"ရန်သူကို သတ်..."
ပျက်စီးနေသော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး အရိုးဖြူလှံရှည်များကို ကိုင်ဆောင်ထားသည့် တစ္ဆေစစ်သည်များသည် ရှေ့မှနေ၍ အုပ်စုလိုက် ပြေးဝင်တိုက်ခိုက်လာကြရာ သူတို့၏ခြေသံများမှာ ညီညာပြီး လေးလံနေ၏။
သာမန် ဝိညာဉ်ချုပ်သူများ၏ မန္တန်များက သူတို့၏သံချပ်ကာများပေါ်သို့ ကျရောက်သွားသည့်တိုင် လှိုင်းဂယက်လေးများသာ ထသွားစေနိုင်ပြီး၊ ရှေ့ဆုံးမှ လမ်းပြသူကိုယ်တိုင် ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်မှသာ ၎င်းတို့ကို အပြီးတိုင် သုတ်သင်နိုင်လေသည်။
ဝုန်း...
အနောက်တောင်လမ်းပြသူက သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းက ကန့်လန့်ဖြတ် တိုက်ခိုက်သွားသောအခါ တစ္ဆေစစ်သည်များ၏ ဝိညာဉ်ခန္ဓာကိုယ်များမှာ ပြာမှုန့်အဖြစ် ပြိုကွဲသွားတော့သည်။
ယခုအချိန်တွင် အဖွဲ့သည် မြူခိုးချိုင့်ဝှမ်း၏ အနက်ပိုင်းထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ပတ်ဝန်းကျင်ရှိ လီကွေ့များနှင့် ဝိညာဉ်များသည် ပို၍ပို၍ အားကောင်းလာကြ၏။ လူတိုင်းက စုရုံးကာ သွားလာနေကြသော်လည်း ဝိညာဉ်များက အုပ်စုလိုက် ရဲတင်းစွာ ဝင်တိုက်လာကြဆဲပင်။
ခရီးစဉ်မှာ ပို၍ပို၍ ခက်ခဲလာချေပြီ။
"ဒီတစ္ဆေစစ်သည်တွေရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ အရင်မင်းဆက်က စစ်သည်တွေနဲ့ တူတယ်..." ပုရှန်၏ အေးအေးဆေးဆေး အသံလွှင့်စကားက နောက်ကျသော်လည်း ရောက်လာခဲ့သေး၏။
"လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အရင်မင်းဆက်ရဲ့ ဝန်ကြီးချုပ်ဟာ အသက်ငယ်ငယ်လေးသာရှိသေးတဲ့ ဧကရာဇ်လေးကို ကာကွယ်ရင်း ကျန်ရစ်တဲ့တပ်ဖွဲ့တွေနဲ့အတူ တောင်ပိုင်းဒေသတောင်တန်းတွေဆီ ထွက်ပြေးခဲ့တယ်လို့ ဒဏ္ဍာရီတွေ ရှိတယ်… ယွီဧကရာဇ်ရဲ့ စစ်တပ်က တောင်တန်းတွေထဲကို အကြိမ်ကြိမ် ဝင်ရောက်ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ရတဲ့အပြင် လူအများအပြားပါ ဆုံးရှုံးခဲ့ရတယ်…
နောက်ပိုင်းမှာတော့ အရင်မင်းဆက်ရဲ့ လက်ကျန်တွေ ပြန်လည်အာဏာသိမ်းမှာကို ကာကွယ်ဖို့အတွက် တောင်ပိုင်းဒေသကို စောင့်ကြပ်ဖို့ စစ်တပ်ကြီးကိုပဲ စေလွှတ်ခဲ့ရတယ်… ဒါပေမဲ့ ဒီနေ့အထိ အဲဒီတပ်ဖွဲ့က တောင်ပိုင်းဒေသ တောင်တန်းတွေထဲကနေ ထွက်လာတာကို မတွေ့ရသေးဘူး..."
ချူလျန်သည် သူ၏ဗဟုသုတ ဖြန့်ဝေမှုကို နားထောင်ရင်း ခေါင်းညိတ်လိုက်၏။ လမ်းတစ်လျှောက်လုံးတွင် ပုရှန်၏ပါးစပ်သည်ကား တစ်ခဏလေးပင် မရပ်နားခဲ့။
'မင်း ဘာတွေ ထပ်ပြောနိုင်ဦးမလဲဆိုတာ ကျုပ် ကြည့်ရသေးတာပေါ့' ဟု ချူလျန် တွေးလိုက်မိသည်။
ထိုတစ္ဆေစစ်သည်များကို သုတ်သင်ပြီးနောက် အနောက်တောင်လမ်းပြသူမှာ စိတ်အေးလက်အေး မဖြစ်သွားဘဲ လက်တစ်ဖက်ကို မြှောက်ကာ လေဟာနယ်ထဲမှ ငါးပေခန့် ရှည်လျားသော ဧရာမ ကျောက်တိုင်ဖြူကြီးတစ်ခုကို ထုတ်ဖော်လိုက်၏။
ကျောက်တိုင်မှာ အကွက်များပေါ်နေပြီး ပျက်စီးနေကာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီကို မသိရသော်လည်း အရှေ့ဘက်တွင် ထွင်းထုထားသော တောက်ပသည့် အနီရောင် ရှေးဟောင်းစာလုံးများမှာ အနည်းငယ်မျှ မှေးမှိန်သွားခြင်း မရှိပေ။ ၎င်းအပေါ်တွင် ရေးသားထားသည်မှာ မည်သူ၏ ဂူဗိမာန်ဖြစ်ကြောင်းကို ရေးတေးတေး ဖော်ပြနေလေသည်။
ထိုကျောက်တိုင်ကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဆူညံနေသော ငိုကြွေးသံများမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး တစ္ဆေအားလုံး နောက်ဆုတ်သွားကြကာ မည်သူမျှ မသောင်းကျန်းရဲကြတော့ချေ။
တစ်ချိန်တည်းမှာပင် ချူလျန်တစ်ယောက် သူ၏အနောက်ရှိ လော့ယောင်ထံမှ ရုတ်တရက် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်ကို သိသိသာသာ ခံစားလိုက်ရ၏။ သို့သော် အနက်ရောင်ဝတ်ရုံက ဖုံးကွယ်ထားသဖြင့် သူမ၏မျက်နှာကို သေချာမမြင်ရဘဲ မည်သည့်ကိစ္စကြောင့်ဖြစ်ကြောင်းကို မသိရပေ။
"ဂူဗိမာန်ထိန်းကျောက်တိုင်လား" ပုရှန်ဘုန်းတော်ကြီးက ထပ်မံ၍ အံ့သြတကြီး ရေရွတ်လိုက်၏။
ယခုတစ်ကြိမ်တွင် ချူလျန်က သိချင်စိတ်ဖြင့် ဦးစွာ မေးလိုက်တော့သည်။ "ဒါက ဘာပစ္စည်းလဲ"
"ချူသူရဲကောင်းလေးက မသိဘူးလား" ပုရှန်ဘုန်းတော်ကြီးက ပြောလိုက်၏။
"လွန်ခဲ့တဲ့နှစ်တွေက မိစ္ဆာနတ်ဘုရားတွေနဲ့ တိုက်ပွဲမှာ လူသားမျိုးနွယ်ကို ကာကွယ်ရင်း ကျဆုံးသွားခဲ့တဲ့ ပြည်နယ်ကိုးခုက ကျင့်ကြံသူအရေအတွက်ဟာ မရေမတွက်နိုင်အောင် များပြားလှတယ်… အဲဒီနောက် လူသားမျိုးနွယ်တွေက ဒီအာဇာနည်တွေရဲ့ ဝိညာဉ်တွေကို မြှုပ်နှံဖို့နဲ့ ဂါရဝပြုဖို့အတွက် ဖေးရှန်းဂူဗိမာန်ကို တည်ဆောက်ခဲ့ကြတယ်လေ….
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမှောင်ဘုရင်ဂိုဏ်းဟာ ဖေးရှန်းဂူဗိမာန်ကို အတင်း ဝင်ရောက်တိုက်ခိုက်ပြီး ဂူဗိမာန်ထိန်းကျောက်တိုင် ဆယ့်ခြောက်တိုင်ထဲက ရှစ်တိုင်ကို တူးဖော်ယူဆောင်သွားခဲ့တယ်… ဒီကိစ္စက မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းနဲ့ တစ်လောကလုံးက ကျင့်ကြံသူတွေအားလုံးရဲ့ ဒေါသကို ဆွပေးခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ ပွက်လောညံသွားခဲ့တယ်…"
ဤကိစ္စကို ချူလျန်လည်း အရင်က ရေးတေးတေး သိခဲ့ဖူးသော်လည်း သိပ်မမှတ်မိတော့ပေ။ ယခု နားထောင်ပြီးမှသာ လော့ယောင်၏ သတ်ဖြတ်လိုသော အရှိန်အဝါက မည်သည့်နေရာမှ လာကြောင်းကို သူနားလည်သွားခဲ့၏။ ၎င်းမှာ အမှန်တကယ်ပင် သေဒဏ်ပေးရုံနှင့်ပင် မလုံလောက်သော ပြစ်မှုကြီးဖြစ်သည်။
ဖေးရှန်းဂူဗိမာန်အတွင်း အိပ်စက်အနားယူနေကြသူများမှာ ပြည်နယ်ကိုးခုမှ လူသားမျိုးနွယ်ကို စောင့်ရှောက်ခဲ့သော အာဇာနည်ဝိညာဉ်များ ဖြစ်ကြ၏။ အကယ်၍ ဤသူရဲကောင်းများ၏ စွန့်လွှတ်အနစ်နာခံမှုများသာ မရှိခဲ့ပါက ယနေ့လူ့လောကသည် လူ့လောကဟု ခေါ်ဆိုနိုင်တော့မည် မဟုတ်ဘဲ နတ်ဆိုးနှင့် မိစ္ဆာများ၏ ကမ္ဘာကြီး ဖြစ်နေလောက်ချေပြီ။
သို့သော် အမှောင်ဘုရင်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် လူသားမျိုးနွယ်၏ကျေးဇူးကို ခံစားရသူများဖြစ်ပါလျက် အာဇာနည်များကို မထီမဲ့မြင်ပြုကြလေရာ လူအများကို မည်သို့ ဒေါသမထွက်စေဘဲ နေနိုင်ပါမည်နည်း။
'သူတို့က ဒီကျောက်တိုင်ကို မှော်ဝင်ပစ္စည်းအနေနဲ့တောင် သုံးနေကြသေးတာလား' ဟု ချူလျန် တွေးလိုက်မိ၏။
အနောက်တောင်လမ်းပြသူက ဂူဗိမာန်ထိန်းကျောက်တိုင်ကို ထုတ်ဖော်ပြီးနောက် ပတ်ဝန်းကျင်တွင် မည်သည့်ဝိညာဉ်၏ နှောင့်ယှက်မှုမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဖြတ်သန်းသွားသောနေရာတိုင်းတွင် ကြီးမြတ်လှသော ဥပဒေသများက လိုက်ပါလာပြီး မိစ္ဆာအပေါင်းကို ဖိနှိပ်ထားသည့်အလား ဖြစ်နေလေသည်။
မြူခိုးများထဲရှိ ဝိညာဉ်များသာမက အနောက်ဘက်ရှိ အမှောင်ဘုရင်ဂိုဏ်းတပည့်များက ထိန်းချုပ်ထားသော ဝိညာဉ်များကို ထုတ်လွှတ်လိုက်ပါက ချက်ချင်းပင် အဆက်မပြတ် ငိုကြွေးမြည်တမ်းကြလေသည်။ ထို့ကြောင့်ပင် သူသည် စောစောစီးစီး ထုတ်မသုံးခဲ့ခြင်း ဖြစ်ရပေမည်။
ချူလျန်က အနောက်တောင်လမ်းပြသူ၏ ကျောပြင်ကိုကြည့်ရင်း အခွင့်အရေးရပါက ဒင်းအား ဓားနှင့် တစ်ချက်လောက်တော့ အသေအချာ ခုတ်ပိုင်းပစ်ရမည်ဟု တွေးလိုက်မိတော့သည်။
...
ပို၍နက်ရှိုင်းသောနေရာသို့ ရောက်လေလေ မြူခိုးများက ပို၍ထူထပ်လာလေလေဖြစ်ပြီး အရိုးဖြူမီးတိုင်များမှာလည်း ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာသည်။
ယခုတစ်ကြိမ် ရပ်နားမှုက ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့၏။
"ငါတို့ မြူခိုးချိုင့်ဝှမ်းရဲ့ အဆုံးကို နီးနေပြီ… ခဏနေရင် လိုရာခရီးကို ရောက်တော့မယ်… နောက်ထပ် တစ်ကြိမ်လောက် အမဲလိုက်လိုက်ရင် အဲဒီကိုရောက်တဲ့အထိ ထောက်ပံ့ပေးဖို့ လုံလောက်လောက်ပြီ…" တောင်ပိုင်းလမ်းပြသူက အဖွဲ့ကို ရပ်တန့်ရန် အချက်ပြပြီးနောက် လူတိုင်းကို ပြောလိုက်သည်။
ယခင်အကြိမ် အမဲလိုက်ခြင်းကို အနောက်တောင်လမ်းပြသူ၏ လက်အောက်ငယ်သားများက ပြုလုပ်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင် တောင်ပိုင်းလမ်းပြသူ၏ လက်အောက်ငယ်သားများ အလှည့်ရောက်လာပြန်သည်။ သို့သော် ယခုအခါ သူ၏လက်အောက်တွင် မြေကမ္ဘာမိစ္ဆာတမန်တော် နှစ်ယောက်သာ ကျန်ရှိတော့သည်။
ကျန်ရှိနေသော ဝိညာဉ်ချုပ်သူ သုံးယောက်တည်း အပြင်ထွက်၍ အမဲလိုက်ခြင်းက အလွန်အန္တရာယ်များမည်မှာ သေချာလှပေသည်။ မြူခိုးချိုင့်ဝှမ်း၏ အနက်ပိုင်းနေရာတွင် ၎င်းမှာ သွားရောက်အသေခံခြင်းဟုပင် ဆိုနိုင်လေသည်။
အနောက်တောင်လမ်းပြသူက အခြေအနေကို ကြည့်ပြီး သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းကာ သူ၏လက်အောက်ရှိ မြေကမ္ဘာမိစ္ဆာတမန်တော်တစ်ယောက်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။ "မင်း… သူတို့သုံးယောက်ကိုခေါ်ပြီး အမဲလိုက်ဖို့ သွားလိုက်"
တောင်ပိုင်းလမ်းပြသူက ပြန်ပြောလိုက်သည်။ "ကျေးဇူးပဲ"
"အေးလေ..." အနောက်တောင်လမ်းပြသူက "ငါတို့က ဒီအဆင့်အထိ ပူးပေါင်းဆောင်ရွက်နေကြပြီဆိုတော့ မင်းရယ်ငါရယ် ခွဲခြားနေစရာ မလိုတော့ပါဘူး…"
ထိုမြေကမ္ဘာမိစ္ဆာတမန်တော်မှာမူ စိတ်ထဲတွင် လုံးဝ မလိုလားချေ။ 'ခင်ဗျားတို့က တစ်ယောက်နဲ့တစ်ယောက် မခွဲခြားဘူးဆိုပြီး ကျုပ်လို အဆင့်နိမ့်တဲ့သူကို အန္တရာယ်ထဲကို ခွဲထုတ်လွှတ်လိုက်တာက ဘယ်လိုသဘောလဲ…' ဟု တွေးလိုက်မိ၏။
သို့သော် သူမည်မျှပင် မလိုလားစေကာမူ အထက်လူကြီးရှေ့တွင် ထုတ်ဖော်ပြသရန် မဖြစ်နိုင်သောကြောင့် ကံဆိုးသော ဝိညာဉ်ချုပ်သူ သုံးယောက်ကို ဦးဆောင်ကာ အပြင်သို့ အမဲလိုက်ရန် နောက်တစ်ကြိမ် ထွက်လာခဲ့ရတော့သည်။
မြူခိုးများထဲသို့ ဝင်ရောက်သွားသည်နှင့် သူက အရိုးဖြူမီးတိုင်ကို ထွန်းညှိလိုက်ပြီး လှည့်ကာ သူတို့ကို ပြောလိုက်၏။ "မင်းတို့ နည်းနည်းပါးပါး ဉာဏ်ပြေးကြ…. စကားနားမထောင်ဘူးဆိုရင်တော့ ငါက မင်းတို့ကို ကာကွယ်ပေးမယ်လို့ မမျှော်လင့်နဲ့…"
"ဟုတ်ကဲ့ ဟုတ်ကဲ့… လက်အောက်ငယ်သားတွေက အရှင်မိစ္ဆာတမန်တော်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်" ပုရှန်ဘုန်းတော်ကြီးက ချက်ချင်း ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ခေါင်းပြန်လှည့်ကာ ခပ်တိုးတိုး အသံလွှင့်၍ မေးလိုက်၏။ "ဘယ်တော့ စလုပ်ကြမလဲ"
"အရင်ဆုံး အလောတကြီး မလုပ်နဲ့ဦး…" ချူလျန်က စဉ်းစားရင်း ပြောလိုက်၏။ "ငါတို့ အပြင်ထွက်လာတိုင်း မြေကမ္ဘာမိစ္ဆာတမန်တော်တွေ သေနေရင် သံသယဖြစ်ခံရမှာ စိုးရတယ်"
"ဒါလည်း ဟုတ်တာပဲ… ဘာပဲဖြစ်ဖြစ် လိုရာခရီးကိုရောက်ပြီး သူတို့ရဲ့ ဒီခရီးစဉ်ရည်ရွယ်ချက်ကို တွေ့တာနဲ့ ငါ့ချိုင့်ဝှမ်းက အကြီးအကဲတွေ ရောက်လာလိမ့်မယ်…" လော့ယောင်က ပြောလိုက်သည်။
"အဲဒီအချိန်ကျရင် ဒီမိစ္ဆာကျင့်ကြံသူတွေ တစ်ယောက်မှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး… အခုလောလောဆယ် အလျင်စလို မလိုဘူး…"
'အဲဒီအချိန်ကျရင် ငါ့ဆရာလည်း လာမှာပဲ...' ချူလျန်က စိတ်ထဲတွင် တိတ်တဆိတ် ဖြည့်စွက်ပြောလိုက်၏။
ပုရှန်ဘုန်းတော်ကြီးသည်လည်း မည်သည့် ပြင်ဆင်မှုမျှမရှိဘဲ မိမိကိုယ်တိုင် အန္တရာယ်ထဲသို့ ပြေးဝင်လာလိမ့်မည်ဟု ချူလျန် မယုံကြည်ပေ။ ယခုအချိန်တွင် အားလုံးသည် အတူတူပင်ဖြစ်ပြီး တောင်ပိုင်းလမ်းပြသူက မည်သည့်ရတနာကို ရှာဖွေချင်နေသည်အား ကြည့်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။
ပြော၍မရနိုင်၊ အချိန်ကျရောက်လာပါက လမ်းပြသူများကို တရားရုံးသုံးခုက စစ်ဆေးမေးမြန်းနေသည့် မြင်ကွင်းမျိုးပင် ဖြစ်လာနိုင်ချေသည်။
သူတို့သုံးယောက်သည် တစ်ခဏမျှ စကားပြောဆိုပြီးနောက် ယခုတစ်ကြိမ်တွင် ကံကောင်းလှသော ဤမြေကမ္ဘာမိစ္ဆာတမန်တော်အား အလွတ်ပေးလိုက်ရန် စဉ်းစားလိုက်ကြတော့သည်။
သို့သော် ထိုသူက အရှေ့တွင် ရုတ်တရက် လှည့်လာပြီး လက်တစ်ဖက်ကို မြှောက်ကာ အင်္ကျီလက်စထဲမှ အစိမ်းရောင် အမွှေးတိုင်သုံးချောင်းကို ထုတ်ယူကာ ချက်ချင်းမီးညှိလိုက်ပြီးနောက် ကျောက်စိမ်းကရားတစ်လုံးကို မြှောက်ကိုင်လိုက်သည်ကို တွေ့လိုက်ရ၏။
အစိမ်းရောင်မီးခိုးများ တလွင့်လွင့် တက်လာပြီး ထိုကျောက်စိမ်းကရားထဲမှ မုတ်ဆိတ်ရှည်နှင့် အဘိုးအိုတစ်ဦး၏ ဝိညာဉ်ကို ခပ်ရေးရေး ဆွဲထုတ်လိုက်လေသည်။
ဤသည်မှာ မန္တန်ဖြင့် ဝိညာဉ်ကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ အမွှေးတိုင်ပူဇော်၍ ဝိညာဉ်ကို မွေးမြူခြင်းဖြစ်ရာ ချူလျန် ယခင်က မြင်ဖူးခဲ့သော အမှောင်ဘုရင်ဂိုဏ်း၏ ဝိညာဉ်ထိန်းချုပ်သည့် နည်းစနစ်များနှင့် အခြေခံအားဖြင့် ကွာခြားလှသည်။ ဤကဲ့သို့ ဆက်ဆံခံရခြင်းက ဤဝိညာဉ်သည် အလွန်အားကောင်းပြီး မြေကမ္ဘာမိစ္ဆာတမန်တော်၏ ကျွန်တစ်ယောက်မဟုတ်ဘဲ ပူဇော်သက္ကာရကို လက်ခံရရှိမှသာ သူ့အတွက် ဝင်ရောက်တိုက်ခိုက်ပေးမည်ဖြစ်ကြောင်း ပြသနေသည်။
အမှန်ပင် မုတ်ဆိတ်ရှည်အဘိုးအို၏ဝိညာဉ် အပြည့်အဝ ပေါ်ထွက်လာပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ အားကောင်းသော ဖိအားတစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
'ဘယ်လောက်တောင် အားကောင်းတဲ့ ဝိညာဉ်လဲ… ပြီးတော့ ကလဲ့စားဝိညာဉ်လည်း မဟုတ်ဘူး'
ဤအဘိုးအို၏ ဝိညာဉ်ဖိအားမှာ ဆဌမအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။ သူသည် အသက်ရှင်စဉ်က ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။ ထိုကြောင့်သာ သေဆုံးပြီးနောက် ဤမျှ ကြည်လင်ပြတ်သားကာ ပြည့်စုံအားကောင်းသော ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်ပေမည်။
ဤမြေကမ္ဘာမိစ္ဆာတမန်တော်သည် အားကောင်းသော ဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီးနောက် သူတို့သုံးယောက်အား အသံဆိုးကြီးဖြင့် ရယ်မောကာ ပြောလိုက်၏။ "စဉ်းစားကြည့်တာတော့ ငါ နစ်နာတယ်လို့ ခံစားရတယ်… အခု မင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်…"
"ပထမတစ်ခုက မင်းတို့ဆီမှာရှိတဲ့ ရတနာတွေအားလုံးကို ပေးရမယ်… ငါ့ကို ကျေနပ်လောက်တဲ့ ပစ္စည်းတွေ ထုတ်ပေးနိုင်ရင် ငါက မင်းတို့ရဲ့ အသက်လေးတွေကို ဆက်ပြီး ကာကွယ်ပေးမယ်…"
"ဒုတိယတစ်ခုကတော့ ငါက မင်းတို့အားလုံးကို သတ်ပြီး မင်းတို့ရဲ့ ပစ္စည်းတွေအားလုံးကို လုယူမယ်…"
"ဒီမြူခိုးတွေထဲမှာ သေသွားရင်တောင်မှ ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး ထာဝရ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… မင်းတို့ သေချာစဉ်းစားကြ... ဟဲဟဲဟဲ..." သူက ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကြီးကို ထုတ်ဖော်လိုက်၏။
"..." သူတို့သုံးယောက်လုံး သူတို့ရှေ့ရှိ မြေကမ္ဘာမိစ္ဆာတမန်တော်ကို ကြည့်လိုက်ရင်း မျက်နှာအမူအရာများမှာ ရှုပ်ထွေးနေတော့သည်။
မိစ္ဆာဂိုဏ်းအတွင်း ဤမြင်ကွင်းမျိုး ဖြစ်ပွားခြင်းမှာ အမှန်တကယ်ပင် အံ့သြစရာ မဟုတ်ပေ။ ဤနေရာသည် မူလကတည်းက အားကြီးသူက အားငယ်သူကို အနိုင်ကျင့်ကာ သတ်ဖြတ်လုယက်မှုများဖြင့် ပြည့်နှက်နေသော နေရာဖြစ်၏။
ထို့အပြင် ဤမြေကမ္ဘာမိစ္ဆာတမန်တော်မှာ သူတို့၏ တိုက်ရိုက်အထက်လူကြီး မဟုတ်သဖြင့် အကြောင်းမဲ့သက်သက် သူတို့နှင့်အတူ အမဲလိုက်ထွက်လာရသောကြောင့် စိတ်ထဲတွင် မကျေနပ်မှုများရှိကာ သူတို့ထံမှ အကျိုးအမြတ် ရယူချင်နေခြင်းဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သာမန်အားဖြင့်ပြောရလျှင် ဓာတ်ကြီးငါးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် ရွှေအမြုတေအဆင့် သုံးယောက်ဆိုသည်မှာ အလွယ်တကူ အနိုင်ကျင့်နိုင်သော သိုးငယ်သုံးကောင်မျှသာ ဖြစ်သည်။
သေချာစဉ်းစားကြည့်လျှင် ဤသည်မှာ အကျိုးသင့်အကြောင်းသင့်ပင်။
သို့သော်...။
'အစ်ကိုကြီးရယ်၊ ကျွန်တော်တို့က အခုလေးတင် ခင်ဗျားကို အလွတ်ပေးဖို့ ဆုံးဖြတ်လိုက်ရုံပဲ ရှိသေးတာလေ…'
'ခင်ဗျားက ဘာလို့ ဒီလောက် အပင်ပန်းခံနေရတာလဲဗျာ…'
***