ချူလျန်တစ်ယောက်တည်း မြူခိုးများကို ဖြတ်သန်းသွားရသည့် လုပ်ငန်းစဉ်မှာ တကယ်ကို အန္တရာယ်များလှသည်။
ရွှေအမြုတေအဆင့်ရှိကြသော လော့ယောင်နှင့် ပုရှန်တို့အတွက်မူ ဤခရီးစဉ်က အနည်းငယ်မျှသာ ခက်ခဲမည်ဖြစ်၏။ သို့သော် ချူလျန်မှာမူ ဝိညာဉ်အသိအမြင်အဆင့်သာ ရှိသေးသဖြင့် သူ၏ဝိညာဉ်စွမ်းအားမှာ ထိုနှစ်ယောက်နှင့်ယှဉ်လျှင် အလွန်အားနည်းနေသေးသည်။
သူက အရိုးဖြူမီးတုတ်ကို ကိုင်ဆောင်ကာ မြူခိုးများထဲတွင် ဖြတ်သန်းသွားစဉ် သူ၏ခန္ဓာကိုယ်ပေါ်ရှိ စိုစွတ်မှုများက ပိုမိုလေးလံလာသည်ဟု ခံစားလိုက်ရပြီး ပခုံးပင် မ,မနိုင်လောက်အောင် ဖိစီးလာရသည်။
ထို့အပြင် ပတ်ဝန်းကျင်မှလည်း ညို့ငင်မှုအပြည့်ပါသော ခေါ်သံများ ထွက်ပေါ်လာနေ၏။ "လာခဲ့... လာခဲ့ပါ…"
ပတ်ဝန်းကျင်တွင် ပုံရိပ်ယောင်များ ပိုမိုပေါ်ပေါက်လာသည်။ သူ၏တစ်ဖက်တစ်ချက်စီတွင် ရွှေတောင်ငွေတောင်များ ပုံနေသည်ကို မြင်လိုက်ရသလို တောင်ကုန်းပေါ်တွင် အင်မော်တယ်ဆေးပင်များ ပွင့်လန်းနေသည်ကို မြင်လိုက်ရ၏။ ထို့အပြင် ဂိုဏ်းတူအစ်မကျန်းက ဘေးမှနေ၍ လက်ယပ်ခေါ်နေသည်ကိုပင် မြင်နေရသည်။
"မဖြစ်တော့ဘူး" သူက လျှာဖျားကို ခပ်နာနာလေးကိုက်လိုက်ပြီး ဝိညာဉ်အာရုံကို နိုးကြားလာစေရန် လှုံ့ဆော်လိုက်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက လီကွေ့များ ဝင်ရောက်တိုက်ခိုက်စရာပင်မလိုဘဲ သူ၏ဝိညာဉ်မှာ ဤသရဲတစ္ဆေများ၏ ဖမ်းစားမှုကိုခံရကာ ဤနေရာတွင် ထာဝရကျန်ရစ်နေခဲ့ရပေမည်။
ခဏမျှ စဉ်းစားပြီးနောက် သူသည် သစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းကို ထုတ်ယူလိုက်ကာ ရတနာသစ်ရွက်မီးအိမ်ပုံစံအဖြစ်သို့ ပြောင်းလဲလိုက်၏။
ဝှီး…
အလယ်ဗဟိုရှိ ရတနာပုလဲလုံးပေါ်မှ နတ်ဘုရားမီးတောက်တစ်ခု လင်းလက်လာပြီး ချက်ချင်းပင် ချူလျန်၏ ပတ်ဝန်းကျင်မှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာ၏။
"အား... အား... အား..."
တကယ်ပင် မျက်စိဖြင့်မမြင်နိုင်သော ဝိညာဉ်ပေါင်းများစွာက မြူခိုးများထဲတွင် ပုန်းကွယ်နေပြီး သူ၏ဝိညာဉ်ကို ထုတ်ယူကာ ခန္ဓာကိုယ်ကို ဝင်ပူးရန် ကြံစည်နေခဲ့ကြသည်ကို ချူလျန် သိလိုက်ရသဖြင့် တိတ်တဆိတ် တုန်လှုပ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် ဤနတ်ဘုရားမီးတောက်မှာ မရဏကမ္ဘာမှ သရဲတစ္ဆေများကို နှိမ်နင်းနိုင်သော အစွမ်းရှိနေသောကြောင့်သာ ဤဝိညာဉ်များကို အဝေးသို့ ဆုတ်ခွာသွားစေနိုင်ခြင်းဖြစ်၏။
ကြာနီရတနာပုလဲ၏ နတ်ဘုရားမီးတောက်မှာ မြူခိုးများကို ဖယ်ရှားရာတွင် ထိရောက်မှု များစွာမရှိဘဲ ချူလျန်၏ ပတ်လည်နှစ်ပေခန့်ကိုသာ လင်းထိန်စေနိုင်သော်လည်း ဝိညာဉ်များကို ဖယ်ရှားရာတွင်မူ အလွန်သိသာထင်ရှားပေသည်။
ချူလျန်က စဉ်းစားလိုက်ပြီး လက်တစ်ဖက်တွင် ရတနာသစ်ရွက်မီးအိမ်ကို ကိုင်ထားကာ အခြားလက်တစ်ဖက်တွင် အရိုးဖြူမီးတုတ်ကို ကိုင်ဆောင်ရင်း တောက်ပလင်းထိန်ကာ တည်ငြိမ်လုံခြုံစွာဖြင့် ရှေ့သို့ ဆက်လျှောက်သွားသည်။
မိစ္ဆာအပေါင်းမှာ ဖယ်ရှားခံရလေပြီ…။
"ဝေါင်း…"
မဝေးလှသော နေရာသို့ ရောက်သောအခါ ဘေးဘက်မှ လီကွေ့တစ်ကောင်က ရုတ်တရက် ခုန်အုပ်လာသည်။ ၎င်းက ချူလျန်၏ လက်နှစ်ဖက်စလုံး မအားမလပ်ဖြစ်နေသဖြင့် ကာကွယ်ရန် လက်မအားသည်ကို အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်ပုံရ၏။
သို့သော် ချူလျန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ကနဲဖြစ်သွားပြီး သူ၏ညာဘက်လက်မှ နတ်ဘုရားမီးတောက်မှာ ချက်ချင်းပင် ရှည်ထွက်လာကာ သိပ်သည်းလှသော နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ရွှီး…
နတ်ဘုရားအလင်းတန်းသည် ဓားတစ်လက်အဖြစ် စုစည်းသွားပြီး တစ်ချက်တည်းဖြင့်ပင် လီကွေ့၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားကာ အလွန်မာကျောလှသော ထိုလီကွေ့ကို ခါးလယ်မှ ပိုင်းဖြတ်ပစ်လိုက်လေ၏။
ကျိုးပဲ့သွားသော အရိုးများက မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားပြီး ချူလျန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
'သရဲသတ်ချင်ရင်တော့ နတ်ဘုရားအလင်း သရဲသတ်ဓားက အကောင်းဆုံးပဲ' ဟု တွေးလိုက်မိသည်။
သို့သော် ဤလီကွေ့၏ အနောက်တွင် တခြားသရဲအရိပ် လေးငါးခုက ရုတ်တရက် ပေါ်ထွက်လာလေသည်။ ၎င်းမှာ သေးငယ်သော လီကွေ့အုပ်စုတစ်စု ဖြစ်နေပေသည်။
ချူလျန်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း မြူခိုးများထဲတွင် လှုပ်ရှားရခက်ခဲနေသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လီကွေ့များ၏ ဝိုင်းရံထားမှုထဲသို့ ကျရောက်သွားရသည်။ လီကွေ့လေးကောင်က သူ့ကို ဝိုင်းရံထားပြီး ချက်ချင်းပင် အထက်သို့ မြင့်မားစွာ ခုန်တက်လာသည်ကို သူ မြင်လိုက်ရသည်။
လျှပ်စီးကဲ့သို့ လျင်မြန်လှသော လှုပ်ရှားမှုဖြင့် ချူလျန်ကို အပိုင်းပိုင်းဖြတ်ကာ စားသောက်ရန် ပြင်လိုက်ကြလေ၏။
“ဟိုင်းယား…"
ကြည်လင်ပြတ်သားသော အော်သံတစ်သံနှင့်အတူ ချူလျန်က နတ်ဘုရားအလင်း သရဲသတ်ဓားကို ချက်ချင်း ချာချာလည်ဝှေ့ယမ်းလိုက်ကာ ရေတစ်စက်ပင် မဝင်နိုင်လောက်အောင် စိပ်နေသော နတ်ဘုရားအလင်း အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
ရွှီး... ရွှီး... ရွှီး...
လီကွေ့လေးကောင်ခမျာ အနီးသို့ပင် မကပ်နိုင်ခင်မှာပင် ဤအသက်နုတ်မီးလုံးကြီး၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားသော အရိုးပုံများအဖြစ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ဟူး..." ချူလျန်တစ်ယောက် ထိုအခါမှသာ သက်ပြင်းတစ်ချက်ချလိုက်နိုင်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
'ဂိုဏ်းတူညီလေးဝမ်... တောင်းပန်ပါတယ်'
ဤကဲ့သို့ လမ်းတစ်လျှောက်လုံး လာခဲ့ရသဖြင့် အဖွဲ့ကြီးဆီသို့ ပြန်ရောက်လာချိန်တွင် ထိုမျှလောက် အားနည်းနေသည့် ပုံစံမျိုး ဖြစ်နေခြင်းမှာ လမ်းပြသူကို ပြီးပြည့်စုံစွာ လှည့်စားနိုင်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ ပြန်ရောက်လာသောအခါ သူ့အား ချီးကျူးစကားဆိုရာတွင် သူ၏ထက်မြက်သော ဉာဏ်ရည်ကို ချီးကျူးရုံသာမက လမ်းပြသူ၏ သံသယများကိုပါ ပျောက်ကွယ်သွားစေခဲ့သည်။ နောက်တစ်ချက်မှာ ထိုနှစ်ယောက်သည်လည်း ထူထပ်လှသော မြူခိုးများကို တစ်ကိုယ်တော် ဖြတ်ကျော်ရခြင်း၏ အခက်အခဲကို ကိုယ်တိုင်ခံစားခဲ့ရသောကြောင့် ဖြစ်သည်။
ဤအချက်က သူတို့၏ စိတ်ထဲတွင်ရှိသော ချူလျန်အပေါ် အထင်အမြင်ကို ပိုမိုခိုင်မာစေခဲ့၏။ ဤရှုတောင်ဂိုဏ်းသားကို သာမန် ဝိညာဉ်အသိအမြင်အဆင့် တစ်ယောက်အဖြစ် လုံးဝ သဘောထား၍မရနိုင်ပေ။
......
အဖွဲ့၏ နောက်ဘက်တွင်မူ အရာအားလုံး တည်ငြိမ်သွားခဲ့လေပြီ။
ချူလျန်သည် ဝိညာဉ်အာရုံကို ထုတ်လွတ်လိုက်ကာ မြေကမ္ဘာတမန်တော်၏ ခန္ဓာကိုယ်မှ ကျလာသော ကျောက်စိမ်းပေလွှာကို စစ်ဆေးကြည့်လိုက်၏။ အတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်သောအခါ လေထဲတွင် တွဲလောင်းကျနေသော စာလုံးတန်းများကို မြင်လိုက်ရသည်။
၎င်းမှာ ကျင့်စဉ်တစ်ခုဖြစ်ပြီး ၎င်း၏အမည်မှာ "နတ်ဘုရားသတ်ဖြတ်ခြင်း သွေးသန့်စင်မဟာပညာရပ်" ဖြစ်လေ၏။
ယခင်က ထိုမြေကမ္ဘာတမန်တော်သည် မှော်အတတ်များ ပိတ်ပင်ခံထားရချိန်တွင်ပင် သူ၏ကိုယ်ပိုင်သွေး ပေါက်ကွဲထွက်လာမှုအပေါ် မှီခို၍ တိုက်ခိုက်မှုတစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ပြန်လည်တိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက်လုနီးပါး ဖြစ်ခဲ့ခြင်းမှာလည်း သူ၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် သွေးများကြောင့်ပင် ဖြစ်လေသည်။
ဓာတ်ကြီးငါးပါးနယ်ပယ်သို့ အဆင့်တက်လှမ်းချိန်တွင် ပြုလုပ်ရသော အရိုးနှင့် သွေးများကို သန့်စင်ခြင်းဖြစ်မည်ဟု ချူလျန် ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ သာမန်ကျင့်ကြံခြင်းဖြင့် ရရှိနိုင်သော အစွမ်းမျိုး လုံးဝမဟုတ်ပေ။
သူ၌ သီးသန့်သွေးသန့်စင်ခြင်း ကျင့်စဉ်တစ်ခု ရှိနေခြင်းသာ ဖြစ်ပေ၏။
ချူလျန်က ချက်ချင်းပင် ဂရုတစိုက် လေ့လာဖတ်ရှုလိုက်ရာ ဤနတ်ဘုရားသတ်ဖြတ်ခြင်း သွေးသန့်စင်မဟာပညာရပ်မှာ မိစ္ဆာသားရဲများ အသတ်ခံရချိန်တွင် ထွက်ပေါ်လာသော ဝိညာဉ်သွေးစက်လေးများကို စုပ်ယူပြီး ၎င်းမှတစ်ဆင့် ဝိညာဉ်စွမ်းအင်များကို ရယူကာ မိမိ၏ကိုယ်ပိုင်သွေးကို သန့်စင်ရခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
လူ့ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ပေါင်းများစွာမှာ ကျင့်ကြံနိုင်သော နေရာများဖြစ်၏။ အတွင်းပိုင်းတွင်မူ အနှစ်သာရ၊ ချီစွမ်းအင်၊ ဝိညာဉ် အစရှိသည်တို့မှာ ကျင့်ကြံသူများ အများဆုံး ကျင့်ကြံလေ့ရှိသောအရာများဖြစ်ပြီး အဆင့်အားလုံးသည် ၎င်းတို့မှတစ်ဆင့် ရရှိလာခြင်းဖြစ်၏။ အပြင်ဘက်တွင်မူ အရိုး၊ အသား၊ အရေခွံ အစရှိသည်တို့ဖြစ်ကာ ၎င်းတို့မှာ သိုင်းပညာရှင်များ သို့မဟုတ် ခန္ဓာကိုယ်ကျင့်ကြံသူများက အဓိကထား ကျင့်ကြံလေ့ရှိသောအရာများ ဖြစ်သည်။
သို့သော် သွေးများမှာ သွေးကြောများအတွင်း စီးဆင်းနေပြီး အတွင်းအပြင် ကျင့်ကြံမှုအားလုံးနှင့် သက်ဆိုင်နေသော်လည်း သွေးများကို သီးသန့် ဝိညာဉ်စွမ်းအင်များ ဖြည့်ဆည်းပေးသည့် ကျင့်ကြံသူများ အလွန်ရှားပါးလှသည်။
ဤကျင့်စဉ်ကို တီထွင်သူက ဤအချက်ကို စဉ်းစားမိသောကြောင့်သာ ဤကျင့်စဉ်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပေမည်။
ကျင့်စဉ်တွင် အဆင့်ကိုးဆင့်ပါဝင်ပြီး အဆင့်ကိုးဆင့်ရှိသော မိစ္ဆာသားရဲများ၏ ဝိညာဉ်သွေးနှင့် ကိုက်ညီလေသည်။ အစောဆုံး ပထမအဆင့်အတွက် သာမန်ကျင့်ကြံမှုအဆင့်ရှိသော မိစ္ဆာသားရဲ၏ သွေးစက်လေးသာ လိုအပ်သည်။
နောက်ပိုင်းတွင် လိုအပ်ချက်များ တဖြည်းဖြည်း မြင့်မားလာပြီး သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်သို့ ရောက်သောအခါ နတ်သားရဲအဆင့်ရှိသော သွေးများ လိုအပ်လာလေသည်။ နောက်ဆုံး နဝမအဆင့်အတွက်မူ နဝမအဆင့်ဖြစ်သော နက်နဲအဆင့်သို့ ရောက်ရှိနေသည့် နတ်ဘုရားသားရဲထံမှ စုပ်ယူရန် လိုအပ်ပေသည်။
'တကယ်ကို အိပ်မက်ထဲက အဆင့်တစ်ခုပဲ...' ဟု ချူလျန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။
ထိုမြေကမ္ဘာတမန်တော်မှာ ဤကျင့်စဉ်၏ ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့်အထိသာ အများဆုံး ကျင့်ကြံနိုင်မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့်ရှိသော နတ်သားရဲကို သတ်ဖြတ်နိုင်ရန်မှာ သူ့အတွက် ဖြစ်နိုင်ခြေမရှိသလောက် ဖြစ်သောကြောင့်ပင်။
သူအသုံးပြုခဲ့သော အစွမ်းအစများကို ပြန်တွေးကြည့်ပြီးနောက် ဤကျင့်စဉ်မှာ လုံးဝကို ကျင့်ကြံသင့်သော ကျင့်စဉ်တစ်ခုဖြစ်ကြောင်း ချူလျန် ခံစားလိုက်ရသည်။
လောလောဆယ် ကျင့်ကြံ၍မရနိုင်သေးသော "နတ်ဘုရားသတ်ဖြတ်ခြင်း သွေးသန့်စင်မဟာပညာရပ်"ကို သိမ်းဆည်းလိုက်ပြီးနောက် ချူလျန်သည် ဝိညာဉ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကာ စေတီတော်ဖြူအတွင်းသို့ ဝင်ရောက်သွားလေ၏။
စောစောက လီကွေ့ အကောင်အနည်းငယ်ကို သတ်ဖြတ်ခဲ့သော်လည်း ဆုလာဘ်များကို မဖွင့်ရသေးပေ။ ယခုအချိန်တွင် တည်ငြိမ်နေခိုက် ဘာတွေရမည်ကို အရင်ဆုံး ကြည့်လိုက်ခြင်းက ပိုကောင်းပေမည်။
စေတီတော်ဖြူအတွင်းသို့ ဝင်လိုက်သည်နှင့် လီကွေ့များ၏ ရုပ်ဆိုးလှသော ပုံရိပ်ယောင်များက သံလှောင်အိမ်ထဲတွင် လွင့်မျောနေသည်ကို မြင်လိုက်ရ၏။ ချူလျန်က ရှေ့သို့တိုးသွားပြီး တွေဝေခြင်းမရှိ 'သန့်စင်မည်' ဟူသော စာလုံးကို နှိပ်လိုက်တော့သည်။
ဝုန်း…
လုံးဝန်းနေသော အဖြူရောင်အလင်းတန်းတစ်ခုက ထိုအထဲမှ လွင့်မျောထွက်လာပြန်၏။ ဤရင်းနှီးနေသော ပုံစံကြောင့် သူ၏ရင်ထဲတွင် လှုပ်ရှားသွားရလေသည်။
'ဆေးလုံး ထပ်ရတာလား' ဟု တွေးလိုက်၏။
ပြီးခဲ့သည့်အကြိမ်က စေတီတော်ဖြူမှ ရရှိခဲ့သော ကျားအမြုတေအားဖြည့်ဆေးလုံးသည် သူ့အတွက် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားရစ်ခဲ့ပြီး ယနေ့တိုင် ကျားဆယ်ကောင်အားမှာ သူ၏ခန္ဓာကိုယ်ထဲတွင် တည်ရှိနေဆဲဖြစ်၏။ ဤလီကွေ့များထံမှ ရရှိသောဆေးလုံးတွင် မည်သို့သော အံ့ဖွယ်အသုံးဝင်မှုများ ရှိမည်ကို မသိရပေ။
[သရဲအရိုး တစ်လက်မရွှေဆေးလုံး - ဤဆေးလုံးကို သောက်သုံးပါက ခန္ဓာကိုယ်၏ မည်သည့်အရိုး တစ်လက်မကိုမဆို ရွေးချယ်၍ အစွမ်းများ ထပ်တိုးပေးနိုင်ပြီး ထပ်တိုးပြီးနောက်တွင် ရွှေနှင့်ကျောက်ကဲ့သို့ မာကျောလာမည်ဖြစ်၏။ ]
"ဟင်"
ဤအရာ၏ အစွမ်းကြောင့် ချူလျန် တစ်ချက်မျှ တွေးတောသွားရလေ၏။
မည်သည့် တစ်လက်မကိုမဆို ရွေးချယ်ပြီး ရွှေနှင့်ကျောက်ကဲ့သို့ မာကျောလာစေမည်လော...။
နှမြောစရာကောင်းသည်မှာ အရိုးပေါ်တွင်သာ ရွေးချယ်၍ ရနိုင်ခြင်းပင်။
ချူလျန် အသည်းအသန် မာကျောစေလိုသော အစိတ်အပိုင်းတွင် တိုက်ဆိုင်စွာဖြင့် အရိုးများ မရှိချေ။
မှန်ပေ၏။
၎င်းတို့မှာ ကလီစာများပင် ဖြစ်သည်။
အစောပိုင်းက ပြောခဲ့သည့်အတိုင်း ကျင့်ကြံသူများက အတွင်းပိုင်း၌ အနှစ်သာရ၊ ချီစွမ်းအင်၊ ဝိညာဉ်တို့ကို ကျင့်ကြံပြီး အပြင်ပိုင်း၌ အရိုး၊ အသား၊ အရေခွံတို့ကို ကျင့်ကြံကြလေသည်။
ကလီစာများကဲ့သို့သော အစိတ်အပိုင်းများမှာ ကျင့်ကြံရာတွင် အမြဲတမ်း အားနည်းချက်တစ်ခု ဖြစ်နေတတ်၏။
ကလီစာများ၏ ခိုင်ခံ့မှုကို တိုးမြင့်စေရန်အတွက် သီးသန့်ကျင့်ကြံမှုများ ရှိနေလျှင်တောင်မှ ၎င်းမှာ သာမန်လူများနှင့် ယှဉ်လျှင်သာ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ကလီစာများမှာ အသက်အန္တရာယ်ရှိသော အားနည်းချက်တစ်ခု ဖြစ်နေဆဲပင်။
အကယ်၍ ကလီစာများကို ခိုင်မာအောင် ပြုလုပ်နိုင်ပါက ၎င်းသည် မိမိကိုယ်ကို ကြီးမားစွာ အစွမ်းမြှင့်တင်ပေးနိုင်သည်ဟု ဆိုနိုင်ပေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤသရဲအရိုး တစ်လက်မရွှေဆေးလုံးက အရိုးများကိုသာ ခိုင်မာစေရန် အကျိုးသက်ရောက်မှု ရှိခြင်းဖြစ်၏။
သူသည် လီကွေ့ခြောက်ကောင်ကို သတ်ဖြတ်ခဲ့သဖြင့် သရဲအရိုး တစ်လက်မရွှေဆေးလုံး ခြောက်လုံးကို ရရှိနိုင်မည်ဖြစ်သည်။
တစ်လက်မမှာ သုံးစင်တီမီတာခန့် ရှိရာ ချူလျန် တွက်ကြည့်လိုက်သောအခါ ကွက်တိပင် ဖြစ်နေချေသည်။
သူ အစွမ်းထပ်တိုးချင်သော နေရာမှာလည်း ခြောက်လက်မ အတိအကျပင် ဖြစ်သည်။
၎င်းမှာ သူ၏ လက်ချောင်းနှစ်ချောင်းပင် ဖြစ်လေသည်။
အကယ်၍ အရိုးများထဲမှ ရွေးချယ်ရမည်ဆိုပါက သူ၏ ပထမဆုံးရွေးချယ်မှုမှာ သဘာဝကျကျပင် လက်ချောင်းနှစ်ချောင်း၏ အရိုးများဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် လက်ချောင်းများကို အများဆုံး အသုံးပြုရပြီး အလွန်သွက်လက်သဖြင့် ဤနေရာကို အစွမ်းထပ်တိုးခြင်းက အကျိုးအမြတ် အများဆုံးရနိုင်မည် ဖြစ်သောကြောင့်ပင်။
သူက သရဲအရိုး တစ်လက်မရွှေဆေးလုံး တစ်လုံးကို သောက်သုံးလိုက်ရာ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် အပူလှိုင်းတစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရ၏။ သူသည် ဝိညာဉ်အာရုံဖြင့် လမ်းညွှန်ကာ ဤအပူလှိုင်းကို လက်ညှိုးထိပ်ဆီသို့ ပို့ဆောင်လိုက်ပြီး မကြာမီမှာပင် လက်ညှိုး၏ အဆစ်တစ်ခုကို ခိုင်မာအောင် ပြုလုပ်ခြင်း ပြီးစီးသွားလေသည်။
သူ လက်ဆစ်ကို ဆန့်ထုတ်ကြည့်လိုက်ရာ မည်သည့်အပြောင်းအလဲမှ မရှိသကဲ့သို့ ခံစားရသော်လည်း သဲ့သဲ့မျှရှိသော ဝိညာဉ်စွမ်းအင် စီးဆင်းမှုများကို ချူလျန် ခံစားနေရဆဲပင်။
ဆေးလုံး၏ အစွမ်းများ ရောက်ရှိသွားပြီဖြစ်၏။ စေတီတော်ဖြူက သူ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ခဲ့ပေ။
ထို့နောက် သူက ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်ကာ လက်ညှိုးနှင့် လက်ခလယ်ရှိ လက်ဆစ်ခြောက်ခုစလုံးကို ခိုင်မာအောင် ပြုလုပ်လိုက်တော့သည်။
လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီးနောက် ချူလျန်က ပြုံးလိုက်၏။
ယခုအခါတွင် သူသည် အမည်နှင့် အမှန်တကယ် လိုက်ဖက်သော ရွှေလက်ချောင်းများကို ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။
***