဟူသော အချက်ကိုလည်း ချန်လှပ်ထား၍ မရနိုင်သေး။
ထိုသို့ တွေးတောနေစဉ် မြူခိုးများအပြင်ဘက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြန်သည်။ အော်သံကို အရင်ကြားလိုက်ရပြီးမှ လူရိပ်တစ်ခု ပြေးထွက်လာ၏။ ထိုသူ၏ ကိုယ်ပေါ်တွင်ကား '၅၉' ဟူသော တံဆိပ်ပြားကို ချိတ်ဆွဲထားလေသည်။
"လမ်းပြသူတမန်တော်ကြီး..." နံပါတ်၅၉မှာ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ မှောက်ချလိုက်ပြီး ငိုသံပါကြီးဖြင့် ပြောလိုက်၏။
"ကျွန်တော်တော့ လူကြီးမင်းတို့ကို ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေခဲ့တာ… ခုနလေးတင် အမည်းရောင်ဝတ်စုံနဲ့ လူတစ်ယောက်က ရုတ်တရက် ထွက်လာပြီး မြေကမ္ဘာမိစ္ဆာတမန်တော်ကို သတ်ပစ်လိုက်တယ်… ကျွန်တော်တို့လည်း တကွဲတပြား ထွက်ပြေးခဲ့ရတယ်… အပြန်လမ်းတစ်လျှောက် မြူခိုးတွေထဲမှာ ကလဲ့စားဝိညာဉ်တွေနဲ့ လီကွေ့အုပ်စုတွေက အများကြီးပဲ… ဒီခရီးစဉ်က တကယ်ကို ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ...”
နောက်တစ်ယောက် ထပ်လာပြန်ပြီ…။
တောင်ပိုင်းလမ်းပြသူက သူတို့သုံးဦးအား ကြည့်လိုက်ပြီးနောက် စိတ်ထဲမှ သံသယများ လုံးဝ ပြယ်ပျောက်သွားလေတော့၏။
လူတစ်ယောက်တည်း လိမ်ညာခြင်း၊ နှစ်ယောက်ပေါင်း လိမ်ညာခြင်းဆိုလျှင် ဖြစ်နိုင်သော်လည်း လူသုံးယောက်လုံး ပေါင်း၍ လိမ်ညာနေမည်မှာ မဖြစ်နိုင်လောက်ချေ။
ကြည့်ရသည်မှာ မြူခိုးများထဲတွင် တစ်စုံတစ်ယောက်က မြေကမ္ဘာမိစ္ဆာတမန်တော်ကို ချုံခိုလုပ်ကြံသွားခြင်း ဖြစ်ဖို့များသည်။ ထိုသူက မည်သူမည်ဝါဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်ကိုသာ မသိနိုင်ရခြင်း ဖြစ်၏။
သူ၏ မျက်မှောင်ကြုတ်ထားမှုမှာ အချိန်အတော်ကြာသည်အထိ ပြေလျော့မသွားခဲ့ပေ။
သို့သော်လည်း ခရီးစဉ်ကို ဆက်လက်သွားရဦးမည်ဖြစ်ရာ အချိန်အတော်ကြာပြီးနောက် တောင်ပိုင်းလမ်းပြသူက အမိန့်ပေးလိုက်၏။ "မင်းတို့သုံးယောက် အဖွဲ့ထဲ အရင်ပြန်ဝင်ကြ… ငါတို့ ခရီးဆက်ရမယ်… နောက်ပိုင်း အမဲလိုက်ထွက်တဲ့အခါကျရင် မင်းတို့က တခြား မြေကမ္ဘာမိစ္ဆာတမန်တော်အဖွဲ့တွေနောက်ကို လိုက်သွားကြချေ...”
ထိုအခါ 'ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့ပြီး'၊ 'ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော' ဝိညာဉ်ချုပ်သူသုံးဦးမှာ အဖွဲ့၏ အနောက်ဘက်အဆုံးသို့ ပြန်လည်ဝင်ရောက်သွားကြလေ၏။
လော့ယောင်နှင့် ပုရှန်တို့က ချူလျန်အား ချီးကျူးလေးစားမှု အရိပ်အယောင်များ ယှက်သန်းနေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် ချူလျန်က သူတို့အား တားဆီးကာ ပြောခဲ့သောကြောင့် ဖြစ်သည်။
သူတို့သုံးယောက်လုံး အတူတကွ ပြန်သွားပြီး အဖွဲ့ထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သော မြေကမ္ဘာမိစ္ဆာတမန်တော် တစ်ဦးတည်းသာ သေဆုံးသွားကြောင်း ပြောမည်ဆိုပါက သံသယဝင်ခံရနိုင်ခြေများပြီး နောက်ပိုင်းကိစ္စများ ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ဖြစ်လာနိုင်ကြောင်း သူက ထောက်ပြခဲ့၏။
ထို့ကြောင့် တစ်ယောက်စီ ခွဲ၍ ပြန်သွားခြင်းက ပိုကောင်းပေလိမ့်မည်။
ထိုသို့ပြုလုပ်ခြင်းက သက်သေထွက်ဆိုချက်တစ်ခုတည်းကို သုံးပိုင်းခွဲလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။ လူသုံးဦး၏ စကားများက တစ်ဦးနှင့်တစ်ဦး အကြိမ်ကြိမ် အပြန်အလှန် သက်သေပြနိုင်မည်ဖြစ်ရာ အခြားသူများ၏ ယုံကြည်မှုကို ရရှိရန် ပိုမိုလွယ်ကူသွားပေမည်။
ဤသို့ အပြန်အလှန် သက်သေပြနိုင်သော အစီအစဉ်က တောင်ပိုင်းလမ်းပြသူ၏ သံသယများကို အမှန်တကယ်ပင် ပျောက်ကွယ်သွားစေခဲ့ပြီး နောက်ဆက်တွဲလှုပ်ရှားမှုများတွင် ဆက်လက် ပါဝင်ခွင့်ရရှိစေခဲ့သည်။
အချင်းချင်း အပြန်အလှန် အပြစ်ကင်းကြောင်း သက်သေပြလိုက်ခြင်းပင်။
ထို့အပြင် ချီစွမ်းအားများ ကုန်ခန်းကာ တစ်ကိုယ်လုံး အားနည်းချည့်နဲ့နေသော သူ၏ပုံစံမှာလည်း လုံးဝ ဟန်ဆောင်ထားခြင်းမဟုတ်ဘဲ မြူခိုးထူထပ်သော နေရာမှ တစ်ယောက်တည်း စွန့်စားပြီး အမှန်တကယ် ပြန်လာခဲ့ရခြင်းကြောင့်သာ ဖြစ်ပေသည်။
***